အခန်းရှစ်
ယေရမိလို သင် “အသက်ဆက်ရှင်” မလား
၁၊ ၂။ လူတစ်ယောက်စီကိုရော သူ့မိသားစုကိုပါ ထည့်စဉ်းစားတာက ဘာကြောင့်သဘာဝကျသလဲ။
ယောရှုက အစ္စရေးလူတွေကို ဘယ်ဘုရားကိုဝတ်ပြုမယ်ဆိုတာ ရွေးချယ်ခိုင်းပြီးတဲ့နောက် “ငါနဲ့ငါ့မိသားစု ကတော့ယေဟောဝါကိုပဲ ဝတ်ပြုမယ်” လို့ ပြောခဲ့တယ်။ (ယောရှု. ၂၄:၁၅၊ ကဘ) ယောရှုက ဘုရားသခင်ကို သစ္စာရှိဖို့ စိတ်ပိုင်းဖြတ်ထားပြီး သူ့မိသားစုလည်း သစ္စာရှိမယ်ဆိုတာကို ယုံကြည်စိတ်ချခဲ့တယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် ဂျေရုဆလင်မြို့ဖျက်ဆီးခံရခါနီးမှာ ယေရမိက ဘုရင်ဇေဒကိသာ ဗာဗုလုန်တွေဆီ လက်နက်ချအညံ့ခံမယ်ဆိုရင် “မင်းကြီးနဲ့မင်းကြီးရဲ့မိသားစုလည်း အသက်ဆက်ရှင်လိမ့်မယ်” လို့ပြောခဲ့တယ်။ (ယေ. ၃၈:၁၇၊ ကဘ) ဇေဒကိရဲ့ပညာမဲ့တဲ့ရွေးချယ်မှုက သူကိုယ်တိုင်ကိုရော သူ့ဇနီးနဲ့သားတွေကိုပါ ထိခိုက်ခဲ့တယ်။ သူက သူ့သားတွေ အသတ်ခံရတာကို မြင်ခဲ့ရပြီးနောက် မျက်စိဖောက်ခံရပြီး ဗာဗုလုန်ကို ဖမ်းခေါ်သွားခံခဲ့ရတယ်။—ယေ. ၃၈:၁၈-၂၃; ၃၉:၆၊ ၇။
၂ စာလုံးမည်းနဲ့ရေးထားတဲ့ စကားစုနှစ်စုစလုံးက လူတစ်ယောက်ကို ဦးတည်ပြောနေတာဖြစ်ပေမဲ့ သူ့မိသားစုကိုပါ ထည့်သွင်းဖော်ပြထားတယ်။ ဒါဟာ သဘာဝကျပါတယ်။ ဘာကြောင့်လဲဆိုတော့ အရွယ်ရောက်သူတိုင်းက ဘုရားရှေ့မှာ ကိုယ့်တာဝန် ကိုယ်ယူရမှာဖြစ်ပေမဲ့ အစ္စရေးလူအများစုမှာ မိသားစုတွေရှိကြလို့ပဲ။ ခရစ်ယာန်တွေအတွက်လည်း မိသားစုက အရေးကြီးတယ်။ ဒီအချက်ကို ကျမ်းစာဖတ်တဲ့အခါ၊ ခရစ်ယာန်စည်းဝေးတွေမှာ အိမ်ထောင်ရေး၊ သားသမီးပျိုးထောင်ခြင်း၊ မိသားစုဝင်တွေကိုလေးစားခြင်း စတဲ့အကြောင်းတွေကို လေ့လာတဲ့အခါ တွေ့နိုင်တယ်။—၁ ကော. ၇:၃၆-၃၉; ၁ တိ. ၅:၈။
ထူးခြားတဲ့မိန့်မှာချက်
၃၊ ၄။ ယေရမိရဲ့အခြေအနေက လူအများစုနဲ့ ဘယ်လိုကွာခြားသလဲ။ သူ ဘာအကျိုးခံစားခဲ့ရသလဲ။
၃ ယေရမိက ဂျေရုဆလင်မြို့ ပျက်စီးခြင်းဘေးကနေလွတ်မြောက်ပြီး “အသက်ဆက်ရှင်” ခဲ့သူဖြစ်တယ်။ ဒါပေမဲ့ သူ့ရဲ့အခြေအနေက လူအများစုနဲ့ ကွာခြားတယ်။ (ယေ. ၂၁:၉; ၄၀:၁-၄) ဘုရားသခင်က သူ့ကို အိမ်ထောင်မပြုဖို့၊ သားသမီးမယူဖို့၊ အဲဒီခေတ်ကဂျူးတွေရဲ့ လုပ်ရိုးလုပ်စဉ်တချို့မှာ မပါဝင်ဖို့ပြောခဲ့တယ်။—ယေရမိ ၁၆:၁-၄ ကိုဖတ်ပါ။
၄ ယေရမိခေတ်မှာ အိမ်ထောင်သားမွေးပြုတာက ဓလေ့ထုံးစံပဲ။ ဂျူးအမျိုးသားအများစုက အိမ်ထောင်သားမွေးပြုပြီး သူတို့ရဲ့ဘိုးဘွားပိုင်မြေကို မျိုးနွယ်နဲ့မိသားစုအလိုက် ထိန်းသိမ်းကြတယ်။a (တရား. ၇:၁၄) ယေရမိကတော့ ဘာကြောင့် အိမ်ထောင်မပြုခဲ့ရတာလဲ။ ရှေ့မှာဖြစ်ပျက်လာမယ့်အရာတွေကြောင့် ဘုရားသခင်က သူ့ကို သာရေးနာရေးနဲ့ဆိုင်တဲ့ပွဲတွေမှာ မပါဝင်ဖို့ပြောထားတယ်။ သူက ဝမ်းနည်းပူဆွေးနေသူတွေကို မနှစ်သိမ့်ရဘူး။ အသုဘချပြီးနောက် သူတို့နဲ့အတူ မစားသောက်ရဘူး။ မင်္ဂလာပွဲတွေလို ပျော်ပွဲရွှင်ပွဲတွေမှာ မပါဝင်ရဘူး။ အဲဒီလိုပျော်ပွဲရွှင်ပွဲတွေ၊ စားသောက်ပွဲတွေဟာ မကြာခင် အဆုံးတိုင်တော့မှာဖြစ်တယ်။ (ယေ. ၇:၃၃; ၁၆:၅-၉) ယေရမိရဲ့လုပ်ရပ်က သူ့သတင်းစကားကို ပိုလေးနက်စေပြီး ရောက်လာတော့မယ့် တရားစီရင်ခြင်းက ဘယ်လောက်ကြီးကျယ်တယ်ဆိုတာကို အလေးပေးဖော်ပြတယ်။ နောက်ဆုံးမှာ အဲဒီဘေးဆိုးက တကယ်ကျရောက်လာတယ်။ ဇာတ်တူသားစားရတဲ့ဘဝကို ရောက်သွားတဲ့သူတွေ၊ ကိုယ်ချစ်ရသူတွေ သေပြီးပုပ်ပွလာတာကို မြင်ရတဲ့သူတွေရဲ့နေရာမှာ သင် ဝင်ခံစားကြည့်နိုင်မလား။ (ယေရမိ ၁၄:၁၆ ကိုဖတ်ပါ; မြည်. ၂:၂၀) ဒါကြောင့် အိမ်ထောင်မပြုခဲ့တဲ့ ယေရမိကို သနားစရာပါလားလို့ မမြင်သင့်ဘူး။ ၁၈ လကြာ ဝိုင်းရံပိတ်ဆို့မှုနဲ့ ဆက်ဖြစ်လာတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် မိသားစုတွေ သေကျေပျက်စီးကုန်ပေမဲ့ ယေရမိကတော့ အိမ်ထောင်ဖက် ဒါမှမဟုတ် သားသမီးသေဆုံးသွားလို့ ဝမ်းနည်းရတဲ့အဖြစ်မျိုး မကြုံခဲ့ရဘူး။
၅။ ယေရမိ ၁၆:၅-၉ မှာပါတဲ့လမ်းညွှန်ချက်က ခရစ်ယာန်တွေအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ။
၅ ယေရမိ ၁၆:၅-၉ က ကျွန်တော်တို့နဲ့ သက်ဆိုင်တယ်လို့ ပြောလို့ရမလား။ မရပါဘူး။ “ဆင်းရဲဒုက္ခအမျိုးမျိုး ခံရသူတို့အား နှစ်သိမ့်ပေး” ဖို့၊ “ဝမ်းမြောက်သောသူတို့နှင့်အတူ ဝမ်းမြောက်” ဖို့ ခရစ်ယာန်တွေကို တိုက်တွန်းထားတယ်။ (၂ ကော. ၁:၄; ရော. ၁၂:၁၅) ယေရှုလည်း မင်္ဂလာပွဲတစ်ခုကို ပျော်ပျော်ပါးပါး တက်ရောက်ခဲ့တယ်။ ဒါပေမဲ့ ဒီဆိုးညစ်တဲ့စနစ်ရဲ့ရှေ့ရေးက ရင်လေးစရာပဲ။ ခရစ်ယာန်တွေဟာ ခက်ခဲမှုနဲ့ ဆင်းရဲချို့တဲ့မှုတွေကိုတောင် ကြုံရနိုင်တယ်။ ယေရှုက ဘယ်လိုအခြေအနေမှာပဲ ဖစ်ဖြစ် ခံနိုင်ရည်ရှိအောင်၊ ဆက်ပြီးသစ္စာရှိအောင် အသင့်ဖြစ်နေဖို့လိုတဲ့အကြောင်း အလေးအနက်ပြောခဲ့တယ်။ ပထမရာစုမှာ ယုဒပြည်ကနေထွက်ပြေးခဲ့တဲ့ ညီအစ်ကိုတွေက အဲဒီအတိုင်းလုပ်ခဲ့ကြတယ်။ ဒါကြောင့် တစ်ကိုယ်ရေနေမလား၊ အိမ်ထောင်ပြုမလား၊ ကလေးယူမလားဆိုတာတွေကို အလေးအနက်စဉ်းစားသင့်တယ်။—မဿဲ ၂၄:၁၇၊ ၁၈ ကိုဖတ်ပါ။
၆။ ယေရမိကိုပေးတဲ့ ဘုရားသခင့်လမ်းညွှန်ချက်ကနေ ဘယ်သူတွေ အကျိုးခံစားရနိုင်သလဲ။
၆ အိမ်ထောင်မပြုဖို့၊ ကလေးမယူဖို့ ယေရမိကို ဘုရားသခင်မိန့်မှာတဲ့အချက်ကနေ ကျွန်တော်တို့ ဘာသင်ယူနိုင်သလဲ။ ဒီနေ့ခေတ် သစ္စာရှိခရစ်ယာန်တချို့ဟာ အိမ်ထောင်မရှိသူတွေ၊ သားသမီးမရှိသူတွေ ဖြစ်ကြတယ်။ ယေရမိဆီကနေ သူတို့ ဘာသင်ယူနိုင်မလဲ။ အိမ်ထောင်ရှိပြီး သားသမီးတွေရှိတဲ့ခရစ်ယာန်တွေတောင် ယေရမိ အိမ်ထောင်သားမွေးမပြုခဲ့တာကို ဘာကြောင့်အာရုံစိုက်သင့်သလဲ။
၇။ ယေရမိမှာ သားသမီးမရှိခဲ့ဘူးဆိုတဲ့အချက်နဲ့ပတ်သက်ပြီး ဘာကိုသုံးသပ်သင့်သလဲ။
၇ ယေရမိမှာ သားသမီးမရှိခဲ့ဘူးဆိုတဲ့အချက်ကို ဦးဆုံးသုံးသပ်ကြည့်ပါ။ ယေရှုက သူ့နောက်လိုက်တွေကို သားသမီးမယူရဘူးလို့ မမိန့်မှာခဲ့ဘူး။ ဒါပေမဲ့ အေဒီ ၆၆-၇၀ မှာ ဂျေရုဆလင်မြို့အပေါ် ဘေးဒုက္ခကျရောက်တဲ့အခါ ကိုယ်ဝန်ဆောင်မိန်းမတွေ၊ နို့တိုက်မိခင်တွေဟာ “အမင်္ဂလာရှိ” တယ်လို့ ယေရှုပြောခဲ့တယ်။ အဲဒီအချိန်ဟာ သူတို့အတွက် အတော့်ကိုခက်ခဲခဲ့မှာပဲ။ (မ. ၂၄:၁၉) အခုဆိုရင် ကျွန်တော်တို့ဟာ ပိုဆိုးရွားတဲ့ဘေးဒုက္ခကို ရင်ဆိုင်နေရတယ်။ ကလေးယူဖို့စဉ်းစားနေတဲ့ ခရစ်ယာန်မောင်နှံတွေဟာ ဒီအချက်ကို အလေးအနက် သုံးသပ်သင့်တယ်။ ဒီခက်ခဲကျပ်တည်းတဲ့ကာလက ပိုပိုဆိုးလာတယ်ဆိုတာ သင် သဘောတူတယ်မဟုတ်လား။ ဒါ့အပြင် လက်ရှိစနစ်ရဲ့အဆုံးကိုလွတ်မြောက်ပြီး “အသက်ဆက်ရှင်” မယ့်သားသမီးတွေကို ပြုစုပျိုးထောင်ရတာက သိပ်ခက်ခဲတယ်လို့ ဇနီးမောင်နှံတွေ ဝန်ခံကြတယ်။ သားသမီးယူမယူဆိုတာက မောင်နှံစုံတွေဆုံးဖြတ်ရမှာဖြစ်ပေမဲ့ ယေရမိရဲ့အခြေအနေကို သူတို့ ထည့်စဉ်းစားသင့်တယ်။ ဒါပေမဲ့ ယေရမိကို အိမ်ထောင်မပြုဖို့ ဘုရားသခင်မိန့်မှာခဲ့တာကကော ဘယ်လိုလဲ။
ဘယ်လို ထူးခြားတဲ့မိန့်မှာချက်ကို ယေရမိ ရခဲ့သလဲ။ ဒါက ဘယ်အချက်ကို စဉ်းစားသုံးသပ်ဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးသင့်သလဲ။
ယေရမိရဲ့ တစ်ကိုယ်ရေဘဝကနေ သင်ယူပါ
၈။ အိမ်ထောင်ပြုမှ ဘုရားသခင့်နှစ်သက်မှုရမယ်လို့ ဘာကြောင့်မပြောနိုင်တာလဲ။
၈ ယေရမိကို အိမ်ထောင်မပြုဖို့ ဘုရားသခင်ပြောတာက သူ့ကျေးကျွန်အားလုံး လိုက်နာရမယ့်စံနှုန်းကို သတ်မှတ်ပေးနေတာမဟုတ်ဘူး။ အိမ်ထောင်ပြုတာက ကောင်းပါတယ်။ ယေဟောဝါက ကမ္ဘာမြေကို လူတွေနဲ့ပြည့်စေဖို့၊ ကျေနပ်ပျော်ရွှင်မှုရစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အိမ်ထောင်ရေးကို အစပြုပေးခဲ့တယ်။ (သု. ၅:၁၈) ဒါပေမဲ့ လူတိုင်း အိမ်ထောင်ပြုကြတာတော့ မဟုတ်ပါဘူး။ ယေရမိပရောဖက်ပြုနေချိန်မှာ ဘုရားသခင့်လူမျိုးနဲ့ပူးပေါင်းနေတဲ့ မိန်းမစိုးတချို့ရှိခဲ့တယ်။b မုဆိုးဖို၊ မုဆိုးမတွေလည်းရှိမှာ သေချာတယ်။ ဒါကြောင့် ဘုရားသခင့်ကျေးကျွန်တွေထဲမှာ အိမ်ထောင်ဖက်မရှိတဲ့သူက ယေရမိတစ်ယောက်တည်း မဟုတ်ဘူး။ ယေရမိမှာ အိမ်ထောင်မပြုရတဲ့ အကြောင်းရင်းရှိခဲ့သလို ဒီနေ့ ခရစ်ယာန်တချို့မှာလည်း ရှိပါတယ်။
၉။ အိမ်ထောင်ပြုခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာမှာပါတဲ့ ဘယ်အကြံဉာဏ်ကို အလေးအနက်သုံးသပ်သင့်သလဲ။
၉ ခရစ်ယာန်အတော်များများက အိမ်ထောင်ပြုကြပေမဲ့ အားလုံးတော့ မဟုတ်ပါဘူး။ ယေရှုလည်း အိမ်ထောင်မပြုခဲ့ဘူးဆိုတာ သင် သိပါတယ်။ ဒါ့အပြင် တပည့်တချို့ဟာ တစ်ကိုယ်ရေဘဝကို စိတ်လိုကိုယ်လျောက် “ခံယူ” နိုင်ဖို့ ဆုကျေးဇူးရလိမ့်မယ်လို့ပြောပြီး အဲဒီလိုနေနိုင်မယ်ဆိုရင် နေဖို့ ယေရှုတိုက်တွန်းခဲ့တယ်။ (မဿဲ ၁၉:၁၁၊ ၁၂ ကိုဖတ်ပါ။) ဒါကြောင့် ဘုရားသခင့်အမှုတော်မှာ ပိုပြီးပါဝင်နိုင်ဖို့ တစ်ကိုယ်ရေနေတဲ့သူတွေကို နောက်ပြောင်မယ့်အစား ချီးမွမ်းသင့်ပါတယ်။ တချို့ကျတော့ အခြေအနေကြောင့် အချိန်အတိုင်းအတာတစ်ခုအထိ တစ်ကိုယ်ရေနေကြတယ်။ ဥပမာ၊ သူတို့ဟာ သင့်တော်တဲ့ ခရစ်ယာန်အိမ်ထောင်ဖက် ရှာမတွေ့တာဖြစ်နိုင်တယ်။ “သခင်၌ရှိသောသူကိုသာ ထိမ်းမြားရမည်” ဆိုတဲ့ ဘုရားသခင့်စံနှုန်းကို လိုက်လျှောက်ဖို့ ဆုံးဖြတ်ထားတဲ့အတွက် သူတို့ကို ချီးမွမ်းထိုက်တယ်။ (၁ ကော. ၇:၃၉) ဒါ့အပြင် ဘုရားသခင့်ကျေးကျွန်တချို့လည်း မုဆိုးဖို၊ မုဆိုးမတွေဆိုတော့ တစ်ကိုယ်ရေသမားတွေပဲပေါ့။c အဲဒီလိုတစ်ကိုယ်ရေသမားတွေကို ဘုရားသခင်နဲ့ (ယေရှု) က ဟိုးအရင်ကတည်းက စိတ်ဝင်စားတယ်ဆိုတာ သူတို့ဘယ်တော့မှမမေ့သင့်ပါဘူး။—ယေ. ၂၂:၃; ၁ ကောရိန္သု ၇:၈၊ ၉ ကိုဖတ်ပါ။
၁၀၊ ၁၁။ (က) တစ်ကိုယ်ရေဘဝနဲ့ အောင်မြင်စွာနေနိုင်ဖို့ ယေရမိကို ဘာကထောက်ကူပေးခဲ့သလဲ။ (ခ) အိမ်ထောင်မပြုရင်လည်း ကျေနပ်စရာကောင်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်တယ်ဆိုတာ ဒီနေ့ခေတ် ဘယ်တွေ့ကြုံမှုတွေက ဖော်ပြသလဲ။
၁၀ ယေရမိဟာ တစ်ကိုယ်ရေနေခဲ့တဲ့အတွက် ဘုရားသခင့်ထောက်မမှုကို မှီခိုအားထားခဲ့မှာပဲ။ ဘယ်လိုနည်းနဲ့လဲ။ ယေရမိက ယေဟောဝါရဲ့စကားကို သိပ်နှစ်သက်တယ်ဆိုတာ ပြန်သတိရပါ။ အဲဒါက ဘုရားပေးတာဝန်ကို အာရုံစိုက်လုပ်ဆောင်ခဲ့တဲ့ နှစ်တွေတစ်လျှောက်မှာ ယေရမိကို ယုံကြည်စိတ်ချမှုနဲ့ ခွန်အားရှိစေခဲ့တယ်။ ဒါ့အပြင် ယေရမိက သူတစ်ကိုယ်ရေနေတာကို နောက်ပြောင်မယ့်သူတွေနဲ့ မပေါင်းသင်းခဲ့ဘူး။ အဲဒီလိုလူတွေနဲ့ ပေါင်းသင်းမယ့်အစား “တစ်ယောက်တည်းထိုင်” ရတာကို ပိုနှစ်သက်ခဲ့တယ်။—ယေရမိ ၁၅:၁၇ ကိုဖတ်ပါ။
၁၁ တစ်ကိုယ်ရေနေတဲ့ ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ်များစွာဟာ ယေရမိရဲ့ပုံသက်သေကောင်းကို လိုက်လျှောက်နေကြတယ်။ တစ်ကိုယ်ရေဘဝက အဓိပ္ပာယ်ပြည့်ဝတဲ့ ဘုရားရေးရာလုပ်ငန်းတွေမှာ ပိုပြီးပါဝင်နိုင်ဖို့၊ အဲဒီလုပ်ငန်းမှာ အာရုံနှစ်မြှုပ်ထားနိုင်ဖို့ ထောက်ကူပေးတယ်ဆိုတာ တွေ့ကြုံမှုတွေက ဖော်ပြနေတယ်။ ဥပမာ၊ တရုတ်စကားပြောအသင်းတော်မှာ အမှုဆောင်နေတဲ့ညီအစ်မတစ်ယောက်က ဒီလိုပြောတယ်– “ရှေ့ဆောင်လုပ်တာက ကျွန်မဘဝကို ဦးတည်ချက်ရှိစေတယ်။ တစ်ကိုယ်ရေညီအစ်မတစ်ယောက်အနေနဲ့ ကျွန်မက အလုပ်များပြီး တက်ကြွနေတဲ့အတွက် အထီးကျန်တယ်လို့ မခံစားရဘူး။ ကျွန်မလုပ်နေတာက လူတွေကို တကယ်အကူအညီဖြစ်စေတယ်ဆိုတာ မြင်ရတဲ့အတွက် တစ်ရက်ကုန်သွားတိုင်း ကျေနပ်မှုခံစားရတယ်။ ဒါက ကျွန်မကို သိပ်ပျော်ရွှင်စေတယ်။” အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ရှေ့ဆောင်တစ်ယောက်ကလည်း “ဘယ်အခြေအနေမှာပဲရှိရှိ အကောင်းကို မြင်တတ်တာက ပျော်ရွှင်မှုရဲ့လျှို့ဝှက်ချက်ပဲလို့ ကျွန်မထင်တယ်” ဆိုပြီးပြောတယ်။ ဥရောပတောင်ပိုင်းက တစ်ကိုယ်ရေခရစ်ယာန်တစ်ယောက်ကလည်း “ဘဝက စီစဉ်ထားတဲ့အတိုင်း အတိအကျ ဖြစ်မလာပေမဲ့ ကျွန်မ ပျော်ပါတယ်။ နောင်လည်း ပျော်နေမှာပါ” လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံတယ်။
၁၂၊ ၁၃။ (က) တစ်ကိုယ်ရေဘဝ၊ အိမ်ထောင်သည်ဘဝနဲ့ပတ်သက်ပြီး လက်တွေ့ကျတဲ့အမြင်က ဘာလဲ။ (ခ) ပေါလုရဲ့အသက်တာနဲ့ အကြံပေးချက်တွေက တစ်ကိုယ်ရေဘဝနဲ့ပတ်သက်ပြီး ဘာကိုဖော်ပြသလဲ။
၁၂ ဘဝဟာ စီစဉ်ထားတဲ့အတိုင်း မဖြစ်လာဘူးလို့ ယေရမိခံစားခဲ့ရမလား။ အိမ်ထောင်ပြုပြီး ကလေးယူတဲ့သူအတော်များများလည်း အဲဒီလိုခံစားရတယ်ဆိုတာ သူသိခဲ့ပါလိမ့်မယ်။ စပိန်နိုင်ငံက ရှေ့ဆောင်တစ်ယောက်က သူ့အမြင်ကို ဒီလိုပြောပြတယ်– “ကျွန်မနဲ့သိတဲ့ အိမ်ထောင်သည်တွေထဲမှာ ပျော်တဲ့သူတွေရှိသလို မပျော်တဲ့သူတွေလည်းရှိတယ်။ အဲဒီအချက်က ပျော်ရွှင်မှုဆိုတာ အိမ်ထောင်ပြုခြင်း၊ မပြုခြင်းအပေါ်မမူတည်မှန်း ကျွန်မကို စိတ်ချစေတယ်။” ယေရမိရဲ့ တွေ့ကြုံမှုက တစ်ကိုယ်ရေသမားတွေလည်း အဓိပ္ပာယ်ပြည့်ဝပြီး ပျော်ရွှင်ကျေနပ်စရာကောင်းတဲ့အသက်တာကို ပိုင်ဆိုင်နိုင်တယ်ဆိုတာဖော်ပြတဲ့ တွေ့ကြုံမှုအများကြီးထဲက တစ်ခုသာဖြစ်တယ်။ ဒီအချက်ကို တမန်တော်ပေါလုလည်း ထောက်ခံတယ်။ “အိမ်ထောင်မရှိသောသူတို့နှင့် မုဆိုးမတို့သည် ငါကဲ့သို့ပင် နေလျှင်ကောင်းမည်ဟု ငါဆို၏” လို့ သူရေးခဲ့တယ်။ (၁ ကော. ၇:၈) ပေါလုက မုဆိုးဖိုတစ်ယောက် ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် သာသနာပြုလုပ်ငန်းနဲ့ အလုပ်များနေချိန်မှာတော့ သူ့မှာ အိမ်ထောင်မရှိတာ သေချာတယ်။ (၁ ကော. ၉:၅) သူ့ရဲ့တစ်ကိုယ်ရေဘဝက အကျိုးရှိတယ်လို့ ကောက်ချက်ချတာ သင့်တော်တယ်မဟုတ်လား။ သူက တစ်ကိုယ်ရေနေတဲ့အတွက် “အာရုံပျံ့လွင့်ခြင်းမရှိဘဲ သခင်ကိုမပြတ်ခစားခွင့်ရှိ” ခဲ့ပြီး မွန်မြတ်တဲ့အလုပ်များစွာကို လုပ်ဆောင်နိုင်ခဲ့တယ်။—၁ ကော. ၇:၃၅။
၁၃ စွမ်းအားတော်လမ်းညွှန်မှုနဲ့ရေးတဲ့ ပေါလုရဲ့စကားမှာ “အိမ်ထောင်ပြုသူတို့သည် ကာယဆင်းရဲဒုက္ခကို ခံကြရလိမ့်မည်” ဆိုတဲ့အချက်လည်း ပါတယ်။ “တစ်စုံတစ်ဦးသည် ထိမ်းမြားရန်မလိုဟု စိတ်ဆုံးဖြတ်ထားလျှင်၊ . . . အပျိုလူပျိုဘဝဖြင့် နေသွားမည်ဟု စိတ်ဆုံးဖြတ်ထားပြီဆိုလျှင် ကောင်းစွာပြု၏။ အပျိုလူပျိုဘဝကိုစွန့်၍ အိမ်ထောင်ပြုသူသည်လည်း ကောင်းစွာပြု၏။ အိမ်ထောင်မပြုသောသူမူကား သာ၍ကောင်းစွာပြု၏” ဆိုတဲ့စကားတွေကိုလည်း ပေါလုကို ဘုရားသခင် ထည့်ရေးခိုင်းတယ်။ (၁ ကော. ၇:၂၈၊ ၃၇၊ ၃၈) ယေရမိက ဒီစကားတွေကို မဖတ်ခဲ့ရဘူး။ ဒါပေမဲ့ တစ်ကိုယ်ရေဘဝဟာ ဘုရားသခင်အတွက်အမှုဆောင်ပြီး အဓိပ္ပာယ်ရှိတဲ့အသက်တာရဖို့ အတားအဆီးမဟုတ်ဘူးဆိုတာကို ဆယ်စုနှစ်တစ်လျှောက် သူ့အသက်တာက သက်သေပြခဲ့တယ်။ တကယ်တော့ တစ်ကိုယ်ရေဘဝက စစ်မှန်တဲ့ဝတ်ပြုရေးကိုအဓိကထားတဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ အသက်တာကိုရရှိဖို့ အများကြီး ထောက်ကူပေးနိုင်တယ်။ အိမ်ထောင်သည် ဘုရင်ဇေဒကိက ယေရမိရဲ့ အကြံပေးချက်ကို မလိုက်နာတဲ့အတွက် ‘အသက်ဆက်မရှင်’ ခဲ့ဘူး။ အိမ်ထောင်မရှိတဲ့ ယေရမိကတော့ အသက်ဆက်ရှင်စေတဲ့ လမ်းစဉ်ကို လိုက်လျှောက်ခဲ့တယ်။
ဆယ်စုနှစ်တွေတစ်လျှောက် တစ်ကိုယ်ရေဘဝနဲ့နေထိုင်ခဲ့တဲ့ ယေရမိရဲ့ပုံသက်သေကနေ သင် ဘာသင်ယူနိုင်သလဲ။
ကိုယ်တိုင်ရော တခြားသူကိုပါ လန်းဆန်းစေပါ
၁၄။ အာကုလရဲ့မိသားစုနဲ့ ပေါလုရဲ့ရင်းနှီးမှုက ဘယ်အချက်ကို ဖော်ပြသလဲ။
၁၄ ရှေ့မှာဖတ်ခဲ့တဲ့အတိုင်း ယေရမိခေတ်က အမျိုးသား၊ အမျိုးသမီးအများစုဟာ အိမ်ထောင်ပြုကြပြီး မိသားစုတွေရှိကြတယ်။ ပေါလုခေတ်မှာလည်း အဲဒီလိုပဲ။ မိသားစုရှိတဲ့ ခရစ်ယာန်အများစုဟာ ပေါလုလို တစ်နယ်တစ်ကျေးသွားပြီး သာသနာပြုလုပ်ငန်းမှာ မပါဝင်နိုင်ပေမဲ့ ကိုယ့်ဒေသမှာပဲ အများကြီးလုပ်ဆောင်နိုင်ခဲ့တယ်။ အဲဒီထဲမှာ တစ်ကိုယ်ရေ ညီအစ်ကိုညီအစ်မတွေကို ထောက်ကူပေးတာလည်း ပါဝင်တယ်။ ကောရိန္သုမြို့ကို ပေါလုရောက်လာချိန်မှာ အာကုလနဲ့ပြစ်ကိလက ပေါလုကို သူတို့အိမ်မှာနေဖို့ ဖိတ်ခေါ်ပြီး သူတို့ရဲ့စီးပွားရေးလုပ်ငန်းကို အတူလုပ်ကိုင်ခဲ့တယ်ဆိုတာ သတိရပါ။ ဒါပေမဲ့ အဲဒီလောက်ပဲ မဟုတ်ပါဘူး။ အာကုလရဲ့မိသားစုနဲ့ ပေါင်းသင်းရတာက ပေါလုအတွက် လန်းဆန်းမှုဖြစ်ခဲ့မှာ သေချာတယ်။ သူတို့က ပျော်ပျော်ပါးပါး ဝိုင်းဖွဲ့စားသောက်ပြီး ရင်းရင်းနှီးနှီးပေါင်းသင်းခဲ့မှာ သေချာတယ်။ ယေရမိကော အဲဒီလိုပေါင်းသင်းမှုမျိုးကနေ အကျိုးရရှိခဲ့သလား။ သူဟာ ဘုရားသခင်အတွက် အမှုဆောင်ဖို့ တစ်ကိုယ်ရေနေခဲ့တာဖြစ်ပေမဲ့ သူ့ကို တစ်သီးပုဂ္ဂလနေတဲ့သူလို့ မယူဆသင့်ပါဘူး။ သူဟာ ဗာရုတ်နဲ့ဧဗဒမေလက်လို ဘုရားသခင့်ကျေးကျွန်တွေရဲ့ မိသားစုဝင်တွေနဲ့ ရင်းရင်းနှီးနှီးပေါင်းသင်းရတာကို နှစ်သက်ခဲ့မှာပဲ။—ရော. ၁၆:၃; တမန်တော် ၁၈:၁-၃ ကိုဖတ်ပါ။
၁၅။ မိသားစုရှိတဲ့သူတွေက တစ်ကိုယ်ရေသမားတွေကို ဘယ်လိုနည်းနဲ့ ကူညီပေးနိုင်သလဲ။
၁၅ ဒီနေ့ခေတ်မှာရှိတဲ့ တစ်ကိုယ်ရေခရစ်ယာန်တွေလည်း အာကုလမိသားစုနဲ့ပေါလုရဲ့ ရင်းနှီးတဲ့ပေါင်းသင်းမှုမျိုးကနေ အကျိုးရရှိနေကြတယ်။ သင့်မှာ မိသားစုရှိမယ်ဆိုရင် တစ်ကိုယ်ရေ ညီအစ်ကိုညီအစ်မတွေနဲ့ မိတ်ဖွဲ့ပေါင်းသင်းဖို့ ပန်းတိုင်ထားနိုင်မလား။ ညီအစ်မတစ်ယောက်က အခုလိုရင်ဖွင့်တယ်– “လောကကို ကျွန်မ စွန့်ခဲ့ပြီ။ အဲဒီကို ပြန်မသွားချင်တော့ဘူး။ ဒါပေမဲ့ ကျွန်မ အချစ်ခံချင်တယ်။ ဂရုစိုက်ခံချင်တယ်။ ကျွန်မတို့လို တစ်ကိုယ်ရေ ခရစ်ယာန်တွေအတွက် ကျမ်းစာအခြေပြုစာပေတွေနဲ့ အားပေးမှုတွေပေးဖို့ ယေဟောဝါကို ကျွန်မ ဆုတောင်းတယ်။ ကျွန်မတို့လည်း ထောက်မမှု လိုအပ်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ယောက်တိုင်းက အိမ်ထောင်ပြုချင်နေတာတော့ မဟုတ်ဘူး။ တစ်ခါတလေ ကျွန်မတို့ကို ကူညီပေးမယ့်သူတစ်ယောက်မှ မရှိသလိုပဲ။ ယေဟောဝါကို ကျွန်မတို့ အမြဲရင်ဖွင့်နိုင်တယ်ဆိုတာ မှန်ပေမဲ့ တခြားသူတွေနဲ့ ပေါင်းသင်းချင်တဲ့အခါ အသင်းတော်က ညီအစ်ကိုညီအစ်မတွေနဲ့ ပြောဆိုပေါင်းသင်းလို့ရနိုင်ပါ့မလား။” ‘ရနိုင်တာပေါ့’ ဆိုပြီး တစ်ကိုယ်ရေ ညီအစ်ကိုညီအစ်မ အများကြီးက ရိုးသားစွာဖြေပါလိမ့်မယ်။ သူတို့ဟာ အသင်းတော်မှာရှိတဲ့သူတွေနဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းနေကြတယ်။ သူတို့ရဲ့မိတ်ဆွေတွေက သက်တူရွယ်တူတွေလောက်ပဲ မဟုတ်ဘူး။ သူတို့က သိုက်သိုက်ဝန်းဝန်း နေချင်တဲ့အတွက် ဒေသခံအသင်းတော်မှာရှိတဲ့ လူကြီးလူငယ် အသက်အရွယ်အမျိုးမျိုးရှိသူတွေနဲ့ မိတ်ဖွဲ့ပေါင်းသင်းကြတယ်။
၁၆။ သင့်အသင်းတော်မှာရှိတဲ့ တစ်ကိုယ်ရေညီအစ်ကိုညီအစ်မတွေကို လန်းဆန်းစေဖို့ ရိုးရှင်းတဲ့ဘယ်လိုအရာတွေကို သင်လုပ်ဆောင်နိုင်မလဲ။
၁၆ တစ်ခါတလေ မိသားစုဝတ်ပြုမှုလို မိသားစုလုပ်ဆောင်မှုတွေမှာ တစ်ကိုယ်ရေ ညီအစ်ကိုညီအစ်မတွေကို ကြိုတင်စီစဉ်ပြီး ဖိတ်ခေါ်ခြင်းအားဖြင့် သူတို့ကို သင် လန်းဆန်းစေနိုင်တယ်။ သင့်မိသားစုနဲ့အတူစားသောက်ဖို့ တစ်ကိုယ်ရေ ညီအစ်ကိုညီအစ်မတွေကို ဖိတ်ခေါ်တာက သူတို့အတွက် ဟင်းကောင်းတစ်ခွက်ထက်မက ပိုအဓိပ္ပာယ်ရှိပါတယ်။ သူတို့နဲ့အတူ အမှုဆောင်ဖို့ သင့်ဘက်က စတင်ဖိတ်ခေါ်နိုင်မလား။ သင့်မိသားစုနဲ့အတူ နိုင်ငံတော်ခန်းမမှာ လုပ်အားပေးဖို့၊ အတူစျေးဝယ်ထွက်ဖို့ သူတို့ကို ဖိတ်ခေါ်နိုင်မလား။ မိသားစုတချို့က စည်းဝေးကြီးတွေသွားတဲ့အခါ ဒါမှမဟုတ် အားလပ်ရက် အပန်းဖြေတဲ့အခါ မုဆိုးဖို၊ မုဆိုးမနဲ့ တစ်ကိုယ်ရေရှေ့ဆောင်တွေကို ဖိတ်ခေါ်ကြတယ်။ အဲဒီလိုပေါင်းသင်းမှုတွေက အပြန်အလှန် လန်းဆန်းမှု ရရှိစေတယ်။
၁၇-၁၉။ (က) အိုမင်းမစွမ်းဖြစ်နေတဲ့ မိဘတွေကိုကြည့်ရှုဖို့စီစဉ်ရာမှာ သားသမီးတွေအနေနဲ့ မေတ္တာပါပြီး မျှတမှုရှိဖို့ ဘာကြောင့်လိုအပ်သလဲ။ (ခ) မိခင်ကိုပြုစုစောင့်ရှောက်တာနဲ့ပတ်သက်ပြီး ယေရှုဆီကနေ ဘယ်လက်တွေ့ကျသင်ခန်းစာရနိုင်သလဲ။
၁၇ တစ်ကိုယ်ရေ ညီအစ်ကိုမောင်နှမတွေအတွက် ထည့်စဉ်းစားပေးနိုင်တဲ့ နောက်ကဏ္ဍတစ်ခုကတော့ သက်ကြီးရွယ်အိုမိဘတွေကို ပြုစုတဲ့ကိစ္စဖြစ်တယ်။ ယေရှုခေတ်က အထင်ကရဂျူးတချို့ဟာ မိအိုဖအိုတွေကို ကြည့်ရှုရမယ့်တာဝန်ကို ပရိယာယ်သုံးပြီး ခေါင်းရှောင်ခဲ့ကြတယ်။ သူတို့က မိဘတွေနဲ့ပတ်သက်တဲ့ ဘုရားပေးတာဝန်ထက် သူတို့ထုတ်ပြန်ထားတဲ့ ဘာသာရေး တာ၀န်တွေကိုကျေပွန်ဖို့ ပိုအရေးကြီးတယ်လို့ ပြောကြတယ်။ (မာ. ၇:၉-၁၃) ခရစ်ယာန် မိသားစုတွေကတော့ အဲဒီလို မဖြစ်သင့်ပါဘူး။—၁ တိ. ၅:၃-၈။
၁၈ သက်ကြီးရွယ်အို မိဘတွေမှာ သက်သေခံသားသမီး တစ်ယောက်ထက်မက ရှိတယ်ဆိုရင်ကော။ အိမ်ထောင်မရှိတဲ့ သားသမီးကပဲ မိအိုဖအိုတွေကို တာဝန်ယူကြည့်ရှုရမှာလား။ ဂျပန်နိုင်ငံက ညီအစ်မတစ်ယောက်က ဒီလိုပြောတယ်– “ကျွန်မအိမ်ထောင်ပြုချင်ပေမဲ့ မိဘတွေကိုကြည့်ရှုရမယ့်တာဝန်က ရှိနေတော့ အိမ်ထောင်မပြုနိုင်ဘူးဖြစ်နေတယ်။ မိဘတွေကိုကြည့်ရှုပြုစုရတဲ့ စိတ်ဖိစီးမှုနဲ့ တစ်ကိုယ်ရေသမားတွေ ခံစားရတဲ့ စိတ်နာကျင်မှုကို ယေဟောဝါ နားလည်တယ်ဆိုတာ ကျွန်မယုံကြည်တယ်။” လူလွတ်ဖြစ်တဲ့ အဲဒီညီအစ်မကပဲ မိဘတွေကို ကြည့်ရှုရမယ်ဆိုပြီး အိမ်ထောင်သည် မောင်နှမတွေက တစ်ဖက်သတ်ဆုံးဖြတ်ခဲ့တာများလား။ ယေရမိမှာလည်း သူ့ကို မမျှမတဆက်ဆံတဲ့ ညီအစ်ကိုမောင်နှမတွေ ရှိခဲ့တယ်ဆိုတာ သတိရပါ။—ယေရမိ ၁၂:၆ ကိုဖတ်ပါ။
၁၉ ယေဟောဝါက တစ်ကိုယ်ရေသမားတွေကို နားလည်ပြီး ခက်ခဲတဲ့ အခြေအနေကြုံနေရသူတွေကို ကိုယ်ချင်းစာတယ်။ (ဆာ. ၁၀၃:၁၁-၁၄) အိုမင်းမစွမ်းဖြစ်နေတဲ့ မိဘတွေဟာ အိမ်ထောင်မရှိတဲ့ သားသမီးတွေရဲ့ မိဘပဲမဟုတ်ဘူး။ သားသမီးအားလုံးရဲ့မိဘ ဖြစ်တယ်။ သားသမီးတချို့ဟာ အိမ်ထောင်ကျပြီး ကလေးတွေတောင် ရနေမှာဖြစ်တယ်။ ဒါပေမဲ့ အဲဒီအချက်က မိဘနဲ့သူတို့ကြားမှာရှိတဲ့ မိသားစုနှောင်ကြိုးကို ဖြတ်တောက်ပစ်လိုက်တာ မဟုတ်သလို လိုအပ်တဲ့အချိန်မှာ ပြုစုစောင့်ရှောက်ရမယ်ဆိုတဲ့ ခရစ်ယာန် တာဝန်ကနေ လွတ်ကင်းစေတာလည်း မဟုတ်ဘူး။ ယေရှုက သစ်တိုင်ပေါ်သေဆုံးခါနီးမှာတောင် သူ့အမေကို ကြည့်ရှုရမယ်ဆိုတဲ့ တာဝန်ကိုသိပြီး သူ့အမေအတွက် စီစဉ်ပေးခဲ့တယ်။ (ယော. ၁၉:၂၅-၂၇) အိုမင်းမစွမ်းဖြစ်နေတဲ့ မိဘတွေကို ပြုစုစောင့်ရှောက်တဲ့တာဝန်ကို ဘယ်လိုခွဲဝေယူရမယ်ဆိုတဲ့ အသေးစိတ်ကျတဲ့ စည်းမျဉ်းစည်းကမ်းတွေ ကျမ်းစာမှာမပါဘူး။ တစ်ကိုယ်ရေ သားသမီးတွေကပဲ ပြုစုစောင့်ရှောက်ဖို့ ပိုတာဝန်ရှိတယ်လို့လည်း မပြောထားဘူး။ သားသမီးအားလုံးက ဒီကိစ္စကို မျှမျှတတနဲ့ အပြန်အလှန်ထောက်ထား စာနာမှုရှိရှိ အသေးစိတ် စီစဉ်သင့်တယ်။ မိခင်ကိုပြုစုစောင့်ရှောက်တာနဲ့ပတ်သက်ပြီး ယေရှုရဲ့ပုံသက်သေကိုလည်း စိတ်ထဲစွဲမှတ်ထားသင့်တယ်။
၂၀။ သင့်အသင်းတော်မှာရှိတဲ့ တစ်ကိုယ်ရေညီအစ်ကိုညီအစ်မတွေနဲ့ပေါင်းသင်းတဲ့အခါ သင် ဘယ်လိုခံစားရသလဲ။
၂၀ ဘိသိက်ပေးခံရတဲ့ ခရစ်ယာန်တွေဟာ အချင်းချင်းပေါင်းဖော်ကြမယ်၊ ညီရင်းအစ်ကိုလို ဆက်ဆံကြမယ်ဆိုပြီး ဘုရားသခင့်လမ်းညွှန်မှုနဲ့ ယေရမိ ကြိုပြောခဲ့တယ်။ (ယေ. ၃၁:၃၄) အဲဒီအချက်က ဘုရားသခင့်လူမျိုးအားလုံးနဲ့လည်း မူအရ သက်ဆိုင်တယ်။ ကျွန်တော်တို့က တစ်ကိုယ်ရေ ညီအစ်ကိုညီမတွေအပါအဝင် ခရစ်ယာန်အသင်းတော်မှာ ရှိသူတွေနဲ့ အဲဒီလို မိတ်ဖွဲ့ပေါင်းသင်းနေကြတယ်။ ကျွန်တော်တို့အားလုံးက တစ်ကိုယ်ရေသမားတွေနဲ့ ပေါင်းသင်းမှုကနေ အပြန်အလှန် လန်းဆန်းမှုရချင်ကြပြီး သူတို့ “အသက်ဆက်ရှင်” တာကို မြင်တွေ့ချင်ကြမှာ သေချာပါတယ်။
တစ်ကိုယ်ရေ ညီအစ်ကိုညီအစ်မတွေကို လန်းဆန်းစေဖို့၊ သူတို့ဆီကနေ လန်းဆန်းမှုရဖို့ သင် ဘာတွေလုပ်ဆောင်နိုင်သေးသလဲ။
a ဟီဘရူးကျမ်းစာစောင်တွေမှာ “လူပျိုကြီး” ဆိုတဲ့စကားလုံးမရှိဘူး။
b ဟေရှာယက အစ္စရေးလူတွေရဲ့ဝတ်ပြုရေးမှာ အကန့်အသတ်ပဲပါဝင်ခွင့်ရှိတဲ့ သူ့ခေတ်ကမိန်းမစိုးတွေအကြောင်း ပရောဖက်ပြုခဲ့တယ်။ နာခံမှုရှိတဲ့မိန်းမစိုးတွေဟာ “သားသမီးတို့ထက် မြတ်သောအရာ” ကိုရပြီး ဘုရားသခင့်အိမ်တော်မှာ “မပျောက်နိုင်သောထာဝရနာမကို” ရလိမ့်မယ်လို့ သူကြိုဟောခဲ့တယ်။—ဟေရှာ. ၅၆:၄၊ ၅။
c တချို့ကတော့ သူတို့ရဲ့အိမ်ထောင်ဖက်က (ဒါမှမဟုတ် မယုံကြည်သူအိမ်ထောင်ဖက်က) သူတို့နဲ့ခွဲနေတဲ့အတွက်၊ တရားဝင်ကွာရှင်းတဲ့အတွက် တစ်ကိုယ်ရေသမားဖြစ်နေနိုင်တယ်။