ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၉ ၁/၈ စာ. ၁၃-၁၅
  • တောင်ပေါ်ဂေါ်ရီလာမျောက်ဝံများထံ လည်ပတ်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တောင်ပေါ်ဂေါ်ရီလာမျောက်ဝံများထံ လည်ပတ်ခြင်း
  • နိုးလော့!—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သူတို့ကို ကိုင်ကြည့်နိုင်သည့်အထိ နီးကပ်!
  • ဂေါ်ရီလာပေါက်လေး အော်နေသောအခါ
    နိုးလော့!—၂၀၀၈
  • ကျောင်းကနေ အကျိုးအပြည့်အဝ ရနိုင်ပုံ
    နိုးလော့!—၂၀၁၂
  • မိုးသစ်တောပေါ် ကျရောက်သည့် အရိပ်မည်းများ
    နိုးလော့!—၁၉၉၈
နိုးလော့!—၁၉၉၉
န၉၉ ၁/၈ စာ. ၁၃-၁၅

တောင်ပေါ်ဂေါ်ရီလာမျောက်ဝံများထံ လည်ပတ်ခြင်း

တန်ဇန်းနီးယားမှ နိုးလော့! သတင်းထောက်ပေးပို့သည်

ရဝမ်ဒါနှင့် ကွန်ဂိုပြည်သူ့သမ္မတနိုင်ငံတို့၏နယ်စပ်ရှိ မီးတောင်ဒေသတွင် ယင်းတို့ ၃၂၀ ခန့်သာ နေကြသည်။ နောက်ထပ် ၃၀၀ မှာ ယူဂန်ဒါရှိ မထိုးဖောက်နိုင်သော တောတွင်နေကြသည်။ သူတို့ကား ကမ္ဘာပေါ်ရှိ ဘေးသင့်အခံရဆုံး နို့တိုက်သတ္တဝါများထဲတွင်ပါဝင်သော တောင်ပေါ် ဂေါ်ရီလာမျောက်ဝံများ ဖြစ်ကြသည်!

အမေရိကန် သတ္တဗေဒပညာရှင် ဒီးယန်းဖော်စေသည် ဤသတ္တဝါများ၏ကြမ္မာအပေါ် လူတို့၏စိုးရိမ်မကင်းဖြစ်မှုကို နှိုးဆွပေးရန် များစွာလုပ်ဆောင်ခဲ့သည်။ ဖော်စေသည် အာဖရိကသို့ ၁၉၆၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် ရောက်လာခဲ့ပြီး တောင်ပေါ် ဂေါ်ရီလာမျောက်ဝံများကို လေ့လာခဲ့သည်။ ထိုအချိန်တွင် အမဲခိုးလိုက်မှုကြောင့် ဂေါ်ရီလာမျောက်ဝံများ လျင်မြန်စွာ ပျောက်ကွယ်လျက်ရှိကြသည်။ သတ္တိရှိသော ထိုသိပ္ပံပညာရှင်သည် ဗိုင်ရွန်ဂါတောင်များပေါ်တွင် ရသေ့တစ်ဦးပမာ နေထိုင်ကြည့်ရာ ထိုတွင်နေထိုင်ကြသော ဂေါ်ရီလာမျောက်ဝံများနှင့် လျင်မြန်စွာ ခင်မင်သွားသည်။ ဖော်စေသည် သူ၏ရှာဖွေတွေ့ရှိမှုများကို မဂ္ဂဇင်းဆောင်းပါးများတွင်လည်းကောင်း၊ ဂေါ်ရီလာ အဲန်သည်မစ် ဟူသောစာအုပ်တွင်လည်းကောင်း ထုတ်ဝေခဲ့သည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ သူ၏ အမွေးထူမိတ်ဆွေများကိုကာကွယ်ရန် ပို၍ပင်စိတ်ဆုံးဖြတ်ခဲ့ပြီး အမဲခိုးလိုက်သူများကို ဆန့်ကျင်တိုက်ခိုက်သည့်အထိဖြစ်သွားသည်။ သို့ရာတွင် သူသည် သူဆန့်ကျင်လှုပ်ရှားမှု၏သားကောင်ဖြစ်သွားခဲ့ပြီး ၁၉၈၅ တွင် အမည်မသိ လက်ရောက်ကျူးလွန်သူတစ်ဦးအားဖြင့် အသတ်ခံခဲ့ရသည်။

ဤငြိမ်းချမ်းသောသတ္တဝါများကိုမြင်ရမည်ဟူသော မျှော်လင့်ချက်၏စေ့ဆော်ပေးမှုကြောင့် ၁၉၉၃ တွင်ကျွန်တော်နှင့် ကျွန်တော့်ဇနီးသည် ဂေါ်ရီလာမျောက်ဝံများနေထိုင်ရာသို့ စွန့်စားဝင်ရောက်ကြည့်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ကျေးဇူးပြု၍ ကျွန်တော်တို့၏စွန့်စားမှုကို ပြန်လည်စားမြုံ့ပြန်ခွင့်ပြုပါ။

ကျွန်တော်တို့၏လမ်းပြက ရဝမ်ဒါနိုင်ငံရှိ ပေပေါင်း ၁၂,၀၀၀ မြင့်သည့် ဗေဆိုကေမီးတောင်၏ခြေရင်းမှ အမျိုးသားဥယျာဉ်ရှိရာမီးတောင်ထိပ်ဖျားအထိ တစ်နာရီကြာတက်ရသောခရီးကို ဦးဆောင်ခေါ်သွားခြင်းဖြင့် ကျွန်တော်တို့၏စွန့်စားမှုစတင်သည်။ ကျွန်တော်တို့ ခေတ္တရပ်နားစဉ်အတွင်း လမ်းပြက ဂေါ်ရီလာမျောက်ဝံများဝန်းကျင်တွင် မည်သို့နေထိုင်ပြုမူရမည်ကို ရှင်းပြပေးသည်။ ဤအထူးတိရစ္ဆာန်အုပ်စုထံလည်ပတ်ရန် တစ်ရက်လျှင် ဧည့်သည်ရှစ်ဦးသာခွင့်ပြုကြောင်း ပြောပြသည်။ ယင်းက ရောဂါဖြစ်ပွားစေမည့်အန္တရာယ်နည်းပါးစေပြီး အမူအကျင့်ဆိုင်ရာ အနှောင့်အယှက်များမှလည်း ဆီးတားပေးသည်။

“တောထဲကိုဝင်တဲ့အခါ အသံဗလံတွေကိုလျှော့ကြပါ။ ဒါမှ တောထဲမှာရှိတဲ့တခြားတိရစ္ဆာန်တွေနဲ့ ငှက်တွေကို ကျွန်တော်တို့ကြည့်ရှုလေ့လာနိုင်မယ်၊ အဲဒီမှာ တောင်ပေါ် ဂေါ်ရီလာမျောက်ဝံတွေအပြင် ရွှေရောင်ရှိတဲ့ မျောက်တွေ၊ အာဖရိက သမင်၊ ဒရယ်မျိုးဝင်တွေ၊ ဆင်နဲ့ ကျွဲတွေလည်းရှိတယ်လေ” ဟုလမ်းပြတစ်ဦးက ကျွန်တော်တို့ကို သတိပေးသည်။

ဥယျာဉ်ထဲတွင် ဆူးရှိသောဖက်ယားပင်များနှင့် ပုရွက်ဆိတ်များရှိကြောင်း၊ ကျွန်တော်တို့သည် ရေခိုးရေငွေ့ရိုက်ကာ ရွှံ့ပေနေသောချုံတွင် လျှောက်သွားရမည်ဖြစ်ကြောင်း အသိပေးသည်။ ကျွန်တော်နှင့် ကျွန်တော့်ဇနီးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထိုအတွက် ကျွန်တော်တို့ ပြင်ဆင်မထားကြပေ! သို့သော် ရင်းနှီးဖော်ရွေသောလမ်းပြက မိုးကာဝတ်စုံနှင့် ဘွတ်ဖိနပ်တို့ကိုငှားပေးခြင်းဖြင့် ကူညီပေးပါသည်။

ဂေါ်ရီလာမျောက်ဝံများသည် လူတို့၏ရောဂါများကူးစက်ခံရရန် အလွန်လွယ်ကူရာ သူတို့ကိုကာကွယ်ရန်အလို့ငှာ ဖျားနေသူ သို့မဟုတ် ကူးစက်တတ်သည့်ရောဂါရှိသည်ဟု သိရှိသူတို့ကို လိုက်ပါခွင့်မပြုကြောင်း ကျွန်တော်တို့၏လမ်းပြက ရှင်းပြသည်။ “ဂေါ်ရီလာမျောက်ဝံတွေနဲ့ ရှိနေတဲ့အခါ ချောင်းဟန့်လိုတယ် ဒါမှမဟုတ် နှာချေလိုတယ်ဆိုရင် ကျေးဇူးပြုပြီး တိရစ္ဆာန်တွေဆီကနေ လှည့်ထွက်သွားပြီး သင့်ရဲ့ နှာခေါင်းနဲ့ ပါးစပ်ကိုအုပ်လိုက်ပါ” ဟုလမ်းပြများထဲမှတစ်ဦးကဆို၏။ “မြူခိုးတွေဖုံးလွှမ်းနေတဲ့ သူတို့ရဲ့အိမ်မှာ ကျွန်တော်တို့ဟာ ဧည့်သည်တွေပါဆိုတာကို သတိရပါ!”

သူတို့ကို ကိုင်ကြည့်နိုင်သည့်အထိ နီးကပ်!

အတက်သည် ပို၍ပို၍မတ်စောက်လာသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၀,၀၀၀ အထိရောက်သွားကြသည်။ လေနည်းပါးလာရာ အသက်ရှူဖို့အခက်တွေ့စေပြီး လမ်းကြောင်းမှာ ကျဉ်းမြောင်းလာသည်။ သို့သော် အလျားလိုက်ပြန့်ကားနေသောအကိုင်းများပေါ်တွင် ရေညှိများ၊ ဍရင်ကောက်ပင်များနှင့် သစ်ခွပင်များပြွတ်သိပ်ပေါက်နေသော ဟာဂျီနီယာအပင်၏အလှကို ခံစားနိုင်ကြသည်။ ယင်းက သစ်တောကို ပရဒိသုကဲ့သို့ လှပစေသည်။

ဂေါ်ရီလာမျောက်ဝံများသည် လတ်ဆတ်သောအစာရှာဖွေရန် အမြဲမပြတ်လှုပ်ရှားသွားလာနေကြသော်လည်း လမ်းပြများသည် ယမန်နေ့က ဂေါ်ရီလာမျောက်ဝံများကို မြင်တွေ့ရသည့်နေရာတွင် ရှာဖွေမှုများစတင်ပြုလုပ်ကြသည်။ “ဟော ဟိုမှာကြည့်စမ်း!” ဟူ၍တစ်ယောက်က ဆိုလိုက်သည်။ ငွေရောင်နောက်ကျောရှင် ဂေါ်ရီလာမျောက်ဝံ၏အိပ်ရာ၊ သို့မဟုတ် အသိုက်ကို ပျော့ပျောင်းသောအပင်ဖြင့် ချခင်းထားသည်။

“သူ့ကို ယူမူဂိုမီ လို့ခေါ်ကြတယ်” ဟုလမ်းပြဖြစ်သူက ရှင်းပြသည်။ “ဂေါ်ရီလာမျောက်ဝံ အဖိုတွေဟာ အသက် ၁၄ နှစ်အရွယ်ရှိတဲ့အခါ သူ့ရဲ့နောက်ကျောဘက်အမွေးတွေဟာ ငွေရောင်ပမာ အဖြူရောင်သန်းလာပါတယ်။ အဲဒီအခါ သူဟာ အုပ်စုရဲ့ခေါင်းဆောင်ဆိုပြီး ယူမှတ်ခံရပါတယ်။ ငွေရောင်နောက်ကျောရှိတဲ့သူကသာ ဂေါ်ရီလာမျောက်ဝံ အမအားလုံးနဲ့ မိတ်လိုက်တယ်။ မိတ်လိုက်ဖို့ကြိုးစားတဲ့ ပိုပြီးငယ်ရွယ်တဲ့သူတွေကတော့ ချက်ချင်းပဲငြင်းပယ်ခံခဲ့ရတယ်! ဒါပေမဲ့ ပြိုင်ဘက်တစ်ကောင်ကောင်က ငွေရောင်နောက်ကျောရှင်ကိုသတ်နိုင်တယ်ဆိုရင် သူ့ရဲ့သားစဉ်မျိုးဆက်အားလုံးကိုပါ သတ်လိုက်ပါတယ်။ အဲဒီနောက် ခေါင်းဆောင်အသစ်ကတာဝန်ယူပြီး အုပ်စုမှာရှိတဲ့ အမများနဲ့ မျိုးဆက်တွေကိုမွေးထုတ်ပေးပါတယ်။”

အလွန်လှပသည့် ဝါးရုံတောအတွင်းသို့ လမ်းပြများ၏နောက်လိုက်ကြစဉ် “ဂေါ်ရီလာမျောက်ဝံတွေဟာ ဘယ်လောက်ကြာကြာ အသက်ရှင်ကြသလဲ” ဟုကျွန်တော်တို့အုပ်စုထဲမှတစ်ဦးက မေးသည်။

“အနှစ် ၄၀ လောက်ရှင်တယ်” ဟုအေးဆေးစွာပြန်ဖြေသည်။

“ရှူးရှူး” ဟူ၍ ခပ်ပြတ်ပြတ်အသံနိမ့်ဖြင့် တစ်ဦးတစ်ယောက်က လေချွန်၏။ “ဘာပါလိမ့်။ ဂေါ်ရီလာမျောက်ဝံလော။” မဟုတ်ပါ၊ လမ်းပြများမှတစ်ဦးက တုံ့ပြန်မှုရရှိရန်အတွက် ဂေါ်ရီလာမျောက်ဝံကဲ့သို့ အသံပေးခြင်းဖြစ်သည်။ သူတို့နှင့် အလွန်နီးကပ်နေပြီဖြစ်မည်!

အမှန်ပါပင်၊ ကျွန်ုပ်တို့နှင့် ၁၅ ပေခန့်မျှသာဝေးသည့်နေရာတွင် အကောင် ၃၀ ခန့်ရှိနေပါသည်တကား! ဆောင့်ကြောင့်ထိုင်ပြီး ငြိမ်ငြိမ်လေးနေဖို့ ပြောပါသည်။ “သူတို့ဆီကို တစ်ခုခုပစ်ပေးမယ်ဆိုပြီး ထင်မှတ်နိုင်တာကြောင့် သူတို့ကို လက်ညှိုးမထိုးပါနဲ့။ ကျေးဇူးပြုပြီး မအော်ပါနဲ့။ ဓာတ်ပုံရိုက်တဲ့အခါလည်း ဖြည်းဖြည်းလေးနဲ့ ဂရုတစိုက်လှုပ်ရှားပါ၊ ကင်မရာမှာပါတဲ့ မီးကိုမသုံးပါနဲ့။”

သူတို့ကို ထိနိုင်သည့်အထိ နီးကပ်နေပြီဖြစ်သည်! သို့သော် တစ်ဦးတစ်ယောက်က ထိုသို့မပြုလုပ်မီ လမ်းပြတစ်ဦးက တိုးတိုးလေးနှင့် ဤသို့ပြောပြသည်– “သူတို့ကို သွားမထိပါနဲ့!” ချက်ချင်းဆိုသလိုပင် ငယ်ရွယ်သော ဂေါ်ရီလာနှစ်ကောင်သည် ကျွန်တော်တို့ကို စူးစမ်းကြည့်ဖို့ ချဉ်းကပ်လာပါသည်။ လမ်းပြဖြစ်သူက သေးငယ်သောသစ်ကိုင်းဖြင့် ညင်သာစွာရိုက်လိုက်ရာ စပ်စုသောငယ်ရွယ်သူတို့မှာ ဆင်ခြေလျောအတိုင်း လှိမ့်ဆင်းသွားကာ ကလေးငယ်များနည်းတူ နပန်းလုံးနေကြသည်။ အလွန်ကြမ်းတမ်းစွာ ကစားကြသောအခါ “အမေ” ဖြစ်သူက ကြားဝင်ပေးသည်။

ငွေရောင်နောက်ကျောရှင်သည် အဝေးမှနေ၍ ကျွန်တော်တို့ကို စောင့်ကြည့်နေပါသည်။ ရုတ်တရက်ပင် ကျွန်တော်တို့ထံသို့ရောက်လာကာ ကျွန်တော်တို့ထိုင်သည့်နေရာမှ ကိုက်အနည်းငယ်သာကွာသောနေရာတွင် ထိုင်လိုက်သည်။ သူသည် ကြီးမားလှပြီး ကိုယ်အလေးချိန် ၄၅၀ ပေါင်ခန့်ရှိသည်! သူသည် ကျွန်တော်တို့ကို စောင့်ကြည့်နေသော်လည်း အစာစားခြင်းဖြင့် အလုပ်များနေသောကြောင့် ကျွန်တော်တို့ကို သိပ်အာရုံမစိုက်နိုင်ပါ။ အမှန်ဆိုရလျှင် အစာစားခြင်းသည် ဂေါ်ရီလာမျောက်ဝံတို့၏ အဓိကအလုပ်ဖြစ်သည်! ငွေရောင်နောက်ကျောရှင်သည် တစ်ရက်လျှင် ၆၅ ပေါင်အထိ စားသောက်နိုင်သည်။ ထို့ပြင် အုပ်စုရှိတိရစ္ဆာန်တိုင်းသည် မနက်ပိုင်းမှ ညနေပိုင်းအထိ အစာရှာဖွေခြင်းတွင် အလုပ်များနေကြသည်။ တစ်ခါတစ်ရံ သူတို့တွေ့ရှိသော “စားချင်စဖွယ်” အတွက် တိုက်ခိုက်နေကြသည်ကို တွေ့ မြင်နိုင်ပါသည်။

သူတို့အကြိုက်ဆုံးအစာကား ကြီးမားလှသော စီနီစီယိုအပင်၏ အနှစ်ဖြစ်သည်။ တရုတ်နံနံ၊ အချို့အပင်များ၏အမြစ်များနှင့် မျှစ်များကိုလည်း နှစ်သက်ကြသည်။ တစ်ခါတစ်ရံ ဆူးလေပင်၊ ဖက်ယားပင်၊ ဂယ်လီယွန်ပင်တို့၏အရွက်စိမ်းများ၊ အမြစ်အမျိုးမျိုးနှင့် နွယ်အမျိုးမျိုးတို့ကို မျှစ်နှင့်ရောနှောကာ “အသုပ်စုံ” လုပ်စားကြသည်။ “သူတို့ ရယူသန့်စင်တဲ့ ဖက်ယားပင်တွေက ဂေါ်ရီလာမျောက်ဝံတွေကို ဘာကြောင့် မစူးတာလဲ” ဟုတစ်ဦးတစ်ယောက်က မေးသည်။ လမ်းပြဖြစ်သူက ဤသို့ရှင်းပြသည်– “သူတို့ရဲ့လက်ဖဝါးအတွင်းပိုင်းမှာ အရေပြားထူထူရှိတယ်။”

ဤငြိမ်းချမ်းသောမြင်ကွင်းတွင် ပျော်မွေ့နေကြစဉ် ရုတ်တရက်ပင် ကြီးမားလှသော ဂေါ်ရီလာအဖိုသည် နောက်ဘက်ခြေနှင့်မတ်တတ်ရပ်ကာ လက်သီးဖြင့် မိမိ၏ရင်ဘတ်ကိုထုရိုက်ပြီး ထိတ်လန့်ချောက်ချားဖွယ် ငယ်သံပါအောင် စူးစူးဝါးဝါးအော်သံပေးသည်! ထို့နောက် လမ်းပြတစ်ဦးထံသို့ တစ်ဟုန်ထိုးပြေးသွားကာ သူ့ထံရောက်လုဆဲတွင် ရုတ်ခြည်းရပ်လိုက်သည်။ သူသည် လမ်းပြဖြစ်သူကို ခက်ထန်စွာ စူးစိုက်ကြည့်သည်! သို့သော် ကျွန်တော်တို့၏လမ်းပြသည် အထိတ်တလန့်မဖြစ်ပေ။ ယင်းအစား သူသည် မြေပြင်တွင်ဝပ်လျက် ဂေါ်ရီလာကဲ့သို့အသံပြုကာ နောက်ဘက်သို့ တဖြည်းဖြည်းရွေ့သွားသည်။ ငွေရောင်နောက်ကျောရှင်သည် သူ၌အစွမ်းခွန်အားရှိကြောင်း ကျွန်တော်တို့ကို စွဲမှတ်သွားစေလိုပုံရသည်။ အမှန်ပင် သူအောင်မြင်ခဲ့ပါသည်။

ယခု ထွက်ခွာရန်အသင့်ဖြစ်ဖို့ လမ်းပြက ကျွန်တော်တို့ကို အချက်ပြသည်။ ကျွန်တော်တို့သည် “နှင်းထဲမှ” ဧည့်သည်များအဖြစ် ဤအံ့ဖွယ်ကောင်းသော ငြိမ်းချမ်းသည့်သတ္တဝါတို့နှင့်အတူ တစ်နာရီကျော်ကြာ နေခဲ့ကြသည်။ တိုတောင်းသော်ငြားလည်း ကျွန်တော်တို့၏လည်ပတ်မှုသည် မမေ့နိုင်ဆုံးတွေ့ကြုံမှုများထဲမှတစ်ခုဖြစ်ပါသည်။ ကျွန်တော်တို့သည် လူသားတို့နှင့် သားရဲတိရစ္ဆာန်များ တစ်ဦးနှင့်တစ်ဦး ထာဝစဉ်ငြိမ်းချမ်းစွာနေထိုင်မည့် လာမည့်ကမ္ဘာသစ်အကြောင်း သမ္မာကျမ်းစာ၏ကတိတော်ကို စဉ်းစားနေမိပါသည်!—ဟေရှာယ ၁၁:၆-၉။

[စာမျက်နှာ ၁၅ ပါ မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

တောင်ပေါ်ဂေါ်ရီလာမျောက်ဝံတို့၏ နယ်မြေအပိုင်းအခြား

ကွန်ဂိုပြည်သူ့သမ္မတနိုင်ငံ

ကီဗူရေကန်

ယူဂန်ဒါ

ရဝမ်ဒါ

အာဖရိက

တိုးချဲ့ဒေသ

[Credit Line on page 15]

Mountain High Maps® Copyright © 1997 Digital Wisdom, Inc.

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ