အခန်း ၆
ကတိတော်ဆိုင်ရာသား
နာဇရက်မြို့သို့ပြန်မည့်အစား ဗက်လင်မြို့၌ ယောသပ်နှင့်မာရိဆက်နေထိုင်ကြသည်။ ယေရှုရှစ်ရက်ရသော် မောရှေအားမိန့်မှာသောဘုရားသခင့်ပညတ်အရ သူ့ကိုအရေဖျားလှီးသည်။ ကလေးကိုရှစ်ရက်နေ့၌ နာမည်ပေးသည့်ထုံးစံအရ ဂါဗြေလညွှန်ကြားသည့်အတိုင်း သူ့ကိုယေရှုဟုမှည့်လေသည်။
တစ်လကျော်၍ယေရှု ၄၀ ရက်သားရောက်သောအခါ မိဘနှစ်ပါးသူ့ကိုမည်သည့်နေရာသို့ခေါ်ဆောင်သွားသနည်း။ မနီးမဝေးအရပ် ယေရုရှလင်မြို့ရှိ ဗိမာန်တော်သို့ခေါ်သွားသည်။ မောရှေအားပေးသည့်ဘုရားပညတ်အရ ရက် ၄၀ ရသောသား၏မိခင်သည် ဗိမာန်တော်တွင် သန့်ရှင်းရာယဇ် ပူဇော်ရပါသည်။
ပူဇော်သက္ကာအဖြစ် ငှက်ကလေးနှစ်ကောင်ကိုမာရိယူလာခြင်းက သူတို့၏ငွေကြေးအခြေအနေကို တင်ပြသည်။ မောရှေပညတ္တိကျမ်းအရ ငှက်ထက်တန်ဖိုးကြီးသည့် သိုးသငယ်ကိုပူဇော်ရသော်လည်း၊ မတတ်နိုင်လျှင် ခိုနှစ်ကောင် သို့မဟုတ် ချိုးနှစ်ကောင်ကိုပူဇော်နိုင်သည်။
ဗိမာန်တော်၌ရှုမောင်အမည်ရှိ အသက်ကြီးသူတစ်ဦးကယေရှုကို ချီပိုက်လေသည်။ သူသည် ယေဟောဝါကတိတော်တည်ရာခရစ်တော် သို့မဟုတ် မေရှိယကိုမမြင်မီ မသေရဟုဘုရားသခင်၏ဗျာဒိတ်တော်ကိုရထားသူဖြစ်၏။ ထိုနေ့ရက်တွင်ဗိမာန်တော်သို့ ရှုမောင်ရောက်သောအခါ ယောသပ်နှင့်မာရိယူဆောင်လာသည့်သားထံ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ညွှန်ပြခံရသည်။
ရှုမောင်သည်ယေရှုကိုချီပိုက်၍ “အစိုးရတော်မူသောအရှင်၊ ဗျာဒိတ်တော်အတိုင်း ကိုယ်တော်၏ကျွန်သည် ငြိမ်ဝပ်စွာစုတေ့ရသောအခွင့်ကို ကိုယ်တော်သည် ယခုတွင်ပေးတော်မူ၏။ ကိုယ်တော်၏လူ ဣသရေလအမျိုးကိုချီးမြှောက်စေခြင်းငှာလည်းကောင်း၊ တစ်ပါးအမျိုးသားတို့ကို လင်းစေခြင်းငှာလည်းကောင်း လူအမျိုးမျိုးတို့ရှေ့မှောက်၌ပြင်ဆင်တော်မူသောအလင်းတည်းဟူသော ကယ်တင်သောသခင်ကိုအကျွန်ုပ်သည် ကိုယ်မျက်စိနှင့်မြင်ရပါ၏” ဟုဘုရားကိုကျေးဇူးတင်လေသည်။
ထိုစကားကို ယောသပ်နှင့်မာရိ ကြားသောအခါ အံ့သြကြသည်။ ထိုနောက်သူတို့ကို ရှုမောင်ကကောင်းချီးပေးပြီး မာရိ၏သားသည် “ဣသရေလလူအများလဲမည် . . . ထမည်အကြောင်းခန့်ထား” သည်ဟူ၍သူမအားဆိုသည်။ ထိုမှတစ်ပါး ဝမ်းနည်းခြင်းသည်သန်လျက်ပမာ သူ့နှလုံးကိုထွင်းဖောက်မည်ဟုဆိုသည်။
ဤအချိန်တွင် ဗိမာန်တော်၌အမြဲနေသော ၈၄ နှစ်အရွယ်၊ အန္နအမည်ရှိ ပရောဖက်မလည်းရှိသည်။ ထိုခဏချင်းတွင်ဝင်၍ သူလည်းဘုရားကိုကျေးဇူးတော်ချီးမွမ်းပြီး နားထောင်လိုသူတို့အား ယေရှုအကြောင်းပြောလေသည်။
ဗိမာန်တော်၌ ဤအဖြစ်အပျက်များသည် ယောသပ်နှင့်မာရိကို အလွန်ဝမ်းသာစေ၏။ မိမိတို့ကလေးသည် ဘုရားသခင်၏ကတိတော်တည်ရာသားပင်ဖြစ်ကြောင်း ၄င်းအဖြစ်အပျက်များက သာ၍ခိုင်မာစေပါသည်။ လုကာ ၂:၂၁-၃၈။ ဝတ်ပြုရာ ၁၂:၁-၈။
▪ မည်သည့်အရွယ်တွင် ဣသရေလသားငယ်ကို နာမည်မှည့်ရန်ထုံးစံရှိသနည်း။
▪ သားငယ်ရက်ပေါင်း ၄၀ ပြည့်သည့်အခါ ဣသရေလမိခင်ဖြစ်သူ ဘာလုပ်ရသနည်း။ ဤလိုအပ်ချက်ကို ဖြည့်စွက်ရာတွင် မာရိ၏ငွေကြေးအခြေအနေ မည်သို့ရှိကြောင်းထင်ရှားသနည်း။
▪ ယေရှုမည်သူဖြစ်ကြောင်း အဘယ်သူများအသိအမှတ်ပြုသနည်း။ သူတို့မည်သို့တင်ပြကြသနည်း။