ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ပက သင်ခန်းစာ ၄၂ စာ. ၂၃၀-စာ. ၂၃၃ ပိုဒ်. ၅
  • သင့်ပရိသတ်အတွက် သိမှတ်ဖွယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ပရိသတ်အတွက် သိမှတ်ဖွယ်
  • သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သိအပ်သောအကြောင်းအရာ၊ ရှင်းလင်းစွာတင်ပြခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • မေးခွန်းသေတ္တာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
  • ပရိသတ်ကို ယုံကြည်လက်ခံစေပြီး သူတို့နှင့် ဆင်ခြင်
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • စိတ်ဝင်စားမှု နှိုးဆွသောနိဒါန်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
ပက သင်ခန်းစာ ၄၂ စာ. ၂၃၀-စာ. ၂၃၃ ပိုဒ်. ၅

သင်ခန်းစာ ၄၂

သင့်ပရိသတ်အတွက် သိမှတ်ဖွယ်

သင်ဘာပြုလုပ်ဖို့ လိုအပ်သနည်း။

စဉ်းစားတွေးခေါ်မှုကို နှိုးဆွပေးသည့်နည်းဖြင့် အသိပညာပေးပြီး သင့်ပရိသတ်အား တန်ဖိုးရှိသည့်အရာတစ်ခုခုကို သိလိုက်ရသည်ဟူသော ခံစားချက်မျိုးဝင်စေပါ။

ယင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။

သင်သည် လူတို့သိနှင့်ပြီးသားအရာများကိုသာ ဟောပြောလျှင် သူတို့၏အာရုံကို ကြာကြာဆွဲယူထားနိုင်မည်မဟုတ်ချေ။

သင့်တင်ဆက်မှုကို သင့်ပရိသတ်အတွက် သိမှတ်ဖွယ်ရာဖြစ်စေရန် တန်ဖိုးရှိသည့်အကြောင်းအရာတစ်ခုကို ဟောပြောရုံထက်မကပြုရန်လိုသည်။ မိမိကိုယ်ကို ဤသို့မေးစမ်းကြည့်ပါ– ‘ဤအကြောင်းအရာကို ဤပရိသတ် အဘယ်ကြောင့် ကြားဖို့လိုသနည်း။ ဆွေးနွေးမှုမှ အမှန်အကျိုးရခဲ့သည်ဟု ပရိသတ်အားခံစားစေမည့် အဘယ်အရာကို ကျွန်ုပ်ပြောမည်နည်း။’

ကျောင်း၌ တစ်ဦးတစ်ယောက်အား မည်သို့သက်သေခံနိုင်ပုံကို သရုပ်ပြရန် တာဝန်ပေးခံရလျှင် သင့်အိမ်ရှင်သည် သင့်အားနားထောင်နေသူဖြစ်မည်။ အသင်းတော်တစ်ခုလုံးကို ဟောပြောရသည့်အခါများလည်းရှိမည်။

သင့်ပရိသတ်သိထားရာ။ ‘အကြောင်းအရာနှင့်ပတ်သက်၍ ပရိသတ်ဘာကိုသိထားသနည်း’ ဟုမိမိကိုယ်ကိုမေးကြည့်ပါ။ ယင်းနေရာမှစ၍ အခြေခံကာပြောသင့်သည်။ ရင့်ကျက်သည့်ခရစ်ယာန်များစွာပါဝင်သော အသင်းတော်ကို သင်ဟောပြောမည်ဆိုလျှင် အများစုသိထားသည့် အခြေခံများကို ထပ်ခါတလဲလဲပြောရုံမျှမပြုပါနှင့်။ ဤအခြေခံသမ္မာတရားများအပေါ် အခြေပြုတည်ဆောက်သွားပါ။ စိတ်ဝင်စားသူလူသစ်များစွာ တက်ရောက်လာပါကလည်း အုပ်စုနှစ်စုလုံး၏ လိုအပ်ချက်များကို အမှန်ပင် ထည့်စဉ်းစားသုံးသပ်ပေးသင့်သည်။

သင့်ပရိသတ်သိထားရာနှင့်အညီ သင့်ဟောပြောမှုနှုန်းကို ပြုပြင်ချိန်ညှိပေးပါ။ အများစုနှင့်အကျွမ်းဝင်ပုံရသည့် အသေးစိတ်အချက်အလက်အချို့ကို ထည့်ထားလျှင် ယင်းတို့ကို အတော်အသင့်မြန်မြန် ခြုံငုံတင်ပြလိုက်ပါ။ သို့သော် နားထောင်သူအများစုအတွက် အသစ်ဖြစ်ကောင်းဖြစ်မည့် ယူဆချက်များကို တင်ပြသောအခါ ယင်းတို့ကို သူတို့ရှင်းလင်းစွာ သဘောပေါက်နားလည်စေရန် ဖြည်းဖြည်းပြောပါ။

အသိကြွယ်စေမည့်အရာ။ သိမှတ်ဖွယ်ရာဖြစ်ခြင်းမည်သည် အမြဲပင် ပြောစရာအသစ်တစ်မျိုးမျိုးရှိထားခြင်းကို မဆိုလိုပါ။ အချို့သောဟောပြောသူတို့သည် တစ်စုံတစ်ရာသောအကျွမ်းတဝင်ရှိသည့် သမ္မာတရားများကို မည်မျှရိုးရှင်းစွာတင်ပြနိုင်သနည်းဟူမူ ပရိသတ်ရှိသူအများသည် ယင်းကို ယခုမှ အပြည့်အဝနားလည်သွားကြမည်။

လယ်ကွင်းဓမ္မအမှုတွင် ကျွန်ုပ်တို့သည် နောက်ဆုံးသောနေ့ရက်များ၌ အသက်ရှင်နေထိုင်နေကြကြောင်း ရှင်းလင်းဖော်ပြရန် သတင်းတစ်ပိုဒ်ဖော်ပြရုံနှင့် မလုံလောက်ချေ။ အဖြစ်အပျက်၏အနက်အဓိပ္ပာယ်ကိုပြသရန် သမ္မာကျမ်းစာကိုအသုံးပြုပါ။ ယင်းသည် အိမ်ရှင်အတွက် အမှန်ပင် သိမှတ်ဖွယ်ဖြစ်ပေလိမ့်မည်။ အလားတူ သဘာဝနိယာမတရားအကြောင်း၊ အပင်လောက သို့မဟုတ် တိရစ္ဆာန်လောကအကြောင်းနှင့်ပတ်သက်၍ အတော်လေးအသေးစိတ် ဖော်ပြသည့်အခါ သင့်ပန်းတိုင်မှာ အိမ်ရှင်တစ်ခါမျှမကြားဖူးသည့် စိတ်ဝင်စားဖွယ်ကောင်းသော သိပ္ပံဆိုင်ရာအချက်အလက်တစ်ခုခုကို တင်ပြပေးခြင်းမဖြစ်သင့်ချေ။ သို့အစား၊ သင့်ရည်မှန်းချက်မှာ ကျွန်ုပ်တို့ကို ချစ်မြတ်နိုးသည့် ဖန်ဆင်းရှင်တစ်ပါးရှိကြောင်းဖော်ပြရန် သဘာဝဝန်းကျင်မှ သာဓကကို သမ္မာကျမ်းစာ၌ရှိသည့် အဆိုပြုချက်များနှင့် ပေါင်းစပ်ပေးခြင်းဖြစ်သင့်၏။ ယင်းက အိမ်ရှင်အား ကိစ္စရပ်များကို ရှုထောင့်အသစ်မှမြင်ရန် အကူအညီပေးမည်။

အကြောင်းအရာတစ်ခုအား ယခင်က အကြိမ်ပေါင်းများစွာ ကြားခဲ့ဖူးသည့် ပရိသတ်အားတင်ပြပေးခြင်းသည် စိန်ခေါ်ချက်တစ်ခုဖြစ်နိုင်သည်။ သို့သော် ထိရောက်သောသွန်သင်သူတစ်ဦးဖြစ်ရန် ယင်းကိုအောင်မြင်စွာ ပြုလုပ်နိုင်ပုံကို သင်ယူဖို့လို၏။ မည်သို့ပြီးမြောက်နိုင်မည်နည်း။

သုတေသနပြုခြင်းက အထောက်အကူပြုမည်။ သင့်ဟောပြောချက်တွင် စိတ်ထဲလွယ်လင့်တကူပေါ်လာသည့် အချက်များသာထည့်ပြောမည့်အစား စာမျက်နှာ ၃၃ မှ ၃၈ အထိ ဆွေးနွေးထားသော သုတေသနပြုကိရိယာများကိုအသုံးပြုပါ။ သင်အထမြောက်ရန် ကြိုးစားသင့်သည့် ရည်မှန်းချက်များနှင့်ပတ်သက်ပြီး ထိုတွင်ပေးထားသော အကြံပြုချက်များကိုသုံးသပ်ပါ။ သင်၏သုတေသနတွင် လူသိနည်းသော သမိုင်းဆိုင်ရာအဖြစ်အပျက်တစ်ခုသည် သင့်အကြောင်းအရာနှင့် တိုက်ရိုက်ဆက်စပ်နေကြောင်း သင်တွေ့ရှိပေမည်။ သို့မဟုတ် သင်ဆွေးနွေးဖို့ကြံရွယ်ထားသည့်အချက်ကို ရုပ်လုံးပေါ်စေမည့် မကြာမီကတင်ပြသွားသည့် သတင်းတစ်ပုဒ်ကို အမှတ်မထင်တွေ့ကောင်းတွေ့ပေမည်။

အကြောင်းအရာကို သင်စေ့စေ့ကြည့်ရှုစဉ် အဘယ်အရာနည်း၊ အဘယ်ကြောင့်နည်း၊ မည်သည့်အချိန်နည်း၊ အဘယ်နေရာတွင်နည်း၊ မည်သူနည်းနှင့် မည်သို့နည်း အစရှိသည့်မေးခွန်းများကို မေးမြန်းခြင်းအားဖြင့် မိမိ၏စဉ်းစားဆင်ခြင်မှုကို လှုံ့ဆော်ပေးပါ။ ဥပမာ– ယင်းအဘယ်ကြောင့်မှန်သနည်း။ ယင်းကို ကျွန်ုပ်မည်သို့သက်သေပြနိုင်မည်နည်း။ အဘယ်လူသိများသော ယုံကြည်ချက်များက ဤကျမ်းစာအမှန်တရားကို နားလည်သဘောပေါက်ရန် အချို့သူတို့ကို အခက်တွေ့စေသနည်း။ ယင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။ ယင်းသည် လူတစ်ဦး၏ဘဝအသက်တာကို မည်သို့အကျိုးသက်ရောက်စေသင့်သနည်း။ ယင်းကိုလက်တွေ့ကျင့်သုံးခြင်း၏ အကျိုးကျေးဇူးကို အဘယ်ပုံနမူနာက ထင်ရှားပြသနည်း။ ဤကျမ်းစာအမှန်တရားသည် ယေဟောဝါ၏ဂုဏ်ရည်တော်နှင့်ပတ်သက်၍ ဘာကိုဖော်ပြပေးသနည်း။ သင်ဆွေးနွေးနေသည့် အကြောင်းအရာပေါ်မူတည်လျက် ဤသို့မေးနိုင်ပေမည်– ယင်းသည် မည်သည့်အချိန်က ဖြစ်ပျက်ခဲ့သနည်း။ ဤအကြောင်းအရာကို ယနေ့ မည်သို့လက်တွေ့ကျင့်သုံးနိုင်မည်နည်း။ ဟောပြောချက်ပေးနေစဉ် ထိုသို့သောမေးခွန်းအချို့ကို မေးမြန်းကာဖြေဆိုခြင်းအားဖြင့် သင့်တင်ဆက်မှုကိုပင် အသက်ဝင်လာစေနိုင်မည်။

သင့်ဟောပြောချက်သည် သင့်ပရိသတ်နှင့်အကျွမ်းတဝင်ရှိသည့် ကျမ်းချက်များကိုအသုံးပြုရန် လိုအပ်ပေမည်။ ယင်းတို့ကို သိမှတ်ဖွယ်ရာများဖြစ်စေရန် သင်မည်သို့ကိုင်တွယ်နိုင်မည်နည်း။ ယင်းတို့ကို ဖတ်ရုံသာမဖတ်ပြပါနှင့်; ရှင်းပြပေးပါ။

အကျွမ်းတဝင်ရှိသည့်ကျမ်းချက်တစ်ချက်ကို ဆွေးနွေးရာတွင် ကျမ်းချက်ကိုအပိုင်းခွဲကာ သင့်ဟောပြောချက်၏ အဓိကအကြောင်းနှင့် ဆက်နွှယ်နေသည့် အပိုင်းများကို သီးခြားခွဲထုတ်ပြီး ယင်းအပိုင်းတို့ကိုရှင်းပြပေးပါက ပို၍သိမှတ်ဖွယ်ရာဖြစ်လာပေမည်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်းတွင် မိက္ခာ ၆:၈ ကဲ့သို့သောကျမ်းချက်နှင့်စပ်လျဉ်း၍ ပြုလုပ်နိုင်ရာများကို သုံးသပ်ကြည့်ပါ။ “တရားမျှတမှု” ဟူသည်အဘယ်နည်း။ မည်သူ၏တရားမျှတမှုစံနှုန်းကို ဆွေးနွေးနေသနည်း။ “တရားမျှတမှုကို ကျင့်သုံးခြင်း” သို့မဟုတ် “ကြင်နာမှုကို ချစ်ခြင်း” ဟူသည် အဘယ်အရာကိုဆိုလိုကြောင်း သင်မည်သို့ရှင်းလင်းဖော်ပြမည်နည်း။ ကျိုးနွံခြင်းဟူသည် အဘယ်နည်း။ အသက်အရွယ်ကြီးသူတစ်ဦး၏ကိစ္စ၌ အကြောင်းအရာ၏သက်ဆိုင်မှုကို သင်မည်သို့တင်ပြမည်နည်း။ သင်အမှန်တကယ်အသုံးပြုမည့် အကြောင်းအရာကို သင့်အဓိကအကြောင်း၊ သင့်ရည်မှန်းချက်၊ သင့်ပရိသတ်နှင့် ရရှိသည့်အချိန်စသည်တို့က အဆုံးအဖြတ်ပေးသင့်သည်မှာတော့ မှန်ပေသည်။

ဝေါဟာရများ၏ရိုးရှင်းသော အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် အထောက်အကူပြုလေ့ရှိသည်။ မဿဲ ၆:၁၀ ၌ ရည်ညွှန်းထားသော “နိုင်ငံတော်” ၏အဓိပ္ပာယ်ကို သိရှိလိုက်သည့်အခါ လူအချို့ မျက်စိပွင့်သွားကြသည်။ အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုကို ပြန်အမှတ်ရစေခြင်းသည် သက်တမ်းကြာခရစ်ယာန်တစ်ဦးကိုပင် ကျမ်းချက်အမှန်တကယ်ဆိုလိုနေသည့်အရာကို ပို၍တိကျမှန်ကန်စွာ ပိုင်းခြားသိမြင်ဖို့ ကူညီပေးပေမည်။ ယင်းအချက်သည် ၂ ပေတရု ၁:၅-၈ ကို ကျွန်ုပ်တို့ဖတ်ရှုပြီးနောက် ထိုအခန်းငယ်များတွင် ဖော်ပြထားသည့် အရည်အသွေးအမျိုးမျိုးဖြစ်သော ယုံကြည်ခြင်း၊ မွန်မြတ်သောအကျင့်သီလ၊ အသိပညာ၊ ချုပ်တည်းခြင်း၊ ခံနိုင်ရည်ရှိခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ညီရင်းအစ်ကိုသဘောထားဖြင့်ချစ်ခြင်းနှင့် မေတ္တာတို့ကို အဓိပ္ပာယ်ရှင်းပြလိုက်သည့်အခါမျိုးတွင်ဖြစ်သည်။ အထက်အောက်စကားစဉ်တစ်ခုတည်းတွင် အဓိပ္ပာယ်ထပ်သည့်စကားလုံးများကို အသုံးပြုထားသည့်အခါ ယင်းတို့ကို သင်အနက်ဖွင့်ပေးခြင်းက စကားလုံးတစ်လုံးမှတစ်လုံး ကွာခြားမှုကိုသိစေနိုင်သည်။ သုတ္တံ ၂:၁-၆ ၌အသုံးပြုထားသည့် ဉာဏ်ပညာ၊ အသိပညာ၊ ပိုင်းခြားသိမြင်မှုနှင့် သိနားလည်မှုကဲ့သို့သော ဝေါဟာရများနှင့်ပတ်သက်၍လည်း ထိုအတိုင်းဖြစ်သည်။

ကျမ်းပိုဒ်တစ်ပိုဒ်အပေါ် ရိုးရိုးလေးဆင်ခြင်သုံးသပ်သွားပါက သင့်ပရိသတ်သည် ယင်းကို သိမှတ်ဖွယ်ရာအဖြစ် တွေ့ရှိပေမည်။ ဘာသာပြန်ကျမ်းအချို့တွင် ကမ္ဘာဦး ၂:၇ ၌ အာဒံသည် အသက်ရှင်သောစိုးလ်ဖြစ်ကြောင်းနှင့် ယေဇကျေလ ၁၈:၄ အရ စိုးလ်များသေနိုင်ကြောင်းကို လူများစွာတို့သည် ပထမဦးဆုံးအကြိမ် သဘောပေါက်နားလည်သောအခါ သူတို့အံ့သြခဲ့ကြသည်။ တစ်ခါက ယေရှုသည် ဇဒ္ဒုကဲများယုံကြည်သည်ဆိုသော ထွက်မြောက်ရာ ၃:၆ ကိုရည်ညွှန်းပြီး ၎င်းကို လူသေတို့၏ထမြောက်ခြင်းနှင့် သက်ဆိုင်ကြောင်းရှင်းပြခြင်းအားဖြင့် သူတို့ကိုအံ့အားသင့်စေခဲ့သည်။—လု. ၂၀:၃၇၊ ၃၈။

တစ်ခါတစ်ရံ ကျမ်းချက်တစ်ချက်၏ အထက်အောက်စကား၊ ရေးသားချိန်တွင် ဝန်းကျင်အခြေအနေများနှင့် ဟောပြောသူ သို့မဟုတ် နားထောင်သူသည် မည်သူမည်ဝါဖြစ်ကြောင်းကို ထောက်ပြခြင်းက ဉာဏ်အလင်းပေးသည်။ ဖာရိရှဲများသည် ဆာလံ ၁၁၀ ကို ကောင်းစွာအကျွမ်းဝင်ကြသည်။ သို့တိုင် ယေရှုသည် သူတို့အား ပထမဆုံးကျမ်းပိုဒ်တွင်တွေ့ရှိရသော အရေးကြီးသည့်အသေးစိတ်အချက်အလက်ကို အာရုံစူးစိုက်စေခဲ့သည်။ ယေရှုက “‘သင်တို့သည် ခရစ်တော်ကို အဘယ်သို့ထင်မှတ်ကြသနည်း။ အဘယ်သူ၏သားဖြစ်သနည်း’ ဟု မေးတော်မူလျှင်၊ ‘ဒါဝိဒ်၏သားဖြစ်သည်’ ဟု သူတို့လျှောက်ကြသော်၊ ‘သို့ဖြစ်လျှင် ဒါဝိဒ်သည် ခရစ်တော်ကို “သခင်” ဟူ၍ ဝိညာဉ်တော်အားဖြင့်အဘယ်ကြောင့်ခေါ်သနည်း။ ဒါဝိဒ်၏စကားမှာ၊ “ထာဝရဘုရားက– ‘သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာငါမချမထားမီတိုင်အောင် ငါ့လက်ယာဘက်၌ ထိုင်နေလော့’ ဟု ငါ၏သခင်အား မိန့်တော်မူသည်” ဟု ဒါဝိဒ်ဆိုသတည်း။ ထိုသို့ဒါဝိဒ်သည် ခရစ်တော်ကို “သခင်” ဟူ၍ခေါ်လျှင်၊ အဘယ်သို့ သူ၏သားဖြစ်သနည်း’” ဟု မေးတော်မူ၏။ (မ. ၂၂:၄၁-၄၅) ယေရှုကဲ့သို့ပင် ကျမ်းစာကို သင်ကျိုးကြောင်းဆင်ခြင်သည့်အခါ ဘုရားသခင့်စကားတော်ကို ပို၍ဂရုတစိုက်ဖတ်ရှုရန် လူတို့ကိုအကူအညီပေးမည်။

ဟောပြောသူတစ်ဦးသည် ကျမ်းတစ်စောင်၏ရေးသားချိန် သို့မဟုတ် အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့သည့်အချိန်ကို ပြောပြသည့်အခါ ထိုအချိန်က ပေါ်ပေါက်ခဲ့သည့် အခြေအနေများကိုလည်း ဖော်ပြပေးသင့်၏။ ထိုသို့ဖြင့် ပရိသတ်သည် ထိုကျမ်းစောင် သို့မဟုတ် အဖြစ်အပျက်၏အရေးပါမှုကို ရှင်းလင်းစွာ ပို၍နားလည်သဘောပေါက်ပေမည်။

နှိုင်းယှဉ်ဖော်ပြချက်များသည် သင်ပြောဆိုရာကို ပို၍သိမှတ်ဖွယ်ရာဖြစ်စေရန် ထောက်ကူပေးနိုင်သည်။ အချက်တစ်ချက်တည်းအပေါ် အများအမြင်နှင့် ကျမ်းစာပြောဆိုထားချက်တို့၏ ခြားနားချက်ကို ဖော်ပြနိုင်သည်။ သို့မဟုတ် အပြိုင်ကျမ်းမှတ်တမ်းနှစ်ခုကို နှိုင်းယှဉ်ပြနိုင်သည်။ မတူညီချက်များရှိသလော။ အဘယ်ကြောင့်နည်း။ ယင်းတို့မှ ကျွန်ုပ်တို့အဘယ်အရာ သင်ယူရရှိသနည်း။ ယင်းသို့ပြုခြင်းက အကြောင်းအရာနှင့်ပတ်သက်၍ သင်၏နားထောင်နေသူများအား အမြင်သစ်ရရှိစေနိုင်သည်။

ခရစ်ယာန်ဓမ္မအမှု၏ အသွင်အပြင်အချို့ကို ဆွေးနွေးရန် တာဝန်ကျလာပါက အချုပ်တင်ပြချက်နှင့်စတင်ခြင်းအားဖြင့် သင့်တင်ဆက်မှုကို ထိရောက်စေပေမည်။ အဘယ်အရာကိုလုပ်ဆောင်ရမည်၊ အဘယ်ကြောင့်လုပ်ဆောင်ဖို့လိုအပ်သည်နှင့် ယေဟောဝါသက်သေများအနေနှင့် ကျွန်ုပ်တို့၏ပန်းတိုင်အရပ်ရပ်နှင့် မည်သို့ဆက်စပ်နိုင်ပုံတို့ကို ဆွေးနွေးသုံးသပ်ပါ။ ထို့နောက် အဘယ်နေရာ၊ မည်သည့်အချိန်နှင့် မည်သို့လုပ်ဆောင်ရမည်ကို ရှင်းပြပါ။

သင်၏ဟောပြောချက်သည် “ဘုရားသခင်၏နက်နဲသောအကြောင်းအရာများ” အချို့ကို ဆွေးနွေးသုံးသပ်ရပါက အသို့နည်း။ (၁ ကော. ၂:၁၀) အကြောင်းအရာ၏တစ်စုံတစ်ရာသော သော့ချက်များကို ခွဲခြားပြပြီး ရှင်းပြခြင်းဖြင့်အစပြုမည်ဆိုပါက အသေးစိတ်အချက်အလက်များကို လွယ်လွယ်ကူကူ ပို၍နားလည်ပေလိမ့်မည်။ အကြောင်းအရာကို တိုတိုနှင့်အသားပါသော ခြုံငုံသုံးသပ်ချက်ဖြင့် အဆုံးသတ်ပါက သင့်ပရိသတ်သည် တစ်ခုခုကို သူတို့အမှန်တကယ် သင်ယူခဲ့ရသည်ဟူသည့် ကျေနပ်ပြည့်ဝသောခံစားချက်ဖြင့် ကျန်ရစ်ပေလိမ့်မည်။

ခရစ်ယာန်အသက်ရှင်နေထိုင်မှုအပေါ် သွန်သင်ချက်။ သင့်ဟောပြောချက်ရှိ သတင်းအချက်အလက်သည် သူတို့ဘဝအသက်တာနှင့်မည်သို့သက်ဆိုင်ကြောင်း ပရိသတ်တွေ့ မြင်ရန်ကူညီပေးမည်ဆိုလျှင် အထူးအကျိုးရရှိမည်။ သင်တာဝန်ကျသည့်အကြောင်းအရာထဲမှ ကျမ်းချက်များကို စေ့စေ့ကြည့်ရှုစဉ် ‘ဒီသတင်းအချက်အလက်ကို ကျွန်တော်တို့ခေတ်အထိ ကျမ်းစာထဲမှာ ဘာကြောင့် မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ထားရသလဲ’ ဟု သင့်ကိုယ်သင်မေးမြန်းပါ။ (ရော. ၁၅:၄; ၁ ကော. ၁၀:၁၁) သင့်ပရိသတ်တွင်ရှိနေကြသူများ ရင်ဆိုင်နေကြသည့် ဘဝအခြေအနေများကို စဉ်းစားပါ။ ကျမ်းစာထဲတွင်ရှိသော သွန်သင်ချက်နှင့်မူများ၏ အလင်းဖြာမှုအောက်တွင် သူတို့ကိုယ်တိုင်၏အခြေအနေကို ဆင်ခြင်သုံးသပ်ပါ။ သင့်ဟောပြောချက်တွင် ထိုသို့သောအခြေအနေများကို ပညာရှိစွာကိုင်တွယ်ဖြေရှင်းရန် လူတစ်ဦးကို ယင်းတို့သည် မည်သို့ကူညီပေးနိုင်ကြောင်း ပြသရန် ကျမ်းချက်များကို ကျိုးကြောင်းဆင်ခြင်ပါ။ ယေဘုယျကောက်ချက်ချခြင်းများကို ရှောင်ကြဉ်ပါ။ သတ်သတ်မှတ်မှတ် သဘောထားများနှင့် လုပ်ဆောင်ရမည့်အရာများကို ဆွေးနွေးပါ။

အစအနေနှင့်၊ သင်ပြင်ဆင်နေသည့် ဟောပြောချက်တစ်ခုတွင် အထက်ဖော်ပြပါ အကြံပြုချက်တစ်ခုနှစ်ခုကို အသုံးပြုပါ။ တွေ့ကြုံမှုရလာသည်နှင့်အမျှ ထိုထက်ပိုသုံးပါ။ အချိန်တန်သော် ပရိသတ်သည် သူတို့ကို အမှန်တကယ်အကျိုးပြုမည့်အရာကို ကြားနာရကြမည်ဟု ယုံကြည်စိတ်ချလျက် သင့်ဟောပြောချက်များကို စောင့်မျှော်ကြမည်ဖြစ်ကြောင်း သင်တွေ့ရှိပေမည်။

ယင်းကိုလုပ်ဆောင်နိုင်ပုံ

  • သင့်အကြောင်းအရာနှင့်ပတ်သက်၍ ပရိသတ်သိထားပြီးရာကို ထည့်စဉ်းစားပါ။

  • ဟောပြောသည့်အခါ အနှေးအမြန်နှုန်းကိုထိန်းညှိပေးပါ—ကောင်းစွာသိရှိပြီးဖြစ်သောအချက်များကို ခပ်မြန်မြန်ဟောပြီး အချက်သစ်များကို နှေးနှေးဟောပါ။

  • အချက်အလက်များကို ပြောဆိုရုံမျှသာ မပြုပါနှင့်; ၎င်းတို့၏အဓိပ္ပာယ် သို့မဟုတ် တန်ဖိုးကို ဆွေးနွေးသုံးသပ်ပါ။

  • အဘယ်အရာနည်း၊ အဘယ်ကြောင့်နည်း၊ အဘယ်အချိန်တွင်နည်း၊ ဘယ်နေရာတွင်နည်း၊ ဘယ်သူနည်း၊ အဘယ်သို့နည်း ဟူ၍မေးခွန်းများမေးခြင်းအားဖြင့် သင့်ကိုယ်နှိုက်၏ စဉ်းစားဆင်ခြင်မှုကို လှုံ့ဆော်ပေးပါ။

  • ကျမ်းပိုဒ်များအပေါ် ကျိုးကြောင်းဆင်ခြင်ဖို့ အချိန်ယူပါ; ယင်းတို့မှ သတ်သတ်မှတ်မှတ်အပိုင်းများအပေါ် အကျယ်ချဲ့ပါ။

  • နှိုင်းယှဉ်ချက်များနှင့် ခြားနားဖော်ပြချက်များကို အသုံးပြုပါ။

  • သင့်အကြောင်းအရာတွင် တိုတိုနှင့်အသားပါသော ခြုံငုံသုံးသပ်ချက်တစ်ခု ပါဝင်စေပါ။

  • ပြဿနာများကို ဖြေရှင်းရန်နှင့် ဆုံးဖြတ်ချက်များချရန် အချက်အလက်ကို မည်သို့အသုံးပြုနိုင်ပုံကို ပြသပေးပါ။

လေ့ကျင့်ခန်းများ– (၁) မဿဲ ၂၄:၁၄ သို့မဟုတ် ယောဟန် ၁၇:၃ ကဲ့သို့သော အကျွမ်းတဝင်ရှိသည့်ကျမ်းချက်၏ သိမှတ်ဖွယ်ရာအသွင်အပြင်တစ်ခုကို ရှာဖွေရန် သုတေသနပြုပါ။ (၂) သုတ္တံ ၈:၃၀၊ ၃၁ နှင့် ယောဟန် ၅:၂၀ တို့ကိုဖတ်ပါ။ ထိုကျမ်းပိုဒ်များတွင် ဖော်ပြထားသည့်အတိုင်း ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်တို့စပ်ကြားဆက်ဆံမှုကို တွေးတောဆင်ခြင်ခြင်းက သင့်အား မိသားစုတစ်စုကို အကျိုးပြုရန် ထိုကျမ်းချက်များကို မည်သို့အသုံးပြုစေမည်နည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ