ခေတ်ဆိုးခေတ်ကျပ်ကြီးထဲမှာ ကိုယ်ချစ်ခင်ရသူတွေနဲ့ ရင်းရင်းနှီးနှီး ရှိနေဖို့ ဒီအချက်တွေ လုပ်ဆောင်ပါ
အိမ်ထောင်ရေး အဆင်ပြေအောင် ကြိုးစားပါ
အိမ်ထောင်ရေး အဆင်ပြေအောင် ကြိုးစားပါ
ကျမ်းစာအဆို။ “လူတစ်ယောက်ထက် နှစ်ယောက်က ပိုကောင်းတယ်။ . . . တစ်ယောက် လဲရင် ကျန်တဲ့တစ်ယောက်က ပြန်ထူပေးလိမ့်မယ်။” (ဒေသနာ ၄:၉၊ ၁၀) အိမ်ထောင်ဖက်တွေဟာ ခရီးစဉ်တစ်ခုကို ပျံသန်းနေတဲ့ လေယာဉ်ပေါ်က လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူးတို့လို ဖြစ်ရမယ်။ မျက်နှာချင်းဆိုင် တိုက်လေယာဉ်နှစ်စင်းပေါ်က လူတွေလို မဖြစ်သင့်ဘူး။
ကိုယ့်ရဲ့ ဖိစီးမှု၊ ဒေါသတွေကို အိမ်ထောင်ဖက်အပေါ် မပုံချမိဖို့ စိတ်ပိုင်းဖြတ်ထားပါ။ စိတ်ရှည်ဖို့၊ သည်းညည်းခံဖို့ ကြိုးစားပါ။
ကြုံရနိုင်တဲ့ ပြဿနာတွေအကြောင်း အနည်းဆုံး တစ်ပတ်မှာ တစ်ကြိမ် တိုင်ပင်ဆွေးနွေးကြပါ။ အချင်းချင်း ထိုးနှက်တိုက်ခိုက်နေမယ့်အစား ပြဿနာကိုပဲ အာရုံစိုက်ပါ။
နှစ်ဦးသား အကြိုက်ချင်း တူတာလေးတွေကို အချိန်ပေးပြီး အတူ လုပ်ဆောင်ပါ။
လက်ထပ်ဓာတ်ပုံ၊ အမှတ်တရ ဓာတ်ပုံတွေကို ပြန်ကြည့်ပြီး ကြည်နူးစရာအချိန်တွေအကြောင်း ပြန်ပြောကြပါ။
“သဘောထား မတိုက်ဆိုင်တာတွေ ရှိပေမဲ့ ကျွန်တော်တို့ ပူးပေါင်းလုပ်ဆောင်ကြတယ်။ အတူ ဆုံးဖြတ်ပြီးတဲ့နောက် အဲဒီအတိုင်း အတူလုပ်ကြတယ်။”—ဒေးဗစ်။
ကိုယ်ချစ်ခင်ရသူတွေနဲ့ ပိုရင်းနှီးအောင် ကြိုးစားပါ
ကိုယ်ချစ်ခင်ရသူတွေနဲ့ ပိုရင်းနှီးအောင် ကြိုးစားပါ
မိတ်ဆွေတွေဆီကနေ အကူအညီ ရယူဖို့ထက် ကိုယ့်ဘက်က ဘာတွေ ပေးကမ်းနိုင်မလဲဆိုတာ စဉ်းစားပါ။ သူတစ်ပါးကို အားရှိစေမယ်ဆိုရင် ကိုယ်တိုင်လည်း အားပြည့်လာစမြဲပါ။
မိတ်ဆွေတစ်ယောက် နှစ်ယောက်ကို သာကြောင်းမာကြောင်း နေ့စဉ် မေးမြန်းပါ။
ကိုယ့်လိုပဲ အခက်အခဲ ကြုံရတဲ့ မိတ်ဆွေတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းခဲ့သလဲဆိုတာ မေးမြန်းပါ။
“ဒုက္ခမုန်တိုင်း ကြုံရချိန်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားတယ်။ အဲဒီအချိန်မှာ မိတ်ဆွေတွေဟာ မီးပြတိုက်လိုပါပဲ။ လုပ်သင့်လုပ်အပ်ရာကို လမ်းပြပေးပြီး မေ့နေတဲ့အချက်တွေကို ပြန်သတိပေးတယ်။ မိတ်ဆွေတွေဟာ အပြန်အလှန် ဂရုစိုက်ဖေးမကြတယ်။”—နီကိုးလ်။
မိဘကောင်း ဖြစ်ပါ
မိဘကောင်း ဖြစ်ပါ
ကျမ်းစာအဆို။ “လူတိုင်းဟာ နားထောင်ဖို့ အမြဲ အသင့်ဖြစ်နေရမယ်။ စကားပြောတဲ့အခါမှာ မစဉ်းစားမဆင်ခြင်ဘဲ မပြောရဘူး။” (ယာကုပ် ၁:၁၉) ကလေးတွေဟာ စိုးရိမ်စိတ်ကို ရင်ဖွင့်ဖို့ ခက်ကောင်းခက်နေမယ်။ စိတ်ရှည်ရှည် နားထောင်ပေးမယ်ဆိုရင်တော့ ဖွင့်ပြောလာပါလိမ့်မယ်။
ကလေးတွေ ရင်ဖွင့်ရလွယ်အောင် စကားလမ်းကြောင်းပေးပါ။ တချို့ကလေးတွေက မိဘနဲ့ မျက်နှာချင်းဆိုင် ထိုင်နေချိန်ထက် ကားစီးချိန်၊ လမ်းလျှောက်ချိန်တို့လို သက်သောင့်သက်သာ ရှိချိန်မှာ ရင်ဖွင့်ရ ပိုလွယ်ကြတယ်။
စိတ်ထိခိုက်စရာ သတင်းဆိုးတွေကို ကလေးတွေ တစ်ချိန်လုံး ကြည့်နေတာမျိုး မဖြစ်အောင် ဂရုစိုက်ပေးပါ။
မိသားစု ဘေးကင်းရေးအတွက် လုပ်ပေးထားသမျှကို အသိပေးပါ။
အရေးပေါ် အတွက် အစီအစဉ်တွေကို ကလေးတွေနဲ့အတူ လေ့ကျင့်ထားပါ။
“ကလေးတွေနဲ့ စကားပြောတယ်။ သူတို့ ဘာတွေ ခံစားနေရတယ်ဆိုတာ ရင်ဖွင့်ကြတယ်။ သူတို့ရဲ့ ကြောက်စိတ်၊ စိုးရိမ်စိတ်၊ ဒေါသတွေကို မျိုသိပ်ထားတာမျိုး ရှိနိုင်တယ်။ ကိုယ်လည်း အဲဒီလိုပဲ ခံစားဖူးတယ်၊ ဘယ်လို ဖြေရှင်းခဲ့သလဲဆိုတာ ပြောပြတယ်။”—ဘက်သနီ။