ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၁/၁၅ စာ. ၁၂-၁၃
  • ကလေးတွေကို ချီးမွမ်းပေးနိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကလေးတွေကို ချီးမွမ်းပေးနိုင်ပုံ
  • နိုးလော့!—၂၀၁၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခက်အခဲ
  • ဇွဲရှိဖို့ သားသမီးကို သင်ပေးပါ
    မိသားစုအတွက် အကူအညီ
  • ငါတို့ဘုရား ယေဟောဝါအားချီးမွမ်းကြ
    ယေဟောဝါအား တေးသီကျူးကြ
  • တို့ဘုရား ယေဟောဝါကို ချီးမွမ်းကြ
    ယေဟောဝါကို ‘ရွှင်လန်းစွာ တေးသီကျူးကြ’
  • လူငယ်တို့၊ ယေဟောဝါအား ချီးမွမ်းကြလော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၅
န ၁၁/၁၅ စာ. ၁၂-၁၃
သားငယ်လေး ပုံဆွဲနေချိန်မှာ အဖေဖြစ်သူက သားလေးရဲ့ ပခုံးပုတ်ပြီး ချီးမွမ်းနေ

မိသားစုအတွက် အကူအညီ | သားသမီးတွေကို ပြုစုပျိုးထောင်ခြင်း

ကလေးတွေကို ချီးမွမ်းပေးနိုင်ပုံ

အခက်အခဲ

ကလေးကို ချီးမွမ်းပေးလေ ကောင်းလေပဲလို့ လူတချို့ ပြောကြတယ်။ ကလေးကို အမြဲ ချီးမွမ်းပေးရင် သူ့ကို ဖျက်ဆီးရာကျတယ်၊ ကလေးက ငါ ချီးမွမ်းခံထိုက်တယ်လို့ ယူဆသွားနိုင်တယ်လို့ တခြားသူတွေ ပြောတယ်။

ကလေးကို ဘယ်လောက် ချီးမွမ်းရမလဲ ဆိုတာရော ဘယ်လို ချီးမွမ်းပေးရမလဲ ဆိုတာကိုပါ ထည့်တွက်ဖို့ လိုတယ်။ ဘယ်လိုချီးမွမ်းရင် အကျိုးရှိမလဲ။ ဘယ်လို ချီးမွမ်းတာကတော့ အကျိုးယုတ်စေနိုင်သလဲ။ ကလေးအတွက် အလားအလာကောင်း ဖြစ်ပေါ်လာအောင် ဘယ်လို ချီးမွမ်းပေးနိုင်မလဲ။

သိသင့်သိထိုက်ရာ

ချီးမွမ်းတာရဲ့ အကျိုးသက်ရောက်ပုံတွေက မတူညီဘူး။ အောက်ပါအချက်တွေကို သုံးသပ်ကြည့်ပါ–

ချီးမွမ်းလွန်းတာက အကျိုးယုတ်စေနိုင်တယ်။ တချို့မိဘတွေက ကလေး ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုများလာအောင် မချီးမွမ်းသင့်ဘဲ ချီးမွမ်းပေးကြတယ်။ ဒါပေမဲ့၊ ကလေးတွေက “အပိုစကားတွေပြောနေမှန်း ရိပ်မိတယ်။ တကယ်မဟုတ်ဘဲ ပြောနေမှန်းလည်း သိနိုင်ကြတယ်။ မြှောက်ပင့် ပြောတယ်ဆိုတာကို သူတို့သိလို့ သင့်ကို ယုံတော့မှာမဟုတ်ဘူး” ဆိုပြီး ဒေါက်တာ ဒေးဗစ် ဝေါ့ရှ်က ပြောတယ်။a

စွမ်းရည်ရှိလို့ ချီးမွမ်းပေးတာက ပိုကောင်းတယ်။ သမီးလေးမှာ ပုံဆွဲနိုင်တဲ့ ပင်ကိုစွမ်းရည်ရှိတယ်ဆိုပါစို့။ အဲဒီအတွက် သူ့ကို ချီးမွမ်းပေးရင် အဲဒီစွမ်းရည် ထက်မြက်လာအောင် သူ ပိုပြီး ကြိုးစားချင်လာပါလိမ့်မယ်။ ဒါပေမဲ့၊ အဲဒီပင်ကိုစွမ်းရည်ကိုပဲ အာရုံစိုက် ချီးမွမ်းပေးရင် လွယ်လွယ်လေး လုပ်နိုင်တာကိုပဲ လုပ်တာ ကောင်းတယ်လို့ ကလေး ထင်သွားနိုင်တယ်။ ခက်ခဲတာတွေ ကြုံလာရင် လုပ်နိုင်မှာ မဟုတ်ပါဘူးလို့ ထင်ပြီး လုပ်မှာမဟုတ်တော့ဘူး။ “ကြိုးစားရတော့မယ်ဆိုရင် ငါမှ မလုပ်နိုင်တာ ဘာလို့ ကြိုးစားရမှာလဲ” ဆိုပြီး တွေးမိသွားနိုင်တယ်။

ကြိုးစားတဲ့အတွက် ချီးမွမ်းပေးတာက အကောင်းဆုံးပဲ။ ပင်ကိုစွမ်းရည်ရှိတဲ့အတွက်ပဲ ချီးမွမ်းပေးတာထက် ကြိုးစားလို့၊ ဇွဲရှိလို့ ချီးမွမ်းခံရတဲ့ကလေးတွေဟာ စွမ်းရည်ရှိလာဖို့ စိတ်ရှည်ရမယ်၊ ကြိုးစားရမယ်ဆိုတာကို သိလာလိမ့်မယ်။ အဲဒါကို သိလာတဲ့အတွက် “ကိုယ်ဖြစ်ချင်တာကို ဖြစ်လာအောင် ကြိုးစား လုပ်ကြတော့တယ်။ မအောင်မြင်ရင်တောင် ကိုယ့်ကိုယ်ကိုယ် ရှုံးနိမ့်သူလို့ မယူမှတ်ဘဲ သင်ယူနေသူလို့ ရှုမြင်ကြတယ်” ဆိုပြီး စာအုပ်တစ်အုပ် (Letting Go With Love and Confidence) က ဖော်ပြတယ်။

လုပ်ဆောင်နိုင်ရာ

ကြိုးစားတဲ့အတွက် ချီးမွမ်းပေးပါ။ “ပင်ကိုစွမ်းရည်ရှိလို့ ပုံကောင်းကောင်း ဆွဲနိုင်တာ” လို့ ချီးမွမ်းတာထက် “စိတ်ကူးဉာဏ်အပြည့်နဲ့ ဒီပုံကို ဆွဲထားပါလား” လို့ ချီးမွမ်းပေးတာက ပိုကောင်းတယ်။ အဲဒီစကား နှစ်ခွန်းစလုံးက ချီးမွမ်းစကားတွေပါပဲ။ ဒါပေမဲ့၊ ပထမစကားတစ်ခွန်းဟာ မွေးရာပါစွမ်းရည်ရှိမှပဲ တော်မှာတတ်မှာလို့ ပြောလိုက်သလို ဖြစ်သွားနိုင်တယ်။

ကြိုးစားအားထုတ်တဲ့အတွက် ချီးမွမ်းပေးတဲ့အခါ လေ့ကျင့်မှုများရင် စွမ်းရည်ထက်မြက်လာမယ်လို့ သင်ပေးရာရောက်တယ်။ ဒါမှ၊ ကလေးက အခက်အခဲတွေ ကြုံလာရင် ယုံကြည်စိတ်ချမှုရှိရှိ ဖြေရှင်းနိုင်မှာဖြစ်တယ်။​—ကျမ်းစာအကြံပြုချက်– သုတ္တံ ၁၄:၂၃။

မအောင်မြင်တဲ့အခါ ဘာလုပ်ရမလဲဆိုတာ သင်ပေးပါ။ လူကောင်းတွေတောင် အမှားလုပ်ကြတယ်၊ အကြိမ်ကြိမ် မှားမိနိုင်တယ်။ (သုတ္တံ ၂၄:၁၆) ဒါပေမဲ့ အမှားလုပ်မိပြီးနောက် အဲဒီကနေ သင်ခန်းစာယူပြီး ရှေ့ဆက် လုပ်စရာရှိတာကို ကြိုးစားလုပ်ပါ။ ကိုယ့်ကလေးမှာ အဲဒီလိုစိတ်ဓာတ်ရှိလာအောင် ဘယ်လို ကူညီပေးနိုင်မလဲ။

ကြိုးစားအားထုတ်မှုကိုပဲ အာရုံစိုက်ပါ။ ဥပမာ– “သမီးလေးက သင်္ချာ သိပ်တော်တာပဲ” လို့ အမြဲ ချီးမွမ်းနေတော့ ကလေးက သင်္ချာထူးချွန်တဲ့စွမ်းရည် သူ့မှာ ရှိတယ်လို့ ယူမှတ်နေတယ်။ ဒါပေမဲ့၊ သင်္ချာလည်းကျရော၊ ငါ့မှာ အဲဒီပင်ကိုစွမ်းရည် မရှိတော့ဘူး၊ ဆက်ကြိုးစားလည်း မထူးပါဘူးလို့ ယူမှတ်သွားနိုင်တယ်။

ကလေးရဲ့ ကြိုးစားအားထုတ်မှုကို ချီးမွမ်းပေးရင် သူ့မှာ ဇွဲရှိလာအောင် ကူညီပေးရာရောက်တယ်။ ရှုံးနိမ့်မှုတစ်ခုကို ဘေးဆိုးကြီးတစ်ခုလို့ မယူမှတ်ဘဲ နောက်တစ်နည်းနဲ့ ကြိုးစားရင် အောင်မြင်နိုင်မယ်ဆိုတဲ့စိတ်ကို မွေးမြူပေးနိုင်တယ်။​—ကျမ်းစာအကြံပြုချက်– ယာကုပ် ၃:၂။

အပြုသဘောပါပါ ဝေဖန်ပေးပါ။ နည်းမှန်လမ်းကျ ဝေဖန်ပေးရင် ကလေး စိတ်ဓာတ်ကျမှာမဟုတ်ဘူး။ ချီးမွမ်းသင့်တဲ့အခါ ချီးမွမ်းနေရင်၊ တိုးတက်ရာတိုးတက်ကြောင်းအတွက် ဝေဖန်ပေးတာကို ကလေးက လိုလိုလားလား လက်ခံမှာဖြစ်တယ်။ ကလေးရဲ့ အောင်မြင်ဖြစ်ထွန်းမှုတွေက သူ့ကိုရော မိဘကိုပါ ပျော်ရွှင်မှုပေးပါလိမ့်မယ်။​—ကျမ်းစာအကြံပြုချက်– သုတ္တံ ၁၃:၄။

a Why Kids​—of All Ages​—Need to Hear It and Ways Parents Can Say It စာအုပ်မှ ကောက်နုတ်ထားပါတယ်။

ကျမ်းစာအကြံပြုချက်များ

  • “ကြိုးစား၍လုပ်လေရာရာ၌ ကျေးဇူးရှိ၏။”​—သုတ္တံ ၁၄:၂၃။

  • “ငါတို့ရှိသမျှသည် ကြိမ်ဖန်များစွာ မှားတတ်ကြ၏။”​—ယာကုပ် ၃:၂။

  • ‘လုံ့လဝီရိယရှိသူကတော့ လိုအင်ဆန္ဒပြည့်ဝလိမ့်မယ်။’​—သုတ္တံ ၁၃:၄၊ ကဘ။

အခက်အခဲတွေ ကြုံရတဲ့အခါ

ပင်ကိုအစွမ်းအစထက် စွမ်းရည်အသစ် ရှိလာအောင် လုပ်နိုင်ခဲ့သူတွေအကြောင်း ကျမ်းစာမှာ ပါတယ်။ ဥပမာ၊ ဘုရားသခင်က မောရှေကို ဩဇာအာဏာရှိပြီး ခေါင်းမာတဲ့ အီဂျစ်ဘုရင်ဆီ သွားခိုင်းတဲ့အခါ သူက “အကျွန်ုပ်သည် နှုတ်သတ္တိ မရှိပါ” လို့ ပြောခဲ့တယ်။ (ထွက်မြောက်ရာ ၄:၁၀) ယေရမိလည်း ပရောဖက်အဖြစ် ခန့်အပ်ခံရတဲ့အခါ၊ “အကျွန်ုပ်သည် မဟောမပြောတတ်ပါ။ သူငယ်ဖြစ်ပါ၏” ဆိုပြီး ပြောခဲ့တယ်။ (ယေရမိ ၁:၆) ဒါပေမဲ့၊ သူတို့နှစ်ယောက်စလုံး တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ခဲ့ကြတယ်။

သင်ခန်းစာက ဘာလဲ။ ကိုယ့်ကလေး အလားအလာကောင်းဖို့ သူ့ပင်ကိုအစွမ်းအစအပေါ် မူမတည်ဘူး။ သူ ကြိုးစားတဲ့အတွက် ချီးမွမ်းပေးပါ၊ အဲဒီအခါ သူ့မှာ ရှိလာတဲ့စွမ်းရည်ကြောင့် ကိုယ်ရော သူပါ ဝမ်းသာရပါလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ