ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၆ အမှတ် ၂ စာ. ၁၂-၁၃
  • စိုးရိမ်ပူပန်မှု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိုးရိမ်ပူပန်မှု
  • နိုးလော့!—၂၀၁၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စိုးရိမ်ပူပန်တာက သာမန်ပဲလား
  • အလွန်အမင်း စိုးရိမ်ပူပန်တာကို ဘယ်လိုဖြေရှင်းနိုင်သလဲ
  • စိုးရိမ်ပူပန်မှုတွေနဲ့ ကင်းလွတ်ပါ့မလား
  • စိုးရိမ်စရာ ရှိသမျှကို ယေဟောဝါဆီ ပုံအပ်ထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • သင်တို့၏ စိုးရိမ်မှုရှိသမျှတို့ကို ယေဟောဝါ၌ အပ်နှံကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • စိုးရိမ်ပူပန်စိတ်ကို ဘယ်လို ရင်ဆိုင်ဖြေရှင်းနိုင်မလဲ
    လူငယ်များအမေး
  • အမျိုးသားတွေရဲ့ စိုးရိမ်ပူပန်မှုကို ရင်ဆိုင်ဖြေရှင်းဖို့ ကျမ်းစာ ကူညီပေးနိုင်ပုံ
    ထပ်ဆင့် အကြောင်းအရာများ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၆
န၁၆ အမှတ် ၂ စာ. ၁၂-၁၃

သမ္မာကျမ်းစာရှုထောင့် | စိုးရိမ်ပူပန်မှု

စိုးရိမ်ပူပန်မှု

စိုးရိမ်ပူပန်တာက ကောင်းကျိုးလည်းရှိသလို ဆိုးကျိုးလည်းရှိတယ်။ ကျမ်းစာက နှစ်မျိုးလုံးကို နားလည်ဖို့ ကူညီပေးပါတယ်။

စိုးရိမ်ပူပန်တာက သာမန်ပဲလား

အခြေအနေမှန်

စိုးရိမ်ပူပန်တယ်ဆိုတာ စိတ်မသက်မသာဖြစ်တာ၊ တွေးပူထိတ်လန့်တာ စတဲ့ခံစားချက်တွေ ပါဝင်တယ်။ ကျွန်တော်တို့ဟာ မသေချာမရေရာတဲ့ကမ္ဘာမှာ နေထိုင်ကြရလို့ ဘယ်သူမဆို စိုးရိမ်ပူပန်မှုတွေ ရှိနိုင်တယ်။

သမ္မာကျမ်းစာပြောဆိုရာ

“အကျွန်ုပ်သည် အဘယ်မျှကြာအောင် နေ့စဉ်ဝမ်းနည်းလျက်၊ ပူပန်သောစိတ်ရှိလျက် နေရပါအံ့နည်း” လို့ ကျမ်းရေးသူ ဘုရင်ဒါဝိဒ် ရေးသားခဲ့တယ်။ (ဆာလံ ၁၃:၂၊ သမ္မာ) ဘုရင်ဒါဝိဒ်ဟာ စိုးရိမ်ပူပန်မှုကို ဘယ်လိုဖြေရှင်းခဲ့သလဲ။ ဘုရားသခင်ရဲ့ ခိုင်မြဲတဲ့မေတ္တာကို အပြည့်အဝ ယုံကြည်စိတ်ချပြီး ခံစားနေရတာတွေကို ရင်ဖွင့်ဆုတောင်းခဲ့တယ်။ (ဆာလံ ၁၃:၅; ၆၂:၈) ကျွန်တော်တို့ရဲ့ စိုးရိမ်ပူပန်မှုကို ရင်ဖွင့်ဆုတောင်းဖို့ ဘုရားသခင် ဖိတ်ခေါ်ထားတယ်။ “ကိုယ်တော်သည် သင်တို့ကို ဂရုစိုက်တော်မူသောကြောင့် စိုးရိမ်စရာရှိသမျှကို ကိုယ်တော့်ထံ ပုံအပ်ထားလော့” လို့ ၁ ပေတရု ၅:၇ မှာ ပြောတယ်။

အသက်ကြီး အမျိုးသမီးက အိမ်ရှေ့ဆင်ဝင်မှာထိုင်နေပြီး လူငယ်တွေက သူ့ရဲ့ခြံဝင်းကို ပြုစုရှင်းလင်းပေးနေကြ

ချစ်ခင်ရသူတွေကို စိုးရိမ်တယ်ဆိုရင် သူတို့ လိုအပ်ရာတွေကို ကူညီပေးနိုင်

ဒါ့အပြင် ကျွန်တော်တို့ရဲ့ စိုးရိမ်ပူပန်မှုကို လျော့နည်းစေမယ့် နည်းလမ်းတွေလည်း ရှိပါတယ်။ ဥပမာ၊ ကျမ်းရေးသူ ပေါလုက “အသင်းတော်ရှိသမျှအတွက် စိုးရိမ်ပူပန်” တဲ့အခါ သူတို့ကို အားပေးဖို့၊ နှစ်သိမ့်ပေးဖို့ ကြိုးစားခဲ့တယ်။ (၂ ကောရိန္သု ၁၁:၂၈) သူ့ရဲ့ ကောင်းတဲ့စိုးရိမ်ပူပန်မှုဟာ လိုအပ်တဲ့အကူအညီပေးဖို့ သူ့ကို လှုံ့ဆော်ပေးခဲ့တယ်။ ကျွန်တော်တို့လည်း အဲဒီလိုဖြစ်နိုင်ပါတယ်။ စိုးရိမ်ပူပန်ပေးခြင်းရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ စိတ်မဝင်စားခြင်းကတော့ တခြားသူတွေကို မေတ္တာမရှိဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။—သုတ္တံ ၁၇:၁၇။

“သင်တို့သည် ကိုယ့်အရေးကိစ္စကိုသာ အာရုံမစိုက်ဘဲ သူတစ်ပါး၏ အရေးကိစ္စကိုလည်း အာရုံစိုက်ကြလော့။”—ဖိလိပ္ပိ ၂:၄။

အလွန်အမင်း စိုးရိမ်ပူပန်တာကို ဘယ်လိုဖြေရှင်းနိုင်သလဲ

အခြေအနေမှန်

လူတွေဟာ အတိတ်ကအမှားကြောင့်၊ အနာဂတ် ဒါမှမဟုတ် ငွေကြေးအတွက် စိုးရိမ်ပူပန်ကြတယ်။a

သမ္မာကျမ်းစာပြောဆိုရာ

အတိတ်ကအမှားကြောင့် စိုးရိမ်ပူပန်ခြင်း– ပထမရာစုက လူတချို့ဟာ ခရစ်ယာန်မဖြစ်ခင်တုန်းက သောက်ကြူးသူ၊ လုယက်ခိုးယူသူ၊ မတရားမေထုန်ပြုသူတွေ ဖြစ်ခဲ့ကြတယ်။ (၁ ကောရိန္သု ၆:၉-၁၁) သူတို့ဟာ အတိတ်ကိုပဲ တနုံ့နုံ့တွေးနေမယ့်အစား လမ်းစဉ်ဟောင်းကို ပြောင်းလဲပြီး ဘုရားသခင်ရဲ့ ကြီးမားတဲ့ မဟာကရုဏာကို ယုံကြည်ခဲ့ကြတယ်။ ‘ကိုယ်တော် တကယ် ခွင့်လွှတ်တဲ့အတွက် လူတွေ ကြည်ညိုလေးစားကြတာ’ လို့ ဆာလံ ၁၃၀:၄ (ကဘ) မှာ ဆိုတယ်။

မနက်ဖြန်အတွက် စိုးရိမ်ပူပန်ခြင်း– “နက်ဖြန်နေ့အဖို့ ဘယ်သောအခါမျှ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိစိုးရိမ်စရာနှင့် မိမိရှိလိမ့်မည်” လို့ ခရစ်တော်ယေရှု ပြောခဲ့တယ်။ (မဿဲ ၆:၂၅၊ ၃၄) ယေရှု ဘာကို သင်ပေးချင်တာလဲ။ ဒီနေ့အတွက်ပဲ စိုးရိမ်ပူပန်ဖို့ဖြစ်တယ်။ နောက်နေ့တွေအတွက်ပါ တွေးပူနေရင် ဆုံးဖြတ်ချက်အမှားတွေ ချမိနိုင်တယ်။ ဒါ့အပြင် စိုးရိမ်ပူပန်လွန်းတာဟာ အကျိုးမဖြစ်ဘူးဆိုတာ နောက်ပိုင်းမှ သိလာတတ်ကြတယ်။

ငွေကြေးအတွက် စိုးရိမ်ပူပန်ခြင်း– “ဆင်းရဲခြင်းနှင့် ကြွယ်ဝခြင်းကို ပေးတော်မမူပါနှင့်” လို့ ကျမ်းရေးသူတစ်ယောက် ဆုတောင်းခဲ့တယ်။ (သုတ္တံ ၃၀:၈၊ သမ္မာ) အဲဒီအစား၊ ဘုရားသခင့်မျက်နှာသာရဖို့က အရေးကြီးတယ်ဆိုတဲ့စိတ်နဲ့ ရောင့်ရဲခဲ့တယ်။ “သင်တို့၏ဘဝပုံစံတွင် ငွေတပ်မက်ခြင်းကင်း၍ ရှိသမျှနှင့် ရောင့်ရဲလော့။ အကြောင်းမူကား ကိုယ်တော်က ‘ငါသည် သင့်ကို အလျှင်းမစွန့်၊ အလျှင်းပစ်၍မထား’ ဟု မိန့်တော်မူ၏” လို့ ဟေဗြဲ ၁၃:၅ မှာ ဖတ်ရတယ်။ ငွေကြေးဟာ မတည်မြဲပေမဲ့လည်း ဘုရားသခင်ကို ယုံကြည်ပြီး ရိုးရှင်းတဲ့ဘဝနဲ့ နေသူတွေကို ကိုယ်တော် ပစ်မထားဘူး။

“ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကို ခံရသည်အကြောင်း၊ သူ၏သားမြေးတို့သည် တောင်း၍စားရသည်အကြောင်းကို . . . မမြင်စဖူး။” —ဆာလံ ၃၇:၂၅။

စိုးရိမ်ပူပန်မှုတွေနဲ့ ကင်းလွတ်ပါ့မလား

လူတွေပြောဆိုရာ

“လူသားတွေဟာ စိုးရိမ်ပူပန်မှုများတဲ့ခေတ်မှာ အသက်ရှင်နေကြရတယ်” လို့ စာရေးဆရာမ ဟာရီရာတ် ဂရင်းက ၂၀၀၈ ခုနှစ်ထုတ် ဂါးဒီးယန်းသတင်းစာ ဆောင်းပါးမှာ ဖော်ပြထားတယ်။ ၂၀၁၄ ခုနှစ်ထုတ် ဝေါစထရိဂျာနယ်မှာလည်း ပက်ထရစ် အိုကာနာက “အမေရိကန်လူမျိုးတွေဟာ အရင်ကထက် ပိုပြီး စိုးရိမ်ပူပန်လာကြပြီ” လို့ ရေးသားဖော်ပြခဲ့တယ်။

သမ္မာကျမ်းစာပြောဆိုရာ

– “ပူပင်သောကသည် လူ၏စိတ်ကို ညှိုးငယ်စေနိုင်၏။ ကြင်နာသောစကားသည် လူ၏စိတ်ကို ရွှင်လန်းစေလိမ့်မည်။” (သုတ္တံ ၁၂:၂၅၊ ခမ) ‘ဘုရားသခင့်နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်း’ က လူရဲ့စိတ်ကို ရွှင်လန်းစေနိုင်တယ်။ (မဿဲ ၂၄:၁၄) ဘုရားသခင့်နိုင်ငံတော်ဟာ လူသားတွေ မလုပ်ဆောင်နိုင်တဲ့ အရာတွေကို မကြာခင် လုပ်ပေးပါတော့မယ်။ ဖျားနာမှုနဲ့ သေခြင်းအပါအဝင် စိုးရိမ်ပူပန်မှုဖြစ်စေတဲ့ အကြောင်းရင်းအားလုံးကို ဖယ်ရှားပေးတော့မယ်။ ‘ဘုရားသခင်သည် ကျွန်တော်တို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်းရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။’—ဗျာဒိတ် ၂၁:၄။

‘မျှော်လင့်ခြင်း၏အရှင် ဘုရားသခင်သည် သင်တို့၏ယုံကြည်ခြင်းကြောင့် ရွှင်လန်းခွင့်၊ ငြိမ်သက်ခွင့် အမျိုးမျိုးနှင့် ပြည့်စုံတော်မူပါစေ။’ —ရောမ ၁၅:၁၃။

a စိုးရိမ်လွန်ကဲဝေဒနာ ခံစားနေရသူတွေဟာ ဆရာဝန်နဲ့ ကုသသင့်တယ်။ နိုးလော့! မဂ္ဂဇင်းဟာ ဆေးကုသနည်းတစ်မျိုးမျိုးကို ထောက်ခံပေးခြင်းမရှိပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ