ယေရမိ
၃၆ ယောရှိရဲ့သား ယုဒဘုရင်ယောယကိမ် နန်းစံလေးနှစ်မှာ+ ယေဟောဝါက ယေရမိကို– ၂ “စာလိပ်တစ်လိပ်ကို ယူပါ။ ယောရှိလက်ထက်ကစပြီး ဒီနေ့အထိ+ အစ္စရေးနဲ့ ယုဒပြည်အပါအဝင်+ လူမျိုးအားလုံးနဲ့ပတ်သက်ပြီး+ ငါပြောခဲ့သမျှ အကုန်ချရေးထားပါ။ ၃ ကျရောက်စေမယ်လို့ ငါရည်ရွယ်ထားတဲ့ ဘေးဆိုးတွေအကြောင်း ယုဒအမျိုး ကြားတဲ့အခါ မကောင်းတဲ့လမ်းစဉ်ကနေ ပြန်လှည့်လာကောင်းပါရဲ့။ အဲဒီအခါ သူတို့ရဲ့အမှားတွေ၊ အပြစ်တွေကို ငါခွင့်လွှတ်မှာပါ”+ လို့ပြောတယ်။
၄ ဒါနဲ့ ယေရမိက နေရိယရဲ့သား ဗာရုတ်ကို+ ခေါ်ပြီး ယေဟောဝါ ပြောသမျှကို နှုတ်တိုက်ချပေးတယ်။ ဗာရုတ်လည်း စာလိပ်ထဲမှာ လိုက်ရေးတယ်။+ ၅ အဲဒီနောက် ယေရမိက ဗာရုတ်ကို “ကျွန်တော် အချုပ်ကျနေတော့ ယေဟောဝါရဲ့ အိမ်တော်ထဲ ဝင်လို့မရဘူး။ ၆ ဒါကြောင့် ခင်ဗျားပဲ သွားလိုက်ပါ။ ကျွန်တော် နှုတ်တိုက်ချပေးတဲ့အတိုင်း စာလိပ်ထဲမှာ ခင်ဗျားရေးထားတဲ့ ယေဟောဝါရဲ့ စကားတွေကို ကျယ်ကျယ်ဖတ်ပြပါ။ အစာရှောင်တဲ့နေ့မှာ ယေဟောဝါရဲ့ အိမ်တော်မှာရှိတဲ့ လူတွေ ကြားနိုင်အောင် ဖတ်ပြပါ။ ကိုယ့်မြို့ကိုယ့်ရွာကနေ ရောက်လာတဲ့ ယုဒလူအားလုံး ကြားပါစေ။ ၇ မျက်နှာသာရဖို့ သူတို့တောင်းလျှောက်တဲ့အသံဟာ ယေဟောဝါဘုရားဆီ ရောက်ကောင်းပါရဲ့။ မကောင်းတဲ့လမ်းစဉ်ကနေ သူတို့ ပြန်လှည့်လာကောင်းပါရဲ့။ ဒီလူတွေကို ယေဟောဝါဘုရား အကြီးအကျယ်အမျက်ထွက်နေပြီ” လို့ပြောတယ်။
၈ ဒါကြောင့် နေရိယရဲ့သား ဗာရုတ်လည်း ပရောဖက်ယေရမိ မှာတဲ့အတိုင်း ယေဟောဝါရဲ့ အိမ်တော်မှာ ယေဟောဝါရဲ့ စကားတွေကို စာလိပ်ထဲကနေ ကျယ်ကျယ်ဖတ်ပြတယ်။+
၉ ယောရှိရဲ့သား ယုဒဘုရင် ယောယကိမ်နန်းစံ ငါးနှစ်၊+ ကိုးလပိုင်းမှာ ဂျေရုဆလင်မြို့သူမြို့သားတွေ၊ ယုဒရဲ့မြို့တွေကနေ ဂျေရုဆလင်ကို ရောက်လာသူတွေ ယေဟောဝါရှေ့မှာ အစာရှောင်ဖို့ ကြေညာတယ်။+ ၁၀ ဒါနဲ့ ဗာရုတ်က ယေဟောဝါရဲ့ အိမ်တော်မှာရှိတဲ့ ကျမ်းကူးသူ ရှာဖန်ရဲ့သား+ ဂေမရိရဲ့+ စားသောက်ခန်းမှာ ယေရမိရဲ့စကားတွေကို လူအားလုံး ကြားအောင် စာလိပ်ကို ကျယ်ကျယ်ဖတ်ပြတယ်။ အဲဒီအခန်းက ယေဟောဝါရဲ့အိမ်တော် အထက်ရင်ပြင်၊ တံခါးအသစ်အဝင်ဝမှာ ရှိတယ်။+
၁၁ ရှာဖန်ရဲ့မြေး၊ ဂေမရိရဲ့သား မိက္ခာယက စာလိပ်မှာပါတဲ့ ယေဟောဝါရဲ့စကားတွေကို ကြားတဲ့အခါ၊ ၁၂ နန်းတော်မှာရှိတဲ့ စာရေးတော်ရဲ့အခန်းဆီ ဆင်းသွားတယ်။ အဲဒီမှာ စာရေးတော် ဧလိရှမာ၊+ ရှေမာယရဲ့သား ဒေလာယ၊ အာခဗော်ရဲ့သား+ ဧလနာသန်၊+ ရှာဖန်ရဲ့သား ဂေမရိ၊ ဟာနနိရဲ့သား ဇေဒကိနဲ့ မင်းညီမင်းသားတွေ ထိုင်နေတယ်။ ၁၃ မိက္ခာယက လူတွေကြားအောင် ဗာရုတ်ဖတ်ပြတုန်းက သူကြားခဲ့သမျှ ပြန်ပြောပြတယ်။
၁၄ အဲဒီအခါ မင်းညီမင်းသားအားလုံးက ကုရှိရဲ့မြစ်၊ ရှေလမိရဲ့မြေး၊ နာသနိရဲ့သား ယေဟုဒိကို ဗာရုတ်ဆီ လွှတ်ပြီး “လူတွေကြားအောင် ခင်ဗျားဖတ်ပြနေတဲ့ စာလိပ်ကို ယူလာခဲ့ပါ” လို့ မှာတယ်။ ဒါနဲ့ နေရိယရဲ့သား ဗာရုတ်က စာလိပ်ကိုယူပြီး သူတို့ဆီ သွားတယ်။ ၁၅ သူတို့က “ထိုင်ပါဦး။ ကျွန်တော်တို့ကိုလည်း ကျယ်ကျယ်ဖတ်ပြ” လို့ ပြောတော့ ဗာရုတ်လည်း ဖတ်ပြတယ်။
၁၆ အဲဒီစကားတွေကို ဖတ်ပြီးသွားတာနဲ့ သူတို့ တစ်ယောက်ကိုတစ်ယောက် အလန့်တကြား ကြည့်ပြီး “ဒီစကားတွေကို မင်းကြီးဆီ လျှောက်တင်မှ ဖြစ်မယ်” လို့ ပြောတယ်။ ၁၇ ပြီးတော့ “ဒီစကားတွေ ခင်ဗျား ဘယ်လိုရေးခဲ့သလဲ၊ ပြောပြပါဦး။ ဒါတွေကို ယေရမိ နှုတ်တိုက်ချပေးခဲ့တာလား” လို့ ဗာရုတ်ကို မေးတယ်။ ၁၈ ဗာရုတ်က “ဒီစကားတွေကို ယေရမိက နှုတ်တိုက်ချပေးတယ်။ ကျွန်တော်က စာလိပ်မှာ မင်နဲ့လိုက်ရေးတယ်” လို့ဖြေတယ်။ ၁၉ ဒါနဲ့ မင်းညီမင်းသားတွေက ဗာရုတ်ကို “ခင်ဗျားရော ယေရမိပါ သွားပြီးပုန်းနေပါ။ ဘယ်မှာပုန်းနေမှန်း ဘယ်သူမှ မသိပါစေနဲ့”+ လို့ပြောတယ်။
၂၀ အဲဒီနောက် သူတို့က စာလိပ်ကို စာရေးတော် ဧလိရှမာရဲ့အခန်းမှာ ထားခဲ့ပြီး မင်းကြီးရှိနေတဲ့ ရင်ပြင်ကို သွားတယ်။ ပြီးတော့ သူတို့ကြားသမျှ လျှောက်တင်တယ်။
၂၁ အဲဒီအခါ မင်းကြီးက ယေဟုဒိကို+ လွှတ်ပြီး စာလိပ်ကို သွားယူခိုင်းတယ်။ ယေဟုဒိလည်း စာရေးတော် ဧလိရှမာရဲ့ အခန်းကနေ ယူလာပြီး မင်းကြီးနဲ့ ခစားနေတဲ့ မင်းညီမင်းသားအားလုံး ကြားအောင် ဖတ်ပြတယ်။ ၂၂ အဲဒီအချိန်ဟာ ကိုးလပိုင်း* ဖြစ်တဲ့အတွက် မင်းကြီးက ဆောင်းရာသီစံနန်းတော်မှာ ထိုင်နေတယ်။ ရှေ့မှာ မီးတောက်နေတဲ့ မီးဖိုကြီး ရှိတယ်။ ၂၃ ယေဟုဒိက သုံးလေးပိုင်းလောက် ဖတ်ပြီးတာနဲ့ မင်းကြီးက အဲဒီအပိုင်းကို စာရေးတော်ရဲ့ဓားနဲ့ ဆွဲဖြတ်ပြီး မီးဖိုထဲ ပစ်ချလိုက်တာ စာလိပ်တစ်လိပ်လုံး မီးလောင်သွားတယ်။ ၂၄ မင်းကြီးရော မင်းမှုထမ်းတွေပါ ဒီစကားတွေကို ကြားပေမဲ့ မကြောက်ကြဘူး။ အဝတ်ကိုလည်း မဆွဲဆုတ်ကြဘူး။ ၂၅ ဧလနာသန်၊+ ဒေလာယနဲ့+ ဂေမရိက+ စာလိပ်ကို မီးမရှို့ဖို့ တောင်းပန်ပေမဲ့ မင်းကြီးက နားမထောင်ဘူး။ ၂၆ အဲဒီအပြင် အတွင်းရေးမှူး ဗာရုတ်နဲ့ ပရောဖက်ယေရမိကို သွားဖမ်းဖို့ သားတော် ယေရမေလ၊ အာဇရေလရဲ့သား စရာယနဲ့ အာဗဒေလရဲ့သား ရှေလမိတို့ကို အမိန့်ပေးတယ်။ ဒါပေမဲ့ ယေဟောဝါက သူတို့နှစ်ယောက်ကို ဝှက်ထားပေးတယ်။+
၂၇ ယေရမိ နှုတ်တိုက်ချပေးတဲ့အတိုင်း ဗာရုတ်ရေးထားတဲ့ စာလိပ်ကို မင်းကြီး မီးရှို့ ပြီးတဲ့နောက်မှာ ယေဟောဝါက ယေရမိကို ထပ်ပြောတယ်–+ ၂၈ “စာလိပ်နောက်တစ်လိပ် ယူပြီး ယုဒဘုရင်ယောယကိမ် မီးရှို့လိုက်တဲ့ စာလိပ်မှာပါတဲ့အတိုင်း အကုန်ပြန်ချရေးပါ။+ ၂၉ ယုဒဘုရင် ယောယကိမ်ကိုလည်းပြောလိုက်။ ‘ယေဟောဝါ ပြောတာက– “မင်းက စာလိပ်ကို မီးရှို့ပစ်တယ်။ ‘“ဒီပြည်ကို ဗာဗုလုန်ဘုရင် ကျိန်းသေ လာဖျက်ဆီးလိမ့်မယ်။ လူသူတိရစ္ဆာန်ပါမကျန် ပပျောက်စေမယ်” ဆိုပြီး ဘာလို့ရေးထားတာလဲ’ လို့လည်း ပြောတယ်။+ ၃၀ ဒါကြောင့် ယုဒဘုရင် ယောယကိမ်နဲ့ပတ်သက်ပြီး ယေဟောဝါ ပြောမယ်– ‘သူ့ဆီမှာ ဒါဝိဒ်ရဲ့ရာဇပလ္လင်ပေါ် နန်းထိုင်မယ့်သူတစ်ယောက်မှ ရှိမှာမဟုတ်ဘူး။+ သူ့အလောင်းကို နေ့အချိန်မှာ နေပူထဲ၊ ညအချိန်မှာ နှင်းတောထဲ ပစ်ထားလိမ့်မယ်။+ ၃၁ သူနဲ့ သူ့သားမြေးတွေ၊ အမှုထမ်းတွေကို သူတို့အမှားတွေအတွက် ငါဒဏ်ခတ်မယ်။ ငါ့စကားကို နားမထောင်တဲ့အတွက်+ သူတို့အပေါ်၊ ဂျေရုဆလင်မြို့သူမြို့သားတွေအပေါ်၊ ယုဒလူတွေအပေါ် ငါပြောခဲ့တဲ့ ဘေးဆိုးတွေကို ကျရောက်စေမယ်။’”’”+
၃၂ ဒါနဲ့ ယေရမိလည်း စာလိပ်နောက်တစ်လိပ် ယူပြီး နေရိယရဲ့သား အတွင်းရေးမှူး ဗာရုတ်ကို ပေးတယ်။+ ဗာရုတ်က ယုဒဘုရင် ယောယကိမ် မီးရှို့လိုက်တဲ့ စာလိပ်မှာပါတဲ့အတိုင်း၊ ယေရမိ နှုတ်တိုက်ချပေးတဲ့အတိုင်း ပြန်ရေးတယ်။+ အချက်အလက် အတော်များများကိုလည်း ထပ်ဖြည့်လိုက်တယ်။