ဒံယေလ
၁ ယုဒဘုရင် ယောယကိမ်+ နန်းစံသုံးနှစ်မှာ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာဟာ ဂျေရုဆလင်မြို့ဆီ ချီတက်လာပြီး မြို့ကို ဝိုင်းထားတယ်။+ ၂ အဲဒီနောက် ယေဟောဝါက ယုဒဘုရင် ယောယကိမ်နဲ့ စစ်မှန်တဲ့ ဘုရားသခင်ရဲ့ အိမ်တော်အသုံးအဆောင် ပစ္စည်းတချို့ကို နေဗုခဒ်နေဇာလက်ထဲ အပ်လိုက်တယ်။+ နေဗုခဒ်နေဇာက အဲဒီပစ္စည်းတွေကို ရှိနာပြည်*+ မှာရှိတဲ့ သူ့ဘုရားကျောင်းဆီ သယ်သွားပြီး ဘဏ္ဍာတိုက်ထဲ ထည့်ထားလိုက်တယ်။+
၃ အဲဒီနောက် ဘုရင်နေဗုခဒ်နေဇာက မင်းမျိုးမင်းနွယ်၊ ဂုဏ်အသရေရှိသူအပါအဝင် အစ္စရေးအမျိုးသားတချို့ကို ခေါ်လာဖို့ နန်းတွင်းအရာရှိချုပ် အာရှပေနတ်ကို အမိန့်ပေးတယ်။+ ၄ သူတို့ဟာ ချို့ယွင်းချက်မရှိ ရုပ်ရည်သန့်ပြန့်သူ၊ ဗဟုသုတကြွယ်သူ၊ ဉာဏ်ပညာရှိသူ၊ ပိုင်းခြားသိမြင်နိုင်စွမ်းရှိသူ၊+ နန်းတော်မှာ အမှုထမ်းနိုင်စွမ်းရှိသူ လူငယ်လေးတွေ ဖြစ်ရမယ်။ အာရှပေနတ်က ခါလဒဲ* စာကို သူတို့ ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်အောင် သင်ကြားပေးရမယ်။ ၅ ဒါ့အပြင် နေဗုခဒ်နေဇာက သူတို့ကို ပွဲတော်စာနဲ့ စပျစ်ဝိုင်တွေ နေ့တိုင်းကျွေးမွေးဖို့ သတ်မှတ်လိုက်တယ်။ သူတို့ကို သုံးနှစ်လုံးလုံး လေ့ကျင့်ပေးရမယ်။* သုံးနှစ်စေ့တဲ့အခါ နေဗုခဒ်နေဇာဆီမှာ သူတို့အမှုထမ်းရမယ်။
၆ အဲဒီလူငယ်လေးတွေထဲမှာ ယုဒအနွယ်ထဲက ဒံယေလ၊*+ ဟာနနိ၊* မိရှေလ၊* အာဇရိ*+ တို့ပါတယ်။ ၇ နန်းတွင်းအရာရှိချုပ်က ဒံယေလကို ဗေလတရှာဇာ၊+ ဟာနနိကို ရှာဒရက်၊ မိရှေလကို မေရှက်၊ အာဇရိကို အဗေဒနေဂေါဆိုပြီး နာမည်ပြောင်းပေးလိုက်တယ်။+
၈ ဒံယေလကတော့ ပွဲတော်စာကြောင့်ဖြစ်စေ၊ စပျစ်ဝိုင်ကြောင့်ဖြစ်စေ ကိုယ်ကိုမညစ်ညူးစေဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ ဒါကြောင့် အဲဒါတွေကို စားသောက်ပြီး ကိုယ်ကိုညစ်ညူးအောင် မလုပ်ပါရစေနဲ့ဆိုပြီး နန်းတွင်းအရာရှိချုပ်ဆီမှာ ခွင့်တောင်းတယ်။ ၉ အဲဒီအခါ စစ်မှန်တဲ့ ဘုရားသခင်က နန်းတွင်းအရာရှိချုပ်ကို ဒံယေလအပေါ် မျက်နှာသာပေးချင်စိတ်၊ ကရုဏာပြချင်စိတ် ပေါ်လာအောင် လုပ်ပေးတယ်။+ ၁၀ နန်းတွင်းအရာရှိချုပ်က “မင်းတို့ရဲ့ အစားအသောက်ကို သတ်မှတ်ပေးတဲ့ ငါ့သခင် အရှင်မင်းကြီးကို ငါကြောက်တယ်။ မင်းကြီး ကြည့်လိုက်တဲ့အခါ တခြားသက်တူရွယ်တူတွေလို မင်းတို့ ကျန်းမာသန်စွမ်းမနေရင် ဘယ်လိုလုပ်မလဲ။ ငါ့ကို မင်းကြီးရှေ့မှာ အပြစ်သင့်အောင် မင်းတို့လုပ်နေတာပဲ” လို့ ဒံယေလကို ပြောတယ်။ ၁၁ အဲဒီအခါ ဒံယေလက သူ့ကိုရော ဟာနနိ၊ မိရှေလ၊ အာဇရိတို့ကိုပါ စောင့်ရှောက်ဖို့ နန်းတွင်းအရာရှိချုပ် ခန့်ထားတဲ့ အထိန်းတော်ကို၊ ၁၂ “ကျွန်တော်မျိုးတို့ကို စားစရာ ဟင်းသီးဟင်းရွက်နဲ့ သောက်စရာရေပဲ ပေးပြီး ဆယ်ရက်လောက် စမ်းကြည့်ပါလား။ ၁၃ ပြီးတဲ့နောက် ပွဲတော်စာ စားတဲ့ လူငယ်တွေနဲ့ ကျွန်တော်တို့ကို ယှဉ်ကြည့်ပါ။ ပြီးမှ သခင်မြင်တဲ့အတိုင်း ဆုံးဖြတ်ပါ” လို့တောင်းဆိုတယ်။
၁၄ အထိန်းတော်က သူတို့တောင်းဆိုတာကို သဘောတူပြီး ဆယ်ရက် စမ်းကြည့်တယ်။ ၁၅ ဆယ်ရက်စေ့တဲ့အခါ သူတို့ဟာ ပွဲတော်စာစားတဲ့ တခြားလူငယ်တွေထက် ကျန်းမာသန်စွမ်းနေတယ်။ ၁၆ ဒါကြောင့် အထိန်းတော်က သူတို့ကို ပွဲတော်စာတွေ၊ စပျစ်ဝိုင်တွေ မကျွေးဘဲ ဟင်းသီးဟင်းရွက်တွေပဲ ကျွေးတော့တယ်။ ၁၇ စစ်မှန်တဲ့ ဘုရားသခင်က အဲဒီလူငယ်လေးယောက်ကို ဗဟုသုတ ကြွယ်စေတယ်။ စာပေအမျိုးမျိုးကို နားလည်နိုင်တဲ့ ထိုးထွင်းဉာဏ်၊ ဉာဏ်ပညာကို ပေးတယ်။ အဲဒီအပြင် ဒံယေလကို စိတ်အာရုံနဲ့ အိပ်မက်အမျိုးမျိုး နားလည်နိုင်တဲ့အစွမ်း ကိုလည်း ပေးတယ်။+
၁၈ လူငယ်လေးတွေကို ရှေ့တော်သွင်းဖို့ သတ်မှတ်ထားချိန်ရောက်တဲ့အခါ+ နန်းတွင်းအရာရှိချုပ်က သူတို့ကို နေဗုခဒ်နေဇာရှေ့ ခေါ်လာတယ်။ ၁၉ နေဗုခဒ်နေဇာက စကားပြောကြည့်တဲ့အခါ လူငယ်လေးတွေထဲမှာ ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့ကို ယှဉ်နိုင်တဲ့သူ တစ်ယောက်မှ မရှိမှန်း သိလိုက်ရတယ်။+ ဒါကြောင့် ရှေ့တော်မှာ သူတို့ကို ဆက်ပြီးအမှုထမ်းစေတယ်။ ၂၀ သူတို့ဟာ ဉာဏ်ပညာနဲ့ သိနားလည်မှုသုံးပြီး ဖြေရမယ့် မေးခွန်းမှန်သမျှကို ဖြေနိုင်တဲ့အတွက် တစ်ပြည်လုံးမှာရှိတဲ့ မှော်ဆရာတွေ၊ မျက်လှည့်ဆရာတွေထက် ဆယ်ဆသာတယ်။+ ၂၁ ဒံယေလက ဆိုင်းရပ်မင်း+ နန်းစံပထမနှစ်အထိ ဗာဗုလုန်မှာ ရှိနေတယ်။