ဇာခရိ
၅ ပျံဝဲနေတဲ့ စာလိပ်တစ်လိပ်ကို စိတ်အာရုံထဲမှာ ကျွန်တော် မြင်တယ်။ ၂ ကောင်းကင်တမန်က “ဘာမြင်ရလဲ” လို့မေးတဲ့အခါ၊
ကျွန်တော်က “ပျံဝဲနေတဲ့ စာလိပ်ကို မြင်ပါတယ်။ အလျားအတောင်* ၂၀၊ အနံ ၁၀ တောင်ရှိပါတယ်” လို့ဖြေတယ်။
၃ ဒါနဲ့ ကျွန်တော့်ကို သူပြောတယ်– “အဲဒီစာလိပ်ဟာ မြေတစ်ပြင်လုံးပေါ် သွားလာနေတဲ့ ကျိန်စာပဲ။ သူခိုးတွေဟာ+ စာလိပ်ရဲ့ ဒီဘက်ခြမ်းမှာ ရေးထားတဲ့ ကျိန်စာအတိုင်း ပြစ်ဒဏ်မခံရသေးဘူး၊ မဟုတ်မမှန် ကျိန်ဆိုသူကလည်း+ စာလိပ်ရဲ့ ဟိုဘက်ခြမ်းမှာ ရေးထားတဲ့ ကျိန်စာအတိုင်း ပြစ်ဒဏ်မခံရသေးဘူး။ ဒါကြောင့် စာလိပ်က အဲဒီလို သွားလာနေတာ။
၄ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတာက ‘အဲဒီစာလိပ်ကို ငါစေလွှတ်လိုက်ပြီ။ အဲဒီစာလိပ်က သူခိုးရဲ့အိမ်၊ ငါ့နာမည်ကိုသုံးပြီး မဟုတ်မမှန် ကျိန်ဆိုသူရဲ့အိမ်ထဲ ဝင်သွားလိမ့်မယ်။ အဲဒီအိမ်မှာနေပြီး ပျဉ်ချပ်တွေ၊ ကျောက်တွေပါမကျန် ဝါးမျိုလိမ့်မယ်။’”
၅ ကျွန်တော်နဲ့စကားပြောနေတဲ့ ကောင်းကင်တမန်က အနားလာပြီး “ဟိုမှာ လွင့်လာတာ ဘာလဲ၊ ကြည့်လိုက်ပါဦး” လို့ပြောတယ်။
၆ “အဲဒါ ဘာကြီးလဲ” လို့ ကျွန်တော်မေးတဲ့အခါ၊
သူက “လွင့်လာတဲ့ ဧဖာ* တောင်းပဲ။ ဒါဟာ မြေတစ်ပြင်လုံးမှာရှိတဲ့ လူတွေရဲ့ ပုံပန်းသဏ္ဌာန်ပဲ” လို့ဖြေတယ်။ ၇ ခဲနဲ့လုပ်ထားတဲ့ တောင်းအဖုံး ပွင့်လာပြီး တောင်းထဲမှာ မိန်းမတစ်ယောက် ထိုင်နေတာကို ကျွန်တော်မြင်တယ်။ ၈ “အဲဒီမိန်းမက ဆိုးညစ်မှုကို ဆိုလိုတယ်” လို့သူပြောတယ်။ ပြီးတော့ အဲဒီမိန်းမကို ဧဖာတောင်းထဲ ပြန်တွန်းချပြီး တောင်းအဝကို အဖုံးနဲ့ ပြန်ဖုံးလိုက်တယ်။
၉ အဲဒီနောက် ကျွန်တော် ကြည့်လိုက်တဲ့အခါ မိန်းမနှစ်ယောက် ထွက်လာတာကို မြင်တယ်။ သူတို့ လေဟုန်စီးပြီး ပျံဝဲလာတယ်။ သူတို့မှာ ငှက်ကျားလို အတောင်တွေရှိတယ်။ သူတို့က အဲဒီတောင်းကို မိုးနဲ့မြေစပ်ကြားကို ချီမသွားတယ်။ ၁၀ ဒါနဲ့ ကျွန်တော်နဲ့စကားပြောနေတဲ့ ကောင်းကင်တမန်ကို “ဧဖာတောင်းကို သူတို့ ဘယ်ကိုသယ်သွားနေတာလဲ” လို့မေးတယ်။
၁၁ သူက “ရှိနာပြည်ကို*+ သယ်သွားနေတာ။ တောင်းထဲကမိန်းမအတွက် အဲဒီမှာ အိမ်ဆောက်ပေးမလို့။ အိမ်ဆောက်ပြီးသွားတဲ့အခါ သူ့ကို နေသင့်တဲ့အရပ်မှာ နေရာချထားလိမ့်မယ်” လို့ဖြေတယ်။