လဗိမာန်တောင်များ
ကင်ညာနိုင်ငံမှ နိုးလော့! သတင်းထောက်ပေးပို့သည်
ရာစုနှစ်နှင့်ချီပြီး ကောလာဟလဖြစ်ခဲ့သည့်အရာတစ်ခု– ဗဟိုအာဖရိကတစ်နေရာရာတွင် နိုင်းလ်မြစ်၏ ပင်မရေအရင်းအမြစ်ဧကန်ဖြစ်သော နှင်းဖုံးတောင်များရှိသည်ဟူသည့်အဆိုဖြစ်သည်။ သို့သော် အာဖရိကရှိ အီကွေတာအနီးတွင် နှင်းများရှိသည်ဟူသည့်အယူအဆမှာ ဖြစ်နိုင်ဟန်မရှိ။ သို့တိုင် စီ.အီး. ဒုတိယရာစုအစောပိုင်းတွင် ဂရိလူမျိုး ပထဝီပညာရှင် တယ်လ်မီက အဆိုပါတောင်များရှိကြောင်းဆိုပြီး ယင်းတို့ကို လူနီ မွန်တီ—လဗိမာန် တောင်များဟုသမုတ်လိုက်သည်။a
ရာစုနှစ်နှင့်ချီပြီး အဆိုပါတောင်များကို ရှာဖွေသည့်အားထုတ်မှုများသည် အချည်းနှီးဖြစ်ခဲ့ရသည်။ သို့သော် ၁၈၀၀ ပြည့်လွန်နှစ်နှောင်းပိုင်း နေ့တစ်နေ့တွင် နယ်ပယ်သစ်ရှာဖွေသူ ဟင်နရီစတန်လီ—ဒေါက်တာ ဒေးဗစ် လီဗင်စတုန်းကို လိုက်ရှာသည့်အတွက် နာမည်ကြီးသူ—သည် အမှတ်မထင်အဖြစ်အပျက်တစ်ခုကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့သည်။ ယခင်နယ်ပယ်သစ်ရှာသူများအား ထိုတောင်များကို မမြင်အောင်ဝှက်ထားပေးသည့် ဖုံးအုပ်ထားသောတိမ်တိုက်သည် ခေတ္တမျှလွင့်သွားရာ စတန်လီသည် နှင်းအုပ်တောင်ထွတ်စုတစ်စုကို အံ့မခန်းဖွယ်ရိပ်ခနဲတွေ့လိုက်ရသည်။ လဗိမာန် တောင်များကို သူတွေ့လိုက်ပြီ။ သို့သော် ထိုတောင်များ၏အမည်ကို ထိုအချိန်က ဒေသခံများအသုံးပြုသည့်အမည်ဖြင့် ရူဝမ်ဇိုရီ ဟုသမုတ်လိုက်ပြီး “မိုးဖန်တီးသူ” ဟုအဓိပ္ပာယ်ရသည်။
ယနေ့၊ ရူဝမ်ဇိုရီတောင်တို့သည် နိုင်းလ်မြစ်ကို ရေအနည်းအကျဉ်းသာပေးသည်ဟု ယေဘုယျအားဖြင့်လက်ခံထားကြသည်။ သို့ဖြစ်လျက်ပင် လဗိမာန်တောင်များဟု ခေါ်ဆိုနေခြင်းသည် ရေပန်းစားဆဲပင်။ စူးစမ်းရှာဖွေမှုခရီးစဉ်အများအပြားရှိလျက်နှင့် ရင်သပ်ရှုမောဖွယ်ကောင်းသော ဤတောင်တန်းသည် လျှို့ဝှက်ဆန်းကြယ်မှု အငွေ့အသက်ရှိသောတောင်များ ဆက်ဖြစ်နေဆဲပင်။ အီကွေတာ၏ မြောက်ဘက်အနီးတွင်ရှိသော ရူဝမ်ဇိုရီတောင်များသည် ယူဂန်ဒါနှင့် ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံတို့ကို ပိုင်းခြားထားသည့် သဘာဝနယ်နိမိတ်တစ်ခုဖြစ်ပြီး မိုင် ၈၀ ခန့်ရှည်လျား၍ မိုင် ၃၀ ခန့်ကျယ်သည်။
ရူဝမ်ဇိုရီတောင်တန်းသည် မီးတောင်ဇာစ်မြစ်ဖြစ်သည့် အရှေ့အာဖရိကရှိ တောင်အများစုနှင့်မတူဘဲ နှစ်သန်းနှင့်ချီသော အထက်ကျော်ကာလက ပထဝီမြေကြီး၏ကြီးမားသောဖိအားကြောင့် မြင့်တက်သွားသည့် ကမ္ဘာ့အပေါ်ယံမြေလွှာ၏ မြေစိုင်ကြီးဖြစ်သည်။ ရူဝမ်ဇိုရီတောင်များ၏အထွတ်သည် ၁၆,၇၆၃ ပေရှိသော်လည်း ကြည့်ရှုသူများ မြင်ရခဲသည်။ ဤတောင်တန်းကို တစ်ချိန်လုံးနီးပါး မြူများ၊ တိမ်တိုက်များက ဖုံးလွှမ်းထားသည်။
ရူဝမ်ဇိုရီတောင်များသည် အမည်နှင့်လိုက်အောင် မိုးနှင့်ဆီးနှင်းများ သည်းထန်စွာရွာသွန်းသည်၊ “ခြောက်သွေ့” သောရာသီသည် “စွတ်စို” သောရာသီထက် အနည်းငယ်သာခြောက်သွေ့သည်။ ထို့ကြောင့် ခြေလျင်သွားလျှင် အန္တရာယ်ရှိနိုင်သည်; အချို့ဒေသများတွင် ရွှံ့ဗွက်မှာ ခါးအထိနစ်သည်! သည်းထန်သော မိုးရေကြောင့် လက်ရာမြောက်သော ရေကန်ငယ်လေးများစွာဖြစ်ပေါ်လာရာ ယင်းတို့က တောင်စောင်းများကို လွှမ်းခြုံပေးသည့် အလွန်ထူထပ်စွာပေါက်ရောက်နေသော အပင်များအတွက် အစိုဓာတ်ကို ပေးသည်။ အမှန်မှာ၊ ရူဝမ်ဇိုရီတောင်များသည် တစ်မူထူးသောအပင်တော်တော်များများ၏ စံအိမ်ဖြစ်နေပြီး အပင်တချို့သည် အရွယ်အလွန်ကြီးမားသည်။
ဥပမာ၊ လိုဗီလီယာဟုခေါ်သည့် အမွေးထူ ဘီလူးလက်ချောင်းပင်များသည် အခြားနေရာများတွင် တစ်ပေပင်မရှိသော်လည်း ရူဝမ်ဇိုရီတောင်များတွင် ပေ ၂၀ အထိရှိနိုင်သည်။ စင်နီစီးရို့ခေါ် ဂျိုင်းယင့်ဂရောင်းစဲလ်ပင်သည် ဖြာထွက်နေသော ပင်စည်များထိပ်တွင် ဂေါ်ဖီထုပ်ကြီးများပေါက်နေသည်နှင့်တူသည်။ ရေမှော်ပင်များဖုံးအုပ်ကာ ပေ ၄၀ အထိမြင့်မားသော ဟိသ်ပင်များရှိသည်။ ရောင်စုံပန်းများနှင့် ရနံ့များက မြင်ကွင်း၏အလှကို ထပ်တိုးစေသည်။ လှပသည့်ငှက်အမျိုးမျိုးလည်းရှိပြီး အချို့ငှက်များမှာ ရူဝမ်ဇိုရီတောင်များကို တစ်မူထူးစေသည်။ အနိမ့်ပိုင်း တောင်စောင်းများတွင် ဆင်များ၊ ချင်ပန်ဇီမျောက်များ၊ သမင်မျိုးဝင်များ၊ ကျားသစ်များနှင့် ကိုလိုဘတ်စ်မျောက်များ နေထိုင်ကျက်စားကြသည်။
ရင်သပ်ရှုမောဖွယ်မြင်ကွင်း
တောင်ပေါ်လမ်းများအတိုင်း ခြေလျင်သွားသူများသည် အပူပိုင်းမိုးသစ်တောကို ဖြတ်လျှောက်ကာ ဘူဂျူကူမြစ်ကို အကြိမ်ကြိမ်ဖြတ်ကူးကြရသည်။ ပေ ၁၁,၀၀၀ အမြင့်သို့ရောက်သွားသောအချိန်တွင် လာရာလမ်းကို သူတို့ပြန်ကြည့်လိုက်ရာ လမ်းတစ်ခုလုံးသည် ရိဖ်ထ် တောင်ကြားထဲတွင်ရောက်နေကြောင်းတွေ့ရကြသည်—အံ့မခန်းဖွယ်မြင်ကွင်းပင်တည်း!
ခပ်လှမ်းလှမ်းအပေါ်ဘက်တွင် မြေနိမ့်ပိုင်း ဘီဂိုစိမ့်မြေဒေသရှိပြီး မြက်ဖုတ်များနှင့် ဟိသ်ပင်များရှိသည်။ ဗွက်မှာ ဒူးအထိနစ်တတ်သည်။ ဘူဂျူကူတောင်ကြားထိပ်မှ မြေမြင့်ပိုင်း ဘီဂိုစိမ့်မြေဒေသနှင့် ဘူဂျူကူကန်သို့ မတ်စောက်သောလမ်းအတိုင်း ပေ ၁၃,၀၀၀ ခန့်အမြင့်သို့တက်သွားလျှင် ထိုတောင်တန်း၌ နာမည်အကြီးဆုံး တောင်ထွတ်များဖြစ်သော မောင့်ဘေကာ၊ မောင့်လျူဂျီ ဒီ ဆာဗိုရာ၊ မောင့်စတန်လီနှင့် မောင့်စပိခ်တို့ပါဝင်သည့် ရင်သပ်ရှုမောဖွယ်မြင်ကွင်းကို တွေ့ရသည်။
အပေါ်ဘက်တည့်တည့်တွင် အီလန်နာ ထာဝရရေခဲမြစ်ရှိသည်။ ဤတွင် သံခွာဖိနပ်များကို စီးထားရပြီး ထိုရေခဲမြစ်အတိုင်းတက်ရန် ကြိုးများ၊ ရေခဲပြင်သုံးပုဆိန်များကို အသုံးပြုရသည်။ ထို့နောက် ရူဝမ်ဇိုရီတောင်စုတွင် အမြင့်ဆုံးတောင်ထွတ်ဖြစ်သည့် စတန်လီတောင်ထိပ်ရှိ မာဂရီတာတောင်ထွတ်သို့ စတန်လီတောင်ကလပ်ကို ဖြတ်၍တက်သွားရသည်။ အမြင့်မှ ငုံ့ကြည့်လိုက်လျှင်၊ တောင်ထွတ်များ၊ တောင်ကြားများ၊ သစ်တောများ၊ ချောင်းများနှင့် ရေကန်များကို အမှန်ပင်ရင်သပ်ရှုမောဖွယ် မြင်ကွင်းကျယ်ကို တွေ့ရလေသည်။
တောင်ကြီးဖဝါးအောက် လုံးလုံးဖြစ်သွားလေပြီ။ ရူဝမ်ဇိုရီတောင်များ၏လျှို့ဝှက်ချက်များကို အစပြုဖော်ထုတ်လိုက်ရုံသာဖြစ်သည်။ ဤတောင်တန်း၏ပထဝီဝင်၊ တိရစ္ဆာန်နှင့် အပင်တို့၏ဘဝနှင့်ပတ်သက်ပြီး မသိသေးသည့်အရာ များစွာကျန်သေးသည်။ ရူဝမ်ဇိုရီတောင်များကို လွှမ်းချုံထားသည့် ဆန်းကြယ်လျှို့ဝှက်ချက်များကို အပြည့်အဝသိသူမှာ ယင်းတို့ကိုဖန်ဆင်းသည့် ဉာဏ်ပညာအစွမ်းတန်ခိုးနှင့်ပြည့်စုံသော အရှင်သာလျှင်ပေတည်း။ မှန်ပါသည်၊ ကိုယ်တော်သည် “တောင်ထိပ်တို့ကိုလည်း ပိုင်တော်မူ” သောအရှင်တည်း။—ဆာလံ ၉၅:၄။
[အောက်ခြေမှတ်ချက်]
a အမ်မဲလ် လတ်ဗစ်ရေးသားသော သည်နိုင်းလ် အမည်ရှိစာအုပ်အရ ရှေးခေတ်တိုင်းရင်းသားများသည် တောင်များပေါ်ရှိ နှင်းများကို ရှင်းမပြတတ်ကြချေ။ ထို့ကြောင့် “ထိုတောင်များသည် လရောင်ကို သူတို့ဆီသို့ ဆွဲချပေးသည်” ဟုယုံကြည်ခဲ့ကြသည်။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
၁။ ထူထပ်သောတိမ်တိုက်များက ရူဝမ်ဇိုရီတောင်ကို ဖုံးကွယ်လေ့ရှိသည်
၂။ “မိုးဖန်တီးသူများ” ၏ သည်းထန်စွာရွာသောမိုးရေက ရေမှော်ပင်ဖုံးလွှမ်းသော တောင်စောင်းများကို အစိုဓာတ်ပေးသည်
၃။ လမ်းကြောင်းလေးတစ်လျှောက် ပန်းများပေါပြီး ရနံ့များနှင့် ကြိုင်လှိုင်သင်းပျံ့