ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
“[ဗြိတိန်] နိုင်ငံက ကင်ဆာရောဂါရှိကြောင်း နှစ်စဉ် စစ်ဆေးတွေ့ရှိသူတွေထဲက တစ်ဝက်လောက်ဖြစ်တဲ့ ၁၃၀,၀၀၀ ကျော်က ဆေးလိပ်၊ အရက်၊ မကောင်းတဲ့အစားအစာ စတာတွေကို ရှောင်မယ်ဆိုရင် ကင်ဆာမဖြစ်အောင် ရှောင်နိုင်ကြတယ်။”—BBC NEWS, BRITAIN.
“တောရိုင်းတိရစ္ဆာန်တွေကို တရားမဝင် ဖမ်းဆီးသတ်ဖြတ်ကြတဲ့ ခေတ်မီနည်းပညာတွေ တပ်ဆင်ထားတဲ့ လူဆိုးဂိုဏ်းတွေ ပိုပိုများလာနေတယ်။ သူတို့ကြောင့် ကမ္ဘာပေါ်က ချစ်စရာအကောင်းဆုံး သတ္တဝါတွေ . . . ဟာ တစ်ခါမှ မဖြစ်ဖူးတဲ့နှုန်းနဲ့ သေကျေပျက်စီးနေကြတယ်။”—WILDLIFE CONSERVATION SOCIETY, U.S.A.
“ပျမ်းမျှ တစ်နေ့ကို ခြောက်နာရီ တီဗွီကြည့်တဲ့သူတွေဟာ တီဗွီ မကြည့်သူတွေထက် အသက် ၄.၈ နှစ် ပိုတိုတယ်။ နောက်တစ်နည်းပြောရရင် တီဗွီ တစ်နာရီကြည့်ခြင်းက ၂၂ မိနစ် အသက်တိုစေတယ်။”—BRITISH JOURNAL OF SPORTS MEDICINE, BRITAIN.
ဂျာမနီနိုင်ငံမှာ၊ ဒေါင်းရောဂါကြောင့် ဦးနှောက်မမှန်တဲ့ကလေး မွေးဖွားလာနိုင်ခြေရှိတယ်လို့သိတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေထဲက ၉၀ ရာခိုင်နှုန်းကျော်ဟာ ကိုယ်ဝန်ဖျက်ချဖို့ ရွေးချယ်ကြတယ်။—DER TAGESSPIEGEL, GERMANY.
ဖိစီးမှုများတဲ့ မြို့ပြဘဝ
သုတေသနပြုမှုတွေအရ “ဖိစီးမှု ကြုံလာတဲ့အခါ မြို့ကြီးပြကြီးတွေမှာ နေတဲ့သူတွေဟာ မြို့ငယ်လေးတွေမှာ နေသူတွေထက် ခပ်ကြမ်းကြမ်း တုံ့ပြန်လေ့ရှိတယ်” လို့ ပိုလန်မဂ္ဂဇင်းတစ်စောင်က ဖော်ပြတယ်။ (Przekrój) “မြို့ကြီးတွေမှာ လူတွေဟာ ဒေါသထွက်စရာအကြောင်း အများကြီးနဲ့ ကြုံနေရတယ်” လို့ ဝါဆောစိတ်ပညာပေး လက်တွေ့စမ်းသပ်ခန်းက စိတ်ပညာရှင်တစ်ဦးက ပြောတယ်။ ဒီလိုလည်း ဆက်ပြောတယ်– “မြို့ပြတွေမှာ နေထိုင်သူတွေဟာ ကျေးလက်တွေမှာ နေထိုင်သူတွေထက် စိုးရိမ်ပူပန်ရနိုင်စရာအကြောင်း ၂၁ ရာခိုင်နှုန်း၊ စိတ်မူမမှန်စရာအကြောင်း ၃၉ ရာခိုင်နှုန်း ပိုများတယ်။” ဒီအတွက် မြို့ပြမှာ နေထိုင်သူတွေ ဘာလုပ်နိုင်ပါသလဲ။ “သင်မထိန်းချုပ်နိုင်တဲ့ အရာတွေအတွက် စိတ်မကောင်း ဖြစ်မနေပါနဲ့၊” “အလုပ်ကို အလုပ်မှာပဲ ထားခဲ့ပါ၊” “လမ်းလျှောက်ထွက်ပါ၊” “အားလပ်ခွင့်ယူဖို့ မတွန့်ဆုတ်ပါနဲ့” လို့ အဲဒီမဂ္ဂဇင်းက အကြံပြုတယ်။
ဖေ့စ်ဘုတ်မှာ ဘယ်လောက် သိမ်းဆည်းထားသလဲ
ဩစတြီးယားနိုင်ငံသား ဥပဒေကျောင်းသားတစ်ယောက်က ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်ကို သုံးနှစ်ကြာ သုံးပြီးနောက် မိမိအကြောင်း ဘယ်လောက် သိမ်းထားသလဲဆိုတာ သိချင်တဲ့အတွက် အချက်အလက်တွေကို မိတ္တူပို့ပေးဖို့ တောင်းခံခဲ့တယ်။ ဖေ့စ်ဘုတ် (Facebook) က သူ့ကို စာမျက်နှာ ၁,၂၂၂ မျက်နှာပါတဲ့ စီဒီတစ်ချပ် ပေးပို့ခဲ့တယ်။ အဲဒီကျောင်းသားက ခုလိုပြောတယ်ဆိုပြီး ဂျာမန်သတင်းစာတစ်စောင် (Der Tagesspiegel) က ဖော်ပြတယ်– “အားလုံးကို မှတ်တမ်းတင်ထားတယ်။ စာအားလုံး၊ အပြန်အလှန် စာရေးခဲ့တဲ့ စကားလုံးတိုင်း ရှိနေတယ်။ သူငယ်ချင်းတွေနဲ့ ပတ်သက်တဲ့ အတွင်းရေးတွေတောင် ပါတယ်။” လုံးဝဖျက်ထုတ်လိုက်ပြီလို့ ယူမှတ်ထားတဲ့ အချက်အလက်တွေတောင် ရှိနေတယ်။