ပျော်ရွှင်မှု ရစေတဲ့လမ်း
ဘဝရည်ရွယ်ချက် ရှိခြင်း
လူတွေဟာ နည်းများစွာနဲ့ ထူးခြားတယ်။ စာရေးတယ်၊ ပန်းချီဆွဲတယ်၊ တီထွင်တယ်၊ ဘဝနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ ဒီမေးခွန်းတွေ စဉ်းစားကြတယ်– ဘာကြောင့် စကြဝဠာ တည်ရှိရသလဲ။ ကျွန်တော်တို့ ဘယ်လို ဖြစ်လာသလဲ။ ဘဝရည်ရွယ်ချက်က ဘာလဲ။ အနာဂတ်မှာ ဘာဖြစ်လာမလဲ။
တချို့က အဲဒီမေးခွန်းတွေဟာ ခက်ခဲနက်နဲလွန်းတယ်ဆိုပြီး မမေးကြဘူး။ တချို့ကျပြန်တော့ ဆင့်ကဲဖြစ်စဉ်ကြောင့် အသက် ဖြစ်လာတဲ့အတွက် အဲဒီမေးခွန်းတွေဟာ အဓိပ္ပာယ်မရှိဘူးလို့ ယူဆကြတယ်။ “ဘုရားတွေ မရှိဘူး။ ရည်ရွယ်ချက်လည်း မရှိဘူး။ လူ့ကျင့်ဝတ်အတွက် အခြေခံအုတ်မြစ် မရှိဘူး။ အသက်အတွက် အခြေခံအဓိပ္ပာယ် မရှိဘူး” လို့ သမိုင်းနဲ့ ဇီဝဗေဒ ပါမောက္ခ ဝီလျံပရိုဗင်က ပြောတယ်။
ဒါပေမဲ့ ကံစီမံရာ လက်ခံတဲ့ သဘောထားဟာ လက်သင့်ခံနိုင်စရာ မဟုတ်ဘူးလို့ တချို့ ယူဆကြတယ်။ စကြဝဠာဟာ တိကျသေချာတဲ့ သင်္ချာနိယာမတရားတွေနဲ့ ထိန်းချုပ်ခံထားရမှန်း သိကြတယ်။ သဘာဝလောကမှာ တွေ့ရတဲ့ အံ့ဖွယ်ပုံစံတွေကို အံ့ဩကြတယ်။ အဲဒါတွေကို တုပပြီး လူသုံးကုန်ပစ္စည်းတွေ ထုတ်လုပ်ကြတယ်။ ရှုပ်ထွေးအဆင့်မြင့်တဲ့ပုံစံတွေဟာ သဘာဝစွမ်းအားတွေကြောင့် မဟုတ်ဘဲ ဉာဏ်ကြီးရှင် ပုံစံထုတ်ထားကြောင်း နေ့စဉ်အတွေ့အကြုံတွေက ဖော်ပြတယ်။
အဲဒီကျိုးကြောင်းဆင်ခြင်မှုကြောင့် ဆင့်ကဲဝါဒီတချို့ဟာ ကိုယ့်အယူအဆကို ပြန်ဆန်းစစ်လာကြတယ်။ အောက်ပါဥပမာနှစ်ခုကို သတိပြုပါ–
အာရုံကြော ခွဲစိတ်ဆရာဝန် ဒေါက်တာ အလက်ဇီ မာနို့ဗ်။“ကျွန်တော် တက်ခဲ့တဲ့ကျောင်းတွေမှာ ဘုရားမဲ့ဝါဒနဲ့ ဆင့်ကဲဝါဒကို သင်ပေးတယ်။ ဘုရားသခင် ရှိတယ်လို့ ယုံကြည်သူတိုင်းကို အသိဉာဏ်မဲ့တယ်လို့ သတ်မှတ်ကြတယ်။” ဒါပေမဲ့ ၁၉၉၀ ပြည့်နှစ်မှာ သူ့အတွေးအခေါ် စတင်ပြောင်းလဲခဲ့တယ်။
“လူ့ဦးနှောက် အပါအဝင် အရာဝတ္ထုတွေ တည်ရှိရတဲ့ အကြောင်းတရားကို နားလည်ဖို့ အမြဲကြိုးစားတယ်။ ဦးနှောက်ဟာ စကြဝဠာမှာ အရှုပ်ထွေးဆုံးအင်္ဂါလို့ ခေါ်လို့ရတယ်။ ဒါပေမဲ့ ဦးနှောက်ကို အသိပညာ၊ ကျွမ်းကျင်မှုတွေ ဆည်းပူးပြီး သေသွားဖို့ ပုံစံပြုထားသလား။ ဒါဆိုရင် အဓိပ္ပာယ် မရှိဘူး၊ ယုတ္တိ မရှိဘူး။ ဒါနဲ့ ‘ငါတို့ ဘာကြောင့် အသက်ရှင်နေသလဲ။ အသက်ရှင်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ’ လို့ စစဉ်းစားလာတယ်။ အလေးအနက် စဉ်းစားပြီးမှ ဖန်ဆင်းရှင် ရှိရမယ်လို့ ကောက်ချက်ချခဲ့တယ်။”
အလက်ဇီဟာ ဘဝရည်ရွယ်ချက်ကို ရှာရင်းနဲ့ ကျမ်းစာကို လေ့လာဖြစ်သွားတယ်။ နောက်ပိုင်း ဆရာဝန်လည်း ဖြစ်၊ ဘုရားမဲ့ဝါဒီလည်း ဖြစ်တဲ့ ဇနီးက အလက်ဇီ မှားကြောင်း သက်သေပြဖို့ ကျမ်းစာ လေ့လာခဲ့တယ်။ အခု နှစ်ယောက်စလုံး ဘုရားသခင် ရှိမှန်း အခိုင်အမာ ယုံကြည်နေကြပြီ။ ကျမ်းစာမှာ ရှင်းပြထားတဲ့ လူ့ဘဝ ရည်ရွယ်ချက်ကို နားလည်နေကြပြီ။
ပလာစမာ သိပ္ပံပညာရှင် ဒေါက်တာ ဟွာဘီ ယင်။ ဟွာဘီယင်ဟာ ရူပဗေဒကို လေ့လာပြီး ပလာစမာကို နှစ်ပေါင်းများစွာ သုတေသနပြုခဲ့တယ်။ (နေထဲမှာပါတဲ့) ပလာစမာဟာ အီလက်ထရွန်နဲ့ အိုင်ယွန်အဖိုဓာတ်နဲ့ ပေါင်းစပ်ဖွဲ့စည်းထားတယ်။
“သဘာဝဖြစ်ရပ်တွေကို ကျွန်မတို့ သိပ္ပံပညာရှင်တွေ လေ့လာတဲ့အခါတိုင်း တိကျတဲ့နိယာမတရားတွေနဲ့ စနစ်တကျ ဖွဲ့စည်းထားတာကို အမြဲတွေ့ရတယ်။ ‘ဒီနိယာမတရားတွေ ဘယ်လို ပေါ်လာသလဲ။ ချက်ပြုတ်တဲ့မီးကိုတောင် အသေအချာ ထိန်းချုပ်ရတယ်ဆိုရင် နေကို ထိန်းထားတဲ့ နိယာမတရားတွေကို ဘယ်သူ ထိန်းချုပ်ထားသလဲ’ လို့ တွေးမိတယ်။ ဒါနဲ့ ‘အစအဦးမှာ ဘုရားသခင်က ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းတယ်’ ဆိုတဲ့ ပထမဆုံး ကျမ်းစကားဟာ ယုတ္တိအရှိဆုံးအဖြေပဲလို့ ကျွန်မ ကောက်ချက်ချလိုက်တယ်။”—ကမ္ဘာဦး ၁:၁။
သိပ္ပံပညာက ဦးနှောက်ဆဲလ်တွေ ဘယ်လို အလုပ်လုပ်သလဲ၊ နေကနေ အပူနဲ့ အလင်း ဘယ်လို ထုတ်လွှတ်သလဲစတဲ့ “ဘယ်လို” ဆိုတဲ့ မေးခွန်းများစွာကို အဖြေပေးနိုင်တယ်။ ဒါပေမဲ့ အလက်ဇီနဲ့ ဟွာဘီတို့ ရှာဖွေတွေ့ရှိချက်အရ ဘာကြောင့် စကြဝဠာ တည်ရှိရသလဲ၊ ဘာကြောင့် ကျွန်တော်တို့ တည်ရှိရသလဲဆိုတဲ့ ပိုအရေးကြီးတဲ့ “ဘာကြောင့်” မေးခွန်းတွေကို ကျမ်းစာက အဖြေပေးထားတယ်။
ကမ္ဘာမြေနဲ့ပတ်သက်ပြီး “ယေဟောဝါဟာ . . . ကမ္ဘာမြေကို အကြောင်းမဲ့ ဖန်ဆင်းတာ မဟုတ်ဘဲ သတ္တဝါတွေ နေထိုင်ဖို့ ဖန်ဆင်းခဲ့တဲ့အရှင်ပဲ” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဟေရှာယ ၄၅:၁၈) ဘုရားသခင်မှာ ကမ္ဘာမြေအတွက် ရည်ရွယ်ချက် ရှိတယ်။ အဲဒီရည်ရွယ်ချက်က ကျွန်တော်တို့ရဲ့ အနာဂတ် မျှော်လင့်ချက်နဲ့ အနီးကပ် ဆက်စပ်နေကြောင်း နောက်ဆောင်းပါးမှာ ဖော်ပြသွားပါမယ်။