ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • kl အခန်း ၁၇ စာ. ၁၆၀-၁၆၉
  • ဘုရားသခင့် လူမျိုးတော်ဘောင်အတွင်း လုံခြုံမှုကိုရှာယူပါလေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့် လူမျိုးတော်ဘောင်အတွင်း လုံခြုံမှုကိုရှာယူပါလေ
  • ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “သစ္စာနှင့် သတိပညာရှိသောကျွန်”
  • “ထိုက်သင့်ရာအခါ စားနပ်ရိက္ခာ”
  • “မေတ္တာတရားကို ဝတ်ဆင်ကြလော့”
  • လုံခြုံသောနေရာ
  • ယေဟောဝါ၏လူမျိုးတော်နှင့်အတူ လုံခြုံစွာနေလော့
  • ခရစ်ယာန်အစည်းအဝေးများကို သင်အဘယ်ကြောင့် တက်ရောက်ရန်လိုအပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ‘ဦးဆောင်နေသူတွေကို သတိရပါ’
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • အသင်းတော်သည် တည်ဆောက်ခြင်းရှိစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ဘုရားသခင့် မျက်မြင်ရ အဖွဲ့အစည်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ထာဝရအသက်ရစေသော အသိပညာအသိပညာ
kl အခန်း ၁၇ စာ. ၁၆၀-၁၆၉

အခန်း ၁၇

ဘုရားသခင့် လူမျိုးတော်ဘောင်အတွင်း လုံခြုံမှုကိုရှာယူပါလေ

၁၊ ၂။ လူသားတို့၏အခြေအနေသည် မုန်တိုင်းဒဏ်ခံရသောဒေသမှ လူတို့၏အခြေအနေနှင့် မည်သို့တူညီသနည်း။

ပြင်းထန်သည့် မုန်တိုင်းတစ်ခု သင်နေထိုင်ရာဒေသတွင် တိုက်ခိုက်သွားသည်ဟု စိတ်ကူးကြည့်လိုက်ပါ။ သင်၏အိုးအိမ်နှင့်ဥစ္စာပစ္စည်းအားလုံး ပျက်စီးဆုံးရှုံးသွားသည်။ အစာရေစာရှားပါးလာသည်။ အခြေအနေမှာ မျှော်လင့်စရာမရှိတော့ဟု ထင်ရသည်။ ထိုအချိန်တွင် မမျှော်လင့်ဘဲ ကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိလာသည်။ ရိက္ခာနှင့်အဝတ်အစား အလျှံပယ်ဝေပေးသည်။ သင့်အတွက် အိမ်အသစ်တစ်လုံးပါ ဆောက်ပေးလိုက်သည်။ သင့်အနေဖြင့် ဤအရာများထောက်ပံ့ပေးသူအား မုချကျေးဇူးတင်မဆုံးဖြစ်မည်။

၂ အလားတူဖြစ်ရပ်တစ်ခု ယနေ့ဖြစ်ပျက်လျက်ရှိသည်။ အာဒံနှင့်ဧဝတို့၏ပုန်ကန်မှုက ထိုမုန်တိုင်းကဲ့သို့ လူသားမျိုးနွယ်ပေါ် ကြီးမားသောထိခိုက်ပျက်စီးမှု သက်ရောက်စေခဲ့သည်။ လူသားတို့၏ ပရဒိသုစံအိမ်ဆုံးရှုံးသွားသည်။ ထိုအချိန်မှစ၍ လူ့အစိုးရများသည် ပြည်သူလူထုကို စစ်ဘေးစစ်ဒဏ်၊ ရာဇဝတ်မှုနှင့် မတရားမှုတို့မှ အကာအကွယ် မပေးနိုင်ခဲ့ချေ။ ဘာသာတရားကလည်း လူအမြောက်အမြားတို့ကို အာဟာရဖြစ်သည့် ဝိညာဉ်အစာ ငတ်မွတ်အောင်ထားခဲ့သည်။ သို့သော် ဝိညာဏသဘောဖြင့်ပြောရလျှင် ယေဟောဝါဘုရားသခင်သည် ယခုအခါ စားစရာ၊ ဝတ်စရာ၊ နေစရာတို့ကို ဖြည့်ဆည်းထောက်ပံ့ပေးလျက်ရှိသည်။ အဘယ်သို့ထောက်ပံ့ပေးနေသနည်း။

“သစ္စာနှင့် သတိပညာရှိသောကျွန်”

၃။ အဘယ်သာဓကများအရ ယေဟောဝါသည် လူသားတို့အား မည်သို့ထောက်ပံ့မှုပေးတော်မူသနည်း။

၃ ယေဘုယျအားဖြင့် ကယ်ဆယ်ရေးပစ္စည်းများကို စနစ်တကျဖွဲ့စည်းထားသည့် ဆက်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် ဖြန့်ဖြူးဝေငှပေးလေ့ရှိသည့်နည်းတူ ယေဟောဝါလည်း မိမိလူမျိုးတော်အတွက် ဝိညာဉ်ရေးထောက်ပံ့မှု ပြုလုပ်တော်မူ၏။ သာဓကအနေဖြင့် ဣသရေလလူမျိုးသည် “ယေဟောဝါ၏လူစုလူဝေး” အဖြစ် နှစ်ပေါင်း ၁,၅၀၀ ခန့်တည်ရှိခဲ့သည်။ ထိုလူမျိုးအထဲ၌ ဘုရားသခင့်ပညတ္တိကျမ်းကို သွန်သင်ပေးသည့် ဆက်သွယ်ရေးလမ်းကြောင်းအဖြစ် အမှုတော်ထမ်းသူများ ရှိခဲ့ကြသည်။ (၁ ရာဇဝင်ချုပ် ၂၈:၈; ၂ ရာဇဝင်ချုပ် ၁၇:၇-၉) စီ.အီး. ပထမရာစုနှစ်တွင် ခရစ်ယာန်အဖွဲ့အစည်းတော်ကို ယေဟောဝါဖြစ်ပေါ်စေခဲ့သည်။ ဖွဲ့စည်းတည်ထောင်လာသည့် အသင်းတော်များသည် တမန်တော်များနှင့် အသက်ကြီးသူများဖြင့် ဖွဲ့စည်းသည့်အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုအောက်တွင် လှုပ်ရှားဆောင်ရွက်ကြသည်။ (တမန်တော် ၁၅:၂၂-၃၁) အလားတူစွာ ယနေ့လည်း ယေဟောဝါသည် စနစ်တကျဖွဲ့စည်းထားသည့် အဖွဲ့တစ်ဖွဲ့မှတစ်ဆင့် မိမိ၏လူမျိုးတော်နှင့် ဆက်ဆံတော်မူ၏။ ဤအကြောင်းကို ကျွန်ုပ်တို့ အဘယ်သို့သိရသနည်း။

၄။ မျက်မှောက်ခေတ်တွင် “သစ္စာနှင့်သတိပညာရှိသောကျွန်” ကား မည်သူဖြစ်ကြောင်း ထင်ရှားသနည်း။ ဘုရားသခင်ထံမှ ဝိညာဉ်ရေးပြင်ဆင်မှုများကို မည်သို့ပေးကမ်းလျက်ရှိသနည်း။

၄ ယေရှုက နိုင်ငံတော်တန်ခိုးနှင့် မိမိရောက်ရှိသည့်အချိန်တွင် “သစ္စာနှင့်သတိပညာရှိသောကျွန်” သည် မိမိ၏နောက်တော်လိုက်များအတွက် “ထိုက်သင့်ရာအခါ စားနပ်ရိက္ခာ” ကိုဝေပေးလျက်ရှိသည်ကို တွေ့ရမည်ဟုမိန့်တော်မူ၏။ (မဿဲ ၂၄:၄၅-၄၇၊ သမ) ယေရှုသည် ၁၉၁၄ ခုနှစ်တွင် ကောင်းကင်ဘုရင်အဖြစ် တင်မြှောက်ခံရသည့်အခါ မည်သူသည် ၎င်း “ကျွန်” ဖြစ်ကြောင်း ထင်ရှားသနည်း။ ခရစ်ယာန်ဘောင်မှ ဓမ္မဆရာဘုန်းကြီးများမဟုတ်သည်မှာ သေချာပါသည်။ အများအားဖြင့် သူတို့သည် သိုးစုများကို ပထမကမ္ဘာစစ်အတွင်း သူတို့၏အမျိုးသားရေးအစိုးရများကို ထောက်ခံအားပေးသည့် ဝါဒဖြန့်မှုကိုသာ ကျွေးမွေးခဲ့ကြသည်။ သို့သော် ထိုက်သင့်၍အချိန်ကိုက်ဖြစ်သော ဝိညာဉ်အစာကိုမူကား ဘုရားသခင့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘိသိက်ခံရပြီး “သိုးစုငယ်” ဟုယေရှုခေါ်ဝေါ်သည့် အုပ်စုတွင်ပါဝင်သော စစ်မှန်သည့်ခရစ်ယာန်တစ်စုက ဖြန့်ဖြူးဝေငှသည်။ (လုကာ ၁၂:၃၂) ဘိသိက်ခံခရစ်ယာန်တို့သည် လူ့အစိုးရများ၏အကြောင်းအစား ဘုရားသခင့်နိုင်ငံတော်အကြောင်းကို ဟောပြောကြသည်။ ရလဒ်အနေနှင့် နှစ်ကာလများတစ်လျှောက်အတွင်း ဖြောင့်မတ်စွာစီမံခံရသော “အခြားသိုး” မှ သန်းပေါင်းများစွာသောသူတို့သည် ဘိသိက်ခံ “ကျွန်” နှင့်ပူးပေါင်းလျက် မှန်သောဘာသာကို လိုက်စားလာကြသည်။ (ယောဟန် ၁၀:၁၆) ဘုရားသခင်သည် ‘သစ္စာရှိသောကျွန်’ နှင့် ၎င်း၏မျက်မှောက်ခေတ် အုပ်ချုပ်ရေးအဖွဲ့ကို အသုံးပြုလျက် အလိုရှိသူအားလုံးအတွက် ဝိညာဏစားစရာ၊ ဝတ်စရာ၊ နေစရာတို့ကိုပေးရန် စနစ်တကျဖွဲ့စည်းထားသည့် မိမိ၏လူမျိုးတော်ကို ညွှန်ကြားတော်မူ၏။

“ထိုက်သင့်ရာအခါ စားနပ်ရိက္ခာ”

၅။ ယနေ့ကမ္ဘာပေါ်တွင် ဝိညာဉ်ရေးအခြေအနေ မည်သို့ရှိသနည်း။ ယင်းနှင့်ပတ်သက်၍ ယေဟောဝါ အဘယ်သို့လုပ်ဆောင်နေတော်မူသနည်း။

၅ ယေရှုက “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည်” ဟုမိန့်တော်မူ၏။ (မဿဲ ၄:၄) သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ လူအများထုသည် ဘုရားသခင်မိန့်တော်မူသမျှကို အာရုံမစိုက်ကြချေ။ ယေဟောဝါ၏ပရောဖက်အာမုတ် ကြိုဟောထားသည့်အတိုင်း “အစာခေါင်းပါး၍ မွတ်သိပ်ခြင်းဘေးမဟုတ်၊ ရေငတ်ခြင်းဘေးလည်းမဟုတ်၊ ထာဝရဘုရား၏ အမိန့်တော်ကိုမကြားရသော မွတ်သိပ်ခြင်းဘေး” ဆိုက်လျက်ရှိသည်။ (အာမုတ် ၈:၁၁) ဘာသာတရား အလွန်ရိုသေကိုင်းရှိုင်းသူတို့ပင် ဝိညာဉ်ရေးအရမွတ်သိပ်လျက်ရှိကြသည်။ သို့သော် ယေဟောဝါ၏အလိုတော်မှာ “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေ” ရန်ဖြစ်သည်။ (၁ တိမောသေ ၂:၃၊ ၄) ယင်းနှင့်အညီ ကိုယ်တော်သည် ဝိညာဉ်အစာကို အလျှံပယ် ပြင်ဆင်ထားတော်မူ၏။ သို့သော် ၎င်းကို အဘယ်နေရာတွင် ရယူနိုင်သနည်း။

၆။ လွန်လေပြီးသောကာလများ၌ မိမိ၏လူမျိုးတော်ကို ယေဟောဝါ အဘယ်သို့ကျွေးမွေးတော်မူခဲ့သနည်း။

၆ သမိုင်းတစ်လျှောက်၌ ယေဟောဝါသည် မိမိ၏လူမျိုးတော်ကို အုပ်စုအလိုက် ဝိညာဉ်အစာကို ဖြန့်ဝေပေးတော်မူ၏။ (ဟေရှာယ ၆၅:၁၃) သာဓကအဖြစ် ဣသရေလယဇ်ပုရောဟိတ်တို့သည် ယောက်ျားမိန်းမနှင့် ကလေးသူငယ်များကို အုပ်စုလိုက်စုစည်း၍ ဘုရားသခင့်ပညတ္တိကျမ်းကို သွန်သင်ကြ၏။ (တရားဟောရာ ၃၁:၉၊ ၁၂) အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပထမရာစုခရစ်ယာန်များသည် အသင်းတော်များကို ဖွဲ့စည်း၍အားလုံးသွန်သင်ခြင်းနှင့် အားပေးတိုက်တွန်းခြင်းရရှိစေရန် အစည်းအဝေးများကို ကျင်းပကြသည်။ (ရောမ ၁၆:၅; ဖိလေမုန် ၁၊ ၂) ယေဟောဝါသက်သေများသည် ဤပုံနမူနာအတိုင်းလိုက်ကြသည်။ သူတို့၏အစည်းအဝေးအားလုံးကို တက်ရောက်ပါရန် သင့်အား ဖော်ရွေပျူငှာစွာ ဖိတ်ခေါ်ပါသည်။

၇။ ခရစ်ယာန်အစည်းအဝေးများကို မှန်မှန်တက်ရောက်ခြင်းသည် အသိပညာနှင့်ယုံကြည်ခြင်းတို့နှင့် အဘယ်သို့ဆက်နွှယ်လျက်ရှိသနည်း။

၇ ကိုယ်ပိုင်လေ့လာခြင်းအားဖြင့် ကျမ်းစာအကြောင်း သင်အတော်အတန်သိရှိပြီး ဖြစ်ကောင်းဖြစ်မည်။ သင့်အား တစ်ယောက်ယောက်က အကူအညီပေးခဲ့၍လည်း ဖြစ်ကောင်းဖြစ်မည်။ (တမန်တော် ၈:၃၀-၃၅) သို့သော် ကောင်းစွာပြုစုခြင်းမခံရလျှင် ညှိုးနွမ်း၍သေတတ်သည့် အပင်တစ်ပင်နှင့် သင့်ယုံကြည်ခြင်းကိုပုံခိုင်းနိုင်သည်။ ထို့ကြောင့်၊ သင့်တင့်လျောက်ပတ်သော ဝိညာဏအာဟာရကို သင်ရရှိရန်လိုသည်။ (၁ တိမောသေ ၄:၆) ခရစ်ယာန်အစည်းအဝေးများသည် သင့်ကိုဝိညာဉ်ရေးအရ အာဟာရကျွေးမွေးရန်၊ ဘုရားသခင်အားသိကျွမ်းခြင်းပညာ၌ တိုးတက်ခြင်းနှင့်အတူယုံကြည်ခြင်း၌လည်း ဆက်လက်တိုးပွားအောင် အထောက်အကူပြုရန်အတွက် စဉ်ဆက်မပြတ်သွန်သင်ပေးသည့် အစီအစဉ်တစ်ရပ်ဖြစ်ပေသည်။—ကောလောသဲ ၁:၉၊ ၁၀။

၈။ ယေဟောဝါသက်သေများ၏ အစည်းအဝေးများကိုတက်ရောက်ရန် ကျွန်ုပ်တို့ကို အဘယ်ကြောင့်အားပေးထားသနည်း။

၈ အစည်းအဝေးများသည် အရေးပါသောအခြားရည်ရွယ်ချက်တစ်ခုကို ပြီးမြောက်စေသည်။ ပေါလုက “မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှာလည်းကောင်း၊ တိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍၊ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှုကြကုန်အံ့။ . . . အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်” ဟုရေးသားထားသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) “တိုက်တွန်းနှိုးဆော်” ဟုပြန်ဆိုသည့် ဂရိစကားလုံးသည် “ထက်စေသည်” ဟူ၍လည်း အဓိပ္ပာယ်ထွက်နိုင်သည်။ ကျမ်းစာစကားပုံတစ်ခုက “သံကိုသံဖြင့်ထက်စေသကဲ့သို့ လူသည် အဆွေခင်ပွန်း၏မျက်နှာကို ထက်စေတတ်၏” ဟုဆို၏။ (သု. ၂၇:၁၇) ကျွန်ုပ်တို့အားလုံးသည် အဆက်မပြတ် ‘ထက်နေ’ ရန်လိုသည်။ လောကမှ နေ့စဉ်သက်ရောက်သည့် ဖိအားများသည် ယုံကြည်ခြင်းကိုတုံးစေနိုင်သည်။ ခရစ်ယာန်အစည်းအဝေးများကို တက်ရောက်သည့်အခါ အပြန်အလှန် အားပေးမှုပြုနိုင်ကြသည်။ (ရောမ ၁:၁၁၊ ၁၂) အသင်းသားများသည် “အချင်းချင်းတိုက်တွန်း၍ တစ်ယောက်ကိုတစ်ယောက် တည်ဆောက်ကြလော့” ဟူသော ပေါလု၏ဆုံးမစကားအတိုင်း လိုက်နာသည်၊ ဤသို့ဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်း ထက်လာသည်။ (၁ သက်သာလောနိတ် ၅:၁၁) ခရစ်ယာန်အစည်းအဝေးများကို မှန်မှန်တက်ရောက်ခြင်းဖြင့် ဘုရားသခင်ကိုချစ်ကြောင်း ပြသနိုင်သည့်ပြင် ကိုယ်တော်အားချီးမွမ်းသည့် အခွင့်အရေးလည်းရရှိနိုင်သည်။—ဆာလံ ၃၅:၁၈။

“မေတ္တာတရားကို ဝတ်ဆင်ကြလော့”

၉။ မေတ္တာပြသခြင်းကိစ္စတွင် ယေဟောဝါက အဘယ်သို့စံနမူနာပြတော်မူသနည်း။

၉ ပေါလုက “စုံလင်ခြင်းအဖွဲ့အနှောင်တည်းဟူသော မေတ္တာတရားကို ဝတ်ဆင်ကြလော့” ဟူ၍ရေးသားခဲ့သည်။ (ကောလောသဲ ၃:၁၄၊ သမ) ယေဟောဝါသည် ကျွန်ုပ်တို့အဖို့ ၎င်းအဝတ်အစားကို ကြင်နာစွာပြင်ဆင်ပေးထားတော်မူ၏။ အဘယ်နည်းအားဖြင့်နည်း။ မေတ္တာသည် ယေဟောဝါ၏ သန့်ရှင်းသောဝိညာဉ်တော်ဆိုင်ရာ ဘုရားပေးအသီးတစ်ခုဖြစ်သောကြောင့် မေတ္တာကိုခရစ်ယာန်များ ပြသနိုင်ကြသည်။ (ဂလာတိ ၅:၂၂၊ ၂၃) ယေဟောဝါကိုယ်တော်တိုင်က ကျွန်ုပ်တို့ ထာဝရအသက်ကိုရစိမ့်သောငှာ တစ်ပါးတည်းသောသားတော်ကို စေလွှတ်ခြင်းအားဖြင့် အကြီးမြတ်ဆုံးမေတ္တာကို ပြသတော်မူခဲ့သည်။ (ယောဟန် ၃:၁၆) မေတ္တာတရားဆိုင်ရာ ဤပြောင်မြောက်သောပြသမှုသည် ၎င်းအရည်အချင်းကို ကျွန်ုပ်တို့ပြသရာ၌ လိုက်နာအပ်သောစံနမူနာတော် ဖြစ်ပေသည်။ “ဘုရားသခင်သည် ငါတို့ကို ဤမျှလောက်ချစ်တော်မူသည်မှန်လျှင်၊ ငါတို့သည်လည်း အချင်းချင်းချစ်ရကြမည်” ဟုတမန်တော်ယောဟန်က ရေးသားသည်။—၁ ယောဟန် ၄:၁၁။

၁၀။ “ညီအစ်ကိုအသင်းအပင်း တစ်ရပ်လုံး” ထံမှ ကျွန်ုပ်တို့ အဘယ်သို့ အကျိုးကျေးဇူး ရယူနိုင်သနည်း။

၁၀ နိုင်ငံတော်ခန်းမတွင် အစည်းအဝေးတက်ရောက်ခြင်းအားဖြင့် မေတ္တာပြသနိုင်သည့် အကောင်းဆုံးအခွင့်အရေးကို သင်ရရှိနိုင်သည်။ ထိုတွင် လူအမျိုးမျိုးအဖုံဖုံနှင့် သင်တွေ့ဆုံရမည်။ ထိုသူတို့ထဲမှ အများကိုသင်ချက်ချင်းခင်မင်သွားမည်မှာ ယုံမှားစရာမရှိပါ။ ယေဟောဝါအားဝတ်ပြုသူတို့၌ စရိုက်လက္ခဏာချင်းကွဲပြားသည်မှာ ဆိုဖွယ်မရှိပါ။ ယခင်က သင်သည်ဝါသနာချင်း၊ စရိုက်ချင်းမတူသူတို့ကို ရှောင်ရှားခဲ့ပေမည်။ သို့သော် ခရစ်ယာန်တို့သည် “ညီအစ်ကိုအသင်းအပင်း တစ်ရပ်လုံး ကို ချစ်” ရကြမည်။ (၁ ပေတရု ၂:၁၇၊ ကဘ) ထို့ကြောင့် နိုင်ငံတော်ခန်းမ၌ရောက်ရှိသူတို့သည် သင်နှင့်အသက်အရွယ်ချင်း၊ စရိုက်လက္ခဏာချင်း၊ လူမျိုးချင်း၊ ပညာအဆင့်အတန်းချင်း မတူစေကာမူသူတို့ကို သိကျွမ်းအောင်ပန်းတိုင်ထားပါ။ တစ်ဦးစီ၌ချစ်စရာကောင်းသောအရည်အချင်းတစ်မျိုးမျိုး ထူးချွန်သာလွန်သည်ကို တွေ့ရှိရပေမည်။

၁၁။ ယေဟောဝါ၏လူမျိုးတော်ဘောင်တွင် စရိုက်လက္ခဏာအမျိုးမျိုးအဖုံဖုံ ကွဲပြားနေခြင်းအတွက် အဘယ်ကြောင့် စိတ်အနှောင့်အယှက်မဖြစ်သင့်သနည်း။

၁၁ အသင်းတော်အတွင်း စရိုက်လက္ခဏာအမျိုးမျိုးအဖုံဖုံ ကွဲပြားနေခြင်းက သင့်အဖို့စိတ်အနှောင့်အယှက် မဖြစ်စေသင့်ပါ။ သာဓကပြရသော် လမ်းမကြီးတစ်ခုပေါ်၌ သင့်ဘေးတွင် ကားကြီးကားငယ်အသွယ်သွယ် ဖြတ်သန်းမောင်းနှင်လျက်ရှိသည်ဟု စိတ်ကူးကြည့်လိုက်ပါ။ ထိုကားအားလုံးသည် တူညီသောအမြန်နှုန်းဖြင့် ရွေ့ရှားနေခြင်းမဟုတ်သကဲ့သို့ စက်အခြေအနေချင်းလည်း မတူညီကြပေ။ အချို့သည် မိုင်ပေါင်းများစွာ ခရီးမောင်းနှင်ပြီးဖြစ်သည်၊ အချို့မှာ သင်ကဲ့သို့ပင် မောင်းနှင်ခါစသာရှိသည်။ သို့သော်ဤသို့ကွဲပြားခြားနားနေစေကာမူ အားလုံးသည် လမ်းမကြီးအတိုင်း မောင်းနှင်သွားနေကြသည်။ အသင်းတော်တစ်ခုအဖြစ် ဖွဲ့စည်းထားသူတို့မှာလည်း ထိုနည်းနှင်နှင်ပင်ဖြစ်သည်။ အသင်းသားအားလုံးသည် တူညီသောနှုန်းဖြင့် ခရစ်ယာန်အရည်အချင်းများကို မွေးမြူကြသည်မဟုတ်။ ၎င်းပြင် အားလုံး၌တူညီသော ကာယရေး သို့မဟုတ် စိတ်လှုပ်ရှားမှုဆိုင်ရာ အခြေအနေမျိုးမရှိကြချေ။ အချို့သည် ယေဟောဝါကိုကိုးကွယ်လာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သော်လည်း အချို့မှာမူယခုမှစတင်ကိုးကွယ်လာကြသည်။ သို့ပင်ငြားလည်း အားလုံးတို့သည် “တစ်စိတ်တစ်သဘောတည်းဖြင့် စည်းလုံး” လျက် ထာဝရအသက်ရှင်ရာလမ်းအတိုင်း တစ်ခရီးတည်းသွားနေကြသည်။ (၁ ကောရိန္သု ၁:၁၀၊ သတင်းကောင်း) သို့ဖြစ်သောကြောင့်၊ အသင်းတော်ထဲ၌ရှိသောသူတို့၏ အားနည်းချက်များကိုမကြည့်ဘဲ အားသာချက်များကိုကြည့်ပါ။ ဤသို့ပြုလျှင် သင့်စိတ်နှလုံးနွေးထွေးလိမ့်မည်၊ အကြောင်းမှာ ဤလူမျိုးအတွင်း၌ ဘုရားသခင် အမှန်ရှိကြောင်း သင်သိမြင်လာမည်ဖြစ်သောကြောင့်တည်း။ ဤနေရာမျိုးသည် သင်ရောက်လိုသောနေရာ ဧကန်မုချဖြစ်ပေသည်။—၁ ကောရိန္သု၁၄:၂၅။

၁၂၊ ၁၃။ (က) အသင်းတော်ထဲမှ တစ်ယောက်ယောက်က သင့်ကိုပြစ်မှားမိပါက ဘာလုပ်နိုင်သနည်း။ (ခ) စိတ်ထဲ၌အမျက်မသိုရန် အဘယ်ကြောင့်အရေးကြီးသနည်း။

၁၂ လူအားလုံးသည် မစုံလင်သူများဖြစ်ကြရကား တစ်ခါတစ်ရံ အသင်းတော်ထဲမှ တစ်ဦးဦးက သင်စိတ်အနှောင့်အယှက်ဖြစ်အောင် တစ်ခုခုပြောမိ၊ လုပ်မိပေမည်။ (ရောမ ၃:၂၃) တပည့်တော်ယာကုပ်က “ငါတို့ရှိသမျှသည် အများအားဖြင့် မှားတတ်ကြ၏။ စကားအားဖြင့် မှားခြင်းမရှိသောသူမည်သည်ကား စုံလင်သောသူဖြစ်၏” ဟူ၍အမှန်အတိုင်း ရေးသားခဲ့သည်။ (ယာကုပ် ၃:၂) တစ်ဦးဦးက သင့်ကိုပြစ်မှားမိပါက သင်မည်သို့တုံ့ပြန်မည်နည်း။ ကျမ်းစာစကားပုံတစ်ခုက “သတိပညာ [“ထိုးထွင်းသိမှု၊” ကဘ] ရှိသူသည် အမျက်ထွက်ရန် နှောင့်နှေးတတ်၏။ လွန်ကျူးမှုကို ဖြေလွှတ်ခွင့်လည်း သူ၏ဂုဏ်ဖြစ်၏” ဟူ၍ဆိုသည်။ (သု. ၁၉:၁၁၊ သမ) ထိုးထွင်းသိမှုရှိသည်ဆိုရာ၌ အခြေအနေတစ်ရပ်ကို အတွင်းကျကျကြည့်သည်၊ လူတစ်ဦးအား တစ်မျိုးတစ်ဖုံပြောဆိုပြုမူစေရန် ဖန်တီးသည့် အခြေခံအကြောင်းတရားများကို သိမြင်နားလည်သည်ဟု အဓိပ္ပာယ်ရှိသည်။ ကျွန်ုပ်တို့အများစုသည် ကိုယ်တိုင်၏အမှားများကို ခွင့်လွှတ်ရန်အတွက် ထိုးထွင်းသိမှုများစွာ သုံးတတ်ကြသည်။ တစ်ပါးသူ၏မစုံလင်မှုများကို နားလည်သဘောပေါက်ပြီး ဖုံးအုပ်ရန်အတွက်လည်း ထိုးထွင်းသိမှုကို အသုံးမပြုသင့်ပေလော။—မဿဲ ၇:၁-၅; ကောလောသဲ ၃:၁၃။

၁၃ ကျွန်ုပ်တို့ကိုယ်တိုင် ယေဟောဝါ၏ခွင့်လွှတ်ခြင်းကို ရယူလိုသော် အခြားသူတို့ကို ခွင့်လွှတ်ရမည်ကို မမေ့ပါနှင့်။ (မဿဲ ၆:၉၊ ၁၂၊ ၁၄၊ ၁၅) ကျွန်ုပ်တို့သည် အမှန်တရားအတိုင်း ကျင့်ကြံအားထုတ်နေပါက အခြားသူတို့ကို မေတ္တာရှိစွာဆက်ဆံကြပေမည်။ (၁ ယောဟန် ၁:၆၊ ၇; ၃:၁၄-၁၆; ၄:၂၀၊ ၂၁) ထို့ကြောင့်၊ အသင်းတော်ထဲမှ ပုဂ္ဂိုလ်တစ်ဦးဦးနှင့် ပြဿနာတက်ခဲ့သည်ရှိသော် စိတ်ထဲ၌အမျက်မသိုထားပါနှင့်။ သင်သည် မေတ္တာတရားကို ဝတ်ဆင်ထားသည်ရှိသော် ပြဿနာကိုပြေလည်အောင် ကြိုးစားဖြေရှင်းမည်ဖြစ်သည့်ပြင် မိမိဘက်က ပြစ်မှားမိခဲ့လျှင်လည်း ဝန်ချတောင်းပန်ရန် ဝန်လေးမည်မဟုတ်ပေ။—မဿဲ ၅:၂၃၊ ၂၄; ၁၈:၁၅-၁၇။

၁၄။ အဘယ်အရည်အချင်းများကို ကျွန်ုပ်တို့ဝတ်ဆင်သင့်သနည်း။

၁၄ ကျွန်ုပ်တို့၏ ဝိညာဏအဝတ်အစားတွင် မေတ္တာနှင့် ဆက်နွှယ်နေသည့် အခြားအရည်အချင်းများလည်း ပါဝင်စေသင့်သည်။ “သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်ကြလော့” ဟုပေါလုကရေးသားခဲ့သည်။ မေတ္တာဖြင့်လွှမ်းခြုံထားသည့် ဤစရိုက်တို့သည် ဘုရားရေးရာ “ဥပဓိရုပ်သစ်” ၏တစ်စိတ်တစ်ပိုင်းဖြစ်ကြသည်။ (ကောလောသဲ ၃:၁၀၊ ၁၂၊ ကဘ) ဤနည်းအတိုင်းဝတ်ဆင်ရန် သင်ကြိုးပမ်းမည်လော။ အထူးသဖြင့် ညီနောင်ရင်းချာမေတ္တာ ဝတ်ဆင်ထားမည်ဆိုလျှင် သင်၌ ယေရှု၏တပည့်တော်နှင့်ဆိုင်သော အမှတ်အသားရှိပေလိမ့်မည်။ အကြောင်းမှာ ယေရှုက “သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်” ဟုမိန့်တော်မူခဲ့၍ဖြစ်သည်။—ယောဟန် ၁၃:၃၅။

လုံခြုံသောနေရာ

၁၅။ အသင်းတော်သည် ကွန်းခိုရာတစ်ခုနှင့် အဘယ်သို့တူသနည်း။

၁၅ အသင်းတော်သည် လုံခြုံမှုခံစားချက်ပေးနိုင်သော ကွန်းခိုရာ၊ အကာအကွယ်ပေးသည့်ခိုလှုံရာလည်း ဖြစ်ပေသည်။ အသင်းတော်အတွင်း၌ ဘုရားသခင့်အမြင်အရ မှန်ရာကိုပြုလုပ်ရန် အားထုတ်ကြသည့် စိတ်နှလုံးရိုးဖြောင့်သူများကို သင်တွေ့ရပေမည်။ ၎င်းတို့အနက် အများသောသူတို့သည် အောင်နိုင်ရန်သင်နပမ်းလုံးနေရဖွယ်ရှိသည့် အကျင့်ဓလေ့မျိုးနှင့် စိတ်သဘောထားမျိုးကို ဖယ်ရှားပစ်ခဲ့ကြသည်။ (တိတု ၃:၃) “ထမ်းရွက်စရာဝန်တို့ကို အချင်းချင်းကူညီ၍ထမ်းရွက်” ရန်ကျွန်ုပ်တို့မှာကြားခြင်းခံရသောကြောင့် သင့်ကိုသူတို့အကူအညီပေးကြမည်။ (ဂလာတိ ၆:၂) သို့သော် ထာဝရအသက်ရစေသည့်လမ်းစဉ်ကို လိုက်သည့်ကိစ္စမှာ အဆုံးတွင် သင်ကိုယ်တိုင်၏တာဝန်သာဖြစ်ပေသည်။ (ဂလာတိ ၆:၅; ဖိလိပ္ပိ ၂:၁၂) သို့တစေ ယေဟောဝါသည် အလွန်ကောင်းသော အထောက်အမနှင့် အားထားရာအဖြစ် ခရစ်ယာန်အသင်းတော်ကို ပြင်ဆင်ပေးထား၏။ သင့်ပြဿနာ မည်မျှပင်စိတ်ပျက်စရာဖြစ်စေကာမူ သင်အချိန်မရွေးရယူနိုင်သည့် အထောက်အမတစ်ခုရှိပါသည်။ ၎င်းမှာ ဒုက္ခကာလများတွင် သင့်ဘက်၌မားမားမတ်မတ်ရပ်တည်မည့် မေတ္တာပြည့်ဝသည့် အသင်းတော်ပင်ဖြစ်သည်။—လုကာ ၁၀:၂၉-၃၇; တမန်တော် ၂၀:၃၅ နှိုင်းယှဉ်။

၁၆။ အသင်းတော်အကြီးအကဲများသည် အဘယ်အကူအညီများ ပေးကြသနည်း။

၁၆ သင့်ကိုအထောက်အကူ ပေးနိုင်မည့်သူတို့တွင် “လူတို့တွင်ဆုလာဘ်များ” တည်းဟူသော သိုးတော်စုကို စေတနာနှင့်စိတ်အားထက်သန်စွာ ထိန်းကျောင်းကြသည့် ခန့်အပ်ခံအသင်းတော်အကြီးအကဲများ၊ သို့မဟုတ် ကြီးကြပ်မှူးများပါဝင်ကြသည်။ (ဧဖက် ၄:၈၊ ၁၁၊ ၁၂; တမန်တော် ၂၀:၂၈; ၁ ပေတရု ၅:၂၊ ၃) သူတို့အကြောင်းနှင့်ပတ်သက်၍ ဟေရှာယက ဤသို့ပရောဖက်ပြုထားသည်– “ထိုမင်းတို့သည် လေလုံ၍မိုးသက်မုန်တိုင်း ကွယ်ရာအရပ်ကဲ့သို့လည်းကောင်း၊ သွေ့ခြောက်သောမြေ၌စီးသော ချောင်းရေကဲ့သို့လည်းကောင်း၊ နေပူသောအရပ်၌ ကျောက်လုံးကြီးအရိပ်ကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။”—ဟေရှာယ ၃၂:၂။

၁၇။ (က) အဘယ်သို့သောအကူအညီမျိုးကို ယေရှုအထူးပေးလိုတော်မူသနည်း။ (ခ) လူမျိုးတော်အဖို့ အဘယ်သို့သောပြင်ဆင်မှုကို ပြုလုပ်ပေးမည်ဟု ဘုရားသခင်ကတိထားတော်မူသနည်း။

၁၇ ကမ္ဘာပေါ် ယေရှုသက်တော်ထင်ရှားရှိစဉ်က ဘာသာရေးခေါင်းဆောင်များ၏ မေတ္တာဖြင့်စောင့်ကြပ်ကြည့်ရှုမှုမှာ ဝမ်းနည်းစရာကောင်းလောက်အောင် ကင်းမဲ့ခဲ့သည်။ လူထု၏အခြေအနေကိုကြည့်၍ ကိုယ်တော်အလွန်ကရုဏာသက်မိသဖြင့် ဝိညာဉ်ရေးအရ သူတို့ကိုကူညီမစရန် အထူးပင် လိုလားတော်မူ၏။ “ထိုသူတို့သည် ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲပစ်ထားသော သိုးကဲ့သို့ဖြစ်ကြ” သောကြောင့် သူတို့ကိုယေရှုသနားတော်မူ၏။ (မဿဲ ၉:၃၆) ဤအဖြစ်က ယခုခေတ်မှ စိတ်ညစ်စရာပြဿနာသောင်းခြောက်ထောင်နှင့် ရင်ဆိုင်လျက် ဝိညာဉ်ရေးအထောက်အမနှင့် နှစ်သိမ့်အားပေးမှုအတွက် အကူအညီပေးမည့်သူမရှိဖြစ်နေကြသည့် လူအများ၏အခြေအနေကို ပီပြင်စွာသရုပ်ဖော်ပြသည်။ သို့သော် ယေဟောဝါ၏လူမျိုးတော်မူကား ဝိညာဉ်ရေးအထောက်အမများရရှိကြသည်။ အကြောင်းမှာ ကိုယ်တော်ဤသို့ကတိပြုထားတော်မူ၏– “ထိန်းကျောင်းသောသိုးထိန်းတို့ကိုလည်း သူတို့အပေါ်တွင် ငါခန့်ထားသဖြင့်၊ နောက်တစ်ဖန်ကြောက်ရွံ့ ခြင်း၊ ထိတ်လန့်ခြင်း၊ ပျောက်ဆုံးခြင်းမရှိရကြ။”—ယေရမိ ၂၃:၄၊ သမ္မာ။

၁၈။ ဝိညာဉ်ရေးအကူအညီ လိုအပ်ခဲ့သည်ရှိသော် အကြီးအကဲတစ်ဦးထံ အဘယ်ကြောင့်ချဉ်းကပ်သင့်သနည်း။

၁၈ အသင်းတော်ရှိ ခန့်အပ်ခံအကြီးအကဲများကို သိကျွမ်းအောင်ကြိုးစားပါ။ သူတို့သည် ကျမ်းစာတွင်ချမှတ်ထားသည့် ကြီးကြပ်မှူးများဆိုင်ရာ အရည်အချင်းများကို ပြည့်မီကြသောကြောင့် ဘုရားသခင်အားသိကျွမ်းခြင်းပညာကို လက်တွေ့အသုံးချရာ၌ အတွေ့အကြုံများစွာရှိကြသည်။ (၁ တိမောသေ ၃:၁-၇; တိတု ၁:၅-၉) ဘုရားသခင့်သတ်မှတ်ချက်များနှင့် ဆန့်ကျင်သည့်အကျင့်၊ သို့မဟုတ် ဓလေ့တစ်ခုခုကို အောင်နိုင်ရေးအတွက် ဝိညာဉ်ရေးအကူအညီ လိုအပ်ခဲ့သည်ရှိသော် အကြီးအကဲတစ်ဦးဦးထံ ချဉ်းကပ်အကူအညီတောင်းရန် ဝန်မလေးပါနှင့်။ “စိတ်ငယ်သောသူတို့ကို အားပေးကြလော့။ အားနည်းသောသူတို့ကို ထောက်မကြလော့။ ခပ်သိမ်းသောသူတို့အား ရှည်သောစိတ်ရှိစေကြလော့” ဟူသော ပေါလု၏သတိပေးစကားကို အကြီးအကဲများ လိုက်နာကြကြောင်း သင်တွေ့ရပေမည်။—၁ သက်သာလောနိတ် ၂:၇၊ ၈; ၅:၁၄။

ယေဟောဝါ၏လူမျိုးတော်နှင့်အတူ လုံခြုံစွာနေလော့

၁၉။ အဖွဲ့အစည်းတော်အတွင်း လုံခြုံမှုရှာသူတို့အပေါ် ယေဟောဝါ အဘယ်ကောင်းချီးမင်္ဂလာ သွန်းလောင်းတော်မူသနည်း။

၁၉ ယခုအခါ ကျွန်ုပ်တို့သည် မစုံလင်သောအခြေအနေများ၌ အသက်ရှင်နေရလင့်ကစား ယေဟောဝါသည် ကျွန်ုပ်တို့အဖို့ ဝိညာဏစားစရာ၊ ဝတ်စရာ၊ နေစရာများကိုပြင်ဆင်ပေးတော်မူ၏။ ရုပ်ပိုင်းဆိုင်ရာပရဒိသု၏ အကျိုးကျေးဇူးများကိုခံစားရန် ဘုရားသခင့်ကတိထားရာကမ္ဘာသစ်ကို ကျွန်ုပ်တို့စောင့်ရမည်မှာဆိုဖွယ်မရှိ။ သို့သော် ယေဟောဝါ၏အဖွဲ့အစည်းတော်အဝင်ဖြစ်သူတို့သည် ယခုပစ္စက္ခအချိန်တွင် ဝိညာဏပရဒိသုတစ်ခု၏လုံခြုံမှုကို မွေ့လျော်ခံစားလျက်ရှိကြသည်။ သူတို့အကြောင်းနှင့်စပ်လျဉ်း၍ ယေဇကျေလက ဤသို့ပရောဖက်ပြုထားသည်– “နောက်တစ်ဖန် လူမျိုးခြားတို့သည် မလုမယူရကြ။ ပြည်သားရဲတို့လည်း မကိုက်မစားရကြ။ ခြိမ်းခြောက်သူမရှိဘဲ၊ လုံခြုံစွာနေရကြလိမ့်မည်။”—ယေဇကျေလ ၃၄:၂၈၊ သမ္မာ; ဆာလံ ၄:၈။

၂၀။ ယေဟောဝါအားကိုးကွယ်ခြင်းအတွက် ကျွန်ုပ်တို့အနစ်နာခံစွန့်လွှတ်ခဲ့ရဖွယ်ရှိသည့် မည်သည့်အရာအတွက်မဆို ကိုယ်တော်အဘယ်သို့ ရင်းစားပေးတော်မူမည်နည်း။

၂၀ ယေဟောဝါသည် မိမိ၏နှုတ်ကပါဌ်တော်နှင့် အဖွဲ့အစည်းတော်အားဖြင့် မေတ္တာပြည့်ဝသည့်ပြင်ဆင်မှုများ ပြုလုပ်ပေးသည့်အတွက် ကျွန်ုပ်တို့မည်မျှကျေးဇူးတင် ချီးမွမ်းထိုက်သည်တကား! ဘုရားသခင့်လူမျိုးတော်နှင့် ရင်းရင်းနှီးနှီးပေါင်းသင်းပါ။ ဘုရားသခင်အားသိကျွမ်းခြင်းပညာကို ဆည်းပူးသည့်အတွက် မိတ်ဆွေများ၊ ဆွေမျိုးများ မည်သို့ထင်မြင်မည်ကို စိုးကြောက်သောကြောင့် နောက်မဆုတ်လိုက်ပါနှင့်။ သင်သည် ယေဟောဝါသက်သေများနှင့်ပေါင်း၍ ဘုရားသခင့်နိုင်ငံတော်ခန်းမ၌ စည်းဝေးတက်ရောက်သည့်အတွက် အချို့သဘောမကျဘဲရှိကောင်းရှိမည်။ သို့သော်လည်း ဘုရားသခင်အား ကိုးကွယ်သည့်အတွက် သင်အနစ်နာခံစွန့်လွှတ်သော မည်သည့်အရာအတွက်မဆို ကိုယ်တော်ရက်ရောစွာ ရင်းစားပေးတော်မူမည်။ (မာလခိ ၃:၁၀) ထိုမျှမက ယေရှုက “အကြင်သူသည် ငါ့ကြောင့်လည်းကောင်း၊ ဧဝံဂေလိတရားကြောင့်လည်းကောင်း အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တစ်ပါးပါးကိုစွန့်၏၊ ထိုသူသည် အဆတစ်ရာသောအကျိုးတည်းဟူသော ယခုကာလ၌ ညှဉ်းဆဲခြင်းနှင့်တကွ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ အမိ၊ သားသမီးတို့ကိုလည်းကောင်း၊ နောင်ဘဝ၌ ထာဝရအသက်ကိုလည်းကောင်း ခံရလတ္တံ့” ဟူ၍မိန့်တော်မူ၏။ (မာကု ၁၀:၂၉၊ ၃၀) မှန်ပါသည်၊ သင်မည်သည့်အရာကိုပင် စွန့်ခဲ့ရစွန့်ခဲ့ရ၊ မည်သည့်ဒုက္ခကိုပင် ခံရခံရ သင်သည် ဘုရားသခင့်လူမျိုးတော်ဘောင်တွင် ကြည်နူးဖွယ်ကောင်းသောပေါင်းဖက်မှုနှင့် ဝိညာဏလုံခြုံမှုတို့ကို တွေ့ရှိနိုင်ပေသည်။

သင်၏အသိပညာကို စစ်ဆေးခြင်း

“သစ္စာနှင့်သတိပညာရှိသောကျွန်” ကား မည်သူနည်း။

ကျွန်ုပ်တို့အား ဝိညာဉ်ရေးအရကျွေးမွေးရန် အဘယ်ပြင်ဆင်မှုကို ယေဟောဝါပြုလုပ်ထားတော်မူသနည်း။

ခရစ်ယာန်အသင်းတော်အတွင်းရှိသူတို့သည် ကျွန်ုပ်တို့ကို အဘယ်သို့အကူအညီပေးနိုင်ကြသနည်း။

[စာမျက်နှာ ၁၆၅ ပါ ရုပ်ပုံ]

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ