ဟီဘရူး
၁၂ တိမ်ထုကြီးလိုများတဲ့ အဲဒီသက်သေတွေ ကျွန်တော်တို့ပတ်လည်မှာ ရှိနေတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း ဝန်ပိစေတဲ့ အရာမှန်သမျှ၊ အလွယ်တကူ ကျော့မိစေတဲ့+ အပြစ်မှန်သမျှကို ဖယ်ရှားကြစို့။ ရှေ့မှာရှိတဲ့ ပြေးပွဲကို ခံနိုင်ရည်ရှိရှိ ပြေးကြစို့။+ ၂ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ပြည့်ဝစေသူ ကိုယ်စားလှယ်ချုပ် ယေရှုကို+ အာရုံစိုက်ကြည့်ပြီး ပြေးကြစို့။ သူက ရှေ့မှာရှိတဲ့ ဝမ်းမြောက်စရာအကြောင်းကြောင့် အရှက်ခွဲခံရတာကို အရေးမစိုက်ဘဲ ဒုက္ခသစ်တိုင်* ပေါ်မှာ အသေခံခဲ့တယ်။ အခု ဘုရားသခင့် ရာဇပလ္လင်ရဲ့ ညာဘက်မှာ ထိုင်နေတယ်။+ ၃ ရန်လိုစကားတွေပြောပြီး ကိုယ့်ကိုယ်ကိုယ်ပဲ ထိခိုက်စေတဲ့ အပြစ်ကျူးလွန်သူတွေရဲ့ စကားကို+ သည်းခံခဲ့သူအကြောင်း အသေအချာ စဉ်းစားကြည့်ပါ။ ဒါဆိုရင် ခင်ဗျားတို့ မောပန်းနွမ်းနယ်မှာ မဟုတ်ဘူး၊ လက်လျှော့မှာ မဟုတ်ဘူး။+
၄ အပြစ်ကို တွန်းလှန်တဲ့အခါ ခင်ဗျားတို့ရဲ့သွေး မြေကျတဲ့အထိတော့ မခုခံရသေးပါဘူး။ ၅ အဲဒီအပြင် ခင်ဗျားတို့ကို သားတွေလို သဘောထားပြီးပြောခဲ့တဲ့ ဒီစကားတွေကို ခင်ဗျားတို့ လုံးဝမေ့သွားပြီ– “ငါ့သား၊ ယေဟောဝါ* ဆုံးမတာကို မထီလေးစားမလုပ်နဲ့။ ပဲ့ပြင်ခံရတဲ့အခါလည်း စိတ်မပျက်နဲ့။ ၆ ယေဟောဝါက* ချစ်ရသူတွေကို ဆုံးမတတ်လို့ပဲ။ သားလို သဘောထားသူတွေကို ဒဏ်ပေးတတ်လို့ပဲ။”+
၇ အခက်အခဲတွေ ကြုံရတဲ့အခါ ခင်ဗျားတို့ကို ဆုံးမနေတာလို့* သဘောထားပြီး ခံနိုင်ရည်ရှိကြပါ။ ဘုရားသခင်က ခင်ဗျားတို့ကို သားတွေလို သဘောထားပြီး ဆက်ဆံတယ်။+ ဖခင်ဆုံးမတာကို မခံရတဲ့သားဆိုတာ ရှိလို့လား။+ ၈ တခြားသူတွေ ဆုံးမခံရပြီး ခင်ဗျားတို့ကျတော့ မခံရဘူးဆိုရင် ခင်ဗျားတို့ဟာ သားအရင်းတွေ မဟုတ်ဘူး။ တရားဝင်လက်မထပ်ဘဲ မွေးလာတဲ့သားတွေပဲ။ ၉ မွေးဖခင်တွေက ကျွန်တော်တို့ကို ဆုံးမလေ့ရှိတယ်။ ကျွန်တော်တို့ကလည်း မွေးဖခင်တွေကို လေးစားတတ်ကြတယ်။ ကျွန်တော်တို့ကို စွမ်းအားတော်နဲ့ မွေးဖွားပေးလိုက်တဲ့ ဖခင်ကိုဆိုရင် ပိုလို့တောင် လိုလိုလားလား လက်အောက်ခံပြီး အသက်ရှင်သင့်တယ် မဟုတ်လား။+ ၁၀ မွေးဖခင်တွေက သူတို့ မှန်တယ်ထင်တဲ့အတိုင်း တစ်ခဏသာ ဆုံးမတတ်ကြတယ်။ ဘုရားသခင်ကတော့ မိမိလိုသန့်ရှင်းလာနိုင်အောင် ကျွန်တော်တို့အကျိုးအတွက် အမြဲဆုံးမတတ်တယ်။+ ၁၁ ဆုံးမခံရချိန်မှာတော့ မပျော်ရွှင်နိုင်ဘဲ ဝမ်းနည်းတတ်တာ မှန်ပါတယ်။ ဒါပေမဲ့ ဆုံးမမှုအားဖြင့် လေ့ကျင့်ခံရသူတွေဟာ နောက်ပိုင်းမှာ ဖြောင့်မတ်စွာ အသက်ရှင်တဲ့အတွက် ငြိမ်သက်ခြင်းကို ခံစားရလိမ့်မယ်။
၁၂ ဒါကြောင့် အားလျော့နေတဲ့ လက်တွေ၊ တုန်ယင်နေတဲ့ ဒူးတွေကို ခိုင်ခံ့စေပါ။+ ၁၃ ကိုယ်သွားမယ့်လမ်းတွေကို အမြဲဖြောင့်ဖြူးစေပါ။+ ဒါမှ ခြေမသန်တဲ့သူတွေဟာ အဆစ်လွဲသွားမယ့်အစား ပြန်ကောင်းလာနိုင်လိမ့်မယ်။ ၁၄ လူအားလုံးနဲ့ သင့်မြတ်စွာနေဖို့၊+ သန့်ရှင်းခြင်းရှိဖို့+ အစွမ်းကုန်ကြိုးစားပါ။ သန့်ရှင်းခြင်းမရှိသူဟာ သခင်ကို မြင်တွေ့ ခွင့်ရမှာ မဟုတ်ဘူး။ ၁၅ ဘုရားသခင်ရဲ့ မဟာကရုဏာကို မခံစားရတဲ့အဖြစ်မျိုး မရောက်အောင် သတိထားကြပါ။ သတိမထားရင် ခင်ဗျားတို့ဆီမှာ အဆိပ်ပင်ရဲ့ အမြစ်တွေ ပေါက်လာပြီး ဒုက္ခပေးတဲ့အတွက် လူများစွာ ညစ်ညူးသွားကြလိမ့်မယ်။+ ၁၆ ခင်ဗျားတို့ဆီမှာ လိင်အကျင့်ယိုယွင်းသူတွေ၊* မြင့်မြတ်တဲ့အရာကို ဧသောလို တန်ဖိုးမထားသူတွေ မရှိအောင် သတိထားကြပါ။ ဧသောက သားဦးအခွင့်အရေးကို တစ်နပ်စာနဲ့ လဲလှယ်ခဲ့တယ်။+ ၁၇ နောက်မှ ကောင်းချီးရချင်တဲ့အခါ သူ ငြင်းပယ်ခံရတယ်။ ဖခင် စိတ်ပြောင်းလဲအောင် ငိုယိုပြီး အသနားခံပေမဲ့+ သူ မအောင်မြင်ခဲ့မှန်း ခင်ဗျားတို့ သိပါတယ်။
၁၈ ထိတွေ့လို့ရတဲ့တောင်၊+ မီးလောင်နေတဲ့တောင်ဆီ+ ခင်ဗျားတို့ သွားနေတာ မဟုတ်ဘူး။ အဲဒီတောင်မှာ မည်းမှောင်တဲ့တိမ်ထု၊ အမှောင်ထု၊ လေပြင်းမုန်တိုင်းတွေ ဖြစ်ပေါ်ခဲ့တယ်။+ ၁၉ တံပိုးမှုတ်သံ၊+ စကားသံတွေ+ ထွက်ပေါ်ခဲ့တယ်။ ကြားတဲ့သူတွေက သူတို့ကို ဆက်မပြောပါနဲ့တော့လို့ အသနားခံခဲ့တယ်။+ ၂၀ “တိရစ္ဆာန်ဖြစ်နေရင်တောင်မှ တောင်ခြေနား ကပ်လာရင် ကျောက်ခဲနဲ့ ပေါက်သတ်ရမယ်”+ ဆိုတဲ့အမိန့်ကို သူတို့ သိပ်ကြောက်ခဲ့တယ်။ ၂၁ မြင်လိုက်ရတဲ့မြင်ကွင်းက ကြောက်စရာကောင်းလွန်းတော့ မောရှေက “ကျွန်တော့်မှာ ကြောက်ပြီး တုန်နေတာပဲ”+ လို့ပြောခဲ့တယ်။ ၂၂ ခင်ဗျားတို့ကျတော့ ဇိအုန်တောင်ဆီ၊+ အသက်ရှင်နေတဲ့ ဘုရားသခင်ရဲ့ မြို့တော်ဖြစ်တဲ့ ကောင်းကင်ဂျေရုဆလင်ဆီ၊+ ကောင်းကင်တမန်အမြောက်အမြား စည်းဝေးတဲ့နေရာဆီ၊+ ၂၃ ကောင်းကင်မှာ စာရင်းဝင်တဲ့ သားဦးတွေရဲ့ အသင်းတော်ဆီ၊ အားလုံးရဲ့ တရားသူကြီးဖြစ်တဲ့ ဘုရားသခင်ဆီ၊+ သန့်ရှင်းသော စွမ်းအားတော်နဲ့ မွေးဖွားခံရပြီး+ ပြည့်ဝစုံလင်လာတဲ့ ဖြောင့်မတ်သူတွေရဲ့ အသက်တာဆီ၊+ ၂၄ ပဋိညာဉ်သစ်ရဲ့+ ဖျန်ဖြေသူ ယေရှုဆီ၊+ ကျွန်တော်တို့အပေါ် ယေရှုဖျန်းတဲ့သွေးဆီ သွားနေကြတာ။ ယေရှုရဲ့သွေးဟာ အာဗေလရဲ့သွေးထက်+ ပိုမြတ်တယ်။
၂၅ ကောင်းကင်ကနေ ခင်ဗျားတို့ကို ပြောနေတဲ့အရှင်ရဲ့ စကားသံကို နားမထောင်မိတဲ့အဖြစ်မျိုး မရောက်အောင် သတိထားပါ။ အရင်တုန်းကလူတွေဟာ ဘုရားရဲ့ သတိပေးချက်ကို မြေကြီးပေါ်မှာ ပြန်ပြောပြတဲ့သူရဲ့ စကားကို နားမထောင်လို့ ပြစ်ဒဏ်ခံခဲ့ရတယ်။ ကောင်းကင်ကနေပြောတဲ့ အရှင်ကို ကျွန်တော်တို့ ကျောခိုင်းမယ်ဆိုရင် ပိုလို့တောင် ပြစ်ဒဏ်ခံရလိမ့်မယ်။+ ၂၆ အဲဒီတုန်းက ဘုရားရဲ့အသံကြောင့် မြေကြီး လှုပ်ခါသွားတယ်။+ အခုကျတော့ “မြေကြီးကိုသာမက ကောင်းကင်ကိုပါ နောက်တစ်ကြိမ် ငါလှုပ်ခါဦးမယ်”+ လို့ ဘုရားကတိပေးထားတယ်။ ၂၇ “နောက်တစ်ကြိမ်” ဆိုတဲ့စကားက လှုပ်ခါနေတဲ့အရာတွေ တစ်နည်းပြောရရင် ဘုရား မဖန်ဆင်းခဲ့တဲ့အရာတွေ ဖယ်ရှားခံရမယ်ဆိုတာကို ဖော်ပြတယ်။ ဒီနည်းနဲ့ မလှုပ်ခါနိုင်တဲ့အရာတွေ ကျန်ရစ်လိမ့်မယ်။ ၂၈ မလှုပ်ခါနိုင်တဲ့နိုင်ငံကို ကျွန်တော်တို့ရမှာဖြစ်လို့ မဟာကရုဏာကို အမြဲခံယူနေကြစို့။ အဲဒီကရုဏာကိုခံယူရင်း ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတဲ့စိတ်နဲ့၊ ဘုရားနှစ်သက်တဲ့နည်းနဲ့ အမှုဆောင်ကြစို့။ ၂၉ ကျွန်တော်တို့ ကိုးကွယ်တဲ့ ဘုရားသခင်ဟာ လောင်ကျွမ်းစေတဲ့မီးပဲ။+