ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၃ ၆/၈ စာ. ၄-၇
  • စကြဝဠာနှင့် သက်ရှိတို့အစ ဘယ်ဆီက

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စကြဝဠာနှင့် သက်ရှိတို့အစ ဘယ်ဆီက
  • နိုးလော့!—၂၀၀၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ပြတင်းနှစ်ပေါက်”
  • သိပ္ပံပညာ၏ “ယုံကြည်ချက်ဘာသာတရား”
  • သိပ္ပံပညာတွင် အကန့်အသတ်ရှိမှုများ
  • ‘ယုံကြည်ခြင်း၌ ဖြစ်ရပ်မှန်ရှိသည်’
  • အဘယ်ကြောင့်ကို ရှင်းပြခြင်း
  • သိပ္ပံနှင့် ဘာသာတရားတို့ကို ရင်ကြားစေ့ပေးခြင်း
    နိုးလော့!—၂၀၀၃
  • သိပ္ပံပညာက သင့်ဘဝကို အကျိုးပြုပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ယေဟောဝါသက်သေတွေ သိပ္ပံပညာကို ဘယ်လို သဘောထားသလဲ
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ဖန်ဆင်းရှင်သည်သင့်ဘဝကို ပို၍အဓိပ္ပာယ်ရှိစေနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၃
န၀၃ ၆/၈ စာ. ၄-၇

စကြဝဠာနှင့် သက်ရှိတို့အစ ဘယ်ဆီက

“ဘာသာတရားမပါလျှင် သိပ္ပံသည် ခြေကျိုး၊ သိပ္ပံပညာမပါလျှင် ဘာသာတရားသည် မျက်ကန်းဖြစ်သည်။”—အဲလ်ဘတ် အိုင်းစတိုင်း။

ကျွန်ုပ်တို့၏ခေတ်သည် အထူးအဆန်းများ အံ့ဖွယ်ကောင်းလောက်အောင်ဖြစ်ပျက်နေသည့် ကာလဖြစ်သည်။ အာကာသဟင်းလင်းပြင်မှ တွေ့ရှိချက်အသစ်များက ကျွန်ုပ်တို့စကြဝဠာမူလနှင့်ပတ်သက်သည့်ထင်မြင်ချက်များအပေါ် ပြန်လည်စိစစ်ပြင်ဆင်ကြရန် နက္ခတ္တဗေဒပညာရှင်တို့အား ဖိအားပေးနေသည်။ လူများစွာတို့သည် စကြဝဠာအကြောင်း အထူးစိတ်ဝင်စားကြရာ ယင်း၌ ကျွန်ုပ်တို့ အသက်ရှင်တည်ရှိနေကြခြင်းကြောင့် ရှေးကမေးခဲ့သည့် ဤမေးခွန်းတို့ကို ပြန်မေးနေကြဆဲဖြစ်သည်– စကြဝဠာနှင့် သက်ရှိအစ ဘယ်ဆီကနည်း၊ အဘယ်ကြောင့်နည်း။

အနီးဆုံးဖြစ်သည့် ကျွန်ုပ်တို့ကိုယ်ကို ပြန်ကြည့်လျှင်ပင် လူ့ဗီဇလက္ခဏာအမှတ်အသား၏ မကြာသေးမီတွေ့ရှိသောပုံစံတို့သည် ဤမေးခွန်းများကို ပေါ်ထွက်စေသည်– မြောက်မြားလှသောသက်ရှိပုံစံအမျိုးမျိုး မည်သို့ဖန်ဆင်းခံရသနည်း။ ယင်းတို့ကို ဖန်ဆင်းရှင်ရှိခဲ့လျှင် မည်သူနည်း။ ကျွန်ုပ်တို့၏မျိုးရိုးဗီဇဆိုင်ရာ လက်ရေးပုံစံပြာနှင့်ပတ်သက်သော ရှုပ်ထွေးမှုက အသက်ကို “ဘုရားသခင်ဖန်ဆင်းခဲ့ရာ ဘာသာရပ်တစ်ခုကို ကျွန်ုပ်တို့ လေ့လာနေကြရ၏” ဟုပြောဆိုဖို့ အမေရိကန်သမ္မတတစ်ဦးကို လှုံ့ဆော်ပေးခဲ့သည်။ မျိုးရိုးဗီဇအချက်အလက်တို့ကို ဖော်ထုတ်ရာတွင်ပါဝင်သည့် သိပ္ပံပညာရှင်တို့၏ ဦးစီးမှူးတစ်ဦးက နှိမ့်ချစွာဤသို့ပြောခဲ့သည်– “ယခင်က ဘုရားသခင်သာ သိနိုင်ခဲ့သော ကျွန်ုပ်တို့ကိုယ်တွင်း ညွှန်ကြားချက်စာအုပ်၏တစ်စိတ်တစ်ဒေသလေးကို ကျွန်ုပ်တို့တွေ့မြင်ခဲ့ရပြီ။” သို့သော် မည်သို့နှင့် အဘယ်ကြောင့်နည်းဟူသောမေးခွန်းတို့မေးရန် ကျန်နေဆဲပင်။

“ပြတင်းနှစ်ပေါက်”

သိပ္ပံပညာရှင်အချို့က စကြဝဠာ၏လုပ်ဆောင်မှုအားလုံးကို ဆင်ခြင်တုံတရားနှင့်ညီသော ခွဲခြမ်းစိတ်ဖြာမှုဖြင့် ရှင်းပြ၍ရနိုင်ပြီး ဉာဏ်ကြီးရှင်၏ဉာဏ်ပညာ လုံးဝမလိုပါဟု ဆိုကြသည်။ သို့သော် သိပ္ပံပညာရှင်တို့အပါအဝင် လူများစွာတို့ ထိုရှုမြင်ပုံကို လုံးလုံးလျားလျားလက်မခံနိုင်ကြချေ။ သူတို့သည် သိပ္ပံပညာနှင့် ဘာသာတရား ရှုထောင့်နှစ်ဖက်စလုံးမှ ကြည့်ကာ ပကတိအမှန်ကို နားလည်သဘောပေါက်ဖို့ ကြိုးစားကြ၏။ သူတို့က သိပ္ပံပညာသည် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့ဝန်းကျင်ရှိ စကြဝဠာတို့ မည်သို့ဖြစ်ပေါ်တည်ရှိလာပုံကို ရှင်းပြပေးစဉ် ဘာသာတရားက အဓိကအားဖြင့် အဘယ်ကြောင့်ဟူသောအချက်ကို သိမြင်နားလည်စေသည်ဟု ယူဆထားကြသည်။

ဤလမ်းကြောင်းနှစ်သွယ်ကို ရှင်းပြရာတွင် ရူပဗေဒပညာရှင် ဖရီမန်း ဒူစန်က “သိပ္ပံပညာနှင့် ဘာသာတရားတို့သည် ကျယ်ပြောကြီးမားသောအပြင်ဘက်စကြဝဠာကြီးကို လူတို့သဘောပေါက်နားလည်စေဖို့ စေ့ငုကြည့်စရာ ပြတင်းနှစ်ပေါက်ဖြစ်၏” ဟုဆိုသည်။

“သိပ္ပံပညာသည် တိုင်းထွာနိုင်ရာများနှင့်ပတ်သက်ပြီး ဘာသာတရားမူ မတိုင်းထွာနိုင်ရာများနှင့်ပတ်သက်သည်” ဟု ကလောင်ရှင် ဝီလျံ ရီစ်-မော့ဂ်ကဆိုသည်။ “သိပ္ပံပညာသည် ကျင့်ဝတ်အကောင်းအဆိုး၊ အလှရသ ခံစားမှု မှန်သည်မှားသည်တို့ကို သက်သေထူနိုင်ခြင်း မရှိသည့်နည်းတူ ဘုရားသခင်တည်ရှိသည်၊ မတည်ရှိသည်တို့ကိုလည်း သက်သေထူနိုင်ခြင်း မရှိချေ။ အိမ်နီးချင်းကိုချစ်ရန် သို့မဟုတ် လူ့အသက်ကိုလေးစားရန် သိပ္ပံဆိုင်ရာအကြောင်းရင်းမရှိ . . . အရာတစ်ခုသည် သိပ္ပံပညာဖြင့် သက်သေမထူနိုင်လျှင် လုံးဝမရှိဟုငြင်းဆိုလာလျှင် မဟာအမှားပင်၊ ဤသို့ငြင်းဆိုလိုက်ခြင်းသည် ဘဝတွင် ကျွန်ုပ်တို့တန်ဖိုးထားရာအားလုံးနီးပါး၊ ဘုရားသခင်သာမက လူသားဆန်သောစိတ်ဓာတ်အပြင် မေတ္တာနှင့် ကဗျာလင်္ကာ၊ တေးသီချင်း အရာရာတို့ကို ဖယ်ထုတ်ပစ်လိုက်ရာကျသည်။”

သိပ္ပံပညာ၏ “ယုံကြည်ချက်ဘာသာတရား”

သိပ္ပံပညာရှင်တို့၏သီအိုရီများသည် ရံဖန်ရံခါ သူတို့ကိုယ်နှိုက်၏ ယုံကြည်မှုမျိုးလိုအပ်သည့်အဆိုများပေါ်တွင် အမှီသဟဲပြုလေ့ရှိသည်။ ဥပမာ၊ သက်ရှိ၏အစနှင့်ပတ်သက်၍ ဆင့်ကဲဝါဒီအများစုသည် “တရားသေအယူဝါဒ” အချို့တွင် ယုံကြည်မှုထားရသည့် အယူအဆများကို စွဲကိုင်ထားကြသည်။ ဖြစ်ရပ်မှန်များကို သီအိုရီများနှင့် ရောထွေးထားသည်။ ထို့ပြင် သိပ္ပံပညာရှင်တို့သည် မိမိတို့၏အခွင့်အာဏာအရှိန်အဝါကိုသုံးကာ ဆင့်ကဲဝါဒကို မျက်စိစုံမှိတ်ယုံကြည်ဖို့ ဖိအားပေးကြသောအခါ အမှန်မှာ သူတို့ ဤသို့ဆိုနေကြခြင်းဖြစ်သည်– ‘သင့်ကိုယ်ကျင့်တရားသည် သင်၌ တာဝန်မရှိ၊ အကြောင်းမှာ သင်သည် ဇီဝဗေဒ၊ ဓာတုဗေဒနှင့် ရူပဗေဒတို့ပေါင်းစပ်၍ထွက်လာသည့်ဝတ္ထုမျှသာ ဖြစ်သောကြောင့်တည်း။’ ဇီဝဗေဒပညာရှင် ရစ်ချတ် ဒေါကင်စ်က စကြဝဠာတွင် ‘ပုံစံပြုခြင်းမရှိ၊ ရည်ရွယ်ချက်မရှိ၊ အဆိုးအကောင်း မည်မည်ရရဘာမျှမရှိ’ ဟုဆိုသည်။

ထိုသို့သောယုံကြည်ချက်များကို ကိုင်စွဲထားရန် သိပ္ပံပညာရှင်အချို့သည် သက်ရှိ၏အစနှင့်ပတ်သက်သည့် သူတို့၏သီအိုရီများကို အထောက်အကူပြုသည့်အခြေခံအချက်များနှင့် ဆန့်ကျင်ဘက်ပြုသည့် အခြားသိပ္ပံပညာရှင်တို့၏ ကျယ်ပြန့်သောသုတေသနပြုမှုကို ပယ်ချပစ်ကြသည်။ အကယ်၍ ကျွန်ုပ်တို့သည် နှစ်ပေါင်းဘီလျံချီ အချိန်ပေးလျှင်ပင် သက်ဝင်လှုပ်ရှားသောဆဲလ်တစ်ခုဖြစ်တည်စေရန် လိုအပ်သည့် ရှုပ်ထွေးလှသော မော်လီကျူးတစ်ခု မတော်တဆဖြစ်ပေါ်လာဖို့ဆိုသည်မှာ သင်္ချာနည်းအရ ဖြစ်နိုင်ခြေမရှိကြောင်း ဖော်ပြနေသည်။a ထို့ကြောင့် ပြဋ္ဌာန်းစာအုပ်များစွာတွင်ပါရှိသည့် သက်ရှိ၏အစနှင့်ပတ်သက်သော တရားသေလက်ခံထားသည့် သီအိုရီများသည် ခြေမြစ်ခိုင်လုံမှုမရှိဟု ယူမှတ်ရမည်။

အသက်သည် မတော်တဆတိုက်ဆိုင်မှုကြောင့်ဖြစ်လာသည်ဟူသော ယုံကြည်မှုသည် ဖန်ဆင်းခြင်းကြောင့်ဖြစ်လာသည်ဟူသော ယုံကြည်မှုထက် ယုံကြည်ခြင်းပို၍လိုအပ်သည်။ နက္ခတ္တဗေဒပညာရှင် ဒေးဗစ် ဘလော့ခ်က ဤသို့လေ့လာတွေ့ရှိခဲ့သည်– “ဖန်ဆင်းရှင်တစ်ပါးရှိကြောင်း မယုံကြည်သူတစ်ဦးသည် ဖန်ဆင်းရှင်ကိုယုံကြည်သူထက် သာ၍ယုံကြည်ခြင်းရှိဖို့ လိုမည်။ လူတစ်ဦးက ဘုရားသခင်မရှိပါဟု ကြွေးကြော်လိုက်ခြင်းသည် အထောက်အထားမဲ့သိမ်းကျုံးဖော်ပြသော အဆိုတစ်ခု—ယုံကြည်ချက်တစ်မျိုးအပေါ်အခြေပြုသော သက်သေမပြနိုင်သည့်အယူအဆတစ်ခုကို ထုတ်ဖော်ပြလိုက်ခြင်းသာဖြစ်သည်။”

သိပ္ပံဆိုင်ရာတွေ့ရှိချက်များကြောင့် သိပ္ပံပညာရှင်အချို့၌ အထင်ကြီးလေးစားစိတ် စတင်ကိန်းအောင်းလာနိုင်၏။ အဲလ်ဘတ် အိုင်းစတိုင်းက ဤသို့ဝန်ခံခဲ့သည်– “ကိုယ်ပိုင်ဘာသာရေးခံစားချက်မရှိသော ကြီးကျယ်သည့်သိပ္ပံပညာရှင်စင်စစ်ကို တွေ့ဖို့ရာခဲယဉ်းလှပေသည်။ . . . ဘာသာရေးခံစားချက်ဟူသည် အလွန်မြင့်မားသည့် ဉာဏ်ပညာတစ်ရပ်ရှိကြောင်း သိသာထင်ရှားစေသည့် သဘာဝနိယာမတရား၏သဟဇာတဖြစ်မှုကိုမြင်ပြီး အံ့သြတကြီးခံစားသွားမှုမျိုးဖြစ်သည်၊ ထိုဉာဏ်ပညာနှင့် နှိုင်းယှဉ်ကြည့်လျှင် လူသားတို့၏စနစ်တကျစဉ်းစား၊ ပြုမူမှုအစုစုမှာ မပြောပလောက်သောအရိပ်အယောင်သာ ဖြစ်သွားသောကြောင့်တည်း။” သို့တိုင် ထိုသို့သောသဘောထားက သိပ္ပံပညာရှင်တို့ကို ဖန်ဆင်းရှင်သည် တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ်ကြောင်း ယုံကြည်လောက်အောင် မဖြစ်စေပါ။

သိပ္ပံပညာတွင် အကန့်အသတ်ရှိမှုများ

သိပ္ပံဆိုင်ရာအသိပညာနှင့် အောင်မြင်မှုများအတွက် အထိုက်အလျောက်အသိအမှတ်ပြုခြင်းမှာ သင့်လျော်ပါသည်။ သို့သော် သိပ္ပံပညာသည် အသိပညာရှာစရာ လမ်းတစ်သွယ်ဖြစ်သည်မှန်သော်လည်း ယင်းသည် အသိပညာ၏ တစ်ခုတည်းသောရင်းမြစ်မဟုတ်ကြောင်း အများက သဘောတူကြပေလိမ့်မည်။ သိပ္ပံပညာ၏ရည်ရွယ်ချက်မှာ သဘာဝလောက၌ဖြစ်ပျက်နေသော ဆန်းကြယ်သည့်ဖြစ်ရပ်တို့ကို ဖော်ပြပေးရန်နှင့် ဤဖြစ်ရပ်တို့သည် မည်သို့မည်ပုံဖြစ်ပျက်နေကြောင်း အဖြေရှာရာတွင် ကူညီပံ့ပိုးရန်ဖြစ်သည်။

သိပ္ပံပညာက မျက်မြင်ရ ရူပစကြဝဠာကို ကျွန်ုပ်တို့အား ထိုးဖောက်နားလည်စေသည်။ သို့သော် သိပ္ပံဆိုင်ရာစူးစမ်းရှာဖွေမှု မည်သည့်အတိုင်းအတာအထိပင် ထိုးဖောက်နိုင်ပါစေ ယင်းက ပထမအချက်အနေနှင့် စကြဝဠာ အဘယ်ကြောင့်တည်ရှိလာခဲ့ကြောင်း အခြေခံကျသည့်မေးခွန်းကိုမူ ဖြေဆိုမပေးနိုင်ချေ။

“သိပ္ပံပညာရှင်တို့ ဘယ်သောအခါမျှ ဖြေဆိုမပေးနိုင်မည့်မေးခွန်းအချို့ ရှိပါသည်” ဟူ၍ ကလောင်ရှင် တောမ် အက်တလီက ကောက်ချက်ချသည်။ “လွန်ခဲ့သောနှစ်ပေါင်း ၁၂ ဘီလျံက မဟာပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပေမည်။ သို့သော် အဘယ်ကြောင့် ပေါက်ကွဲခဲ့ရသနည်း။ . . . ပထမအချက်အနေနှင့် ဒြပ်မှုန်များ မည်သို့ဖြစ်တည်လာသနည်း။ ယင်းတို့မဖြစ်တည်မီက ထိုတွင် အဘယ်အရာရှိသနည်း။” အက်တလီက ဤသို့ဆင်ခြင်ပြသည်– “သိပ္ပံပညာသည် လူတို့တောင့်တသောအဖြေများကို ကျေနပ်လောက်အောင် ပေးနိုင်မည်မဟုတ်ကြောင်း ရှင်းသည်ထက်ရှင်းလာသည်ကို . . . တွေ့ရ၏။”

ထိုသို့ နှိုက်နှိုက်ချွတ်ချွတ်လေ့လာစူးစမ်းမှုမှ ရရှိလာခဲ့သောသိပ္ပံအသိပညာသည် ဘုရားသခင်တစ်ပါးတည်ရှိဖို့လိုကြောင်းကို ဖယ်ထုတ်လိုက်ဖို့ဝေးစွ၊ ကျွန်ုပ်တို့သည် ရှုပ်ထွေးဆန်းကြယ်သောအံ့သြဖွယ်ကမ္ဘာကြီးတွင် အသက်ရှင်နေထိုင်နေကြောင်းကိုသာ အခိုင်အမာအတည်ပြုပေး၏။ တွေးခေါ်တတ်သူများစွာက ရူပနိယာမများ၊ ဓာတုတုံ့ပြန်မှုများအပြင် ဒီအဲန်အေနှင့် များပြားလှသောအံ့ဖွယ်သက်ရှိအမျိုးမျိုးတို့သည် ဖန်ဆင်းရှင်တစ်ပါးရှိသည်ကို ညွှန်ပြနေခြင်းဖြစ်ကြောင်း ကောက်ချက်ချရန်အတွက် ယုတ္တိတန်ကြောင်း သိရှိလာကြပြီ။ ဖန်ဆင်းရှင်မရှိပါဟု ငြင်းဆိုနိုင်သောသက်သေအထောက်အထားမရှိပါ။

‘ယုံကြည်ခြင်း၌ ဖြစ်ရပ်မှန်ရှိသည်’

စကြဝဠာနောက်ဝယ် ဖန်ဆင်းရှင်တစ်ပါးရှိမည်ဆိုလျှင် ကျွန်ုပ်တို့သည် ကိုယ်တော်နှင့် ကိုယ်တော်၏ရည်ရွယ်တော်မူချက်များကို အဝေးကြည့်မှန်ပြောင်းများ၊ အနီးကြည့်မှန်ဘီလူးများဖြင့်ဖြစ်စေ သိပ္ပံဆိုင်ရာ အခြားကိရိယာတန်ဆာများဖြင့်ဖြစ်စေ သဘောပေါက်နားလည်ဖို့ မျှော်လင့်၍မရနိုင်ချေ။ အိုးထိန်းသမားတစ်ဦးနှင့် သူပြုလုပ်ခဲ့သောအိုးမြေတစ်လုံးကို သုံးသပ်ကြည့်ပါ။ အိုးမြေကိုယ်နှိုက်ကို မည်မျှစေ့စပ်စွာဆန်းစစ်ကြည့်ဦးတော့ ယင်းကို အဘယ်ကြောင့်ပြုလုပ်ရကြောင်း အဖြေရှာတွေ့နိုင်မည်မဟုတ်ချေ။ ထိုအဖြေရဖို့ အိုးထိန်းသမားကိုယ်နှိုက်ကို ကျွန်ုပ်တို့ မေးမြန်းကြရမည်ဖြစ်သည်။

မော်လီကျူးဇီဝဗေဒပညာရှင် ဖရန့်စ္စ ကော်လင်းစ်က သိပ္ပံပညာမှထားရစ်သည့် ဟာနေသောအကွက်ကိုဖြည့်ပေးဖို့ ယုံကြည်ခြင်းနှင့် ဝိညာဉ်ရေးရာတို့က ကူညီပေးနိုင်ပုံကို ဤသို့ရှင်းပြသည်– “လူ့ဂျီနုမ်းဖြစ်စဉ်ကိုသိရှိရန်အတွက် ဘာသာရေးမှ မှန်ကန်စွာမျှော်မှန်း၍ရလိမ့်မည်မဟုတ်သည့်နည်းတူ သဘာဝလွန်ဖြစ်ရပ်တို့ကို သိရှိရန်အတွက် သိပ္ပံပညာကို ကျွန်ုပ်မျှော်လင့်မည်မဟုတ်ချေ။ သို့သော် ‘ကျွန်ုပ်တို့ ဤကမ္ဘာတွင် အဘယ်ကြောင့်ရောက်ရှိနေကြသနည်း’ သို့မဟုတ် ‘ဝိညာဉ်ရေးရာကို လူသားတို့ အဘယ်ကြောင့် တောင့်တကြသနည်း’ ကဲ့သို့သော အမှန်တကယ်စိတ်ဝင်စားစရာ ပိုမိုအရေးပါသည့်မေးခွန်းများနှင့်ပတ်သက်၍မူ သိပ္ပံပညာသည် ကျေနပ်ဖွယ်မဟုတ်ပါ။ အယူသီးမှုများစွာပေါ်ထွက်လာပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွားပြန်သည်။ ယုံကြည်ခြင်းမူ ထိုသို့မဟုတ်၊ ယင်း၌ ဖြစ်ရပ်မှန်ရှိသည်။”

အဘယ်ကြောင့်ကို ရှင်းပြခြင်း

စစ်မှန်သောဘာသာသည် အဘယ်ကြောင့်ဟူသောမေးခွန်းကို ဖြေဆိုပေး၍ ဘဝ၏ရည်ရွယ်ချက်ကို သက်ဆိုင်စေကာ တန်ဖိုးရှိရာများ၊ ကျင့်ဝတ်များနှင့် နီတိများအပြင် ဘဝတွင်လမ်းညွှန်မှုအတွက် စံနှုန်းများကိုလည်း ကမ်းလှမ်းထားသည်။ သိပ္ပံပညာရှင် အဲလန် စန်ဒါဂ်က ဤသို့ပြောခဲ့သည်– “ဘယ်လိုအသက်ရှင်ရမလဲဆိုတာကို သင်ယူဖို့ ဇီဝဗေဒစာအုပ်တစ်အုပ်ကို ကျွန်တော်ဖတ်မှာမဟုတ်ဘူး။”

ကမ္ဘာတစ်ဝန်း သန်းနှင့်ချီသူတို့သည် မည်သို့မည်ပုံအသက်ရှင်ရမည်ကို သင်ယူရန်အတွက် မိမိတို့ရှာတွေ့ထားပြီဟု ယုံကြည်ကြသည်။ ဤမေးခွန်းများနှင့်ပတ်သက်၍ အမှန်တကယ်ကျေနပ်ဖွယ်အဖြေများကို သူတို့ရရှိထားပြီဟုလည်း ခံယူထားကြသည်– ကျွန်ုပ်တို့ ဤတွင် အဘယ်ကြောင့်ရှိနေကြသနည်း။ ကျွန်ုပ်တို့၏အနာဂတ်ကား အသို့နည်း။ အဖြေရှိနေသည်။ သို့သော် အဘယ်တွင်နည်း။ ရှေးအကျဆုံးနှင့် အကျယ်ပြန့်ဆုံးထုတ်ဝေဖြန့်ချိထားသည့် သန့်ရှင်းမြင့်မြတ်သောစာအုပ်၊ သမ္မာကျမ်းစာတွင်တည်း။

သမ္မာကျမ်းစာက ဘုရားသခင်သည် အထူးသဖြင့် လူသားတို့အတွက်ရည်ရွယ်၍ ဤကမ္ဘာမြေကို ပြင်ဆင်ပေးကြောင်း ဖော်ပြထားသည်။ ကမ္ဘာမြေနှင့်ပတ်သက်၍ ဟေရှာယ ၄၅:၁၈ က ဤသို့ဆိုသည်– ‘ထာဝရဘုရားသည် အချည်းနှီးဖန်ဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဖို့ဖန်ဆင်းတော်မူ၏။’ (ဟေရှာယ ၄၅:၁၈) ထို့ပြင် ကိုယ်တော်သည် ကမ္ဘာမြေကို လူတို့လိုအပ်ရာမှန်သမျှဖြင့် စီမံပေးထားပြီး အသက်ရှင်ရုံသက်သက်မဟုတ်ဘဲ ဘဝကို အပြည့်အဝမွေ့လျော်ဖို့ ပြုလုပ်ပေးထားသည်။

ကမ္ဘာမြေကို ကြီးကြပ်အုပ်ချုပ်၍ “ပြုစုစောင့်နေစေခြင်းငှာ” လူသားတို့ကို ပေးအပ်ခဲ့သည်။ (ကမ္ဘာဦး ၂:၁၅) သမ္မာကျမ်းစာက အသိပညာနှင့် ဉာဏ်ပညာသည် ဘုရားသခင့်ထံတော်မှ ဆုကျေးဇူးများဖြစ်ကြောင်းကိုလည်း ရှင်းပြထားပြီး ကျွန်ုပ်တို့အနေဖြင့် တစ်ဦးနှင့်တစ်ဦး မေတ္တာထား၍ တရားမျှတမှုကို ကျင့်သုံးကြရန်ဖြစ်သည်။ (ယောဘ ၂၈:၂၀၊ ၂၅၊ ၂၇; ဒံယေလ ၂:၂၀-၂၃) သို့ဖြင့် လူသားတို့သည် မိမိတို့အတွက် ဘုရားသခင့်ရည်ရွယ်တော်မူချက်ကိုသိမြင်၍ သက်ဝင်ယုံကြည်မှသာလျှင် ဘဝတွင်ရှိသောရည်ရွယ်ချက်နှင့် အဓိပ္ပာယ်ကို ရှာတွေ့နိုင်ကြသည်။b

ခေတ်နှင့်တစ်ပြေးညီစဉ်းစားတတ်သူတစ်ဦးအနေဖြင့် သိပ္ပံဆိုင်ရာအကြောင်းတရားနှင့် ဘာသာရေးယုံကြည်ချက်စပ်ကြား ထင်သာမြင်သာသောကွာဟချက်ကို မည်သို့နယ်ကျဉ်းစေနိုင်သနည်း။ အဘယ်ညွှန်ကြားချက်ဆိုင်ရာမူများက လူတစ်ဦးအား ယင်းကိုဖြစ်စေနိုင်မည်နည်း။

[အောက်ခြေမှတ်ချက်များ]

a ယေဟောဝါသက်သေများထုတ်ဝေသည့် သင့်ကိုဂရုစိုက်တော်မူသော ဖန်ဆင်းရှင်တစ်ပါးရှိသလော အခန်း ၃ “သက်ရှိအစ ဘယ်ဆီက” ဆောင်းပါးကိုရှု။

b အသေးစိတ်အချက်အလက်ကို သိရှိရန် ယေဟောဝါသက်သေများမှထုတ်ဝေသည့် ဘဝရည်ရွယ်ချက်ကား အဘယ်နည်း၊ ယင်းကို သင်မည်သို့ရှာတွေ့နိုင်သနည်း ဘရိုရှာကိုရှု။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]

သိပ္ပံပညာရှင်အချို့၏ မြွက်ဟချက်

လူအချို့က သိပ္ပံပညာရှင်အများစုသည် ဝိညာဉ်ရေးရာနှင့် ဘာသာတရားကိစ္စရပ်တို့ကို ရှောင်ကြသည်၊ အကြောင်းမှာ သူတို့သည် ဘာသာရေးသမားများမဟုတ်၍သော်လည်းကောင်း၊ သိပ္ပံပညာနှင့်ဘာသာတရားအငြင်းပွားမှု၌ မိမိတို့ပါဝင်ပတ်သက်လိုစိတ် မရှိခြင်းကြောင့်သော်လည်းကောင်း ရှောင်ကြခြင်းဖြစ်သည်ဟု ယူမှတ်ကြသည်။ သိပ္ပံပညာရှင်အချို့သည် ထိုသို့ဖြစ်သော်လည်း အားလုံးမဟုတ်ချေ။ အောက်ဖော်ပြပါ သိပ္ပံပညာရှင်တို့၏မြွက်ဟချက်ကို သတိပြုပါ။

“စကြဝဠာ၌ အစရှိသော်လည်း အဘယ်ကြောင့်ဖြစ်ရကြောင်းကို သိပ္ပံပညာရှင်တို့ ရှင်းမပြနိုင်ပါ။ အဖြေကို ဘုရားသခင်သာ သိ၏။” “သမ္မာကျမ်းစာကို အမှန်တရားစာအုပ်၊ ဘုရားသခင့်မှုတ်သွင်း ခံအဖြစ် ကျွန်ုပ်ယူမှတ်သည်။ အသက်၏ရှုပ်ထွေးမှုနောက်ဝယ် ဉာဏ်ကြီးရှင်တစ်ပါး ရှိကိုရှိသည်။”—ကဲန်း တာနာကာ၊ အမေရိကန်ပြည်ထောင်စု ဘူမိဗေဒလေ့လာဆန်းစစ်ခြင်းမှ ဂြိုဟ်များဆိုင်ရာဘူမိဗေဒပညာရှင်။

“အသိပညာအမျိုးမျိုး (သိပ္ပံနှင့် ဘာသာရေး) စပ်ကြား ကွာဟမှုသည် သဘာဝအရရှိနေခြင်းမဟုတ် လူ့ဖန်တီးမှုကြောင့်ရှိလာခြင်းဖြစ်သည်။ . . . ဖန်ဆင်းရှင်နှင့်ပတ်သက်သောအသိပညာနှင့် ဖန်ဆင်းခြင်းဆိုင်ရာအသိပညာတို့မှာ နီးကပ်ဆက်စပ်မှုရှိ၏။”—အန်ရီခ် ဟာနန်ဒက်ဇ်၊ မက္ကစီကိုရှိ အမျိုးသားရေးပုဂ္ဂလိကတက္ကသိုလ်မှ ရူပဗေဒနှင့် သဘောတရားဆိုင်ရာဓာတုဗေဒဌာန၏ သုတေသီ၊ ပါမောက္ခ။

“[လူ့ဂျီနုမ်းနှင့်ပတ်သက်သည့်] အချက်အလက်အားလုံးကို ကျွန်ုပ်တို့ တိုးသိနားလည်လာသည်နှင့်အမျှ ယင်းတွင်ပါဝင်သော ရုပ်ပစ္စည်းများ၏ ရှုပ်ထွေးမှုနှင့်အပြန်အလှန်အမှီသဟဲပြုမှုတို့ကို တွေ့ ရှိရမည်။ ၎င်းက မူလအစကို ဉာဏ်ကြီးသောဖန်ဆင်းရှင်တစ်ပါး၊ ဉာဏ်ကြီးရှင်တစ်ပါးကြောင့် ဖြစ်ရကြောင်း ညွှန်ပြမည်။”—ဒွေ တီ. ဂစ်ရှ် ဇီဝဓာတုဗေဒပညာရှင်။

“သိပ္ပံနှင့် ဘာသာတရားသည် ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်စရာအကြောင်းမရှိပါ။ နှစ်ခုစလုံးက အမှန်တရားတစ်ခုတည်းကို ရှာဖွေနေခြင်းဖြစ်သည်။ ဘုရားသခင်တည်ရှိကြောင်း သိပ္ပံပညာက ညွှန်ပြသည်။”—ဒီ.အိပ်ချ်.အာရ်. ဘာတန်၊ တက္ကဆက်မှ ဓာတုဗေဒပါမောက္ခ။

[Credit Lines]

NASA/U.S. Geological Survey

Photo: www.comstock.com

NASA and The Hubble Heritage Team (STScI/AURA)

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

သိပ္ပံပညာဆိုင်ရာ စူးစမ်းရှာဖွေမှုက ကျွန်ုပ်တို့ ဤတွင်အဘယ်ကြောင့် ရောက်ရှိနေရကြောင်း ဖြေဆိုပေးနိုင်သလော

[Picture Credit Line on page 6]

Stars on pages 2, 3, 5, and top of page 7: National Optical Astronomy Observatories

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ