ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ပက သင်ခန်းစာ ၃၈ စာ. ၂၁၅-စာ. ၂၁၉ ပိုဒ်. ၃
  • စိတ်ဝင်စားမှု နှိုးဆွသောနိဒါန်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိတ်ဝင်စားမှု နှိုးဆွသောနိဒါန်း
  • သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ထိရောက်သောနိဒါန်းများ
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ထိရောက်တဲ့နိဒါန်း
    ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
  • သိအပ်သောအကြောင်းအရာ၊ ရှင်းလင်းစွာတင်ပြခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • သင့်ပရိသတ်အတွက် သိမှတ်ဖွယ်
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
ပက သင်ခန်းစာ ၃၈ စာ. ၂၁၅-စာ. ၂၁၉ ပိုဒ်. ၃

သင်ခန်းစာ ၃၈

စိတ်ဝင်စားမှု နှိုးဆွသောနိဒါန်း

သင်ဘာပြုလုပ်ဖို့ လိုအပ်သနည်း။

သင်၏အဖွင့်ဝါကျများတွင် ပရိသတ်၏စိတ်ဝင်စားမှုကိုရရှိစေမည့်၊ သင့်ရည်ရွယ်ချက်ကို တိုက်ရိုက် ပေါက်မြောက်အောင်မြင်စေနိုင်မည့် သက်ဆိုင်ရာတစ်ခုခုကို စပြောပါ။

ယင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။

သင်၏နိဒါန်းက လူအချို့ နားထောင်မည်၊ မထောင်မည်၊ သူတို့ မည်မျှအာရုံစိုက်ကြမည်ကို အဆုံးအဖြတ်ပေးပေမည်။

နိဒါန်းသည် အဘယ်ဟောပြောချက်အတွက်မဆို အရေးပါသောအပိုင်းတစ်ခုဖြစ်သည်။ အကယ်၍ သင်သည် ပရိသတ်၏စိတ်ဝင်စားမှုကို အမှန်တကယ် နှိုးဆွပေးပါက ဆက်လက်တင်ပြမည့်အရာတို့ကို သူတို့ ပို၍အာရုံစူးစိုက်လိုစိတ်ရှိမည်။ လယ်ကွင်းဓမ္မအမှုတွင် သင်၏နိဒါန်းက စိတ်ဝင်စားမှုကို နှိုးဆွပေးရန် ပျက်ကွက်မည်ဆိုလျှင် သင့်တင်ဆက်မှုကို ဆက်လက်လုပ်ဆောင်နိုင်တော့မည် မဟုတ်ချေ။ နိုင်ငံတော်ခန်းမ၌ ဟောပြောချက်ပေးသည့်အခါတွင် ပရိသတ်၏စိတ်ဝင်စားမှုကို သင်မဖမ်းစားထားနိုင်လျှင် ခန်းမမှ သူတို့ထွက်ခွာသွားကြမည်မဟုတ်သော်လည်း တခြားအရာများကို စတင်တွေးတောကြပေမည်။

သင်၏နိဒါန်းကို ပြင်ဆင်သည့်အခါ အောက်ပါ ရည်မှန်းချက်များကို စိတ်တွင်မှတ်သားပါ– (၁) ပရိသတ်၏အာရုံစူးစိုက်မှုကို ရရှိခြင်း၊ (၂) သင့်အကြောင်းအရာကို ရှင်းလင်းစွာ ဖော်ပြခြင်းနှင့် (၃) အကြောင်းအရာသည် ပရိသတ်အတွက် အဘယ်ကြောင့် အရေးကြီးကြောင်း ပြသခြင်း။ အခြေအနေအချို့တွင် ထိုရည်မှန်းချက်သုံးရပ်ကို တစ်ပြိုင်တည်းနီးပါး ကြိုးပမ်းရရှိနိုင်မည်။ သို့ရာတွင် တစ်ခါတစ်ရံ ယင်းတို့ကို သီးခြားစီအာရုံစိုက်ပေးနိုင်ပြီး ရှေ့နောက်အစီအစဉ်မှာလည်း ကွဲပြားခြားနားနိုင်ပေသည်။

ပရိသတ်၏အာရုံစူးစိုက်မှုရရှိနိုင်ပုံ။ ဟောပြောချက်ကိုကြားနာရန် လူတို့စုဝေးလာကြသည့်အချက်က သူတို့သည် အကြောင်းအရာကို လုံးလုံးလျားလျားအာရုံစူးစိုက်ရန် အဆင်သင့်ဖြစ်နေကြသည်ဟု အဓိပ္ပာယ်မထွက်ပါ။ အဘယ်ကြောင့်နည်း။ သူတို့အသက်တာတွင် မိမိတို့၏အာရုံစိုက်မှုကို အနှောင့်အယှက်ဖြစ်စေသည့် အရာများစွာဖြင့် ပြည့်နှက်နေသောကြောင့်ဖြစ်သည်။ သူတို့သည် အိမ်တွင်းပြဿနာတစ်ခု သို့မဟုတ် အခြား ဘဝ၏ပူပန်စရာတစ်ခုခုနှင့် သောကရောက်နေပေမည်။ ဟောပြောသူတစ်ဦးအနေနှင့် ရင်ဆိုင်နေရသည့်စိန်ခေါ်ချက်မှာ ပရိသတ်၏အာရုံကို ဖမ်းစားထားကာ ဆက်ထိန်းထားရန်ဖြစ်သည်။ ယင်းကို သင်လုပ်ဆောင်နိုင်သည့်နည်းလမ်း တစ်ခုထက်မကရှိပါသည်။

ပေးခဲ့ဖူးသမျှသော ဟောပြောချက်များတွင် အကျော်ကြားဆုံးဟောပြောချက်မှာ တောင်ပေါ်ဒေသနာဖြစ်သည်။ ယင်းကို မည်သို့နိဒါန်းပျိုးခဲ့သနည်း။ လုကာ၏မှတ်တမ်းအရ ယေရှုဤသို့ဆိုသည်– “ဆင်းရဲသောသင်တို့သည် မင်္ဂလာရှိကြ [“ပျော်ရွှင်၊” ကဘ] ၏၊ . . . ငတ်မွတ်သောသင်တို့သည် မင်္ဂလာရှိကြ [“ပျော်ရွှင်၊” ကဘ] ၏၊ . . . ငိုကြွေးသောသင်တို့သည် မင်္ဂလာရှိကြ [“ပျော်ရွှင်၊” ကဘ] ၏၊ . . . သူတစ်ပါးတို့သည် လူသားကြောင့် သင်တို့ကိုမုန်းသောအခါ . . . မင်္ဂလာရှိကြ [“ပျော်ရွှင်၊” ကဘ] ၏။” (လု. ၆:၂၀-၂၂) ထိုအရာက စိတ်ဝင်စားမှုကို အဘယ်ကြောင့် နှိုးဆွပေးခဲ့သနည်း။ စကားလုံးအနည်းငယ်ဖြင့် ယေရှုသည် မိမိ၏နားထောင်သူများ ရင်ဆိုင်ကြရသည့် ကြီးလေးသည့်ပြဿနာအချို့ကို အသိအမှတ်ပြုခဲ့သည်။ ထို့နောက် ပြဿနာများကို ရှည်ရှည်ဝေးဝေး ဆွေးနွေးနေမည့်အစား ထိုကဲ့သို့သောပြဿနာများရှိကြသူတို့သည် ပျော်ရွှင်နိုင်ကြဆဲဖြစ်သည်ဟု ကိုယ်တော်ပြသခဲ့သည်၊ ယင်းကို မိမိအားနားထောင်သူများ ပို၍ကြားနာလာချင်စေသည့်နည်းဖြင့် ဟောပြောခဲ့သည်။

စိတ်ဝင်စားမှုကို နှိုးဆွပေးရန် မေးခွန်းများကို ထိရောက်စွာအသုံးပြုနိုင်သော်လည်း ယင်းမေးခွန်းတို့သည် သင့်လျော်ရမည်။ သင်၏မေးခွန်းများက ယခင် ပရိသတ်ကြားခဲ့ပြီးသော အရာများကိုသာ ဟောပြောမည်ဖြစ်ကြောင်းကို ဖော်ညွှန်းလျှင် စိတ်ဝင်စားမှု လျင်မြန်စွာ လျော့နည်းသွားပေမည်။ ပရိသတ် စိတ်အနှောင့်အယှက်ဖြစ်စေသည့် သို့မဟုတ် မနှစ်မြို့ဖွယ်ရာအဖြစ် သူတို့အပေါ်သဘောသက်ရောက်စေသည့် မေးခွန်းများမမေးပါနှင့်။ သို့အစား၊ စဉ်းစားတွေးတောစေမည့်နည်းဖြင့် မေးခွန်းများကို သုံးနှုန်းရန် ကြိုးပမ်းပါ။ မေးခွန်းမေးတိုင်း ခေတ္တခဏရပ်တန့်ပေးခြင်းက သင်၏နားထောင်နေသူများသည် မိမိတို့စိတ်ထဲတွင် အဖြေကို အတိအကျပုံဖော်ချိန်ရသွားစေသည်။ သူတို့သည် သင်နှင့်အတူ စိတ်ချင်းအပြန်အလှန်စကားပြောနေကြောင်း ခံစားရသည့်အခါ သူတို့၏အာရုံစိုက်မှုကို သင်ရရှိပြီ။

တကယ့်အဖြစ်အပျက်ကို အသုံးပြုခြင်းသည် အာရုံစိုက်မှုကိုဖမ်းစားရန် နောက်ထပ်နည်းလမ်းကောင်းတစ်ခုဖြစ်သည်။ သို့သော် ထိုတွေ့ကြုံမှုသည် ပရိသတ်ရှိတစ်ဦးဦးကို စိတ်ကသိကအောက်ဖြစ်သွားစေမည်ဆိုလျှင် ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြရုံဖြင့် သင့်ရည်ရွယ်ချက် အောင်မြင်မည်မဟုတ်ပေ။ သင်ပြောပြသည့်ဇာတ်လမ်းကို မှတ်မိကြမည်ဖြစ်သော်လည်း ယင်းနှင့်ဒွန်တွဲပါလာသော သွန်သင်ချက်ကို မေ့လျော့သွားကြမည်ဆိုလျှင် သင့်ပစ်မှတ် လွဲချော်သွားပေပြီ။ တွေ့ကြုံမှုတစ်ခုကို နိဒါန်းတွင် အသုံးပြုသည့်အခါ ယင်းသည် သင့်ဟောပြောချက်ကိုယ်မ၏ အရေးပါသော ကဏ္ဍတစ်ခုခုအတွက် အုတ်မြစ်ချပေးစေသင့်သည်။ ဇာတ်လမ်းကို ကွက်ကွက်ကွင်းကွင်းဖြစ်စေရန် အသေးစိတ်အချက်အလက်တချို့ လိုအပ်ကောင်း လိုအပ်မည်ဖြစ်သော်လည်း တွေ့ကြုံမှုများကို မလိုအပ်ဘဲ ရှည်လျားထွေပြားခြင်း မပြုလုပ်ရန် ဂရုစိုက်ပါ။

ဟောပြောသူအချို့တို့သည် လတ်တလောသတင်းတစ်ပိုဒ်၊ ဒေသခံသတင်းစာမှကိုးကားချက်တစ်ချက် သို့မဟုတ် အသိအမှတ်ပြုအာဏာပိုင်တစ်ခုခုမှ ထုတ်ဖော်ပြောဆိုချက်တစ်ချက်တို့ဖြင့် ဟောပြောချက်ကို နိဒါန်းပျိုးတတ်ကြသည်။ အကြောင်းအရာနှင့် အမှန်ကိုက်ညီ၍ ပရိသတ်အတွက် သင့်တော်မည်ဆိုလျှင် ယင်းတို့သည်လည်း ထိရောက်နိုင်ပေသည်။

အကယ်၍ သင့်ဟောပြောချက်သည် အခန်းဆက်ဟောပြောချက်တစ်ခုဖြစ်မည် သို့မဟုတ် လုပ်ငန်းတော်အစည်းအဝေး၏ အပိုင်းတစ်ခုဖြစ်မည်ဆိုလျှင် များသောအားဖြင့် သင့်နိဒါန်းကို လိုရင်းတိုရှင်းဖြစ်စေက အကောင်းဆုံးဖြစ်သည်။ လူထုဟောပြောချက်ပေးမည်ဆိုပါက နိဒါန်းပိုင်းအတွက် သတ်မှတ်ထားသည့်အချိန်ကို မကျော်လွန်စေရန် ဂရုစိုက်ပါ။ ပရိသတ်အတွက် အကြီးမားဆုံးတန်ဖိုးဖြစ်စေသည့်အပိုင်းမှာ သတင်းအချက်အလက်ကို တင်ပြပေးမည့် ဟောပြောချက်၏ကိုယ်မဖြစ်သည်။

ရံဖန်ရံခါတွင် သင်သည် သံသယဝင်နေသော သို့မဟုတ် ရန်လိုသူပင်ဖြစ်ကောင်းဖြစ်မည့် ပရိသတ်တစ်ခုရှေ့ ဟောပြောနေရသည့်အဖြစ်မျိုး ကြုံတတ်ပေမည်။ ထိုသူတို့၏ အာရုံစူးစိုက်မှုကို သင်မည်သို့ရနိုင်ဖွယ်ရှိမည်နည်း။ “ဝိညာဉ်တော်နှင့်လည်းကောင်း၊ ပညာနှင့်လည်းကောင်းပြည့်စုံ” သူအဖြစ် ဖော်ပြထားသည့် အစောပိုင်းခရစ်ယာန်တစ်ဦးဖြစ်သူ သတေဖန်သည် ဂျူးဆဲန်ဟီဒရင်ရှေ့မှောက်သို့ အတင်းအဓမ္မ ခေါ်ဆောင်သွားခြင်းခံရသည်။ ထိုတွင် သူသည် ခရစ်ယာန်ဘာသာတရားဘက်မှ အဟောအပြောကောင်းစွာ ခုခံကာကွယ်ပြောဆိုခဲ့သည်။ သူမည်သို့နိဒါန်းပျိုးခဲ့သနည်း။ နှစ်ဦးနှစ်ဖက် သဘောတူလက်ခံသည့်အရာတစ်ခုခုကို ကိုးကား၍ ရိုသေလေးစားသောအသွင်ဖြင့် စတင်ခဲ့သည်။ “ညီအစ်ကိုအဘတို့ နားထောင်ကြပါလော့။ ဘုန်းကြီးတော်မူသောဘုရားသခင်သည် ငါတို့အဘအာဗြဟံ [ထံ] ထင်ရှားတော်မူ [၏]။” (တ. ၆:၃; ၇:၂) အေသင်ရှိ အာရေတောင်ပေါ်တွင် တမန်တော်ပေါလုသည် မိမိ၏နိဒါန်းကို အလွန်ကွဲပြားခြားနားသောပရိသတ်နှင့် လိုက်လျောညီထွေဖြစ်စေကာ ဤသို့ဆိုသည်– “အချင်းအာသင်လူတို့၊ သင်တို့သည် ခပ်သိမ်းသောအရာတို့၌ နတ်ဘုရားတို့ကို အလွန်ရိုသေတတ်ကြသည်ကို ငါမြင်ပါ၏။” (တ. ၁၇:၂၂) ထိရောက်သောနိဒါန်းများ၏ အကျိုးရလဒ်ကြောင့် ဖြစ်ရပ်နှစ်ခုစလုံးမှ ပရိသတ်များသည် ပို၍နားထောင်လိုစိတ်ရှိခဲ့ကြသည်။

သင်သည် လယ်ကွင်းဓမ္မအမှုတွင်ရှိသည့်အခါ သင်လည်း လူတို့၏အာရုံစူးစိုက်မှုကိုရရှိဖို့ လိုအပ်ပေသည်။ လည်ပတ်မှုကို ကြိုတင်မစီစဉ်ထားပါက အိမ်ရှင်သည် အခြားကိစ္စရပ်များနှင့် အလုပ်များနိုင်စရာအကြောင်းရှိသည်။ ကမ္ဘာ့ဒေသအချို့တွင် မဖိတ်ခေါ်ဘဲရောက်လာသည့် ဧည့်သည်များသည် မိမိတို့ လာလည်ပတ်ရသည့်အကြောင်းရင်းကို လျင်မြန်စွာ ပြောဆိုဖို့ လိုအပ်ပေသည်။ အခြားအရပ်တွင်မူ လည်ပတ်ရသည့်အကြောင်းရင်းကို သင်မပြောမီ တစ်စုံတစ်ရာသော ယဉ်ကျေးမှုဓလေ့ထုံးစံကိုလိုက်နာဖို့ လိုအပ်သည်။—လု. ၁၀:၅။

အဘယ်အခြေအနေတွင်ဖြစ်စေ စစ်မှန်သော ရင်းနှီးဖော်ရွေမှုက အကျိုးဖြစ်ထွန်းစေသော စကားလက်ဆုံပြောဆိုမှုဖြစ်စေသည့် ဝန်းကျင်တစ်ခုကို ဖန်တီးရန် ကူညီနိုင်ပေသည်။ ထိုသူ၏စိတ်တွင်ရှိသောအရာနှင့် တိုက်ရိုက်ဆက်နွှယ်သည့် အရာတစ်ခုခုဖြင့် စတင်ပါက အကျိုးဖြစ်ထွန်းလေ့ရှိသည်။ အဘယ်အရာ အသုံးပြုရမည်ကို သင်မည်သို့ ဆုံးဖြတ်နိုင်သနည်း။ သင်သည် လူတစ်ဦးထံချဉ်းကပ်သည့်အခါ အလုပ်တစ်မျိုးမျိုးတွင် ထိုသူပါဝင်လုပ်ဆောင်နေပါသလော။ ခြံစိုက်ပျိုးနေခြင်း၊ အိမ်ပတ်လည်ရှိ မြေကို ဂရုတစိုက်ပြုစုထားခြင်း၊ မော်တော်ကား ပြင်နေခြင်း၊ ချက်ပြုတ်နေခြင်း၊ လျှော်ဖွပ်နေခြင်း သို့မဟုတ် ကလေးများကို ပြုစုနေခြင်း စသည်တို့ကို ထိုသူပြုလုပ်နေနိုင်ဖွယ်ရှိမည်။ သတင်းစာတစ်စောင် သို့မဟုတ် လမ်းထဲ၌ လှုပ်ရှားမှုတစ်ခုကို ထိုသူကြည့်ရှုနေပါသလော။ သူ၏ဝန်းကျင်ရှိအရာများဖြစ်ကြသည့် ငါးမျှားခြင်း၊ အားကစား၊ တေးဂီတ၊ ခရီးသွားလာခြင်း၊ ကွန်ပျူတာများ သို့မဟုတ် အခြားအရာတစ်ခုခုတို့က အထူးစိတ်ဝင်စားစရာဖြစ်စေပါသလော။ လူတို့သည် မကြာသေးမီက ရေဒီယိုမှ ကြားခဲ့ရသည့်အရာ သို့မဟုတ် ရုပ်မြင်သံကြားတွင် တွေ့မြင်ခဲ့ရသည့်အရာတို့နှင့်ပတ်သက်၍ စိတ်ဝင်စားတတ်လေ့ရှိကြသည်။ ထိုသို့ ကိစ္စရပ်တစ်ခုခုနှင့်ပတ်သက်၍ မေးခွန်းတစ်ခု သို့မဟုတ် တိုတုတ်သောမှတ်ချက်တစ်ခုက ရင်းနှီးသောစကားလက်ဆုံပြောဖြစ်သွားပေမည်။

ရှုခါမြို့အနီး ရေတွင်းတစ်တွင်း၌ ရှမာရိအမျိုးသမီးတစ်ဦးနှင့် ယေရှုစကားပြောဆိုခဲ့သည့် အခါသမယသည် သက်သေခံရန်ရည်ရွယ်ချက်ဖြင့် စကားလက်ဆုံပြောဆိုမှု မည်သို့စတင်ပုံဆိုင်ရာ ထင်ရှားသောစံနမူနာတစ်ရပ်ဖြစ်သည်။—ယော. ၄:၅-၂၆။

သင်၏နိဒါန်းကို ဂရုတစိုက် သေချာစွာပြင်ဆင်ထားဖို့လိုအပ်သည်၊ အထူးသဖြင့် သင့်အသင်းတော်၏ မကြာခဏအမှုဆောင်သည့် ရပ်ကွက်တွင် ပိုလိုအပ်သည်။ သို့မဟုတ်လျှင် သင် သက်သေခံခွင့်ရနိုင်မည်မဟုတ်ချေ။

သင့်အကြောင်းအရာကို သတ်သတ်မှတ်မှတ်ဖော်ပြပါ။ ခရစ်ယာန်အသင်းတော်တွင် သဘာပတိ သို့မဟုတ် အစီအစဉ်တွင် သင့်ရှေ့အလျင်ရှိသူ တစ်ဦးတစ်ယောက်က များသောအားဖြင့် သင့်ကိုမိတ်ဆက်ပေးပြီး သင့်ဟောပြောချက်၏ခေါင်းစဉ်ကို ကြေညာပေးပေမည်။ သို့ရာတွင် နိဒါန်းမှတ်ချက်များပေးနေစဉ်အတွင်း သင့်အကြောင်းအရာကို ပရိသတ်အား ပြန်လည်နှိုးဆော်ပေးခြင်းသည် သင့်အတွက် အကျိုးဖြစ်ထွန်းစေနိုင်ပါသည်။ အဓိကအကြောင်းကို တစ်လုံးချင်းဖတ်ပြနိုင်သော်လည်း ထိုသို့လုပ်စရာမလိုချေ။ မည်သို့ပင်ဖြစ်စေ ဟောပြောချက်အဆင့်ဆင့်ဟောသွားသည်နှင့်အမျှ အဓိကအကြောင်းသည် တဖြည်းဖြည်း ပုံပေါ်လာသင့်သည်။ နိဒါန်းပျိုးရာတွင် သင့်အကြောင်းအရာအပေါ် တစ်နည်းနည်းဖြင့် အာရုံစိုက်စေသင့်သည်။

ဟောပြောဖို့ မိမိတပည့်တော်များကို စေလွှတ်လိုက်သောအခါ သူတို့ဟောပြောကြမည့် သတင်းတရားကို ယေရှု ရှင်းလင်းစွာ ခွဲခြားပြသပေးခဲ့သည်။ “သွားစဉ်တွင်၊ ‘ကောင်းကင်နိုင်ငံတော်တည်လုနည်းပြီ’ ဟု သတင်းကြားပြောကြလော့။” (မ. ၁၀:၇) ကျွန်ုပ်တို့ခေတ်နှင့်စပ်လျဉ်း၍ ယေရှုဤသို့မိန့်တော်မူခဲ့သည်– “နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို . . . ဟောရလိမ့်မည်။” (မ. ၂၄:၁၄) “နှုတ်ကပါဌ်တရားတော်ကို ဟောပြောရန်” ကျွန်ုပ်တို့တိုက်တွန်းခြင်းခံရသည်၊ ဆိုလိုသည်မှာ သက်သေခံရာတွင် သမ္မာကျမ်းစာကို စွဲကိုင်ရန်ဖြစ်သည်။ (၂ တိ. ၄:၂) သို့သော် ကျမ်းစာကို မဖွင့်ပြမီ သို့မဟုတ် နိုင်ငံတော်ကို အာရုံစိုက်ရန်မညွှန်ပြမီ လတ်တလောစိုးရိမ်မကင်းဖြစ်သည့် ကိစ္စအချို့ကို ခွဲခြားပြရန် လိုအပ်လေ့ရှိသည်။ ရာဇဝတ်မှု၊ အလုပ်လက်မဲ့၊ မတရားမှု၊ စစ်၊ လူငယ်များကို မည်သို့ကူညီနိုင်ပုံ၊ ဖျားနာမှု သို့မဟုတ် သေခြင်း စသည်တို့အပေါ် သင်မှတ်ချက်ပေးကောင်းပေးနိုင်ပါသည်။ သို့သော် စိတ်မချမ်းမြေ့ဖွယ် ကိစ္စရပ်များအပေါ် မကြာရှည်လွန်းပါနှင့်; သင့်သတင်းတရားသည် တည်ဆောက်မှုပေးသောသတင်းတရားဖြစ်သည်။ စကားလက်ဆုံပြောဆိုမှုကို ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့် နိုင်ငံတော်မျှော်လင့်ချက်ဆီသို့ ကြိုးစားဦးတည်ပေးပါ။

အကြောင်းအရာသည် ပရိသတ်အတွက် အဘယ်ကြောင့် အရေးကြီးကြောင်းပြပါ။ အသင်းတော်တွင် ဟောပြောမည်ဆိုပါက ယေဘုယျအားဖြင့် သင်ဆွေးနွေးသည့်အရာပေါ် ပရိသတ်စိတ်ဝင်စားမည်ကို အကျိုးသင့်အကြောင်းသင့်ရှိရှိ စိတ်ချနိုင်ပါသည်။ သို့ရာတွင် သူတို့သည် မိမိအမှန်ပင် ပါဝင်ပတ်သက်နေသည့်အရာတစ်ခုခုကို သင်ယူနေသည့်လူတစ်ဦးပမာ နားထောင်ကြမည်လော။ သူတို့ကြားနာရသည့်အရာသည် မိမိတို့၏ဘဝအခြေအနေနှင့်ကိုက်ညီသည်ဟု သိရှိသောကြောင့်နှင့် ယင်းနှင့်ပတ်သက်၍ တစ်ခုခုပြုလုပ်လိုစိတ်ဖြစ်လာအောင် သူတို့ထဲ သင်နှိုးဆွလိုက်သောကြောင့် သူတို့အာရုံစိုက်ကြမည်လော။ သင်သည် ဟောပြောချက်ပြင်ဆင်သည့်အခါ ပရိသတ်အတွက်—သူတို့၏အခြေအနေများ၊ စိုးရိမ်မှုများ၊ သဘောထားများ—သေသေချာချာ စဉ်းစားပေးမှသာလျှင် သူတို့အာရုံစိုက်ကြလိမ့်မည်။ ထိုသို့သင်ပြုခဲ့လျှင် ၎င်းကိုဖော်ပြသည့်အရာကို သင့်နိဒါန်းပိုင်းတွင် ထည့်ပြောပါ။

စင်မြင့်ပေါ်မှ ဟောပြောနေသည်ဖြစ်စေ၊ လူတစ်ဦးကို သက်သေခံနေသည်ဖြစ်စေ အကြောင်းတစ်ခုတွင် စိတ်ဝင်စားလာစေရန်နှိုးဆွပေးသည့် အကောင်းဆုံးနည်းလမ်းများမှတစ်ခုမှာ ပရိသတ်အား ပါဝင်ပတ်သက်စေခြင်းဖြစ်သည်။ သူတို့၏ပြဿနာများ၊ လိုအပ်ရာများ သို့မဟုတ် သူတို့၏စိတ်တွင်ရှိသည့်မေးခွန်းများက သင်ဆွေးနွေးနေသည့်အကြောင်းအရာနှင့် မည်သို့ဆက်စပ်နေကြောင်းကို ပြသပါ။ သင်သည် ယေဘုယျသဘောထက်မက ကိစ္စတစ်ရပ်၏ သတ်သတ်မှတ်မှတ်အပိုင်းများကို ဆွေးနွေးမည်ဖြစ်ကြောင်း ရှင်းလင်းစွာပြောပြလျှင် ပို၍ပင် အာရုံစူးစိုက်စွာ နားထောင်ကြပေမည်။ ထိုသို့လုပ်ဆောင်ရန် ကောင်းစွာပြင်ဆင်ရမည်။

သင်တင်ဆက်သည့်နည်း။ နိဒါန်းတွင် သင် အဘယ်အရာပြောဆိုခြင်းသည် အဓိကအရေးကြီးသောအချက်ဖြစ်သည်၊ သို့သော် သင်အဘယ်သို့ပြောဆိုပုံကလည်း စိတ်ဝင်စားမှုကို နှိုးဆွပေးနိုင်ပါသည်။ ထို့ကြောင့် ပြင်ဆင်မှုတွင် အဘယ်အရာအကြောင်း သင်ပြောဆိုမည်အပြင် အဘယ်သို့ပြောဆိုမည်ကိုလည်း ထည့်ပြင်ဆင်သင့်သည်။

သင့်ရည်မှန်းချက် အထမြောက်စေရန် စကားလုံးကိုရွေးချယ်ပြောဆိုခြင်းသည် အရေးကြီးသည်၊ ထို့ကြောင့် ပထမဝါကျနှစ်ကြောင်းသုံးကြောင်းကို အသေအချာပြင်ဆင်ခြင်းသည် အကျိုးရှိကြောင်း တွေ့ရပေမည်။ များသောအားဖြင့် တိုတိုတုတ်တုတ်နှင့် နားလည်ရလွယ်ကူသောဝါကျများသည် အကောင်းဆုံးဖြစ်သည်။ အသင်းတော်ဟောပြောချက်အတွက် သင့်အဖွင့်စကားများသည် ထိထိမိမိအကျိုးသက်ရောက်မှုရှိစေရန် သင့်မှတ်ချက်များတွင် ယင်းတို့ကိုရေးချထားလိုပေမည် သို့မဟုတ် အလွတ်ကျက်မှတ်ထားရန် ရွေးချယ်နိုင်ပေမည်။ ထိရောက်သောနိဒါန်းကို အလျင်စလိုမပြောခြင်းက ဟောပြောချက်၏ကျန်အပိုင်းကို ဟောပြောရန် လိုအပ်သည့်တည်ငြိမ်မှုရရှိရန် အထောက်အကူပြုနိုင်သည်။

ပြင်ဆင်ရမည့်အချိန်။ ဤအကြောင်းအရာနှင့်ပတ်သက်ပြီး ယူဆချက်များမှာ ကွဲပြားသည်။ ဟောပြောချက်ပြင်ဆင်ရာတွင် နိဒါန်းဖြင့်စတင်သင့်သည်ဟု အတွေ့အကြုံရှိဟောပြောသူတချို့ ယုံကြည်ကြသည်။ လူထုဟောပြောခြင်းကိုလေ့လာခဲ့ကြသည့် အခြားသူများမှာမူ ဟောပြောချက်ကိုယ်မကိုပြင်ပြီးနောက်မှ နိဒါန်းကို ပြင်ဆင်သင့်သည်ဟု ယူဆကြသည်။

သင့်တော်သောနိဒါန်းအသေးစိတ်ကို သင်မပြုလုပ်နိုင်မီ သင့်အကြောင်းအရာက အဘယ်အရာဖြစ်ပြီး အဘယ်အဓိကအချက်များကို အဆင့်ဆင့်ရှင်းလင်းရန် သင်စီစဉ်ထားကြောင်း သိထားဖို့အမှန်ပင်လိုအပ်သည်။ သို့သော် ထုတ်ဝေပြီးသားအောက်လိုင်းတစ်ခုမှ ဟောပြောချက် ပြင်ဆင်မည်ဆိုပါက အသို့နည်း။ အောက်လိုင်းကို ဖတ်ရှုပြီးနောက် နိဒါန်းအတွက် အယူအဆတစ်ခု သင်၌ ရှိမည်ဆိုလျှင် ၎င်းအားရေးချထားခြင်းသည် ထိခိုက်စရာအကြောင်းအမှန်ပင်မရှိချေ။ သင့်နိဒါန်းကို ထိရောက်စေရန် ပရိသတ်နှင့်တကွ အောက်လိုင်းရှိအကြောင်းအရာကိုပါ ထည့်တွက်စဉ်းစားရမည်ကို သတိရပါ။

ယင်းကိုလုပ်ဆောင်နိုင်ပုံ

  • သင့်ပရိသတ်၏ အခြေအနေများ၊ သူတို့၏စိုးရိမ်မှုများ၊ သူတို့၏သဘောထားများ၊ သင့်အကြောင်းအရာနှင့် ပတ်သက်ပြီး သူတို့ အဘယ်အရာ သိထားကြောင်းတို့ကို ထည့်စဉ်းစားပါ။

  • သင့်အကြောင်းအရာနှင့် စပ်လျဉ်း၍ ပရိသတ်အတွက် အထူးစိတ်ဝင်စားစရာကောင်းပြီး တန်ဖိုးလည်းရှိမည့် အဘယ်အရာပါရှိကြောင်း ပိုင်းဖြတ်ပါ။

လေ့ကျင့်ခန်းများ– (၁) တစ်အိမ်မှတစ်အိမ် ဓမ္မအမှုတွင် မပါဝင်မီ သတင်းတရားနှင့် သင့်ရပ်ကွက်ရှိ လတ်တလောအဖြစ်အပျက်အချို့နှင့် ကိုက်ညီသည့်နိဒါန်းတစ်ခု ပြင်ဆင်ပါ။ (၂) ကင်းမျှော်စင်နှင့်နိုးလော့!ရှိ ဆောင်းပါး ငါးပုဒ်ခြောက်ပုဒ်၏ အဖွင့်စာပိုဒ်ကို ပြန်လည်သုံးသပ်ပါ။ နိဒါန်းတစ်ခုစီကို အဘယ်အရာက ထိရောက်စေကြောင်း သင့်ကိုယ်သင်မေးပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ