ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၇ ၅/၈ စာ. ၆-၁၁
  • ကြိုးပမ်းအားထုတ်မှု အောင်မြင်သလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြိုးပမ်းအားထုတ်မှု အောင်မြင်သလော
  • နိုးလော့!—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဂေဟဗေဒဆိုင်ရာ အမှန်တရားသုံးခု
  • အပျက်အစီး မည်မျှကြီးမားသနည်း
  • ပြဿနာများကို လူတို့ကိုင်တွယ်ဖြေရှင်းနိုင်သလော
  • ကမ္ဘာဂြိုဟ်ကို ကယ်တင်ရန် ကြိုးပမ်းအားထုတ်မှု
    နိုးလော့!—၁၉၉၇
  • လုံးပါးပါးလာသည့် မြေသယံဇာတများ
    နိုးလော့!—၂၀၀၅
  • ပတ်ဝန်းကျင်ကို ကယ်တင်ခြင်း—မည်မျှ အောင်မြင်ခဲ့ပြီနည်း
    နိုးလော့!—၂၀၀၄
  • ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ် မည်မျှအဖျားကြီးနေသနည်း
    နိုးလော့!—၂၀၀၄
နိုးလော့!—၁၉၉၇
န၉၇ ၅/၈ စာ. ၆-၁၁

ကြိုးပမ်းအားထုတ်မှု အောင်မြင်သလော

“ဒီကမ္ဘာဂြိုဟ်ကို ကောင်းကောင်းစောင့်ရှောက်ကြပါ၊ တို့မှာ ဒီတစ်လုံးပဲရှိတယ်။” ဤစကားမှာ ကမ္ဘာ့သဘာဝရန်ပုံငွေအဖွဲ့၏ဥက္ကဋ္ဌ ဗြိတိသျှမင်းသားဖိလစ်၏ မှတ်သားလောက်သော မေတ္တာရပ်ခံချက်ဖြစ်သည်။

“ကောင်းကင်ကား ထာဝရဘုရား၏ကောင်းကင်ဖြစ်၏။ မြေကြီးကိုကား လူသားတို့အားပေးတော်မူပြီ” ဟူ၍ လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက ဆာလံဆရာရေးသားခဲ့သည်။ (ဆာလံ ၁၁၅:၁၆) ဘုရားသခင်သည် ကမ္ဘာမြေကြီးကို နေအိမ်အဖြစ် ကျွန်ုပ်တို့အား ပေးထားတော်မူသောကြောင့် ကမ္ဘာကို ကျွန်ုပ်တို့ကောင်းစွာစောင့်ရှောက်ရပေမည်။ ဤသည်ကား ဂေဟဗေဒ၌အကျုံးဝင်သောအရာပင်တည်း။

“ဂေဟဗေဒ” (ecology) ဟူသောစကားလုံး၏အဓိပ္ပာယ် အတိအကျမှာ “အိမ်ကိုလေ့လာခြင်း” ဖြစ်သည်။a The American Heritage Dictionary အဘိဓာန်၏အနက်ဖွင့်ဆိုချက်တစ်ခုမှာ “ထိန်းသိမ်းစောင့်ရှောက်ခြင်းအားဖြင့် ပတ်ဝန်းကျင်ကိုကာကွယ်ရန် သို့မဟုတ် အခြေအနေကိုပြောင်းပြန်လှန်ပစ်ရန်ရည်စူးချက်ဖြင့် ပတ်ဝန်းကျင်အပေါ် ခေတ်သစ်လူ့ယဉ်ကျေးမှုက သက်ရောက်စေသည့်ပျက်စီးမှုကို လေ့လာသည့်ပညာ” ဟူ၍ဖြစ်သည်။ ရိုးရိုးဆိုရလျှင် ဂေဟဗေဒဆိုသည်မှာ လူတို့ပြုလုပ်ထားသည့် ပျက်စီးမှုများကိုရှာဖွေခြင်းနှင့် ပြုပြင်ရန်နည်းလမ်းများရှာကြံခြင်းပင်ဖြစ်သည်။ လွယ်ကူသောအလုပ်ကားမဟုတ်ပေ။

ဂေဟဗေဒဆိုင်ရာ အမှန်တရားသုံးခု

ဘယ်ရီ ကွမ်မွန်နာက ၎င်းရေးသားသည့် Making Peace With the Planet စာအုပ်တွင် ကမ္ဘာမြေကြီးသည် အဘယ်ကြောင့် ထိခိုက်ပျက်စီးလွယ်ရကြောင်းကို ရှင်းပြသည့်အနေနှင့် ဂေဟဗေဒဆိုင်ရာ ရှင်းလင်းလွယ်ကူသော နိယာမတရားသုံးခုကို တင်ပြထားသည်။

အရာရာတိုင်းသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နှီးနွှယ်လျက်ရှိသည်။ သွားတစ်ချောင်းကိုက်လျှင် တစ်ကိုယ်လုံးထိခိုက်သကဲ့သို့ သဘာဝသယံဇာတတစ်ခုခု ထိခိုက်ပျက်စီးလျှင်လည်း ပတ်ဝန်းကျင်ပြဿနာတသီတတန်းကြီးကို ဖြစ်ပေါ်စေနိုင်သည်။

သာဓကအနေနှင့် လွန်ခဲ့သောနှစ်ပေါင်းလေးဆယ်အတွင်း နီပေါနိုင်ငံပိုင် ဟိမဝန္တာသစ်တောများအနက် ၅၀ ရာခိုင်နှုန်းကို ထင်း သို့တည်းမဟုတ် သစ်အခြေခံထုတ်ကုန်အတွက် ခုတ်လှဲခဲ့ကြသည်။ သစ်ပင်များပြောင်သွားသည်နှင့် တောင်ဆင်ခြေလျှောမှ မြေဆီလွှာများသည် မုတ်သုံမိုးရွာသွန်းသည့်အခါ တိုက်စားခြင်းခံရလေသည်။ အပေါ်ယံမြေဆီလွှာမရှိသဖြင့် အပင်ပေါက်များ အမြစ်မစွဲနိုင်သောကြောင့် တောင်အများအပြားသည် ကတုံးများဖြစ်ကုန်ကြသည်။ သစ်တောပြုန်းတီးမှုကြောင့် နီပေါနိုင်ငံသည် ယခုအခါ အပေါ်ယံမြေဆီလွှာ တန်ချိန်သန်းပေါင်းများစွာ နှစ်စဉ်ဆုံးရှုံးလျက်ရှိသည်။ ဤပြဿနာသည် နီပေါနိုင်ငံတစ်ခုတည်း ကြုံတွေ့ရသည့်ပြဿနာမဟုတ်ပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သဲကြီးမဲကြီးရွာချသည့်မိုးရေများကို တစ်ချိန်က သစ်ပင်ကြီးများကစုပ်ယူပေးခဲ့သော်လည်း ယခုသော် ၎င်းမိုးရေများသည် ဟင်းလင်းဖြစ်နေသည့်တောင်ပေါ်မှ အတားအဆီးမရှိ ပင်လယ်ကမ်းရိုးတန်းဒေသသို့ ဒလဟောစီးဆင်းရာမှ ရေလွှမ်းမိုးဘေးကြီးများ ဖြစ်ပေါ်စေသည်။ အတိတ်ကာလများ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နှစ်ပေါင်း ၅၀ ကြာမှတစ်ကြိမ် ရေလွှမ်းမိုးဘေးကြီးကျရောက်ခဲ့သော်လည်း ယခုအခါ၌ လေးနှစ် သို့မဟုတ် လေးနှစ်မပြည့်မီ တစ်ကြိမ်ကျရောက်နေသည်။

ကမ္ဘာ့အခြားဒေသများ၌ သစ်တောပြုန်းတီးမှုကြောင့် သဲကန္တာရများကျယ်ပြန့်လာရာမှ ဒေသတွင်းရှိရာသီဥတုကို ပြောင်းလဲစေသည်။ သစ်တောများသည် ကိုယ်ကျိုးအတွက် လူတို့အလွဲသုံးနေကြသည့် သဘာဝသယံဇာတတစ်မျိုးမျှသာဖြစ်သည်။ ကြီးမားကျယ်ပြောသည့် ဂေဟဗေဒစနစ်မှ အပြန်အလှန်ဆက်စပ်လျက်ရှိသော အစိတ်အပိုင်းများ၏အကြောင်းကို ဂေဟဗေဒပညာရှင်တို့သည် မတောက်တခေါက်လောက်သာ သိရှိသေးသောကြောင့် ကြီးမားသည့်ပျက်စီးမှုဖြစ်လာတော့မှ ပြဿနာကို သတိပြုမိကြမည်ဖြစ်သည်။ စွန့်ပစ္စည်းများဖယ်ရှားသည့်ကိစ္စသည် ထင်ရှားသောသာဓကတစ်ခုဖြစ်ပြီး ဂေဟဗေဒဆိုင်ရာ ဒုတိယနိယာမတရားကို ရှင်းလင်းနားလည်စေသည်။

အရာရာတိုင်းသည် တစ်နေရာရာသို့ ရောက်ရစမြဲဖြစ်သည်။ အိမ်တစ်အိမ်တွင် အမှိုက်သရိုက်များကို ရှင်းလင်းဖယ်ရှားခြင်းမရှိပါက ထိုအိမ်၏အခြေအနေမည်သို့ရှိမည်ကို စဉ်းစားကြည့်ပါ။ ဤကမ္ဘာဂြိုဟ်သည်လည်း ကိုယ်တွင်းပြည့်စနစ် (closed system) တစ်မျိုးဖြစ်သောကြောင့် စွန့်ပစ္စည်းမှန်သမျှသည် ဤကမ္ဘာ့စံအိမ်၏ ဝန်းကျင်တစ်နေရာရာတွင် ရောက်ရှိသွားမည်သာဖြစ်သည်။ အိုဇုန်းလွှာ တစ်စိတ်တစ်ပိုင်းပျက်စီးခြင်းက ကလိုရိုဖလူအိုရိုကာဗွန်များ (CFCs) ကဲ့သို့သော ဘေးအန္တရာယ်မရှိဟုထင်ရသည့် ဓာတ်ငွေ့များပင် ပါးလွှာသောလေထုအတွင်း၌ ပျောက်ပျက်မသွားကြောင်း ပြသသည်။ ကလိုရိုဖလူအိုရိုကာဗွန်များသည် ကောင်းကင်၊ မြစ်ချောင်းနှင့် သမုဒ္ဒရာအတွင်းသို့ လူတို့စွန့်ပစ်ခဲ့ကြသည့် ဥပဒ်ပေးနိုင်ဖွယ်ရှိသော အမျိုးပေါင်းရာချီရှိသည့် ဝတ္ထုပစ္စည်းများအနက်မှ တစ်မျိုးမျှသာဖြစ်သည်။

“ဇီဝယိုယွင်းစေနိုင်စွမ်းရှိသော” (biodegradable) အချို့ထုတ်ကုန်ပစ္စည်းများသည် ဓာတ်ပြိုကွဲပြီး သဘာဝဖြစ်စဉ်က စုပ်ယူနိုင်သည်မှာမှန်သော်လည်း အခြားထုတ်ကုန်ပစ္စည်းတို့မှာ ထိုသို့မဟုတ်ပါ။ ကမ္ဘာ့ကမ်းခြေများသည် ပလတ်စတစ်ပစ္စည်းများဖြင့် တင်းကျမ်းပြည့်လျက်ရှိရာ ယင်းတို့သည် ဆယ်စုနှစ်များစွာကြာသည့်အထိ ထိုအတိုင်းရှိနေကြမည်ဖြစ်သည်။ စက်ရုံထွက်စွန့်ပစ္စည်းကို တွေ့ရမြင်ရနည်းပါးသည်။ ယင်းတို့ကို များသောအားဖြင့် တစ်နေရာရာ၌ မြှုပ်ပစ်လိုက်ကြသည်။ မမြင်ရသော်လည်း လွယ်လွယ်နှင့်မေ့ပျောက်နိုင်မည်ဟူသော အာမခံချက်မရှိပါ။ ၎င်းတို့သည် မြေအောက်ရေအတွင်းသို့စိမ့်ဝင်ကာ လူနှင့်တိရစ္ဆာန်တို့ကို ကျန်းမာရေးအန္တရာယ် ကြီးစွာပေးနိုင်သေးသည်။ “ခေတ်သစ်စက်မှုလုပ်ငန်းမှထွက်ရှိသည့် ဓာတုပစ္စည်းအားလုံးကို မည်သို့ပြုလုပ်ရမည်အကြောင်း ကျွန်ုပ်တို့မသိပါ။ ၎င်းတို့၏အကြောင်းကိုပင် လုံးစေ့ပတ်စေ့မသိရှိပါ” ဟူ၍ ဟန်ဂေရီသိပ္ပံပညာရှင်တစ်ဦးက ဘူဒါပက်စ် ဇလဗေဒသိပ္ပံ၌ ဝန်ခံပြောကြားခဲ့သည်။

စွန့်ပစ္စည်းအားလုံးထဲမှ အန္တရာယ်အကြီးဆုံးမှာ နျူကလီးယားဓာတ်အားပေးစက်ရုံမှထွက်ရှိသော ဘေးထွက်ပစ္စည်းတစ်မျိုးဖြစ်သည့် ရေဒီယိုသတ္တိကြွစွန့်ပစ္စည်းပင်ဖြစ်သည်။ နျူကလီးယားစွန့်ပစ္စည်းအချို့ကို သမုဒ္ဒရာအတွင်း စုပုံခဲ့ပြီးဖြစ်သော်လည်း တန်ချိန်ထောင်ပေါင်းများစွာမှာမူ ယာယီနေရာများ၌သာ သိမ်းဆည်းသိုလှောင်ထားသည်။ နှစ်ပေါင်းများစွာ သိပ္ပံနည်းကျ သုတေသနပြုခဲ့သော်လည်း စိတ်ချလုံခြုံပြီး အမြဲတမ်းသိုလှောင်နိုင်မည့်နေရာ သို့မဟုတ် ဖယ်ရှားပစ်မည့်နည်းလမ်းကို ရှာမတွေ့သေးသည့်အပြင် လက်တစ်ကမ်းအနာဂတ်တွင်လည်း တွေ့နိုင်ဦးမည်မဟုတ်ပေ။ ဤဂေဟဗေဒချိန်ကိုက်ဗုံးများ မည်သည့်အချိန်တွင် ထပေါက်ကွဲမည်ကို မည်သူမျှမသိနိုင်ပေ။ ဤပြဿနာသည် အလိုအလျောက်ပျောက်ကွယ်သွားမည်မဟုတ်။ ဤစွန့်ပစ္စည်းများသည် နှစ်ပေါင်းရာစုများစွာမက ထောင်စုများစွာကြာအောင် သို့မဟုတ် ဘုရားသခင် အရေးယူလုပ်ဆောင်သည့်အချိန်တိုင်အောင် ရေဒီယိုသတ္တိကြွနေမည်ဖြစ်သည်။ (ဗျာဒိတ် ၁၁:၁၈) စွန့်ပစ္စည်းများဖယ်ရှားခြင်းကိစ္စကို လူတို့အရေးမစိုက်ဘဲနေသည့်အချက်က ဂေဟဗေဒဆိုင်ရာ တတိယနိယာမကို သတိပြုစေသည်။

သဘာဝကို သဘာဝအတိုင်းထားပါ။ တစ်နည်းအားဖြင့်ဆိုရလျှင် လူတို့အနေဖြင့် ကောင်းသည်ဟုထင်သည့်နည်းလမ်းများဖြင့် သဘာဝစနစ်များကိုလွန်ဆန်ခြင်းမပြုဘဲ ယင်းတို့နှင့်ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။ ပိုးသတ်ဆေးအချို့ကို သာဓကအဖြစ်ကြည့်နိုင်သည်။ ပိုးသတ်ဆေးပေါ်ခါစ၌ ပေါင်းပင်ထိန်းချုပ်ရေးနှင့် ပိုးမွှားသုတ်သင်ရေးဘက်တွင် လယ်သမားများအား များစွာအထောက်အကူပြုခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ကမောက်ကမဖြစ်လာလေသည်။ ပေါင်းပင်များနှင့်အင်းဆက်ပိုးမွှားများသည် ပိုးသတ်ဆေးတစ်မျိုးပြီးတစ်မျိုးကို ခံနိုင်ရည်ရှိလာသည်။ ပိုးသတ်ဆေးများသည် ပိုးမွှားများကိုဖမ်းယူစားသောက်သည့် တိရစ္ဆာန်များနှင့် သားရိုင်းတိရစ္ဆာန်များကို အဆိပ်သင့်စေရုံမျှမက လူတို့ကိုပင် အဆိပ်သင့်စေကြောင်း ထင်ရှားလာသည်။ သင်သည် ပိုးသတ်ဆေးအဆိပ်သင့်ခံရသူဖြစ်ပါက ကမ္ဘာတစ်ဝန်း အဆိပ်သင့်ခံရသူ အနည်းဆုံးတစ်သန်းရှိသည့်အနက် သင်သည် တစ်ဦးမျှသာဖြစ်ပါသည်။

ပိုးသတ်ဆေးများသည် ရေရှည်တွင် သီးနှံများကို အထွက်မတိုးစေနိုင်ကြောင်း သက်သေအထောက်အထားများ တိုးလာလျက်ရှိရာ ဤအချက်မှာလည်း သရော်သကဲ့သို့ဖြစ်နေသည်။ အမေရိကန်ပြည်ထောင်စုတွင် အင်းဆက်ပိုးမွှားများသည် ပိုးသတ်ဆေးတော်လှန်ရေးမတိုင်မီကထက် ပို၍ကြီးမားသော သီးနှံပမာဏကို ဖျက်ဆီးစားသောက်လျက်ရှိသည်။ အလားတူစွာပင် ပိုးသတ်ဆေးများသည် အရှေ့တောင်အာရှဒေသတွင်လည်း အထွက်မတိုးစေတော့ကြောင်း ဖိလစ်ပိုင်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနအဖွဲ့က တွေ့ရှိခဲ့သည်။ အင်ဒိုနီးရှားအစိုးရဦးဆောင်သည့် အစီအစဉ်တစ်ရပ်ဖြင့် ၁၉၈၇ ခုနှစ်မှစ၍ ပိုးသတ်ဆေးသုံးစွဲမှုအပေါ် အလွန်အမင်းအားထားခြင်းမပြုဘဲ ၆၅ ရာခိုင်နှုန်း လျှော့ချ သုံးစွဲခဲ့သည့်တိုင်အောင် ဆန်စပါးအထွက် ၁၅ ရာခိုင်နှုန်းတိုးတက်ထုတ်လုပ်နိုင်ခဲ့သည်။ သို့ပင်ငြားလည်း ကမ္ဘာနှင့်အဝန်း တောင်သူလယ်သမားများသည် နှစ်စဉ်နှစ်တိုင်း ပိုးသတ်ဆေးများကို ဗုံးပေါလအောသုံးစွဲလျက်ပင်ရှိကြသည်။

အထက်တွင်ဖော်ပြခဲ့သည့် ဂေဟဗေဒနိယာမသုံးခုက ချွတ်ချော်တိမ်းပါးရခြင်းအကြောင်းကို နားလည်စေရန်ထောက်ကူပေးသည်။ အခြားအရေးကြီးသောမေးခွန်းများမှာ အပျက်အစီးမည်မျှကြီးမားသနည်း၊ ၎င်းအပျက်အစီးများကို ပြုပြင်ဖာထေး၍ ရနိုင်ပါမည်လော ဟူ၍ဖြစ်သည်။

အပျက်အစီး မည်မျှကြီးမားသနည်း

ပူးတွဲပါကမ္ဘာ့မြေပုံက (စာမျက်နှာ ၈-၉ ရှု) အဓိကကျသော ပတ်ဝန်းကျင်ပြဿနာအချို့နှင့် အခြေအနေအဆိုးရွားဆုံးနေရာများကို ထင်ရှားစွာဖော်ပြထားသည်။ သဘာဝဇာတိမြေကွယ်ပျောက်ခြင်း သို့မဟုတ် အခြားအကြောင်းတရားများကြောင့် အပင်နှင့်တိရစ္ဆာန်များ မျိုးသုဉ်းပျောက်ကွယ်ခဲ့သည်ရှိသော် ယင်းပျက်စီးမှုကို လူတို့ပြန်လည်ပြုပြင်နိုင်စွမ်း မရှိသည်မှာရှင်းနေပါသည်။ အိုဇုန်းလွှာပျက်စီးခြင်းကဲ့သို့သော အခြားပျက်စီးမှုများကိုလည်း လူတို့ပြုလုပ်ခဲ့ကြပြီ။ ပတ်ဝန်းကျင် အဆက်မပြတ် ယိုယွင်းပျက်စီးနေခြင်းနှင့်ပတ်သက်၍ကော မည်သို့ဆိုမည်နည်း။ ပျက်စီးယိုယွင်းမှုရပ်တန့်စေရန်၊ ယုတ်စွအဆုံး ယိုယွင်းမှုအရှိန်နှေးသွားစေရန် ပြုလုပ်ရာ၌ တိုးတက်မှုရရှိနေပါသလော။

ဂေဟဗေဒဆိုင်ရာ ပျက်စီးမှုပမာဏကိုတိုင်းတာသည့် အရေးအကြီးဆုံးစနစ်နှစ်ခုမှာ စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းတို့ပင်ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏အထွက်နှုန်းမှာ ကောင်းမွန်သောပတ်ဝန်းကျင်အပေါ် တည်မှီနေသကဲ့သို ကျွန်ုပ်တို့၏ရှင်သန်တည်မြဲရေးမှာလည်း စိတ်ချသေချာသော ရိက္ခာထောက်ပံ့မှုအပေါ် တည်မှီနေသောကြောင့်ဖြစ်သည်။

စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းနှစ်ရပ်စလုံး ဆုတ်ယုတ်နေသည့်လက္ခဏာ ပြနေသည်။ ကမ္ဘာ့ငါးဖမ်းသင်္ဘောအုပ်စုများသည် ငါးထွက်ရှိရာပင်ရင်းအမြစ်ကို ကြီးမားသောပျက်စီးခြင်းမဖြစ်စေဘဲနှင့် ငါးတန်ချိန်သန်း ၁၀၀ အထက်ဖမ်းဆီးနိုင်မည်မဟုတ်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့က ခန့်မှန်းတွက်ချက်ထားသည်။ ၁၉၈၉ ခုနှစ်တွင် ဖော်ပြပါပမာဏထက်ကျော်လွန်၍ ဖမ်းဆီးခဲ့သဖြင့် မျှော်လင့်ထားသည့်အတိုင်းပင် နောက်တစ်နှစ်တွင် ကမ္ဘာ့ငါးဖမ်းဆီးနိုင်မှုပမာဏသည် တန်ချိန်လေးသန်းကျဆင်းခဲ့သည်။ အချို့ငါးဖမ်းကွက်များမှ ငါးထွက်ရှိမှုမှာလည်း တစ်ရှိန်ထိုးကျဆင်းခဲ့သည်။ သာဓကအဖြစ် အတ္တလန္တိတ်သမုဒ္ဒရာ အရှေ့မြောက်ပိုင်းတွင် လွန်ခဲ့သည့်အနှစ်နှစ်ဆယ်အတွင်း ငါးဖမ်းဆီးနိုင်မှု ၃၂ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ အဓိကပြဿနာများမှာ ငါးများကိုအလွန်အကျွံဖမ်းခြင်း၊ သမုဒ္ဒရာညစ်ညမ်းခြင်းနှင့် ငါးဥဥသည့်နေရာများ ပျက်စီးခြင်းတို့ပင်ဖြစ်သည်။

ထိတ်လန့်ဖွယ်ကောင်းသော ဤအခြေအနေမျိုးသည် သီးနှံထုတ်လုပ်မှုအပိုင်း၌လည်း ထင်ဟပ်လျက်ရှိသည်။ ၁၉၆၀ နှင့် ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း သီးနှံမျိုးသန့်များ အလျှိုအလျှိုပေါ်ထွက်လာသည့်အပြင် ဆည်မြောင်းသွယ်ခြင်း၊ ဓာတုပိုးသတ်ဆေးများနှင့် ဓာတ်မြေသြဇာများ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲခြင်းကြောင့် ကမ္ဘာ့သီးနှံထွက်နှုန်း သိသိသာသာတိုးတက်ခဲ့သည်။ ယခုသော်၊ ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာတို့သည် ထိရောက်မှုအာနိသင်ကျဆင်းလာပြီး ရေပြတ်လပ်မှုနှင့် ညစ်ညမ်းမှုတို့ကြောင့် သီးနှံအထွက် ညံ့ဖျင်းဆုတ်ယုတ်လာသည်။

နှစ်စဉ်နှစ်တိုင်း ထမင်းစားသည့်ပါးစပ်ပေါက် သန်း ၁၀၀ နီးပါးတိုးပွားနေသော်လည်း လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း စိုက်ပျိုးမြေဧရိယာစုစုပေါင်းမှာ ကျဆင်းခဲ့သည်။ စိုက်ပျိုးနိုင်သောမြေမှာလည်း အထွက်ညံ့ဖျင်းလာသည်။ လွန်ခဲ့သောနှစ်ပေါင်း ၂၀ အတွင်း တိုက်စားမှုကြောင့် လယ်သမားတို့သည် အပေါ်ယံမြေဆီလွှာ တန်ချိန်ဘီလီယံ ၅၀၀ ဆုံးရှုံးနစ်နာခဲ့ရကြောင်း ကမ္ဘာ့စောင့်ကြည့်ရေးအဖွဲ့က ခန့်မှန်းတွက်ချက်ထားသည်။ သို့ဖြင့် စားနပ်ရိက္ခာထုတ်လုပ်မှုလည်း စတင်ကျဆင်းလာခဲ့သည်။ “၁၉၈၄ နှင့် ၁၉၉၂ ခုနှစ်အတွင်း လူတစ်ဦးချင်း သီးနှံအထွက်နှုန်း ၆-ရာခိုင်နှုန်းကျဆင်းခဲ့ခြင်းသည် ယနေ့ကမ္ဘာအဖို့ စိတ်မချမ်းမြေ့စရာအကောင်းဆုံး စီးပွားရေးတိမ်းညွတ်မှုပင်ဖြစ်သည်” ဟု State of the World 1993 အစီရင်ခံစာ၌ ရေးသားဖော်ပြထားသည်။

ပတ်ဝန်းကျင်ကို လူတို့လျစ်လျူရှုခဲ့ခြင်းကြောင့် သန်းပေါင်းများစွာသောလူတို့သည် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရလျက်ရှိသည်မှာ ရှင်းနေပေသည်။

ပြဿနာများကို လူတို့ကိုင်တွယ်ဖြေရှင်းနိုင်သလော

မည်သည့်နေရာ၌ ချွတ်ချော်တိမ်းမှားနေကြောင်း ယခု လူတို့ သိမြင်နားလည်လာကြပြီဖြစ်သော်လည်း ၎င်းကိုပြုပြင်ရန်မှာ လွယ်ကူသောကိစ္စမဟုတ်ပါ။ ပထမဦးဆုံးအခက်အခဲမှာ ၁၉၉၂ ခုနှစ် မြေကမ္ဘာထိပ်သီးညီလာခံ၌တင်ပြခဲ့သည့် ကျယ်ပြန့်ပြည့်စုံသော အဆိုပြုချက်များကို အကောင်အထည်ဖော်ရန်အတွက် ကြီးမားသောငွေကြေးပမာဏ—တစ်နှစ်တစ်နှစ်လျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀၀—လိုအပ်ခြင်းပင်ဖြစ်သည်။ ကမ္ဘာသားများအနေဖြင့်လည်း ကိုယ်ကျိုးစွန့်အနစ်နာခံရန်လိုသည်။ ဆိုလိုသည်မှာ သယံဇာတဖြုန်းတီးခြင်းကိုလျှော့၍ သုံးပြီးပစ္စည်းကို တစ်ဖန်ပြန်လည်အသုံးချနိုင်အောင် များများစီမံဆောင်ရွက်ရမည်၊ ရေနှင့်စွမ်းအင်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရမည်၊ ကိုယ်ပိုင်ယာဉ်ကိုမသုံးဘဲ အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေးယာဉ်ကိုသုံးရမည်၊ အခက်ခဲဆုံးမှာ ကိုယ်ကျိုးထက်ကမ္ဘာဂြိုဟ်၏အကျိုးကို စဉ်းစားရမည်ဖြစ်သည်။ “ကျွန်ုပ်တို့လုပ်နိုင်သည့်အရာနှင့်ပတ်သက်၍ ကျွန်ုပ်အကောင်းဘက်မှမျှော်လင့်သောစိတ် ရှိသော်လည်း ကျွန်ုပ်တို့လုပ်မည့်အရာနှင့်ပတ်သက်၍မူ ကျွန်ုပ်အဆိုးဘက်မှမြင်မိသည်” ဟူ၍ အမေရိကန် ဂေဟစနစ်ဆိုင်ရာကော်မတီတစ်ခု၏ဥက္ကဋ္ဌ ဂျွန်ကန်းဇ် ဂျူနီယာက ပြဿနာကို အကျဉ်းရုံးတင်ပြခဲ့သည်။

ကမ္ဘာ့ပတ်ဝန်းကျင်ကို အောက်ခြေသိမ်းသန့်ရှင်းရေးပြုလုပ်ရန် လိုအပ်သည့်ကြီးမားသောကုန်ကျစရိတ်အတွက်ကြောင့် တိုင်းပြည်အများက စာရင်းရှင်းမည့်နေ့ကို ရွှေ့ဆိုင်းထားလိုကြသည်။ စီးပွားရေးအကျပ်အတည်း ကြုံရသည့်ကာလမျိုး၌ ပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်းစဉ်များကို စီးပွားရေးခြိမ်းခြောက်မှု သို့မဟုတ် စီးပွားရေးတုံ့နှေးစေမှုအဖြစ် သဘောထားတတ်ကြသည်။ အပြောသည် အလုပ်ထက်လွယ်ကူသည်။ ယခုအချိန်အထိ ရရှိသည့်တုံ့ပြန်မှုမှာ “ခြိမ်း၍မရွာသောမိုး” နှင့်တူသည်ဟု Caring for the Earth စာအုပ်ကတင်ပြသည်။ သို့သော် ဤသို့သောတုံ့ဆိုင်းဖင့်နွှဲမှုများရှိနေလင့်ကစား နည်းပညာသစ်များကို ကြံဆတီထွင်ရန်အချိန်ရမည်ဆိုပါက ကမ္ဘာဂြိုဟ်၏ဝေဒနာများကို သက်သာပျောက်ကင်းစေမည့်ဆေးနည်း တွေ့ရှိလာနိုင်မည်မဟုတ်လော။ တွေ့ရှိနိုင်မည်မဟုတ်ပါ။

အမေရိကန် အမျိုးသားသိပ္ပံအကယ်ဒမီနှင့် လန်ဒန်တော်ဝင်အသင်းတို့၏ ပူးတွဲထုတ်ပြန်ချက်တစ်ခု၌ ဤသို့ပွင့်ပွင့်လင်းလင်း ဝန်ခံထားသည်– “အကယ်၍ လက်ရှိလူဦးရေတိုးနှုန်းခန့်မှန်းချက် မှန်ကန်ပြီး ကမ္ဘာပေါ်ရှိလူသားတို့ကလည်း လှုပ်ရှားဆောင်ရွက်မှုပုံစံကို ပြောင်းလဲခြင်းမပြုပါက သိပ္ပံနှင့်နည်းပညာတို့သည် ပတ်ဝန်းကျင်ယိုယွင်းမှုကို တားဆီးကာကွယ်နိုင်မည်မဟုတ်သကဲ့သို့ ကမ္ဘာ့ပြည်သူအများကိုလည်း ဆင်းရဲတွင်းမှ ကယ်တင်နိုင်မည်မဟုတ်ပါ။”

နျူကလီးယားစွန့်ပစ္စည်းအတွက် စွန့်ပစ်မည့်နေရာမရှိသည့် ထိတ်လန့်ဖွယ်ပြဿနာက သိပ္ပံပညာသည် အရာခပ်သိမ်း စွမ်းဆောင်နိုင်သည့်အရာမဟုတ်ကြောင်း သတိရစေသည်။ အဆင့်မြင့်ရေဒီယိုသတ္တိကြွစွန့်ပစ္စည်းများကို အမြဲတမ်းသိုလှောင်နိုင်မည့် စိတ်ချရသောနေရာကို သိပ္ပံပညာရှင်များရှာဖွေခဲ့သည်မှာ နှစ်ပေါင်း ၄၀ ပင်ရှိခဲ့ပြီ။ ဤသို့သောနေရာမျိုးရှာဖွေရသည်မှာ အလွန်ပင်ခဲယဉ်းသဖြင့် အီတလီနှင့် အာဂျင်တီးနားကဲ့သို့သောတိုင်းပြည်အချို့က အစောဆုံး သက္ကရာဇ် ၂၀၄၀ ပြည့်နှစ်ကျမှ ထိုသို့သောနေရာမျိုးကို တွေ့ရှိနိုင်မည်ဟု တွက်ဆထားကြသည်။ ဤနယ်ပယ်တွင် အလွန်အကောင်းမြင်သဘောရှိသည့် ဂျာမနီနိုင်ငံက သက္ကရာဇ် ၂၀၀၈ ခုနှစ်အရောက်တွင် ဤကိစ္စနှင့်ပတ်သက်သည့် စီမံကိန်းအားလုံးကို လက်စသတ်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။

နျူကလီးယားစွန့်ပစ္စည်းများသည် အဘယ်ကြောင့် ဤမျှပြဿနာတက်နေရသနည်း။ “ရေဒီယိုသတ္တိကြွစွန့်ပစ္စည်းသည် တစ်နေ့သောအခါ အထူးလုံခြုံအောင် သိုလှောင်ထားသည့်နေရာများမှနေ၍ အန္တရာယ်ကြီးမားသည့်ပမာဏဖြင့် ယိုစိမ့်ထွက်မလာနိုင်ပါဟူ၍ မည်သည့်သိပ္ပံပညာရှင် သို့မဟုတ် မည်သည့်အင်ဂျင်နီယာကမျှ အာမခံချက်အပြည့်အဝမပေးနိုင်ပါ” ဟူ၍ ဘူမိဗေဒပညာရှင် ကွန်ရဒ် ကရောင်စ်ကော့ဖ်က ရှင်းပြသည်။ စွန့်ပစ္စည်းဖယ်ရှားခြင်းအခက်အခဲအကြောင်း ကြို၍သတိပေးနေသည့်ကြားမှ အစိုးရများနှင့် စက်မှုလုပ်ငန်းတို့သည် မနက်ဖြန်၏နည်းပညာက ဖြေရှင်းမည့်နည်း ပေးလာမည်ဟူသောယုံကြည်ချက်ဖြင့် မြူးမြူးကြွကြွပင် ရှေ့သို့ချီလျက်ရှိကြသည်။ ထိုမနက်ဖြန်သည် မည်သည့်အခါမျှရောက်မလာနိုင်ပါ။

ပတ်ဝန်းကျင်ပြဿနာအတွက် သင့်တော်သောဖြေရှင်းနည်းကို နည်းပညာက မပေးနိုင်ပါမူ အခြားအဘယ်ရွေးစရာလမ်း ကျန်ပါသေးသနည်း။ မတတ်သာသည့်အဆုံးတစ်နေ့တွင် ကမ္ဘာ့နိုင်ငံအသီးသီးက ကမ္ဘာဂြိုဟ်ကိုကာကွယ်ရန် အတူတကွလက်တွဲ၍ ပူးပေါင်းလုပ်ဆောင်လာကြမည်လော။

[အောက်ခြေမှတ်ချက်]

a ဂရိစာလုံး oiʹkos (အိမ်) နှင့် lo·giʹa (လေ့လာမှုပညာ) တို့ကိုပေါင်းစပ်ထားသည်။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]

အသစ်ပြန်ထုတ်နိုင်သော စွမ်းအင်ပင်ရင်းများကို ရှာဖွေဖော်ထုတ်ခြင်း

လျှပ်စစ်ဓာတ်ပြတ်တောက်သည့်အခါ သို့မဟုတ် ရေနံဈေးနှုန်းတက်လာသည့်အခါကျမှ လူအများက စွမ်းအင်၏တန်ဖိုးကို သိရှိလာကြသည်။ သို့သော် စွမ်းအင်သုံးစွဲမှုသည် ညစ်ညမ်းမှုဖြစ်စေသည့် အကြီးမားဆုံးသောအကြောင်းတရား တစ်ခုဖြစ်သည်။ အများဆုံးသုံးစွဲနေသည့်စွမ်းအင်များမှာ ထင်းနှင့်တွင်းထွက်လောင်စာများမှ ရရှိခြင်းဖြစ်သည်။ ဤနည်းစနစ်သည် လေထုအတွင်းသို့ တန်ချိန်သန်းပေါင်းများစွာသော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ကို စုပုံရောက်ရှိစေသည့်အပြင် ကမ္ဘာ့သစ်တောများကိုပါ အကြီးအကျယ်ပျက်စီးစေသည်။

ရွေးချယ်စရာတစ်ခုဖြစ်သည့် နျူကလီးယားစွမ်းအင်မှာလည်း မတော်တဆဖြစ်ပွားမှုဘေးအန္တရာယ်နှင့် ရေဒီယိုသတ္တိကြွစွန့်ပစ္စည်းကို သိုလှောင်ရန်ခက်ခဲမှုတို့ကြောင့် တစ်စတစ်စနှင့် လူကြိုက်နည်းလာသည်။ အခြားရွေးချယ်စရာများမှာ အသစ်ပြန်ထုတ်နိုင်သော စွမ်းအင်ပင်ရင်းများဟုသိရှိထားကြသည်။ ၎င်းတို့ကို အခမဲ့ရရှိနိုင်သည့် သဘာဝအလျောက်ဖြစ်တည်သော စွမ်းအင်ပင်ရင်းများမှ ရရှိသောကြောင့်ဖြစ်သည်။ အဓိကအမျိုးအစား ငါးမျိုးရှိသည်။

နေစွမ်းအင်။ နေစွမ်းအင်ဖြင့်အပူပေးရသည်မှာ လွယ်ကူသောကြောင့် အစ္စရေးနိုင်ငံကဲ့သို့သောနိုင်ငံအချို့ရှိ နေအိမ်အများ၌ ရေနွေးကျိုရန် နေရောင်ခြည်ခံဆဲလ်ပြားများ တပ်ဆင်ထားကြသည်။ နေရောင်ခြည်မှ လျှပ်စစ်ဓာတ်ထုတ်လုပ်ရန်မှာ ပို၍ခက်ခဲသော်လည်း ခေတ်မီအလင်းဗို့တိတ်ဆဲလ် (photovoltaic cells) များကြောင့် ကျေးလက်ဒေသများ၌ပင် လျှပ်စစ်မီးများ ထိန်ထိန်လင်းလျက်ရှိသည့်အပြင် စီးပွားရေးတွက်ခြေလည်း ပို၍ပို၍ကိုက်လာသည်။

လေစွမ်းအင်။ ကမ္ဘာ့လေထန်သောဒေသ အတော်များများတွင် ဧရာမလေရဟတ်များကို နေရာတိုင်း၌ ထိုးထိုးထောင်ထောင်နှင့် တွေ့နေရသည်။ လေအားဖြင့်ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်သည် တစ်နေ့တခြား ဈေးနှုန်းသက်သာလာရာ ယခုအခါ အချို့ဒေသများ၌ သမားရိုးကျနည်းဖြင့်ထုတ်လုပ်သည့် စွမ်းအင်များထက်ပင် ဈေးနှုန်းချိုသာလာသည်။

ရေအားလျှပ်စစ်။ ကမ္ဘာ့လျှပ်စစ်ဓာတ်အား၏ ၂၀ ရာခိုင်နှုန်းကို ရေအားလျှပ်စစ်စက်ရုံများမှရရှိသော်လည်း ဖွံ့ဖြိုးပြီးနိုင်ငံများရှိ ရေအားလျှပ်စစ်စက်ရုံတည်ဆောက်ရန် အလားအလာရှိသောနေရာများသည် အပြည့်အဝအသုံးချခံရပြီးဖြစ်နေသည်။ အလွန်ကြီးမားသောဆည်ကြီးများသည်လည်း ဂေဟဝန်းကျင်ကို အထိုက်အလျောက် ပျက်စီးစေနိုင်သည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အကောင်းဆုံးသောအလားအလာမှာ ရေအားလျှပ်စစ်စက်ရုံအသေးစား များများတည်ဆောက်ရန်ပင်ဖြစ်သည်။

ဘူမိအပူစွမ်းအင်။ အချို့နိုင်ငံများ၊ အထူးသဖြင့် အိုင်စလန်နှင့် နယူးဇီလန်နိုင်ငံတို့တွင် မြေအောက်မှ “ရေပူစနစ်” ကိုသုံးစွဲလျက်ရှိကြသည်။ မြေအောက်မီးတောင်လှုပ်ရှားခြင်းကြောင့် ဆူပွက်လာသည့်ရေကို နေအိမ်များအပူပေးခြင်းနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းတို့တွင် အသုံးပြုနိုင်သည်။ အီတလီ၊ ဂျပန်၊ မက္ကဆီကို၊ ဖိလစ်ပိုင်နှင့် အမေရိကန်ပြည်ထောင်စုတို့လည်း ဤသဘာဝစွမ်းအင်ပင်ရင်းကို အထိုက်အလျောက်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ထားကြသည်။

ဒီရေအား။ ဗြိတိန်၊ ပြင်သစ်နှင့်ရုရှားကဲ့သို့သော နိုင်ငံအချို့က သမုဒ္ဒရာဒီရေကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာ၌ အသုံးပြုလျက်ရှိသည်။ သို့သော် ကမ္ဘာပေါ်တွင် ဈေးနှုန်းချိုသာစွာဖြင့် ဤသို့သောစွမ်းအင် ထုတ်လုပ်နိုင်သည့်နေရာမျိုး ရှားပါးလှသည်။

[စာမျက်နှာ ၈၊ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အဓိကကျသော ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာအချို့

သစ်တောများ ပျက်စီးပြုန်းတီးခြင်း။ ကမ္ဘာ့သမပိုင်းသစ်တော လေးပုံသုံးပုံနှင့် အပူပိုင်းသစ်တော ထက်ဝက်တို့မှာ ဆုံးရှုံးပျောက်ကွယ်ပြီးဖြစ်ရုံမက လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း သစ်တောပြုန်းတီးသည့်နှုန်းမှာ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် တိုးများခဲ့သည်။ နောက်ဆုံးခန့်မှန်းတွက်ချက်မှုအရ အပူပိုင်းသစ်တောပျက်စီးမှုမှာ နှစ်စဉ် စတုရန်းမိုင် ၆၀,၀၀၀ နှင့် ၈၀,၀၀၀ အကြားရှိသဖြင့် ဥရုဂွေးနိုင်ငံ၏အရွယ်တမျှရှိသည်။

အဆိပ်ဖြစ်စွန့်ပစ္စည်းများ။ ယခုအခါထုတ်လုပ်လျက်ရှိသည့် ဓာတုပစ္စည်းအမျိုးပေါင်း ၇၀,၀၀၀ အနက် ထက်ဝက်မှာ အဆိပ်ပစ္စည်းအမျိုးအစားဝင်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတစ်နိုင်ငံတည်းမှ နှစ်စဉ်အဆိပ်ဖြစ်စွန့်ပစ္စည်း တန်ချိန်သန်းပေါင်း ၂၄၀ ထွက်ရှိသည်။ အချက်အလက်များမပြည့်စုံမှုကြောင့် တစ်ကမ္ဘာလုံး၏စုစုပေါင်း ထွက်ရှိမှုကိုခန့်မှန်းတွက်ချက်ရန်မှာ မဖြစ်နိုင်ပါ။ ၎င်းပြင်၊ သက္ကရာဇ် ၂၀၀၀ အရောက်တွင် ယာယီနေရာများ၌သိုလှောင်ထားသည့် ရေဒီယိုသတ္တိကြွစွန့်ပစ္စည်းများမှာ တန်ချိန်သန်းပေါင်း ၂၀၀,၀၀၀ နီးပါးမျှရှိလာမည်။

မြေယာဆုတ်ယုတ်မှု။ ကမ္ဘာ့မြေမျက်နှာပြင်သုံးပုံတစ်ပုံသည် သဲကန္တာရကျယ်ပြန့်ခြင်းအန္တရာယ်နှင့် ကြုံတွေ့လျက်ရှိသည်။ အာဖရိကဒေသအချို့တွင် ဆဟာရသဲကန္တာရသည် နှစ်ပေါင်းနှစ်ဆယ်အတွင်း မိုင်နှစ်ရာကျယ်ပြန့်လာသည်။ ပြည်သူသန်းပေါင်းများစွာ၏ အသက်မွေးမှုသည် ခြိမ်းခြောက်ခံနေရလျက်ရှိသည်။

ရေရှားပါးမှု။ လူသန်းပေါင်းနှစ်ထောင်ခန့်သည် ကာလတာရှည်ရေပြတ်လပ်သည့်ဒေသများ၌ နေထိုင်ကြသည်။ ရေပြတ်လပ်မှုကို ပိုမိုဆိုးရွားစေသည့်အချက်မှာ ရေအောင်းလွှာများနိမ့်ဆင်းခြင်းကြောင့် ထောင်ပေါင်းများစွာသောရေတွင်းများ ခန်းခြောက်သွားခြင်းပင်ဖြစ်သည်။

မျိုးသုဉ်းမည့်အန္တရာယ်ကြုံနေသော မျိုးစိတ်များ။ ကိန်းဂဏန်းများမှာ ထင်ကြေးမျှသာဖြစ်သော်လည်း မျိုးစိတ်ပေါင်း ၅၀၀,၀၀၀ နှင့် ၁,၀၀၀,၀၀၀ အကြားရှိ တိရစ္ဆာန်၊ အပင်နှင့် အင်းဆက်ပိုးမွှားတို့သည် သက္ကရာဇ် ၂၀၀၀ အရောက်တွင် မျိုးသုဉ်းပျောက်ကွယ်ပြီးဖြစ်လိမ့်မည်။

လေထုညစ်ညမ်းမှု။ မြို့ပြဒေသနေပြည်သူ သန်းပေါင်းတစ်ထောင်သည် ကျန်းမာရေးကိုအန္တရာယ်ပြုသည့်အဆင့်ရှိသော ဆာလ်ဖာဒိုင်အောက်ဆိုဒ်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်နှင့် ကာဗွန်မိုနောက်ဆိုဒ်အစရှိသည့် ကျပ်ခိုးမှုန်များနှင့် အဆိပ်ဓာတ်ငွေ့များကို နေ့စဉ်ရှူရှိုက်နေရကြောင်း ၁၉၈၀ ပြည့်လွန်နှစ်အစောပိုင်းကပြုလုပ်သည့် ကုလသမဂ္ဂလေ့လာမှုတစ်ခုက တွေ့ရှိခဲ့သည်။ လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း မြို့ကြီးပြကြီးများ လျင်မြန်စွာတိုးတက်ကြီးထွားလာခြင်းကြောင့် ဤပြဿနာ ပိုမိုဆိုးရွားလာသည်မှာ ယုံမှားဖွယ်ရာမရှိ။ ၎င်းအပြင်၊ တန်ချိန် ၂၄ သန်းရှိသည့်ကာဗွန်ဒိုင်အောက်ဆိုဒ်ကို လေထုထဲသို့ နှစ်စဉ်မှုတ်ထုတ်လျက်ရှိနေသဖြင့် ဤ “ဖန်လုံအိမ်ဓာတ်ငွေ့” ကြောင့် ကမ္ဘာပူနွေးလာမည်ကို စိုးရိမ်နေရသည်။

[မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

သစ်တောပြုန်းတီးမှု

အဆိပ်ဖြစ်စွန့်ပစ္စည်း

လေထုညစ်ညမ်းမှု

ရေရှားပါးမှု

အန္တရာယ်ကြုံနေသည့်မျိုးစိတ်များ

မြေယာဆုတ်ယုတ်မှု

[Credit Lines]

Mountain High Maps™ copyright© 1993 Digital Wisdom, Inc.

Photo: Hutchings, Godo-Foto

Photo: Mora, Godo-Foto

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ