ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lr အခန်း ၂၄ စာ. ၁၂၇-၁၃၁
  • ဘယ်တော့မှ သူခိုး မဖြစ်ပါစေနဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘယ်တော့မှ သူခိုး မဖြစ်ပါစေနဲ့
  • ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ယင်းသည် ခိုးမှု အမှန်ဖြစ်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • “ယုဒ ခရစ်ဝင်ကျမ်း” ဆိုတာ ဘာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ခရစ်တော် သစ္စာဖောက်အပ်နှံခံရပြီး အဖမ်းခံရ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
နောက်ထပ် ကြည့်ပါ
ကြီးမြတ်သောဆရာထံမှ သင်ယူပါ
lr အခန်း ၂၄ စာ. ၁၂၇-၁၃၁

အခန်း ၂၄

ဘယ်တော့မှ သူခိုး မဖြစ်စေပါနဲ့

ကလေးတို့ဆီက ပစ္စည်းတစ်ခုခုကို တစ်ယောက်ယောက် ခိုးဖူးသလား။— ကလေးတို့ ဘယ်လို ခံစားရသလဲ။— ခိုးတဲ့လူဟာ သူခိုးပေါ့။ သူခိုးဆို ဘယ်သူမှ မကြိုက်ဘူး။ လူတစ်ယောက် ဘယ်လိုလုပ်ပြီး သူခိုးဖြစ်သွားတယ်လို့ ကလေးတို့ ထင်သလဲ။ အဲဒီလူဟာ ခိုးချင်တဲ့စိတ်နဲ့ မွေးလာတာလား။—

လူတွေ အပြစ်နဲ့ မွေးလာတဲ့အကြောင်းကို တို့တစ်တွေ သိခဲ့ရပြီးပြီ။ ဒါကြောင့် တို့အားလုံးဟာ ပြီးပြည့်စုံလင်သူတွေ မဟုတ်ကြဘူး။ ဒါပေမဲ့ ဘယ်သူကမှ သူခိုးအဖြစ် မွေးလာတာတော့ မဟုတ်ဘူး။ သူခိုးတစ်ယောက်ဟာ အကျင့်စာရိတ္တကောင်းတဲ့ မိသားစုကနေ လာတာ ဖြစ်နိုင်တယ်။ သူ့မိဘ၊ ညီအစ်ကိုမောင်နှမတွေဟာ ရိုးသားဖြောင့်မတ်သူတွေ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ ငွေရယ်၊ ငွေနဲ့ဝယ်လို့ရတဲ့ အရာတွေရယ် အဲဒါတွေကို လိုချင်တပ်မက်တဲ့စိတ်ကြောင့် သူခိုးဖြစ်သွားနိုင်တယ်။

ပထမဆုံးသူခိုးဟာ ဘယ်သူ ဖြစ်တယ်လို့ ပြောမလဲ။— စဉ်းစားကြည့်ရအောင်။ ကြီးမြတ်တဲ့ဆရာ ကောင်းကင်ဘုံမှာ ရှိတုန်းက အဲဒီပုဂ္ဂိုလ်ကို သိခဲ့တယ်။ အဲဒီသူခိုးဟာ ကောင်းကင်တမန် တစ်ပါး ဖြစ်ခဲ့တယ်။ ကောင်းကင်တမန်အားလုံးကို စုံလင်အောင် ဘုရား ဖန်ဆင်းထားပါလျက်နဲ့ အဲဒီကောင်းကင်တမန်က သူခိုး ဘယ်လို ဖြစ်သွားတာလဲ။— ဒီစာအုပ် အခန်း ၈ မှာ တို့တစ်တွေ သိခဲ့ရတဲ့အတိုင်းပါပဲ။ သူဟာ ကိုယ်မပိုင်တဲ့အရာကို လိုချင်တပ်မက်ခဲ့တယ်။ အဲဒီအရာက ဘာလဲဆိုတာ ကလေးတို့ မှတ်မိသေးလား။—

ပထမ ယောက်ျားနဲ့ မိန်းမကို ဘုရားသခင် ဖန်ဆင်းပြီးနောက် အဲဒီကောင်းကင်တမန်က သူ့ကို အာဒံနဲ့ ဧဝ ကိုးကွယ်တာ လိုချင်ခဲ့တယ်။ သူတို့ရဲ့ ကိုးကွယ်မှုကို သူ မရထိုက်ဘူး။ ဘုရားသခင်ပဲ ရထိုက်တယ်။ ဒါပေမဲ့ အဲဒါကို သူ ခိုးယူခဲ့တယ်။ အဲဒီကောင်းကင်တမန်ဟာ သူ့ကို အာဒံနဲ့ ဧဝ ကိုးကွယ်လာအောင် လုပ်လိုက်တယ်။ ဒီနည်းနဲ့ သူဟာ သူခိုးဖြစ်သွားတယ်။ စာတန် မာရ်နတ် ဖြစ်သွားတယ်။

ဘာက ပုဂ္ဂိုလ်တစ်ဦးကို သူခိုးဖြစ်သွားစေသလဲ။— ကိုယ်မပိုင်တာကို လိုချင်တပ်မက်တဲ့စိတ်ပေါ့။ တပ်မက်တဲ့စိတ် သိပ်ပြင်းပြလာရင် လူကောင်းတွေတောင် မကောင်းမှုတွေ လုပ်မိနိုင်တယ်။ တစ်ခါတလေ သူခိုးဖြစ်သွားသူတွေဟာ ပြန်လှည့်လာပြီး ကောင်းတာကို ပြန်မလုပ်ကြတော့ဘူး။ ယေရှုရဲ့ တမန်တော်တစ်ပါးလည်း အဲဒီလိုလူတွေထဲမှာ ပါတယ်။ သူ့နာမည်ကတော့ ယုဒရှကာရုတ် ပါပဲ။

ယုဒဟာ ငယ်စဉ်ကတည်းက ဘုရားရဲ့ ပညတ်တော်တွေ သင်ကြားခံခဲ့ရတဲ့အတွက် မခိုးရဘူးဆိုတာ သူ ကောင်းကောင်းသိတယ်။ တစ်ခါတုန်းက ဘုရားသခင်ဟာ ကောင်းကင်ကနေ သူ့လူမျိုးကို “မခိုးနဲ့” လို့ မိန့်မှာခဲ့ဖူးမှန်းလည်း သူသိတာပဲ။ (ထွက်မြောက်ရာ ၂၀:၁၅) ယုဒ ကြီးလာတဲ့အခါ ကြီးမြတ်တဲ့ဆရာနဲ့ တွေ့ပြီး တပည့်ဖြစ်လာတယ်။ နောက်ပိုင်းကျတော့ တမန်တော် ၁၂ ယောက်ထဲက တစ်ယောက်အနေနဲ့တောင် သူ့ကို ယေရှု ရွေးချယ်ခဲ့တယ်။

ယေရှုနဲ့ တမန်တော်တွေ အတူတူ ခရီးသွားကြတယ်။ အတူတူ စားသောက်ကြတယ်။ သူတို့ရဲ့ငွေ အားလုံးကို သေတ္တာတစ်ခုထဲမှာ ထည့်ထားတယ်။ ယေရှုက အဲဒီသေတ္တာကို ထိန်းသိမ်းဖို့ ယုဒကို အပ်ထားတယ်။ အဲဒီငွေတွေဟာ ယုဒ ပိုင်တာတော့ ဘယ်ဟုတ်မလဲ။ ဒါပေမဲ့ မကြာခင်မှာ ယုဒ ဘာလုပ်သလဲ ကလေးတို့ သိသလား။—

ယေရှု အပ်တဲ့ ငွေသေတ္တာထဲကနေ ယုဒ ခိုးနေစဉ်

ယုဒ ဘာဖြစ်လို့ ခိုးတာလဲ

ယုဒဟာ မယူခိုင်းဘဲနဲ့ သေတ္တာထဲကငွေကို ယူသုံးလာတယ်။ သူများတွေ မတွေ့တဲ့အခါ ယူသုံးတဲ့အပြင် ငွေပိုရအောင် အကြံထုတ်လာတယ်။ ဒီလိုနဲ့ ငွေအကြောင်းကိုပဲ တစ်ချိန်လုံး စဉ်းစားလာတယ်။ ကြီးမြတ်တဲ့ဆရာ အသတ်မခံရခင် ရက်အနည်းငယ်လောက်မှာ သူ့ရဲ့မှားယွင်းတဲ့ တပ်မက်မှုကြောင့် ဘာလုပ်ခဲ့တယ်ဆိုတာ ကြည့်ကြရအောင်။

ယေရှုရဲ့မိတ်ဆွေ လာဇရုရဲ့ အစ်မ မာရိက အင်မတန်ကောင်းတဲ့ ဆီမွှေးကို ယူခဲ့ပြီး ယေရှုရဲ့ ခြေထောက်ကို လိမ်းပေးတယ်။ ဒါကို ယုဒက အပြစ်တင်တယ်။ ဘာကြောင့်လဲ သိသလား။— အဲဒီဆီမွှေးကို ရောင်းပြီး ဆင်းရဲသားတွေကို ပေးသင့်တယ်တဲ့။ တကယ်တော့ သေတ္တာထဲမှာ ငွေများများ ရှိစေချင်တယ်၊ ဒါမှ ခိုးလို့ရမှာလေ။—ယောဟန် ၁၂:၁-၆။

ယေရှုက သဘောကောင်းတဲ့မာရိကို စိတ်အနှောင့်အယှက် မပေးပါနဲ့လို့ ယုဒကို ပြောလိုက်တယ်။ အဲဒီလို ပြောခံရတာကို ယုဒ မကျေနပ်ဖြစ်ပြီး ယေရှုရဲ့ ရန်သူ ပုရောဟိတ်ကြီးတွေဆီ သွားတယ်။ သူတို့က ယေရှုကို ဖမ်းချင်နေကြတယ်။ ဒါပေမဲ့ လူတွေ မမြင်အောင် ညဘက်မှာပဲ ဖမ်းချင်ကြတယ်။

ယုဒက ပုရောဟိတ်တွေကို ‘ခင်ဗျားတို့ ငွေပေးမယ်ဆိုရင် ယေရှုကို ဖမ်းနိုင်တဲ့နည်း ပြောပြမယ်။ ဘယ်လောက်ပေးမလဲ’ ဆိုပြီး မေးတယ်။

ပုရောဟိတ်တွေက ‘ငွေစ သုံးဆယ် ပေးမယ်’ လို့ပြောတယ်။—မဿဲ ၂၆:၁၄-၁၆။

ယုဒက ငွေကို လက်ခံလိုက်တယ်။ ကြီးမြတ်တဲ့ဆရာကို အဲဒီလူတွေလက်ထဲ ရောင်းစားလိုက်တဲ့ သဘောပဲ။ ဒီလောက်ဆိုးတဲ့ အလုပ်မျိုး လုပ်သူကို ကလေးတို့ စဉ်းစားလို့ ရနိုင်သလား။— ဒီလိုပါပဲ၊ လူတစ်ယောက်ဟာ သူခိုးဖြစ်လာပြီး ငွေကိုခိုးလာပြီဆိုရင် အဲဒီလိုပဲ လုပ်တတ်တယ်။ ဒီလိုလူဟာ တခြားလူတွေထက်၊ ဘုရားသခင်ထက်တောင် ငွေကို ပိုချစ်လို့ပါပဲ။

‘ကျွန်တော်ကတော့ ဘုရားသခင်ထက် ဘယ်အရာကိုမှ မချစ်ဘူး’ လို့ ကလေးတို့ ပြောရင်ပြောမယ်။ ဒီလို သဘောမျိုးရှိတာ သိပ်ကောင်းတယ်။ ယုဒကို တမန်တော်အဖြစ် ယေရှု ရွေးချယ်တုန်းက ယုဒလည်း ဒီလိုသဘောမျိုး ရှိခဲ့မှာပဲ။ သူခိုးဖြစ်သွားတဲ့ လူတွေလည်း ဒီလိုသဘောမျိုး ရှိခဲ့ကြမှာပဲ။ သူတို့ထဲက တချို့အကြောင်း ကြည့်ရအောင်။

အာခန် ဝတ်လုံနဲ့ ရွှေတုံး ကိုင်နေစဉ်။ ဗာသရှေဘ ကို ဒါဝိဒ် ကြည့်နေစဉ်

အာခန်နဲ့ ဒါဝိဒ်တို့ ဘာတွေ မကောင်းကြံစည်ကြသလဲ

တစ်ယောက်ကတော့  အာခန်လို့ခေါ်တဲ့ ဘုရားသခင်ရဲ့ အစေခံကျွန်တစ်ယောက် ဖြစ်တယ်။ သူဟာ ကြီးမြတ်တဲ့ဆရာ မမွေးခင် ဟိုရှေးရှေးတုန်းက အသက်ရှင်ခဲ့တဲ့သူပါ။ အာခန်ဟာ လှပတဲ့ဝတ်လုံ တစ်ထည်၊ ရွှေချောင်း တစ်ချောင်းနဲ့ ငွေဒင်္ဂါးတချို့ကို တွေ့တယ်။ ဒီပစ္စည်းတွေဟာ သူပိုင်တာ မဟုတ်ဘူး။ ဘုရားလူမျိုးရဲ့ ရန်သူတွေဆီက သိမ်းယူထားတာဖြစ်လို့ ဒါတွေကို ယေဟောဝါ ပိုင်တယ်လို့ ကျမ်းစာက ဆိုတယ်။ ဒါပေမဲ့ အာခန်က ဒါတွေကို လိုချင်လွန်းလို့ ခိုးယူထားလိုက်တယ်။—ယောရှု ၆:၁၉။ ၇:၁၁၊ ၂၀-၂၂။

နမူနာတစ်ခု ရှိသေးတယ်။ ဟိုရှေးရှေးတုန်းက ယေဟောဝါဟာ ဒါဝိဒ်ကို အစ္စရေးဘုရင်အဖြစ် ရွေးချယ်ခဲ့တယ်။ တစ်နေ့မှာ ဒါဝိဒ်ဟာ သိပ်လှတဲ့အမျိုးသမီး ဗာသရှေဘကို လှမ်းတွေ့လိုက်တယ်။ သူဟာ ဗာသရှေဘကို ကြည့်ရင်းကြည့်ရင်းနဲ့ ဗာသရှေဘကို မယားအဖြစ် သိမ်းပိုက်ဖို့ ကြံစည်လာတယ်။ ဒါပေမဲ့ ဗာသရှေဘဟာ ဥရိယရဲ့မယား ဖြစ်နေတယ်။ ဒါဝိဒ်အနေနဲ့ ဘာလုပ်ရင် ကောင်းမလဲ။—

ဒါဝိဒ်အနေနဲ့ ဗာသရှေဘကို သိမ်းပိုက်မယ့်အကြံကို ရပ်တန်းက ရပ်လိုက်ဖို့ ကောင်းတယ်။ ဒါပေမဲ့ မရပ်ပစ်ခဲ့ဘူး။ ဒါနဲ့ ဗာသရှေဘကို နန်းတော်ထဲ ခေါ်ခဲ့တယ်။ ပြီးတော့ ဥရိယ အသတ်ခံရအောင် စီစဉ်ခဲ့တယ်။ ဒီမကောင်းမှုတွေကို ဒါဝိဒ် ဘာဖြစ်လို့ လုပ်ခဲ့တာလဲ။— သူများမိန်းမကို လိုချင်တဲ့စိတ်ကို မတားဆီးခဲ့လို့ ဖြစ်တာ။—၂ ရှမွေလ ၁၁:၂-၂၇။

လူတစ်ယောက်ကို အဗရှလုံ ဖက်ထားစဉ်

အဗရှလုံဟာ ဘယ်နည်းနဲ့ သူခိုးဖြစ်သွားသလဲ

ဒါဝိဒ် နောင်တရခဲ့လို့ ယေဟောဝါက ဆက်အသက်ရှင်ခွင့် ပေးခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်ကစပြီး ဒါဝိဒ်ခမျာ ပြဿနာ တစ်ပုံတစ်ခေါင်းကြုံခဲ့ရတယ်။ သားတော် အဗရှလုံက ဒါဝိဒ်ရဲ့ ထီးနန်း အရိုက်အရာကို လိုချင်လာတယ်။ ဒါနဲ့ ဒါဝိဒ်ဆီ လာတဲ့ ပြည်သူပြည်သားတွေကို အဗရှလုံက သိုင်းဖက်ပြီး နမ်းလေ့ရှိတယ်။ “အဗရှလုံက အစ္စရေးတွေကို သူ့ဘက်ပါလာအောင် သိမ်းသွင်းတော့တယ်” ဆိုပြီး ကျမ်းစာက ဆိုထားတယ်။ ဒါဝိဒ်ရဲ့နေရာမှာ သူ့ကို ဘုရင်တင်မြှောက်ချင်စိတ် ပေါ်လာအောင် ပြည်သူတွေကို အယုံသွင်းနိုင်ခဲ့တယ်။—၂ ရှမွေလ ၁၅:၁-၁၂။

အာခန်၊ ဒါဝိဒ်၊ အဗရှလုံတို့လို အရာတစ်ခုခုကို တအား လိုချင်တဲ့စိတ် ဖြစ်ပေါ်ဖူးသလား။— တကယ်လို့ အဲဒီအရာဟာ တခြားသူ ပိုင်ဆိုင်တာ ဖြစ်ပြီး အဲဒါကို အခွင့်မရှိဘဲ ယူမယ်ဆိုရင် ခိုးရာကျမှာပေါ့။ ပထမဦးဆုံးသူခိုး၊ စာတန်က ဘာကို လိုချင်ခဲ့တယ်ဆိုတာ မှတ်မိသေးသလား။— ဘုရားသခင်ကို ကိုးကွယ်မယ့်အစား သူ့ကို ကိုးကွယ်စေချင်တယ်။ ဒါကြောင့် အာဒံနဲ့ ဧဝတို့ကို သူ့စကား နားထောင်လာအောင် လုပ်လိုက်တာဟာ ခိုးတာနဲ့ အတူတူပဲ။

ပစ္စည်းတစ်ခုကို ပိုင်တဲ့သူက အဲဒီပစ္စည်းကို ဘယ်သူသုံးနိုင်တယ်ဆိုတာ ပြောပိုင်ခွင့် ရှိတယ်။ ဥပမာအနေနဲ့ ကလေးတို့ သူငယ်ချင်းတွေ အိမ်မှာ သွားကစားမယ်။ အဲဒီအိမ်က ပစ္စည်းတစ်ခုခုကို ကိုယ့်အိမ် ပြန်ယူလာမယ်ဆိုရင် ကောင်းပါ့မလား။— အဲဒီအိမ်က သူငယ်ချင်းရဲ့အဖေ၊ အမေက အခွင့်မပေးဘူးဆိုရင် ဘယ်ကောင်းမလဲ။ သူတို့ဆီက အခွင့်မတောင်းဘဲ ကိုယ့်အိမ်ကို တစ်ခုခု ယူလာမယ်ဆိုရင် အဲဒါ ခိုးတာပါပဲ။

ကလေးတို့ ဘာကြောင့် ခိုးချင်စိတ် ပေါ်လာနိုင်သလဲ။— ကိုယ်မပိုင်တဲ့ ပစ္စည်းကို လိုချင်တဲ့အတွက်ကြောင့် ဖြစ်တယ်။ ကလေးတို့ ယူတာကို ဘယ်သူမှ မမြင်ရင်တောင်မှ ဘယ်သူ မြင်သလဲ။— ယေဟောဝါဘုရား မြင်တယ်။ ခိုးတာကို ဘုရားသခင် မကြိုက်ဘူးဆိုတာ တို့တစ်တွေ မှတ်ထားရမယ်။ ဒါကြောင့် ဘုရားသခင်ကို ချစ်တဲ့စိတ်၊ လူလူချင်းကို ချစ်တဲ့စိတ် ရှိမယ်ဆိုရင် ကလေးတို့ ဘယ်တော့မှ သူခိုးဖြစ်လာမှာ မဟုတ်ဘူး။

ခိုးတာ မှားတယ်ဆိုတာ ကျမ်းစာမှာ ရှင်းရှင်းလေး ဖော်ပြထားတယ်။ မာကု ၁၀:၁၇-၁၉။ ရောမ ၁၃:၉။ ဧဖက် ၄:၂၈ တို့ကို ဖတ်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ