ကမ္ဘာမြေကို တုတ်တစ်ချောင်းဖြင့်တိုင်းတာခြင်း
ဂရိသိပ္ပံပညာရှင်လည်းဖြစ် နက္ခတ္တဗေဒပညာရှင်လည်းဖြစ်သော အဲရာတော့စ်သီနစ္စအကြောင်း ကြားဖူးပါသလော။ သူ၏နာမည်ကို နက္ခတ္တဗေဒပညာရှင်များ အသိဆုံးဖြစ်မည်။ သူ့ကို အဘယ်ကြောင့် အလွန်အထင်ကြီးကြပါသနည်း။
အဲရာတော့စ်သီနစ္စသည် ဘီ.စီ.အီး. ၂၇၆ ခန့်တွင် မွေးဖွားခဲ့ပြီး ဂရိနိုင်ငံ၊ အေသင်မြို့တွင် ပညာတချို့တဝက်ကို ဆည်းပူးခဲ့သည်။ သို့ရာတွင် ထိုခေတ်က ဂရိအုပ်ချုပ်မှုအောက်ရှိ အီဂျစ်နိုင်ငံ အလက်ဇန္ဒြီးယားမြို့တွင် သူအနေများသည်။ ဘီ.စီ.အီး. ၂၀၀ ခန့်တွင် အဲရာတော့စ်သီနစ္စသည် ရိုးရိုးတုတ်တစ်ချောင်းကို အသုံးပြု၍ ကမ္ဘာမြေကြီး၏အရွယ်အစားကို တိုင်းတာတွက်ချက်ခဲ့သည်။ ‘မဖြစ်နိုင်တာ!’ ဟုသင်ဆိုပေမည်။ သူမည်သို့တိုင်းတာခဲ့သနည်း။
သုဏေမြို့ (ယခု အက်စ်ဝန်းဟုခေါ်) တွင် နွေရာသီ၏ပထမဆုံးနေ့ မွန်းတည့်ချိန်၌ နေသည် ခေါင်းထိပ်တည့်တည့်တွင်ရှိကြောင်း အဲရာတော့စ်သီနစ္စ သတိပြုမိခဲ့သည်။ ယင်းကို သူသိရှိခဲ့ရခြင်းမှာ ရေတွင်းနက်များ၏အောက်ခြေတွင် နေရောင်ကျသည့်အခါ အရိပ်မရှိခြင်းကြောင့် ဖြစ်သည်။ သို့ရာတွင် ထိုနေ့မွန်းတည့်ချိန်တွင် သုဏေမြို့၏မြောက်ဘက် စတာဒီယမ်a ၅,၀၀၀ အကွာတွင်တည်ရှိသော အလက်ဇန္ဒြီးယားမြို့၌မူ အရိပ်ကျသည်ကို တွေ့ရ၏။ ယင်းကြောင့် အဲရာတော့စ်သီနစ္စ စိတ်ကူးရသည်။
ထိုအခါ အဲရာတော့စ်သီနစ္စသည် ရိုးရိုးတုတ်ဖြောင့်တစ်ချောင်းကို စိုက်ထူခဲ့သည်။ မွန်းတည့်ချိန် နေတည့်တည့်ကျရောက်သည့်အခါ အလက်ဇန္ဒြီးယားမြို့တွင် တုတ်၏အရိပ်ကျသည့်ထောင့်ကို သူတိုင်းတာလိုက်သည်။ ၎င်းထောင့်မှာ မျဉ်းမတ်မှ ၇.၂ ဒီဂရီရှိကြောင်း သူတိုင်းတာ၍ရရှိခဲ့သည်။
သို့နှင့် ကမ္ဘာမြေကြီး လုံးဝန်းသည်ဟု အဲရာတော့စ်သီနစ္စ ယူဆခဲ့ပြီး စက်ဝန်းတစ်ခုတွင် ၃၆၀ ဒီဂရီရှိကြောင်း သူသိထားသည်။ ထို့ကြောင့် ၃၆၀ ဒီဂရီကို သူတိုင်းတာ၍ရသည့် ၇.၂ ဒီဂရီဖြင့် စားခဲ့ရာ သူ၏ထောင့်သည် စက်ဝန်းတစ်ခုလုံး၏ ငါးဆယ်ပုံတစ်ပုံရှိလေသည်။ ဤနည်းဖြင့် သုဏေမြို့နှင့် အလက်ဇန္ဒြီးယားမြို့၏အကွာအဝေး ၅,၀၀၀ စတာဒီယမ်သည် ကမ္ဘာ့စက်ဝန်း၏ငါးဆယ်ပုံတစ်ပုံနှင့် ကိုက်ညီရမည်ဟု သူကောက်ချက်ချခဲ့သည်။ ၅,၀၀၀ ကို ၅၀ ဖြင့်မြှောက်လိုက်ရာ ကမ္ဘာ့စက်ဝန်း ၂၅၀,၀၀၀ စတာဒီယမ်ကို ရရှိခဲ့သည်။
သူ၏တွက်၍ရသောဂဏန်းသည် မျက်မှောက်ခေတ် တွက်ချက်မှုများနှင့် မည်မျှနီးစပ်သနည်း။ ၂၅၀,၀၀၀ စတာဒီယမ်သည် လက်ရှိအတိုင်းအတာ ၂၅,၀၀၀ မိုင်နှင့် ၂၉,၀၀၀ မိုင်ကြားတွင်ရှိသည်။ အာကာသယာဉ် ကမ္ဘာပတ်လမ်းကြောင်းကို အသုံးပြု၍ နက္ခတ္တဗေဒပညာရှင်များက ကမ္ဘာ့ဝင်ရိုးစွန်းပတ်လည်အဝန်းကို တိုင်းတာခဲ့ကြရာ ၂၄,၈၆၀ မိုင်ရှိသည်ဟုဆိုသည်။ ထို့ကြောင့် လွန်ခဲ့သောနှစ်ပေါင်း ၂,၀၀၀ ကျော်က အဲရာတော့စ်သီနစ္စ၏တွက်ချက်မှုသည် ခေတ်သစ်တွက်ကိန်းဂဏန်းနှင့် အံ့ဖွယ်ကောင်းလောက်အောင် နီးစပ်လေသည်။ တုတ်ချောင်းတစ်ချောင်းကိုသာ အသုံးပြုပြီး ဂျီသြမေတြီနည်းအရတွက်ချက်ခဲ့ခြင်းကို ထောက်သော် အံ့သြဖွယ်ကောင်းစွာ တိကျမှန်ကန်ပါသည်တကား! ယနေ့ နက္ခတ္တဗေဒပညာရှင်များသည် ကျွန်ုပ်တို့၏နေစနစ်အပြင်ဘက်ရှိ အကွာအဝေးကို တိုင်းတာရာတွင် ဤဂျီသြမေတြီနည်းကို အသုံးပြုကြသည်။
ကမ္ဘာကြီး လုံးဝန်းကြောင်းကို အဲရာတော့စ်သီနစ္စသိခဲ့သည်ကို တချို့အံ့သြကြပေမည်။ အကြောင်းမှာ လွန်ခဲ့သောနှစ်ရာစုအနည်းငယ်လောက်အထိ သိပ္ပံပညာလိုက်စားသည့် ပညာရှိအချို့ပင် ကမ္ဘာကြီးပြားသည်ဟု ယူဆခဲ့ကြသေး၏။ ရှေးခေတ်ဂရိများသည် သူတို့၏သိပ္ပံဆိုင်ရာ လေ့လာတွေ့ ရှိချက်များဖြင့် ကမ္ဘာကြီးပုံသဏ္ဌာန်ကို မှန်းဆခဲ့ကြသည်။ သို့ရာတွင် အဲရာတော့စ်သီနစ္စ မပေါ်မီ နှစ်ပေါင်း ၅၀၀ ခန့်ကတည်းက ဟေဗြဲပရောဖက်တစ်ဦး ဤသို့ရေးသားခဲ့သည်– ဘုရားသခင်သည် “မြေကြီးစက်အပေါ်မှာထိုင်” တော်မူ၏။ (ဟေရှာယ ၄၀:၂၂) ဟေရှာယသည် သိပ္ပံပညာရှင်တစ်ဦး မဟုတ်ပါ။ ကမ္ဘာကြီး လုံးဝန်းကြောင်း သူမည်သို့သိရှိခဲ့သနည်း။ ဤအမှန်တရားကို ဘုရားသခင်မှုတ်သွင်းခြင်းအားဖြင့် သိရှိခဲ့ခြင်းဖြစ်သည်။
[အောက်ခြေမှတ်ချက်]
a စတာဒီယမ်သည် အလျားကို တိုင်းတာသည့်ဂရိယူနစ်ဖြစ်သည်။ ယင်းအတိုင်းအတာအတိအကျမှာ တစ်နေရာနှင့်တစ်နေရာ မတူသော်လည်း စတာဒီယမ်တစ်ခုသည် ပေ ၅၃၀ မှ ၆၀၀ ခန့်အထိရှိမည်ဟု ယူဆကြရသည်။
[စာမျက်နှာ ၂၂ ပါ ပုံကြမ်း]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
နေရောင်
သုဏေမြို့
၇.၂°
အလက်ဇန္ဒြီးယားမြို့
၇.၂°