ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ပက စာ. ၁၇-စာ. ၂၀ ပိုဒ်. ၃
  • သင့်မှတ်ဉာဏ်ကို တိုးတက်စေနိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်မှတ်ဉာဏ်ကို တိုးတက်စေနိုင်
  • သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စိတ်ဝင်စားမှုရှိပါ
  • ပြန်လည်သုံးသပ်ရန်အချိန်ယူပါ
  • အရေးကြီးသောအရာများပေါ် တွေးတောဆင်ခြင်ပါ
  • ဘုရားသခင့်ဝိညာဉ်တော်၏အခန်းကဏ္ဍ
  • ‘သင်တို့သည် မမေ့မလျော့ရ’
  • မည်သို့ဖတ်၍ မှတ်မိနိုင်ပုံ
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုခြင်းမှ အကျိုးခံစားခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ဖတ်ရှုခြင်းတွင် လုံ့လထုတ်ပါ
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ဘုရားရေးရာကိစ္စတွေကို ဆက်တွေးတောဆင်ခြင်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
ပက စာ. ၁၇-စာ. ၂၀ ပိုဒ်. ၃

သင့်မှတ်ဉာဏ်ကို တိုးတက်စေနိုင်

ယေဟောဝါဘုရားသခင်သည် လူ့ဦးနှောက်ကို အံ့ချီးဖွယ်မှတ်ဉာဏ်စွမ်းရည်ဖြင့် ဖန်ဆင်းတော်မူခဲ့သည်။ ထည့်သွင်းထားသောတန်ဖိုးရှိအရာများကို ပျောက်မသွားစေဘဲ ပြန်ထုတ်သုံးနိုင်သည့် သိုလှောင်ရုံအဖြစ် ယင်းကို ကိုယ်တော်ပုံစံပြုခဲ့သည်။ ဦးနှောက်၏ဒီဇိုင်းသည် လူသားတို့အား ထာဝစဉ်အသက်ရှင်စေမည့် ဘုရားသခင့်ရည်ရွယ်ချက်နှင့် ကိုက်ညီသည်။—ဆာ. ၁၃၉:၁၄; ယော. ၁၇:၃။

သို့ရာတွင် သင့်စိတ်ထဲထည့်သည့်အရာ အများအပြား ပျောက်ဆုံးသွားသည်ဟု သင်ခံစားရပေမည်။ ၎င်းကို သင်လိုအပ်သည့်အချိန်၌ ရှိပုံမပေါ်ပေ။ သင့်မှတ်ဉာဏ်ကို တိုးတက်စေရန် ဘာလုပ်နိုင်သနည်း။

စိတ်ဝင်စားမှုရှိပါ

စိတ်ဝင်စားမှုသည် မှတ်ဉာဏ်တိုးတက်မှုတွင် အရေးကြီးသောအချက်တစ်ချက်ဖြစ်သည်။ အကယ်၍ ကျွန်ုပ်တို့သည် မိမိပတ်ဝန်းကျင်ရှိ လူများနှင့် ဖြစ်ပျက်နေသည်များကို အကဲခတ်တတ်၊ စိတ်ဝင်စားတတ်သည့်အကျင့်တစ်ခုကို မွေးယူမည်ဆိုလျှင် ကျွန်ုပ်တို့၏ဦးနှောက်သည် လှုံ့ဆော်ခံရလေသည်။ သို့နှင့် ရေရှည်တန်ဖိုးရှိသည့်အရာတစ်ခုကို ဖတ်မိ၊ ကြားမိသည့်အခါ အလားတူစိတ်ဝင်စားမှုနှင့်တုံ့ပြန်ရန် ကျွန်ုပ်တို့အတွက် ပို၍လွယ်ကူလာစေမည်။

လူတစ်ဦးအဖို့ လူတို့၏အမည်များကို မှတ်မိရန်အခက်တွေ့ခြင်းမှာ အဆန်းမဟုတ်ပေ။ သို့တိုင်၊ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် ခရစ်ယာန်ချင်းများ၊ မိမိတို့သက်သေခံသူများနှင့် ဘဝ၏ လိုအပ်သည့်ကိစ္စဝိစ္စများဆောင်ရွက်စဉ် မိမိတို့ဆက်ဆံရသည့်အခြားသူများသည် အရေးပါကြောင်းကိုသိကြသည်။ ကျွန်ုပ်တို့အမှန်တကယ် မှတ်မိသင့်သည့်အမည်များကို မှတ်မိစေရန် အဘယ်အရာက ထောက်ကူပေးနိုင်သနည်း။ တမန်တော်ပေါလုသည် သူစာရေးသည့် အသင်းတော်တစ်ခုတွင်ရှိသူများအနက် ၂၆ ယောက်သောလူများကို အမည်နှင့်တကွ ရေးသားထားသည်။ ပေါလုသည် သူတို့၏အမည်များလောက်ကိုသာ သိခြင်းမကဘဲ သူတို့ထဲမှအများအပြားနှင့်ပတ်သက်သည့် ထူးခြားသည့် အသေးစိတ်အချက်အလက်များကိုပါ ဖော်ပြခြင်းကိုထောက်လျှင် သူတို့ကို စိတ်ဝင်စားမှုရှိကြောင်းပြသည်။ (ရော. ၁၆:၃-၁၆) ယနေ့ခေတ် ယေဟောဝါသက်သေများ၏ နယ်လှည့်ကြီးကြပ်မှူးအချို့တို့သည် ပတ်စဉ် အသင်းတော်တစ်ခုပြီးတစ်ခုသို့ ပြောင်းရွှေ့သွားသော်လည်း အမည်များကိုမှတ်ရာတွင် မှတ်ဉာဏ်အလွန်ကောင်းကြသည်။ သူတို့ကို အဘယ်အရာကကူညီသနည်း။ ဦးဆုံး သူတို့အတူတကွစကားပြောဆိုသောအခါ လူတစ်ဦး၏အမည်ကို ကြိမ်ဖန်များစွာ အသုံးပြုသည့်အကျင့်ပါနေရန် ကျင့်ယူပေမည်။ လူတစ်ဦး၏အမည်နှင့် သူ့မျက်နှာကိုတွဲမိရန် သူတို့ကြိုးပမ်းကြသည်။ ထို့အပြင် သူတို့သည် အချိန်ယူ၍ လူအသီးသီးတို့နှင့်အတူ လယ်ကွင်းဓမ္မအမှုတွင်ပါဝင်ကြ၊ အတူတကွအစာစားသုံးကြသည်။ တစ်ဦးတစ်ယောက်နှင့် သင်တွေ့ဆုံသည့်အခါ ထိုသူ၏အမည်ကို သင်မှတ်ထားမည်လော။ အမည်ကိုမှတ်ထားရန်အတွက် ခိုင်လုံသောအကြောင်းရင်းတစ်ခုထားရှိခြင်းဖြင့် စတင်ပါ; ထို့နောက် အထက်ဖော်ပြပါ အကြံပြုချက်များမှအချို့ကို စမ်းသုံးကြည့်ပါ။

သင်ဖတ်ရှုသည့်အရာကိုမှတ်မိခြင်းသည်လည်း အရေးကြီးသည်။ ယင်းနှင့်စပ်လျဉ်း၍ တိုးတက်ရန် အဘယ်အရာက သင့်ကို အထောက်အကူပြုနိုင်သနည်း။ စိတ်ဝင်စားမှုနှင့် နားလည်သဘောပေါက်မှု နှစ်ခုစလုံးက ထောက်ကူပေးနိုင်၏။ သင်ဖတ်နေသည့်အရာတွင် သင့်အာရုံကိုလုံးလုံးစုစည်းထားရန် ယင်းကို လုံလောက်သောစိတ်ဝင်စားမှုရှိဖို့ လိုအပ်သည်။ ကြိုးစားဖတ်ရှုနေစဉ် သင့်စိတ်တခြားရောက်နေပါက အချက်အလက်များကို သင်စွဲမှတ်မည် မဟုတ်ချေ။ အချက်အလက်များကို သင်နှင့်ရင်းနှီးသည့်အရာများ သို့မဟုတ် သင်၌ရှိထားသည့်အသိပညာနှင့် ဆက်စပ်ကြည့်သည့်အခါ နားလည်သဘောပေါက်မှု တိုးတက်လာလေသည်။ ‘မိမိဘဝတွင် ဤအချက်အလက်များကို မည်သို့နှင့်အဘယ်အချိန်တွင် အသုံးပြုနိုင်မည်နည်း။ အခြားသူတစ်ဦးတစ်ယောက်အားကူညီရန် ယင်းကို မည်သို့အသုံးပြုနိုင်မည်နည်း’ ဟုသင့်ကိုယ်သင်မေးပါ။ စကားလုံးများကို တစ်လုံးချင်းဖတ်မည့်အစား စကားစုလိုက်ဖတ်ပါက နားလည်သဘောပေါက်မှုသည်လည်း တိုးတက်လာသည်။ သင်သည် အယူအဆများကို ပို၍လွယ်လင့်တကူ သဘောပေါက်လာပြီး အဓိကသဘောတရားများကို ခွဲခြားတတ်လာမည်ဖြစ်ရာ သို့နှင့် မှတ်မိရန်ပို၍လွယ်ကူလာသည်။

ပြန်လည်သုံးသပ်ရန်အချိန်ယူပါ

ပညာရေးနယ်ပယ်အတွင်းရှိ ကျွမ်းကျင်သူများက ပြန်လည်သုံးသပ်ခြင်း၏တန်ဖိုးကို အလေးပေးပြောကြသည်။ လေ့လာမှုတစ်ခုတွင် ကောလိပ်ပါမောက္ခတစ်ဦးက ချက်ချင်းပြန်လည်သုံးသပ်မှုတွင် တစ်မိနစ်သုံးခြင်းသည် အချက်အလက်ပမာဏကို နှစ်ဆစွဲမှတ်စေကြောင်း ပြသခဲ့သည်။ ထို့ကြောင့် သင့်ဖတ်ရှုမှုပြီးသွားသည်နှင့်—သို့မဟုတ် ယင်းဖတ်ရှုမှု၏ အဓိကအပိုင်းအချို့ပြီးသွားသည်နှင့် ယင်းတို့ကို စိတ်ထဲစွဲမှတ်သွားနိုင်ရန် အဓိကအယူအဆများကို စိတ်ထဲမှပြန်သုံးသပ်ပါ။ သင်ယူခဲ့သည့် မည်သည့်အချက်အလက်သစ်များမဆို မိမိကိုယ်ပိုင်စကားဖြင့် သင်မည်သို့ရှင်းပြမည်ကို စဉ်းစားပါ။ အယူအဆတစ်ခုကို သင်ဖတ်ရှုခဲ့ပြီးသည်နှင့် သင့်မှတ်ဉာဏ်ကို ပြန်သုံးသပ်လန်းဆန်းစေခြင်းဖြင့် သင်သည် ထိုအချက်အား စွဲမှတ်ထားနိုင်သည့်အချိန်ကို တိုး၍ကြာရှည်စေမည်။

ထို့နောက် နောက်ရက်အနည်းငယ်တွင် အခြားသူတစ်ဦးကို ဤအချက်အလက် ဝေမျှခြင်းဖြင့် သင်ဖတ်ရှုသည့်အရာကို ပြန်လည်သုံးသပ်ရန် အခွင့်အလမ်းရှာကြံပါ။ မိသားစုဝင်တစ်ယောက်၊ အသင်းတော်ရှိတစ်ဦးတစ်ယောက်၊ လုပ်ဖော်ဆောင်ဖက်တစ်ယောက်၊ ကျောင်းနေဖက်တစ်ယောက်၊ အိမ်နီးချင်း သို့မဟုတ် လယ်ကွင်းဓမ္မအမှုတွင် သင်တွေ့ဆုံသည့်တစ်ဦးတစ်ယောက်နှင့် ထိုသို့ပြုလုပ်နိုင်ပေမည်။ သော့ချက်များကိုသာမက ယင်းတို့နှင့်ဆက်နွှယ်အသုံးပြုနေသည့် ကျမ်းစာဆိုင်ရာကျိုးကြောင်းဆင်ခြင်မှုကိုလည်း ထပ်မံပြောပြရန်ကြိုးစားပါ။ ယင်းကိုပြုလုပ်ခြင်းက သင့်အားအကျိုးဖြစ်စေမည်၊ သင့်မှတ်ဉာဏ်တွင် အရေးကြီးသောအရာများ စွဲမှတ်နေစေရန် ကူညီပေးမည်; အခြားသူများကိုလည်း အကျိုးဖြစ်စေမည်။

အရေးကြီးသောအရာများပေါ် တွေးတောဆင်ခြင်ပါ

သင်ဖတ်ရှုခဲ့သည့်အရာကိုပြန်လည်သုံးသပ်ခြင်းနှင့် ယင်းကို အခြားသူများအားပြောပြခြင်းအပြင် သင်သိရှိပြီးသည့် အရေးကြီးသောအရာများကို တွေးတောဆင်ခြင်ခြင်းက အကျိုးဖြစ်ထွန်းသည်ကို သင်တွေ့ရမည်။ ကျမ်းရေးသူများဖြစ်သော အာသပ်နှင့်ဒါဝိဒ်တို့ ထိုသို့ပင်ပြုခဲ့ကြသည်။ အာသပ်ကဤသို့ဆိုသည်– “ထာဝရဘုရား၏ အမှုတော်တို့ကိုအောက်မေ့ပါမည်။ ရှေးကာလ၌ ကိုယ်တော်ပြုဖူးသောအံ့သြဖွယ်တို့ကို အောက်မေ့ပါမည်။ ပြုတော်မူသမျှတို့ကို ဆင်ခြင်၍ စီရင်တော်မူသောအရာတို့ကို မြွက်ဆိုပါမည်။” (ဆာ. ၇၇:၁၁၊ ၁၂) အလားတူ ဒါဝိဒ်ကလည်း “ညယံတို့၌ ကိုယ်တော်ကိုဆင်ခြင်လျက်နေ . . . မည်” နှင့် “ရှေးလွန်လေပြီးသောကာလကို အောက်မေ့၍၊ အလုံးစုံသောအမှုတော်တို့ကို . . . ဆင်ခြင်ပါ၏” ဟုရေးသားခဲ့သည်။ (ဆာ. ၆၃:၅; ၁၄၃:၅) ထိုသို့သင်ပြုလုပ်သလော။

ယေဟောဝါ၏အမှုတော်များ၊ ကိုယ်တော်၏အရည်အသွေးများနှင့် ကိုယ်တော့်အလိုတော်ဖော်ပြချက်များပေါ် တွေးတောဆင်ခြင်သည့် ထိုသို့သောနက်ရှိုင်းစူးစိုက်ထားသည့် တွေးတောမှုသည် အချက်များကိုစွဲမှတ်ရန် အကူအညီရခြင်းထက်မက ပို၍တာသွားသည်။ ထိုသို့တွေးတောမှုမျိုးကို အကျင့်ပါအောင် သင်ပြုလုပ်ပါက သင့်နှလုံးတွင်အရေးပါသောအရာများကို အမှန်ပင်စွဲမှတ်သွားစေပေလိမ့်မည်။ ယင်းက သင်၏အတွင်းလူကို ပုံသွင်းပေးမည်။ မှတ်သားထားရာများသည် သင်၏အတွင်းအကျဆုံးသော တွေးခေါ်မှုများကို ကိုယ်စားပြုမည်။—ဆာ. ၁၁၉:၁၆။

ဘုရားသခင့်ဝိညာဉ်တော်၏အခန်းကဏ္ဍ

ယေဟောဝါ၏လုပ်ဆောင်ချက်များနှင့် ပတ်သက်သည့် အမှန်တရားများနှင့် ခရစ်တော်ယေရှုမိန့်မှာခဲ့သည့်အရာများကို မှတ်မိရန်ကြိုးစားသည့်အခါ ကျွန်ုပ်တို့ချည်း ပစ်ထားမခံရပါ။ ယေရှုသည် သူမသေဆုံးမီညတွင် နောက်တော်လိုက်များအား ဤသို့ပြောခဲ့သည်– “ငါသည်သင်တို့နှင့်အတူရှိစဉ်တွင် ဤစကားကိုပြောခဲ့ပြီ။ ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော ဥပဇ္စျယ်ဆရာ [“အထောက်အမ၊” ကဘ] တည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသောစကားတို့ကို မှတ်မိသောဉာဏ်ကို သင်တို့အားပေးတော်မူမည်။” (ယော. ၁၄:၂၅၊ ၂၆) သူတို့အလယ်တွင် မဿဲနှင့်ယောဟန်တို့ ရှိခဲ့ကြသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့အတွက် အထောက်အမတစ်ခုဖြစ်ကြောင်း ပြသခဲ့ပါသလော။ အမှန်ပင်ပြသခဲ့ပါသည်! ရှစ်နှစ်ခန့်ကြာပြီးနောက် မဿဲသည် တောင်ပေါ်ဒေသနာ၊ ခရစ်တော်ရောက်ရှိနေခြင်းနှင့် အစီအစဉ်စနစ်၏ဆုံးခန်းဆိုင်ရာ အသေးစိတ်နိမိတ်ကဲ့သို့သော အဖိုးမဖြတ်နိုင်သည့် အမှတ်ရဖွယ်ရာများအပါအဝင် ဦးဆုံးသော ခရစ်တော်၏ ဘဝမှတ်တမ်းအသေးစိတ်ကို ရေးသားပြီးစီးခဲ့သည်။ ယေရှုသေဆုံးပြီးနောက် ခြောက်ဆယ့်ငါးနှစ်အကြာတွင် တမန်တော်ယောဟန်သည် ကိုယ်တော့်အသက်ကိုမပေးဆပ်မီ သခင်နှင့်အတူ တမန်တော်များရှိခဲ့သည့် နောက်ဆုံးသောညတွင် ယေရှုပြောခဲ့သည့် အသေးစိတ်အချက်အလက်များအပါအဝင် မိမိ၏ခရစ်ဝင်ကျမ်းကို ရေးသားခဲ့သည်။ မဿဲနှင့်ယောဟန်တို့နှစ်ဦးစလုံး ယေရှုနှင့်အတူရှိစဉ် ကိုယ်တော်ပြောခဲ့လုပ်ခဲ့သည့်အရာများကို ကောင်းကောင်းမှတ်ထားခဲ့သည်မှာသေချာသည်၊ သို့သော် ကိုယ်တော့် အရေးအသားနှုတ်ကပါဌ်တော်တွင် ယေဟောဝါအလိုရှိသည့် အရေးကြီးသော အသေးစိတ်အကြောင်းအရာများကို သူတို့မမေ့ကြကြောင်းသေချာစေရန် သန့်ရှင်းသောဝိညာဉ်တော်သည် အဓိကအပိုင်းမှ တာဝန်ယူခဲ့သည်။

သန့်ရှင်းသောဝိညာဉ်တော်သည် ယနေ့ဘုရားသခင့်ကျေးကျွန်များအတွက် အထောက်အမအဖြစ် လုပ်ဆောင်ပါသလော။ အမှန်လုပ်ဆောင်ပါသည်! သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့တစ်ခါမျှ မသိခဲ့ဖူးသည့်အရာများကို ကျွန်ုပ်တို့၏စိတ်ထဲသို့ ထည့်သွင်းပေးမည်မဟုတ်သည်မှာ မှန်ပေသည်၊ သို့သော် ကျွန်ုပ်တို့ယခင်ကလေ့လာခဲ့သော အရေးကြီးသည့်အရာများကို ကျွန်ုပ်တို့၏စိတ်ထဲတွင် ပြန်ပေါ်လာစေရန် အထောက်အမကဲ့သို့ လုပ်ဆောင်ပါသည်။ (လု. ၁၁:၁၃; ၁ ယော. ၅:၁၄) သို့နှင့် လိုအပ်လာချိန်တွင် ‘သန့်ရှင်းသောပရောဖက်တို့ . . . အထက်ကဟောပြောသောစကားများကိုလည်းကောင်း၊ ကယ်တင်တော်မူသောအရှင်သခင်ဘုရား၏ . . . ပညတ်တို့ကိုလည်းကောင်း၊ . . . အောက်မေ့’ ရန် ကျွန်ုပ်တို့၏ စဉ်းစားဉာဏ်များကို လှုံ့ဆော်ပေးသည်။—၂ ပေ. ၃:၁၊ ၂။

‘သင်တို့သည် မမေ့မလျော့ရ’

ယေဟောဝါသည် ဣသရေလလူတို့အား ထပ်တလဲဤသို့သတိပေးသည်– ‘သင်တို့သည် မမေ့မလျော့ရ။’ ယင်းက ကိုယ်တော်သည် သူတို့အား အရာရာတိုင်းကို တစ်ခုမကျန်မှတ်မိရန် မျှော်လင့်သည်မဟုတ်ပါ။ သို့သော် သူတို့သည် မိမိတို့မှတ်သားထားသည့် ယေဟောဝါ၏ပြုမူဆက်ဆံပုံများကို နောက်တွင်ထားလိုက်သည်အထိ ကိုယ်ရေးကိုယ်တာလိုက်စားမှုများတွင် အလွန်အမင်းနှစ်မြှုပ်မထားရန်ဖြစ်သည်။ အီဂျစ်ပြည်မှသားဦးအားလုံးတို့ကို ယေဟောဝါ၏ကောင်းကင်တမန် ကွပ်မျက်ခဲ့ချိန်အပြင် ပင်လယ်နီကို ယေဟောဝါ လမ်းကြောင်းဖွင့်ပေးပြီးနောက် ပြန်လမ်းပိတ်လိုက်ကာ ဖာရောနှင့်သူ၏စစ်တပ်ကို ရေနစ်သေစေသည့်အခါ သူတို့အားယေဟောဝါ၏ကယ်နုတ်ခြင်း အမှတ်ရဖွယ်ရာများကို သူတို့သည် ဆက်၍အသက်ဝင်နေစေရမည်ဖြစ်သည်။ ဣသရေလလူမျိုးတို့သည် သိနာတောင်၌ ဘုရားသခင်ပေးခဲ့သည့် ကိုယ်တော့်ပညတ်နှင့် တောကန္တာရတစ်လျှောက်နှင့် ကတိထားရာပြည်တော်သို့ သူတို့အား ကိုယ်တော်ဦးဆောင်ခဲ့သည်များကို ပြန်အမှတ်ရကြရမည်ဖြစ်သည်။ သူတို့၏နေ့စဉ်အသက်တာအပေါ် ဤမှတ်သားထားရာများက ဆက်၍ နက်နက်ရှိုင်းရှိုင်း အကျိုးသက်ရောက်နေစေရမည့်သဘောဖြင့် သူတို့မမေ့ကြဖို့ဖြစ်သည်။—တရား. ၄:၉၊ ၁၀; ၈:၁၀-၁၈; ထွ. ၁၂:၂၄-၂၇; ဆာ. ၁၃၆:၁၅။

ကျွန်ုပ်တို့လည်း မမေ့လျော့ရန်ဂရုစိုက်သင့်သည်။ ဘဝ၏ဖိစီးမှုများကို ကျွန်ုပ်တို့ရင်ဆိုင်ကျော်လွှားရင်း ယေဟောဝါသည် မည်သို့သောပုဂ္ဂိုလ်မျိုးဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့ထာဝစဉ်စုံလင်သည့်အသက်ရရန် ကျွန်ုပ်တို့အပြစ်များအတွက် ရွေးနုတ်ဖိုးပေးခဲ့သည့် ကိုယ်တော့်သားတော်ကို ပေးအပ်မှုတွင် မေတ္တာတော်ထင်ရှားပြခဲ့ပုံတို့ကို စိတ်ထဲတွင်ထားကာ ကိုယ်တော်ကိုသတိရဖို့လိုသည်။ (ဆာ. ၁၀၃:၂၊ ၈; ၁၀၆:၇၊ ၁၃; ယော. ၃:၁၆; ရော. ၆:၂၃) ကျမ်းစာမှန်မှန်ဖတ်ရှုခြင်း၊ အသင်းတော်အစည်းအဝေးများနှင့် လယ်ကွင်းဓမ္မအမှုတွင် တက်ကြွစွာပါဝင်ခြင်းတို့က ဤအဖိုးမဖြတ်နိုင်သည့်အမှန်တရားများကို ကျွန်ုပ်တို့တွင်ရှင်သန်နေစေမည်။

ဆုံးဖြတ်ချက်ကြီးကြီးငယ်ငယ်ချစရာများနှင့် ရင်ဆိုင်ရသည့်အခါ ဤအရေးကြီးသည့်အမှန်တရားများကို ပြန်သတိရပြီး ၎င်းတို့ကို သင့်စဉ်းစားတွေးတောမှုတွင် ဩဇာသက်ရောက်စေပါ။ မမေ့လျော့ပါနှင့်။ လမ်းညွှန်မှုအတွက် ယေဟောဝါကိုမျှော်ကိုးပါ။ ကိစ္စရပ်များကို အသွေးအသားရှုထောင့်ဖြင့်သာကြည့်ခြင်း သို့မဟုတ် မစုံလင်သည့်နှလုံးမှ ရုတ်တရက်စေ့ဆော်မှုကို ယုံစားခြင်းသာပြုမည့်အစား ‘ဘုရားသခင့်နှုတ်ကပါဌ်တော်မှ အကြံပြုချက်နှင့်မူများက ကျွန်ုပ်၏ဆုံးဖြတ်ချက်အပေါ် အဘယ်အကျိုးသက်ရောက်စေသင့်သနည်း’ ဟုကိုယ့်ကိုယ်ကိုမေးပါ။ (သု. ၃:၅-၇; ၂၈:၂၆) သင်တစ်ခါမျှ မဖတ်ဖူးမကြားဖူးသောအရာများကို ပြန်အမှတ်ရနိုင်မည်မဟုတ်ပေ။ သို့သော် သင်သည် တိကျမှန်ကန်သည့်အသိပညာတွင်တိုးလာပြီး ယေဟောဝါကိုချစ်မြတ်နိုးလာသည်နှင့်အမျှ သင်သတိရစေရန် ဘုရားသခင့်ဝိညာဉ်တော်က ကူညီပေးနိုင်သည့် အသိပညာသိုလှောင်ရုံသည် ကြီးမားလာမည်ဖြစ်ပြီး ယေဟောဝါအပေါ် သင့်ကြီးထွားလာသောမေတ္တာက ယင်းနှင့်အညီလုပ်ဆောင်ရန် သင့်အားလှုံ့ဆော်ပေးမည်။

သင်ဖတ်ရှုသည့်အရာကို မှတ်နိုင်စွမ်း တိုးတက်စေနိုင်ပုံ

  • ကျမ်းပိုဒ်တစ်ပိုဒ်ကိုဖတ်ရှုပြီးနောက် ‘ငါအခုဖတ်ခဲ့ရာရဲ့အဓိကအချက်ကဘာလဲ’ ဟုကိုယ့်ကိုယ်ကိုမေးပါ။ အကယ်၍ အဓိကသော့ချက်ကို ပြန်မမှတ်မိနိုင်ပါက ပြန်ကြည့်ပြီး အကြောင်းအရာထဲတွင် ယင်းကို ရှာဖွေပါ

  • အခန်းကြီးတစ်ခန်းလုံး သို့မဟုတ် ဆောင်းပါးတစ်ပုဒ်လုံးကို သင်ဖတ်ပြီးသောအခါ သင့်ကိုယ်သင်ပြန်စစ်ဆေးပါ။ အဓိကအချက်များအားလုံးကို စာရင်းပြုစုပါ။ ၎င်းတို့သည် စိတ်ထဲတွင် အဆင်သင့်မပေါ်လာပါက သင်ဖတ်ခဲ့သည့်အရာကို ပြန်ကြည့်ပြီး သုံးသပ်ပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ