ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၅ ၈/၈ စာ. ၁၈-၂၀
  • ပျော်ပျော်ပါးပါး “ခရီးမိုင်ထပ်၍သွား”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပျော်ပျော်ပါးပါး “ခရီးမိုင်ထပ်၍သွား”
  • နိုးလော့!—၂၀၀၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပန်းတိုင်သို့ အရောက်လှမ်းရန် ကြိုးစားအားထုတ်မှုများ
  • မမေ့နိုင်စရာ အလည်တစ်ခေါက်
  • အံ့အားသင့်ဖွယ် ရှာဖွေတွေ့ ရှိမှုတစ်ခု
  • အခြားကြည်နူးဖွယ်ကောင်းတဲ့ ရှာဖွေတွေ့ ရှိမှု
  • အချိန်ပြည့်ဓမ္မအမှုဆောင်ခြင်း
  • မရပ်မနား ဆက်လျှောက်
  • မြင့်မြတ်တဲ့လုပ်ငန်းကနေ အဖိုးတန်သင်ခန်းစာ သင်ယူခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နိုးလော့!—၂၀၀၅
န၀၅ ၈/၈ စာ. ၁၈-၂၀

ပျော်ပျော်ပါးပါး “ခရီးမိုင်ထပ်၍သွား”

ကလာရ် ဗာဗီ ပြောပြသည်

အရှေ့အာဖရိကမှာရှိတဲ့ မိုဇမ်ဘစ်နိုင်ငံကနေ မိုင် ၂၅၀ အကွာလောက်မှာတည်ရှိတဲ့ မာဒါဂါစ်ကာကျွန်းဟာ မိုးများပြီး တောတောင်ထူထပ်တဲ့ နေရာဒေသဖြစ်တယ်။ ကျွန်းရဲ့အရှေ့ဘက်မှာရှိတဲ့ ဘီတိုကိုလ် ၂ ရွာလေးမှာ ကျွန်မမွေးဖွားခဲ့တယ်။ အသက် ၁၅ နှစ်အရွယ်ဖြစ်တဲ့ ၁၉၈၇ ခုနှစ်မှာ ကျောင်းတက်ဖို့ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တဲ့ မဟာနိုရိုမြို့ကို ပြောင်းရွှေ့ခဲ့တယ်။

ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာနေတဲ့ အစ်ကို စီလစ်တိန်းနဲ့အတူ မဟာနိုရိုမြို့မှာ ကျွန်မနေတယ်။ နှစ်နှစ်ကြာပြီးနောက် ကျွန်မ သက်သေခံတစ်ယောက်ဖြစ်လာတယ်။ ကျွန်မ တတ်နိုင်သလောက် ယေဟောဝါဘုရားသခင်ရဲ့အမှုတော်ကို အပြည့်အဝထမ်းဆောင်ဖို့ ဆုံးဖြတ်လိုက်တယ်။

ပန်းတိုင်သို့ အရောက်လှမ်းရန် ကြိုးစားအားထုတ်မှုများ

ကျွန်မရဲ့ပထမပန်းတိုင်ကတော့ ဘီတိုကိုလ် ၂ မှာရှိတဲ့ မိသားစုကို ပြန်ကူညီပေးဖို့ဖြစ်ပြီး ကျွန်မဆန္ဒပြည့်ဖို့ ယေဟောဝါဆီမှာ ပုံမှန်ဆုတောင်းခဲ့တယ်။ ဒါပေမဲ့ အဲဒီနေရာကို ကျောင်းအားလပ်ရက်အတွင်းမှာပဲ ကျွန်မပြန်နိုင်တယ်။ ၆၅ မိုင်ရှိတဲ့ ခရီးကြမ်းဖြစ်တယ်။ ပထမ ၂၅ မိုင်ပဲ မော်တော်ယာဉ်နဲ့သွားလို့ရပြီး ကျန်တဲ့မိုင် ၄၀ ကို ကျဉ်းမြောင်းတဲ့တောင်ပေါ်လမ်းအတိုင်း ခြေလျင်ခရီးသွားရတယ်။

မတ်စောက်တဲ့တောင်ကုန်းများစွာကို တက်ခဲ့ရပြီး ကြမ်းတမ်းတဲ့ တချို့လမ်းပိုင်းတွေဆိုရင် ခြေတစ်ဖဝါးစာလောက်ပဲ ကျယ်တယ်။ မနက်အစောကြီးကနေ စလျှောက်လိုက်တာ ညနေလည်းစောင်းရော ၂၅ မိုင် ခရီးပေါက်ခဲ့တယ်။ ၃၅ ပေါင်ကျော်လေးတဲ့ အထုပ်အပိုးတွေကို တချို့ကို ခေါင်းပေါ်ရွက်၊ တချို့ကို ကျောပိုး၊ ကျန်တာတွေကို လက်နဲ့ဆွဲပြီး သယ်သွားရတယ်။ ကျွန်မအဓိကသယ်သွားတာကတော့ ဆွေမျိုးတွေနှင့် တခြားစိတ်ဝင်စားသူတွေကို ဝေပေးမယ့် ကျမ်းစာအခြေပြုစာပေတွေပါပဲ။ လမ်းကြောင်း တစ်လျှောက်မှာ ကျွန်မကို “ဝန်စည်အများကြီးနဲ့လူ” အဖြစ် လူသိများလာတယ်။

ကျွန်မစိတ်အားထက်သန်စွာ ပြောပြပေမဲ့လည်း ကျွန်မမိသားစုဟာ ကျွန်မအသစ်တွေ့ထားတဲ့ ယုံကြည်ချက်တွေအကြောင်းကို စစချင်းမှာ နားမထောင်ချင်ကြဘူး။ ဒါပေမဲ့ မကြာခင်မှာ သူတို့ပြောင်းလဲလာပြီး တစ်ခါတလေဆိုရင် မနက် ၂ နာရီထိုးမှအိပ်ရာဝင်ရတဲ့အထိ မေးခွန်းအများကြီး မေးလာကြတယ်။

မမေ့နိုင်စရာ အလည်တစ်ခေါက်

ကျောင်းပိတ်ရက် ၁၉၉၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ဘီတိုကိုလ် ၂ ရွာမှာရှိတဲ့အိမ်ကို ကျွန်မပြန်ရောက်ခဲ့တယ်။ သူတို့နှင့်အတူ ခရစ္စမတ်ကျင်းပဖို့ ရောက်လာတယ်ထင်လို့ ကျွန်မကိုမြင်တော့ ကျွန်မမိသားစုဟာ အရမ်းပျော်ကြတယ်။ သူတို့ရဲ့ခရစ္စမတ်အခမ်းအနားမှာ ကျွန်မ မပါဝင်နိုင်ကြောင်း ရှင်းပြတဲ့အခါ သူတို့ဟာ ပျော်ရွှင်ရာကနေ စိတ်ပျက်သွားကြတယ်။ အဲဒီအကြောင်းကို ရွာမှာရှိတဲ့ တခြားသူတွေကို သူတို့ရှင်းပြဖို့ စိတ်ကသိကအောက်ဖြစ်နေကြတယ်၊ သူတို့ဟာ တကယ့်ကို စည်းစည်းလုံးလုံးရှိနေကြလို့ပဲ။ ဒါကြောင့် ကျွန်မကိုယ်တိုင်ပဲ စပြောပြဖို့လိုအပ်တယ်လို့ ခံစားမိတယ်။ ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲ။

အထူးသဖြင့် ကျွန်မကငယ်လွန်းတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဖြစ်နေတယ်။ နောက်တစ်နေ့ ဝတ်ပြုရာကျောင်းမှာ ရွာသားတွေစုဝေးကြတဲ့အခါ ကျွန်မရဲ့ယုံကြည်ချက်တွေကိုရှင်းပြရင် ပိုကောင်းမယ်လို့ စဉ်းစားမိတယ်။ ကိုယ်တော်ရဲ့ညွှန်ကြားချက်တွေရရှိဖို့အတွက် ယေဟောဝါဆီမှာ ထက်ထက်သန်သန် အကြာကြီးဆုတောင်းခဲ့တယ်။ အဲဒီနောက်မှာတော့ ဝတ်ပြုရာကျောင်းမှာ ဆရာတစ်ယောက်ဖြစ်တဲ့ ကျွန်မအစ်ကို ပေါလ်ကို “မနက်ဖြန်ကျရင် ဝတ်ပြုရာကျောင်းမှာရှိတဲ့သူတွေကို ကျွန်မဘာကြောင့် ခရစ္စမတ်မလုပ်ရတဲ့အကြောင်း ရှင်းပြရင် ကောင်းမယ်လို့ ထင်သလား” လို့ မေးလိုက်တယ်။ သူက တခြားသူတွေနဲ့ ဆွေးနွေးကြည့်ပြီးတဲ့နောက်မှာ ကျွန်မရဲ့ကမ်းလှမ်းချက်ကို သူတို့သဘောတူလိုက်တယ်။

နောက်တစ်နေ့မှာ သူတို့ဝတ်ပြုပြီးတဲ့အခါ ကျွန်မကို အခေါ်လွှတ်လိုက်တယ်။ ယေဟောဝါဆီပြန်ဆုတောင်းပြီးတဲ့နောက် ကျမ်းစာအခြေပြုစာပေတစ်ခုကို တစ်ပါတည်း ယူဆောင်သွားခဲ့တယ်။ မိတ်ဆက်ပြီးတဲ့နောက်မှာ ကျမ်းစာကို အလေးအနက်ရိုသေလေးမြတ်ခြင်းရှိဖို့ ကျွန်မကိုကူညီကြတဲ့အတွက် အားလုံးကိုကျေးဇူးတင်ကြောင်း ပြောလိုက်တယ်။ ကျွန်မမြို့ကို ပြောင်းရွှေ့ပြီးတဲ့နောက် ကျမ်းစာဆက်လေ့လာဖြစ်ကြောင်း ရှင်းပြတယ်။ အရင်က ကျွန်မတို့မသိခဲ့တဲ့ ကျမ်းစာအမှန်တရားတော်တော်များများကို ရှာဖွေသိရှိခဲ့ကြောင်း ရှင်းပြတယ်။

ဒီအချိန်ကို အခွင့်ကောင်းယူပြီး မြေကြီးပရဒိသုတစ်ခုအပေါ် ထာဝစဉ်အသက်ရှင်ရမည့် ကျမ်းစာမျှော်လင့်ချက်အကြောင်း (ဆာလံ ၃၇:၂၉; ဗျာ. ၂၁:၃၊ ၄)၊ မြေကြီးမှအနည်းငယ်သောသစ္စာရှိသူတချို့ ဘာကြောင့်ကောင်းကင်ကို ခေါ်ဆောင်ခံရတဲ့အကြောင်း (ယောဟန် ၁၄:၂၊ ၃; ဗျာ. ၅:၉၊ ၁၀; ၁၄:၁၊ ၃) နဲ့ သေလွန်တဲ့သူတွေဟာ အိပ်မောကျနေတဲ့သူလို ဘာမှမသိကြတဲ့အတွက်ကြောင့် ဝေဒနာလည်း မခံစားနိုင်တော့ကြောင်း (ဒေ. ၉:၅၊ ၁၀; ယောဟန် ၁၁:၁၁-၁၄၊ ၃၈-၄၄) ရှင်းပြခဲ့တယ်။ ကနဦးခရစ်ယာန်တွေဟာ ခရစ္စမတ်ပွဲမကျင်းပခဲ့ကြဘဲ တကယ်တော့ ဒီပွဲဟာ အယူမှားတဲ့ဘာသာကနေ ဆင်းသက်လာတာဖြစ်တယ် ဆိုတာကိုလည်း ကျွန်မတင်ပြခဲ့တယ်။

တင်ဆက်မှုရဲ့နိဂုံးချုပ်မှာ အုပ်စုရှိတော်တော်များများက ကျွန်မပြောခဲ့တာတွေဟာ အစစ်အမှန်ပဲလို့ အသိအမှတ်ပြုကြတယ်။ တချို့ဆိုရင် နောက်ထပ်မေးခွန်းတွေတောင် မေးမြန်းကြတယ်။ အဲဒီနောက်မှာတော့ တစ်ပါတည်းယူဆောင်လာတဲ့စာအုပ်စာတမ်းတွေကို သူတို့ကိုပြခဲ့ပြီး ဒါတွေဟာ ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ ကျမ်းစာလေ့လာမှုအထောက်အကူပြု စာအုပ်စာတမ်းတွေဖြစ်တယ်ဆိုတာကို ကျွန်မရှင်းပြခဲ့တယ်။ ကျမ်းစာလေ့လာဖို့ဆန္ဒရှိသူ ဘယ်သူ့ကိုမဆို ကူညီဖို့ ကျွန်မအဆင်သင့်ရှိကြောင်း ပြောလိုက်တယ်။ တော်တော်များများက ကျမ်းစာအခြေပြုစာပေတွေကို လက်ခံကြတယ်။

အံ့အားသင့်ဖွယ် ရှာဖွေတွေ့ ရှိမှုတစ်ခု

ကျွန်မအရင်ကမတွေ့ဖူးတဲ့ အမျိုးသမီးတစ်ယောက် ကျွန်မဆီကိုချဉ်းကပ်ပြီးပြောတယ်– “တခြားရွာမှာနေထိုင်တဲ့ ကျွန်မရဲ့ညီမက ရှင်တို့ ဘာသာဝင်ပဲ။” အံ့သြတကြီးနဲ့ “ဘယ်ရွာမှာလဲ” လို့ ကျွန်မမေးလိုက်တယ်။

“အင်ဒရာနိုမာဖာနာ” မှာလို့ သူပြန်ဖြေတယ်။ အဲဒီရွာဟာ ဘီတိုကိုလ် ၂ ရွာကနေ မိုင် ၂၀ လောက်ဝေးတယ်။

အဲဒီနေရာဒေသမှာရှိတဲ့ သက်သေခံတွေဟာ တစ်ယောက်နဲ့တစ်ယောက် အားလုံးသိကြတဲ့ အတွက်ကြောင့် သူရဲ့ညီမဟာ တခြားဘာသာဝင်တစ်ယောက်ဖြစ်ကောင်းဖြစ်မယ်လို့ အဲဒီအမျိုးသမီးကို ကျွန်မပြောတယ်။ ဒါပေမဲ့ အမျိုးသမီးကငြင်းဆိုခဲ့ပြီး ဝတ်ပြုရာကျောင်းမှာ ကျွန်မပြောတုန်းက ရှင်းပြခဲ့တာတွေနဲ့ တူညီတဲ့အရာတွေကို သူရဲ့ညီမကလည်း သူ့ကိုသင်ပြခဲ့ဖူးတယ်ဆိုပြီး ပြောတယ်။ အဲဒီရွာကို ချက်ချင်းသွားဖို့ ကျွန်မထက်သန်နေတဲ့အတွက် အဲဒီအမျိုးသမီး ညီမရဲ့လိပ်စာနဲ့ နာမည်ကို ကျွန်မတောင်းလိုက်တယ်။ ဒါပေမဲ့ လမ်းကြမ်းတဲ့ ခြေလျင်ခရီးဖြစ်တဲ့အတွက် တစ်ရက်၊ နှစ်ရက်စောင့်ဖို့ ကျွန်မကိုအမေက တိုက်တွန်းတယ်။ နှစ်ရက်ကြာပြီးတဲ့နောက်မှာ အင်ဒရာနိုမာဖာနာရွာကို အစ်ကိုကြီး ချားလ်စ်နဲ့အတူ ကျွန်မသွားတယ်။

ကျွန်မတို့ရောက်ရောက်ချင်း ရွာသားတချို့ကို မေးတယ်– “ဒီရွာမှာ ယေဟောဝါသက်သေတွေရှိကြသလား။” “ဒီရွာမှာ ကက်သလစ်၊ ပင်တီကော့စ်တဲလ်နဲ့ အင်ဒီပဲန်ဒင့် အသင်းတွေပဲရှိကြတယ်” လို့ သူတို့ပြန်ပြောတော့ ကျွန်မအရမ်းစိတ်ပျက်သွားတယ်။

အဲဒီနောက်မှာတော့ အမျိုးသမီးတစ်ယောက်လာပြီး ပြောတယ်– “ရှင်တို့ ယေဟောဝါသက်သေတွေကို ရှာနေတယ်ဆိုရင် မာဆဲလင်းနဲ့ သူရဲ့မိသားစုကို ရှင်တို့ရှာနေတာဖြစ်ကောင်းဖြစ်လိမ့်မယ်။” ဒီနာမည်ဟာ ကျွန်မရှာနေတဲ့ နာမည်ပါပဲ!

လူတစ်ယောက်က မာဆဲလင်းကို သွားခေါ်တယ်။ မကြာခင်မှာ အဲ့ဒီအမျိုးသမီး ရောက်လာပေမဲ့လည်း နည်းနည်းကြောက်လန့်နေပုံ ရတယ်။ ကျွန်မတို့တွေဟာ သူ့ကို စစ်ဆေးမေးမြန်းဖို့ ရောက်လာကြတဲ့ အရာရှိတွေလို့ သူတို့ထင်မှတ်ကြတဲ့အတွက်ကြောင့် တစ်ရွာလုံး စုရုံးရောက်ရှိလာကြတယ်။ သူတို့မိသားစုဟာ ‘အယူမှားဘာသာတရား’ ကို ကိုးကွယ်တဲ့အတွက် ဒီရွာမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ကြရတယ်ဆိုတာ နောက်မှ ကျွန်မသိရတယ်။

မာဆဲလင်းက ကျွန်မတို့စကားပြောဆိုနိုင်မယ့် လူအုပ်နဲ့နည်းနည်းဝေးတဲ့နေရာကို ကျွန်မတို့ကို ခေါ်သွားတယ်။ ယေဟောဝါသက်သေတစ်ယောက် ဟုတ်မဟုတ် ကျွန်မသူ့ကိုမေးတဲ့အခါ သူသက်သေခံတစ်ယောက်ဖြစ်ကြောင်း ပြောပါတယ်။ အဲဒါနဲ့ ကင်းမျှော်စင်မဂ္ဂဇင်းဟောင်းတွေနဲ့အတူ အစောပိုင်းမှာ ကျမ်းစာလေ့လာမှုအထောက်အကူပြုအဖြစ် ယေဟောဝါသက်သေများအသုံးပြုခဲ့တဲ့ ထာဝရအသက်သို့ပို့ဆောင်သောသမ္မာတရား စာအုပ်တစ်အုပ်ကို သူယူလာခဲ့တယ်။ စာအုပ်အားလုံးဟာ ဟောင်းနွမ်းနေပြီ။ “လွန်ခဲ့တဲ့ တနင်္ဂနွေမှာ ဘယ်မဂ္ဂဇင်းကို လေ့လာခဲ့သလဲ” လို့ ကျွန်မ မေးလိုက်တယ်။

“ဒါတွေဟာ ကျွန်မတို့မှာရှိတဲ့မဂ္ဂဇင်းအကုန်ပဲ” လို့ သူပြန်ပြောလိုက်ပြီး “အဲဒါတွေကိုပဲ ထပ်ခါထပ်ခါ ပြန်ပြီးလေ့လာရပါတယ်။ အဲ့ဒီအချိန်ကျမှ ကျွန်မလည်း သက်သေခံတစ်ယောက်ဖြစ်ကြောင်း မာဆဲလင်းကို ပြောပြလိုက်တယ်။ သူ အရမ်းပျော်သွားတယ်! သူတို့ရဲ့အစည်းအဝေးတွေကို ဦးဆောင်နေတဲ့လူကို ကျွန်မတွေ့ချင်တယ်လို့ ပြောတဲ့အခါမှာ အလှမ်းဝေးတဲ့ တခြားဒေသမှာ အဲဒီလူနေထိုင်ကြောင်း သူရှင်းပြခဲ့ပါတယ်။

အခြားကြည်နူးဖွယ်ကောင်းတဲ့ ရှာဖွေတွေ့ ရှိမှု

နောက်တစ်နေ့မှာ အဲဒီလူဆီ သွားလည်ပတ်ဖို့ မာဆဲလင်းနဲ့ ကျွန်မ အတူတူထွက်ခဲ့ကြတယ်။ ကျွန်မတို့ရောက်တဲ့အခါ ကျွန်မတို့ကိုတွေ့ရလို့ သူအရမ်းအံ့သြပြီး ဝမ်းသာနေပါတယ်။ တကယ်တော့ သူဟာ မိုင် ၁၂၀ ကျော်ဝေးတဲ့ အရှေ့မြောက်ဘက် တိုအာမာစီနာကမ်းခြေမြို့ကနေလာတဲ့ သက်သေခံတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရတယ်။ သူဟာ မမျှော်လင့်ဘဲ အလုပ်ဖြုတ်ခံရပြီးတဲ့နောက်ပိုင်း သူနဲ့သူ့မိသားစုဟာ ဒီရွာကိုအတင်းအကျပ်ပြန်ပို့ခြင်းခံခဲ့ရတာ နှစ်တွေအတော်ကြာပြီ။ သူပြန်ရောက်တဲ့အခါ ဟောပြောခြင်းလုပ်ငန်းကိုစတင်၊ ကျမ်းစာသင်အံမှုတွေကျင်းပပြီး အစည်းအဝေးတွေကိုပြုလုပ်ခဲ့တယ်။

အဲဒီသက်သေခံနဲ့ သူ့မိသားစုဟာ ကျွန်မနဲ့အတူယူသွားတဲ့ နောက်ဆုံးထုတ် ကင်းမျှော်စင်တွေကိုတွေ့လိုက်ရလို့ အရမ်းပျော်သွားတယ်။ အဲဒီအချိန်တုန်းက ကျွန်မတို့ရဲ့အဓိကကျမ်းစာသင်အံမှုအထောက်အကူပြုအဖြစ် အသုံးပြုခဲ့ကြတဲ့ သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် ဆိုတဲ့စာအုပ်ကိုလည်း သူတို့ကိုပြခဲ့တယ်။ အဲဒီစာအုပ်ကို သူတို့ပထမဦးဆုံးအကြိမ် တွေ့ရခြင်းပါပဲ။ နောက်လာမယ့် တနင်္ဂနွေနေ့မှာ သူတို့နဲ့အတူ အစည်းအဝေးတွေတက်ရောက်ဖို့ အင်ဒရာနိုမာဖာနာကို ကျွန်မပြန်ခဲ့တယ်။ ဒီအုပ်စုငယ်လေး ရှိနေတယ်ဆိုတာကို ဌာနခွဲရုံးက မသိသေးတဲ့အတွက် မြို့တော် အင်တာနာနာရီဗိုရှိ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးနဲ့ အဆက်အသွယ်လုပ်ဖို့ သူတို့ကို ကျွန်မတိုက်တွန်းခဲ့ပါတယ်။

၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလကစပြီး နောက်ဆုံးထုတ်ကင်းမျှော်စင်နဲ့ တခြားစာအုပ်စာတမ်းတွေကို သူတို့အတွက်ယူသွားပေးဖို့ မဟာနိုရိုကနေ အင်ဒရာနိုမာဖာနာကို လတိုင်းလိုလို ကျွန်မသွားတယ်။ မိုင် ၈၀ လောက်ဝေးတဲ့ခရီးပဲ၊ ၅၅ မိုင်ကျော်ကို ခြေလျင်လျှောက်ရပြီး တောင်တက်တောင်ဆင်းခရီးကြမ်းဖြစ်တယ်၊ တောနက်ကြီးတွေထဲ ဖြတ်လျှောက်ရတယ်၊ မိုးရွာရင် ချောကျိနေတဲ့ ဗွက်နွံတွေထဲမှာ ရုန်းသွားရတယ်။

စာအုပ်စာတမ်းနဲ့ မဂ္ဂဇင်းတွေကို လိုချင်တဲ့သူအရေအတွက် ပိုပိုများလာတဲ့အတွက်ကြောင့် ခရီးအခေါက်တိုင်း ကျွန်မရဲ့ဝန်စည်စလယ်ဟာ ပိုပိုလေးလာပါတယ်။ ဒါပေမဲ့ ခရီးလည်းဆိုက်ရော ကျွန်မရဲ့ပင်ပန်းမှု၊ ကြွက်သားနာကျင်ကိုက်ခဲမှုတွေဟာ ဘယ်ရောက်ကုန်မှန်းမသိလောက်အောင် အကြီးအကျယ်ကျေနပ်မှု၊ ပျော်ရွှင်မှုတွေ ခံစားရတယ်။ စာပေအသစ်တွေကို ဝမ်းသာအားရလက်ခံယူကြတာ၊ ကျမ်းစာသမ္မာတရားအပေါ် သူတို့ရဲ့တုံ့ပြန်မှုကို မြင်တွေ့ရတာဟာ ကျွန်မအတွက် အင်မတန်ပျော်ရွှင်ကြည်နူးစရာပါ!

အချိန်ပြည့်ဓမ္မအမှုဆောင်ခြင်း

၁၉၉၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှာ အချိန်ပြည့်ဓမ္မအမှုဆောင်များလို့ ယေဟောဝါသက်သေတွေခေါ်တဲ့ ရှေ့ဆောင်တစ်ယောက်အဖြစ် ကျွန်မခန့်အပ်ခံရပါတယ်။ မဟာနိုရိုမှာ ကျွန်မ ရှေ့ဆောင်လုပ်ပေမဲ့ ဘီတိုကိုလ် ၂ မှာရှိတဲ့ ကျွန်မဆွေမျိုးတွေနဲ့ အဆက်အသွယ် မပြတ်ရှိနေတယ်။ နောက်တော့ စာရေးပြီး သူတို့ကို သင်အံမှုစလုပ်တယ်၊ သူတို့ကိုကူညီဖို့ ရွာကိုပြန်လာပါလားလို့ တောင်းဆိုတယ်။ ကျွန်မကတော့ အရန်သင့်ပါပဲ၊ ဒါပေမဲ့ ကျမ်းစာလေ့လာဖို့နဲ့ ဝိညာဉ်ရေးတိုးတက်အောင်လုပ်ဖို့ သူတို့ အလေးအနက် ဆုံးဖြတ်ပြီးပြီလားဆိုတာ အရင်ဆုံး သေချာစေချင်တယ်။ ဒါကြောင့် မဟာနိုရိုမှာပဲ တော်တော်ကြာကြာ ရှေ့ဆောင်ဆက်လုပ်တယ်။

၁၉၉၃ ခုနှစ်ကုန်ပိုင်းလောက်မှာ၊ အင်တာနာနာရီဗိုမှာ နှစ်ပတ်ကြာ ရှေ့ဆောင်သင်တန်းကျောင်း တက်ခွင့်ရခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နိုင်ငံရဲ့ဘယ်နေရာမှာမဆို ခန့်အပ်ခံရနိုင်တဲ့ အထူးရှေ့ဆောင်တစ်ယောက်အဖြစ် အသုံးတော်ခံဖို့ ဖိတ်ခေါ်ခံရပါတယ်။ ဒါပေမဲ့ အနီးဆုံးအသင်းတော်ကနေ ဝေးတဲ့နေရာမှာနေထိုင်တဲ့ ဘီတိုကိုလ် ၂ မှာရှိတဲ့ ကျွန်မဆွေမျိုးတွေကို ကူညီချင်တဲ့အတွက်ကြောင့် ဖိတ်ခေါ်ချက်ကို လက်ခံဖို့ ခက်နေတယ်။ ဒါကြောင့် ကျွန်မ ရှေ့ဆောင်လုပ်တဲ့နေရာဖြစ်တဲ့ မဟာနိုရိုကိုပဲ ပြန်လာခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ယေဟောဝါသက်သေတွေရဲ့ နယ်လှည့်ကြီးကြပ်မှူး လာလည်ပတ်တဲ့အခါမှာ ကျွန်မရဲ့ဆွေမျိုးတွေဆီပြန်ပြီးကူညီပေးလိုကြောင်း ကျွန်မ တောင်းဆိုလိုက်တယ်။ အဲဒီအချိန်တုန်းက အင်ဒရာနိုမာဖာနာမြို့မှာ အသင်းတော်တစ်ခု ရှိနေပြီလေ၊ ဘီတိုကိုလ် ၂ ဒေသမှာ အသင်းတော်နဲ့ပူးပေါင်းပြီး ဟောပြောနိုင်အောင်ဆိုပြီး ကျွန်မကို အဲဒီအသင်းတော်သွားဖို့ သူအကြံပေးခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့မှာ ခန့်အပ်ခံခဲ့ရတယ်။ ဘာသာရေးဆရာတစ်ယောက်ဖြစ်တဲ့ ကျွန်မရဲ့အစ်ကို ပေါလ်ဟာ အဲဒီလမှာပဲ ခရိုင်စည်းဝေးကြီးတစ်ခုကို ကျွန်မနှင့်အတူ တက်ရောက်ခဲ့ပါတယ်။ မကြာခင် အင်ဒရာနိုမာဖာနာမြို့မှာ အယောက် ၃၀ တို့ဟာ ဟောပြောခြင်းလုပ်ငန်းမှာပါဝင်လာကြပြီး တနင်္ဂနွေနေ့ဆိုရင် ကျွန်မတို့ရဲ့အစည်းအဝေးတွေကို ပျမ်းမျှ ၆၅ ယောက် တက်တယ်။

မရပ်မနား ဆက်လျှောက်

ဘီတိုကိုလ် ၂ ရွာကို ကျွန်မပြန်ရောက်ပြီးမကြာခင်မှာ ကျွန်မရဲ့ မောင်နှမအရင်း လေးယောက်တို့ဟာ ယေဟောဝါသက်သေများအဖြစ် ဓမ္မအမှုမှာပါဝင်ဖို့ အရည်အချင်းပြည့်မီလာကြပြီး မကြာခင် နှစ်ခြင်းခံခဲ့ကြတယ်။ ဘီတိုကိုလ် ၂ ကို ပြန်ပြောင်းပြီးနောက်ပိုင်း စာအုပ်စာတမ်းနှင့် မဂ္ဂဇင်းတွေသွားယူဖို့ မိုင် ၃၀ ခြေလျင်လျှောက်ရတဲ့ အနိုစီဘေအနာလာမြို့ကို ကျွန်မပုံမှန် သွားတယ်။ အရမ်းကိုမောဟိုက်တဲ့ ခရီးတစ်ခုဖြစ်ပေမဲ့လည်း အဲဒီဒေသမှာရှိတဲ့ ညီအစ်ကို၊ ညီအစ်မတွေရဲ့ ဝိညာဉ်ရေးတိုးတက်မှုကိုမြင်ရလို့ ပင်ပန်းရကျိုးနပ်တဲ့ပျော်ရွှင်မှုကို ကျွန်မခံစားရပါတယ်။

ဒီကနေ့ ဘီတိုကိုလ် ၂ ရွာမှာ တနင်္ဂနွေနေ့ အစည်းအဝေးတက်ရောက်သူ ပျမ်းမျှ ၄၅ ယောက်လောက်ရှိတဲ့ တိုးတက်နေတဲ့အသင်းတော်တစ်ခု ရှိနေပါပြီ။ အခုဆိုရင် အဲဒီဒေသမှာရှိတဲ့ ကျွန်မရဲ့ဆွေမျိုးရင်းချာ အားလုံးဟာ ယေဟောဝါသက်သေတွေ ဖြစ်နေပြီး အများစုဟာ မှန်မှန်ရှေ့ဆောင်တွေဖြစ်ကြတယ်။ မောင်လေးက အထူးရှေ့ဆောင်ဖြစ်နေပြီ။ ၂၀၀၁ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့မှာ ကျွန်မလည်း အထူးရှေ့ဆောင်တစ်ယောက်အဖြစ် ခန့်အပ်ခံရပြီး အင်တာနမ်ဘို-မာနမ်ပိုစီး ရွာမှာ တာဝန်ကျတယ်။ ဒါပေမဲ့ ဘီတိုကိုလ် ၂ ရွာကနေ ပျော်ရွှင်စွာနဲ့ ထွက်သွားခဲ့ပါတယ်။

၁၉၈၇ ခုနှစ်၊ ကျွန်မကျမ်းစာအမှန်တရား လေ့လာခဲ့တဲ့အချိန်တုန်းက မာဒါဂါစ်ကာနိုင်ငံမှာ သက်သေခံ ၃၀၀၀ မပြည့်သေးဘူး။ အခုအချိန်မှာတော့ ၁၄,၀၀၀ ကျော်နေပါပြီ။ ဒီများပြားလှတဲ့ ညီအစ်ကို၊ ညီအစ်မတွေလိုပါပဲ အခြားသူတွေကို ကူညီဖို့ “မိုင်ပို သွား” ပြီး ကျွန်မရဲ့ခွန်အားတွေအသုံးပြုဖို့ အခွင့်အရေးရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ ကျွန်မရဲ့ကြိုးစားအားထုတ်မှုတွေကို ကောင်းချီးပေးခဲ့တဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်ပါတယ်။

[စာမျက်နှာ ၁၈၊ ၁၉ ပါ ရုပ်ပုံများ]

မိုင် ၄၀ ကျော်ဝေးတဲ့ ကျွန်မရဲ့နေရင်းရွာကို သွားရာတွင် ၃၅ ပေါင်ကျော်လေးတဲ့ပစ္စည်းတွေကို အမြဲသယ်ဆောင်ခဲ့

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ကျွန်မအစ်ကို ပေါလ်

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ကျွန်မအစ်ကို ချားလ်စ်

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ကျွန်မရဲ့တချို့သောမိသားစုဝင်တွေနဲ့အတူ။ သူတို့အားလုံးဟာ ယေဟောဝါသက်သေတွေဖြစ်ကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ