ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • od အခန်း ၁၀ စာ. ၁၀၅-၁၁၅
  • အမှုဆောင်လုပ်ငန်း တိုးချဲ့နိုင်တဲ့ နည်းလမ်းများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အမှုဆောင်လုပ်ငန်း တိုးချဲ့နိုင်တဲ့ နည်းလမ်းများ
  • ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အသင်းတော် ကြေညာသူအဖြစ် အမှုဆောင်ခြင်း
  • ပိုလိုအပ်တဲ့ နေရာမှာ အမှုဆောင်ခြင်း
  • ဘာသာခြားစကားနဲ့ ဟောပြောခြင်း
  • ရှေ့ဆောင်လုပ်ငန်း
  • သာသနာပြုများ
  • တိုက်နယ်လုပ်ငန်း
  • သင်တန်းကျောင်းများ
  • ဗေသလလုပ်ငန်း
  • ဆောက်လုပ်ရေးလုပ်ငန်း
  • သင့်မှာ ဘယ်ဘုရားရေးရာ ပန်းတိုင်တွေ ရှိသလဲ
  • အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်နေသူတွေကို သတိရပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ယေဟောဝါအား ဂုဏ်တင်ချီးမွမ်းရန် ပိုမိုပြုလုပ်နိုင်ဦးမည်လော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • သိုးတော်စုကို ထိန်းကျောင်းတဲ့ ကြီးကြပ်မှူးများ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • လူငယ်တို့—သင်တို့ရဲ့ဘဝကိုဘယ်လိုအသုံးပြုမှာလဲ
    လူငယ်တို့—သင်တို့ရဲ့ဘဝကိုဘယ်လိုအသုံးပြုမှာလဲ
နောက်ထပ် ကြည့်ပါ
ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
od အခန်း ၁၀ စာ. ၁၀၅-၁၁၅

အခန်း ၁၀

အမှုဆောင်လုပ်ငန်း တိုးချဲ့နိုင်တဲ့ နည်းလမ်းများ

တပည့်တွေကို နိုင်ငံတော်သတင်း ဟောပြောသူတွေအဖြစ် ယေရှု စေလွှတ်ချိန်မှာ “စပါးရိတ်စရာ အများကြီး ရှိတယ်။ လုပ်သားတွေကတော့ နည်းနေတယ်” လို့ ပြောခဲ့တယ်။ လုပ်စရာ များလွန်းလို့ “လုပ်သားတွေ စေလွှတ်ပေးဖို့ စပါးရှင်ဆီ ဆုတောင်းကြပါ” လို့ ယေရှု ဆက်ပြောတယ်။ (မ. ၉:၃၇၊ ၃၈) အမှုဆောင်လုပ်ငန်းကို ဘယ်လို လုပ်ဆောင်ရမယ်ဆိုတာ တပည့်တွေကို ယေရှု ပြောပြတယ်။ “အစ္စရေးမြို့ရွာတွေကို လှည့်လည်ဟောပြောလို့ မပြီးခင် လူသားရောက်လာလိမ့်မယ်” လို့ ပြောခဲ့တဲ့ ယေရှုရဲ့ စကားက လုပ်ငန်းရဲ့ အရေးကြီးမှုကို ဖော်ပြတယ်။—မ. ၁၀:၂၃။

၂ ဒီနေ့လည်း အမှုဆောင်လုပ်ငန်းမှာ လုပ်စရာများစွာ ရှိတယ်။ အဆုံး မလာခင် နိုင်ငံတော် သတင်းကောင်း ဟောပြောရမယ်။ အချိန် နည်းနည်းပဲ ကျန်တော့တယ်။ (မာ. ၁၃:၁၀) လယ်ကွင်းဟာ ဒီလောက ဖြစ်တဲ့အတွက် ယေရှုနဲ့ တပည့်တွေ ကြုံခဲ့ရတာနဲ့ တော်တော် ဆင်တူတဲ့ အခြေအနေကို ပိုကြီးမားတဲ့ အတိုင်းအတာနဲ့ ကျွန်တော်တို့ ရင်ဆိုင်နေရတယ်။ ကမ္ဘာ့လူဦးရေ သန်းထောင်ပေါင်းများစွာနဲ့ ယှဉ်ရင် ကျွန်တော်တို့ရဲ့ အရေအတွက်ဟာ နည်းနည်းလေးပဲ။ ဒါပေမဲ့ ယေဟောဝါ ကူညီပေးမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ နိုင်ငံတော် သတင်းကောင်းကို မြေတစ်ပြင်လုံးမှာ ဟောပြောရမှာ ဖြစ်ပြီး ယေဟောဝါ သတ်မှတ်ထားချိန်မှာ အဆုံး ရောက်လာလိမ့်မယ်။ အမှုဆောင်လုပ်ငန်းကို အကုန်အစင် ပြီးမြောက်နိုင်ဖို့ ဘဝမှာ ဘုရားသခင့် နိုင်ငံတော်ကို ကျွန်တော်တို့ ဦးစားထားမလား။ ဘယ်ဘုရားရေးရာ ပန်းတိုင်တွေ ချမှတ်နိုင်သလဲ။

၃ ဆက်ကပ်အပ်နှံ ကျေးကျွန်တွေဆီကနေ ယေဟောဝါ တောင်းဆိုတဲ့အရာကို ယေရှု အခုလိုပြောတယ်– “ယေဟောဝါဘုရားကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ၊ ခွန်အားရှိသမျှနဲ့ ချစ်ပါ။” (မာ. ၁၂:၃၀) ဘုရားသခင့် လုပ်ငန်းမှာ စိတ်နှလုံး အကြွင်းမဲ့ ပါဝင်ဖို့ ကျွန်တော်တို့ဆီကနေ တောင်းဆိုထားတယ်။ ဆိုလိုတာက ယေဟောဝါရဲ့ လုပ်ငန်းမှာ အတတ်နိုင်ဆုံး ပါဝင်ခြင်းအားဖြင့် ကိုယ့်ရဲ့ ဆည်းကပ်မြှုပ်နှံမှု အတိမ်အနက်နဲ့ ကိုယ့်ရဲ့ ဆက်ကပ်အပ်နှံမှု ဘယ်လောက် စစ်မှန်တယ်ဆိုတာ ဖော်ပြဖို့ ဖြစ်တယ်။ (၂ တိ. ၂:၁၅) ကိုယ့်အခြေအနေ၊ အစွမ်းအစတွေနဲ့အညီ ယောက်တိုင်းအတွက် အခွင့်အရေးတွေ ပွင့်နေတယ်။ အခွင့်အရေးတချို့အကြောင်း သုံးသပ်ကြည့်ပါ။ ပြီးနောက် အမှုဆောင်လုပ်ငန်းကို ကျေပွန်နိုင်ဖို့ ဘယ်ဘုရားရေးရာ ပန်းတိုင်တွေ ချမှတ်မယ်ဆိုတာ ဆုံးဖြတ်ပါ။

အသင်းတော် ကြေညာသူအဖြစ် အမှုဆောင်ခြင်း

၄ အမှန်တရားကို လက်ခံသူအားလုံးဟာ သတင်းကောင်း ကြေညာဖို့ အခွင့်အရေး ရရှိထားတယ်။ ဒါဟာ တပည့်တွေကို ယေရှု အပ်နှင်းခဲ့တဲ့ အဓိကအလုပ် ဖြစ်တယ်။ (မ. ၂၄:၁၄။ ၂၈:၁၉၊ ၂၀) ယေရှုခရစ်ရဲ့ တပည့်တစ်ယောက်ဟာ သတင်းကောင်းကို ကြားကြားချင်း တခြားသူတွေကို စတင် ဝေမျှလေ့ရှိတယ်။ အန္ဒြေ၊ ဖိလိပ္ပု၊ ကော်နေလိနဲ့ တခြားသူတွေ အဲဒီအတိုင်း လုပ်ခဲ့ကြတယ်။ (ယော. ၁:၄၀၊ ၄၁၊ ၄၃-၄၅။ တ. ၁၀:၁၊ ၂၊ ၂၄။ ၁၆:၁၄၊ ၁၅၊ ၂၅-၃၄) လူတစ်ယောက်ဟာ နှစ်ခြင်း မခံခင်မှာတောင် တခြားသူတွေကို သတင်းကောင်း ဟောပြောနိုင်တယ်လို့ ဆိုလိုတာလား။ ဆိုလိုပါတယ်။ လူတစ်ယောက်ဟာ အသင်းတော်မှာ နှစ်ခြင်း မခံရသေးတဲ့ ကြေညာသူအဖြစ် အရည်အချင်း ပြည့်မီတာနဲ့ ချက်ချင်း တစ်အိမ်မှတစ်အိမ် သက်သေခံခြင်းမှာ ပါဝင်ဖို့ အခွင့်အရေး ရလာတယ်။ သူ့ရဲ့ အစွမ်းအစနဲ့ အခြေအနေတွေအရ အမှုဆောင်လုပ်ငန်းရဲ့ တခြားကဏ္ဍတွေမှာလည်း ပါဝင်နိုင်တယ်။

၅ ကြေညာသူတစ်ယောက်ဟာ နှစ်ခြင်းခံပြီးနောက် တခြားသူတွေကို အတတ်နိုင်ဆုံး သတင်းကောင်း ဟောပြောမှာ သေချာတယ်။ အမျိုးသားရော အမျိုးသမီးတွေပါ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ဖို့ အခွင့်အရေး ရရှိထားတယ်။ အုတ်တစ်ချပ်၊ သဲတစ်ပွင့်လေး ဖြစ်ပါစေ ဘုရားသခင့် နိုင်ငံတော် အကျိုးစီးပွား တိုးတက်ရေးမှာ ပါဝင်ခွင့်ရတာဟာ တကယ့် ကောင်းချီးပါပဲ။ အမှုဆောင်လုပ်ငန်းရဲ့ ထပ်ဆင့်ကဏ္ဍတွေမှာ တိုးချဲ့ပါဝင်နိုင်သူ ဘယ်သူမဆို ပျော်ရွှင်မှု ခံစားရမှာ သေချာပါတယ်။

ပိုလိုအပ်တဲ့ နေရာမှာ အမှုဆောင်ခြင်း

၆ သင့်အသင်းတော် ရပ်ကွက်ဟာ မကြာခဏ အမှုဆောင်တဲ့ ရပ်ကွက် ဖြစ်ပြီး အခေါက်ခေါက်အခါခါ ဟောပြီးသား ဖြစ်နေနိုင်တယ်။ ဒါဆို ပိုလိုအပ်တဲ့ ဒေသကို ပြောင်းရွှေ့ခြင်းအားဖြင့် အမှုဆောင်လုပ်ငန်းကို တိုးချဲ့နိုင်တယ်လို့ သင် ခံစားရနိုင်တယ်။ (တ. ၁၆:၉) သင်ဟာ လောလောဆယ် အကြီးအကဲ ဒါမှမဟုတ် အသင်းတော် အမှုထမ်း ဖြစ်တယ်ဆိုရင် သင့်အကူအညီကို တန်ဖိုးထားလေးမြတ်မယ့် တခြားအသင်းတော်တစ်ခု ရှိကောင်းရှိနိုင်တယ်။ သင့်တိုက်နယ်ကြီးကြပ်မှူးက တိုက်နယ်အတွင်းမှာ ရှိတဲ့ တခြားအသင်းတော်ကို သင် ဘယ်လို ထောက်ကူပေးနိုင်တယ်ဆိုတဲ့ အကြံပြုချက်တွေ ပေးနိုင်တယ်။ နိုင်ငံအတွင်းမှာ ရှိတဲ့ တခြားဒေသမှာ အမှုဆောင်ချင်တယ်ဆိုရင် ဌာနခွဲရုံးက အထောက်အကူပြု အချက်အလက်တွေ ပေးနိုင်တယ်။

၇ သင်ဟာ နိုင်ငံရပ်ခြားမှာ အမှုဆောင်လိုသလား။ ဒါဆို သေသေချာချာ စဉ်းစားဖို့ လိုတယ်။ သင့်အသင်းတော် အကြီးအကဲတွေနဲ့ တိုင်ပင်ကြည့်ပါ။ ဒီလိုပြောင်းရွှေ့ခြင်းဟာ သင့်ကိုရော သင်နဲ့လိုက်ပါမယ့်သူတွေကိုပါ အကျိုးသက်ရောက်မှု ရှိပါလိမ့်မယ်။ (လု. ၁၄:၂၈) ဒါပေမဲ့ အကြာကြီး နေဖို့ အစီအစဉ် မရှိဘူးဆိုရင် သင့်နိုင်ငံထဲက ဒေသတစ်ခုမှာ အမှုဆောင်ဖို့ စဉ်းစားတာ အကောင်းဆုံး ဖြစ်နိုင်တယ်။

၈ နိုင်ငံတချို့မှာ နိုင်ငံရပ်ခြားကနေ လာအမှုဆောင်တဲ့ အကြီးအကဲတွေဟာ အဲဒီနိုင်ငံမှာ ဦးဆောင်နေတဲ့ အကြီးအကဲတွေထက် အမှန်တရားမှာ သက်တမ်းကြာသူတွေ ဖြစ်တယ်။ နှိမ့်ချမှု ရှိတဲ့ ဒေသခံ ညီအစ်ကိုတွေဟာ အသင်းတော်ကို ပြောင်းရွှေ့လာတဲ့ ပိုအတွေ့အကြုံရှိ အကြီးအကဲတွေကို လိုလိုလားလား ဦးဆောင်ခွင့်ပြုကြတယ်။ ဒါပေမဲ့ သင်ဟာ အကြီးအကဲတစ်ယောက် ဖြစ်ပြီး အဲဒီလိုနိုင်ငံကို ပြောင်းရွှေ့ဖို့ စဉ်းစားနေတယ်ဆိုရင် သင့်ရဲ့ အဓိက ရည်ရွယ်ချက်ဟာ ဒေသခံ ညီအစ်ကိုတွေရဲ့ နေရာကို အစားဝင် အမှုဆောင်ဖို့ မဟုတ်ဘူးဆိုတာ စိတ်စွဲမှတ်ထားပါ။ အဲဒီအစား သူတို့နဲ့အတူ အမှုဆောင်ဖို့ ဖြစ်တယ်။ တက်လှမ်းဖို့၊ အသင်းတော် တာဝန်တွေကို လက်ခံဖို့ သူတို့ကို အားပေးပါ။ (၁ တိ. ၃:၁) အဲဒီက လုပ်ပုံကိုင်ပုံဟာ သင့်နိုင်ငံက လုပ်ပုံကိုင်ပုံနဲ့ မတူတဲ့အခါ စိတ်ရှည်ပါ။ အကြီးအကဲအဖြစ် သင့်အတွေ့အကြုံကို သုံးပြီး ညီအစ်ကိုတွေကို ကောင်းကောင်း ကူညီပေးပါ။ ဒါဆို တစ်ချိန်ချိန်မှာ ကိုယ့်နိုင်ငံကို သင် ပြန်သွားရတဲ့အခါ ဒေသခံ အကြီးအကဲတွေက အသင်းတော်ကို ဆက်ဂရုစိုက်ဖို့ အကောင်းဆုံး အနေအထားမှာ ရှိနေပါလိမ့်မယ်။

၉ သင့်အကူအညီကနေ အကျိုးရရှိနိုင်မယ့် အသင်းတော် နာမည်စာရင်းတွေကို ဌာနခွဲရုံးက မပို့ပေးခင် သင့်ရဲ့ အသင်းတော် လုပ်ငန်းတော် ကော်မတီက ထောက်ခံစာတစ်စောင် ရေးဖို့ လိုအပ်တယ်။ သင်ဟာ အကြီးအကဲဖြစ်စေ၊ အသင်းတော်အမှုထမ်းဖြစ်စေ၊ ရှေ့ဆောင်ဖြစ်စေ၊ ကြေညာသူဖြစ်စေ အဲဒီစာ ရေးဖို့ လိုအပ်တယ်။ သင့်အသင်းတော်ရဲ့ လုပ်ငန်းတော် ကော်မတီဟာ ထောက်ခံစာနဲ့အတူ သင့်ရဲ့ စုံစမ်းမေးမြန်းစာကို သင် အမှုဆောင်လိုတဲ့ နိုင်ငံရဲ့ ဌာနခွဲရုံးဆီ တိုက်ရိုက် ပို့ပေးပါလိမ့်မယ်။

ဘာသာခြားစကားနဲ့ ဟောပြောခြင်း

၁၀ အမှုဆောင် လုပ်ငန်းကို တိုးချဲ့နိုင်ဖို့ လက်သင်္ကေတပြ ဘာသာစကား အပါအဝင် ဘာသာခြားစကားကို သင်ယူဖို့ သင် စဉ်းစားလိုပါလိမ့်မယ်။ ဘာသာခြားစကားနဲ့ ဟောပြောဖို့ ပန်းတိုင် ရှိတယ်ဆိုရင် အကြီးအကဲတွေနဲ့ တိုက်နယ်ကြီးကြပ်မှူးကို မေးမြန်းကြည့်ပါ။ သင့်ကို အကြံပြုချက်တွေ ပေးနိုင်ပြီး လိုအပ်သလို အားပေးနိုင်တယ်။ ဌာနခွဲရုံးရဲ့ လမ်းညွှန်မှုအောက်မှာ တိုက်နယ်တချို့ဟာ စွမ်းဆောင်ရည် ရှိတဲ့ ကြေညာသူတွေနဲ့ ရှေ့ဆောင်တွေကို ဘာသာခြားစကားနဲ့ ဟောပြောနိုင်အောင် လေ့ကျင့်ပေးဖို့ ဘာသာစကားသင်တန်းတွေ စီစဉ်ထားတယ်။

ရှေ့ဆောင်လုပ်ငန်း

၁၁ အရန်ရှေ့ဆောင်၊ မှန်မှန်ရှေ့ဆောင်၊ အထူးရှေ့ဆောင်နဲ့ တခြားအချိန်ပြည့်လုပ်ငန်း အမျိုးအစားတွေအတွက် ယေဘုယျ တောင်းဆိုချက်တွေကို ကြေညာသူအားလုံး သိကျွမ်းထားသင့်တယ်။ ရှေ့ဆောင်တစ်ယောက်ဟာ သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းမှာ သတ်မှတ်ထားတဲ့ နာရီအတိုင်း ဟောပြောဖို့ အခြေအနေပေးသူ၊ ပုံသက်သေကောင်းတဲ့ နှစ်ခြင်းခံပြီးသား ခရစ်ယာန် ဖြစ်ရမယ်။ အရန်ရှေ့ဆောင်နဲ့ မှန်မှန်ရှေ့ဆောင်လုပ်ငန်းအတွက် လျှောက်လွှာတွေကို အသင်းတော် လုပ်ငန်းတော် ကော်မတီက အတည်ပြုပေးပေမဲ့ အထူးရှေ့ဆောင်တွေကိုတော့ ဌာနခွဲရုံးက ခန့်အပ်တယ်။

၁၂ အရန်ရှေ့ဆောင်တွေဟာ အနည်းဆုံး တစ်လကနေ အခြေအနေပေးရင် ပေးသလို လအကန့်အသတ်မရှိ ဆက်တိုက် လုပ်သွားနိုင်တယ်။ နိုင်ငံတော် ကြေညာသူများစွာဟာ အောက်မေ့ရာပွဲကာလ ဒါမှမဟုတ် တိုက်နယ်ကြီးကြပ်မှူး လည်ပတ်တဲ့လ စတဲ့ အထူးအချိန်အခါတွေမှာ အရန်ရှေ့ဆောင် လုပ်ကြတယ်။ တချို့ကတော့ အားလပ်ခွင့်ယူတဲ့ လတွေမှာ လုပ်ကြတယ်။ နှစ်ခြင်းခံပြီးသား ကျောင်းနေအရွယ် ကြေညာသူတွေဟာ ကျောင်းပိတ်ချိန်တွေမှာ အရန်ရှေ့ဆောင် လုပ်ဖို့ စာရင်းသွင်းနိုင်တယ်။ အရန်ရှေ့ဆောင်အတွက် နာရီတောင်းဆိုချက်ကို လျှော့ချပေးတဲ့ မတ်၊ ဧပြီလတိုင်းနဲ့ တိုက်နယ်ကြီးကြပ်မှူး လည်ပတ်တဲ့ လမှာ အရန်ရှေ့ဆောင် လုပ်ဖို့ ကြေညာသူတွေ ရွေးချယ်နိုင်တယ်။ သင့်အခြေအနေ ဘယ်လိုပဲ ရှိပါစေ သင်ဟာ စာရိတ္တကောင်းပြီး အမူအကျင့်ကောင်း ရှိတယ်၊ သတ်မှတ်ထားတဲ့ နာရီတောင်းဆိုချက် ပြည့်မီဖို့ စီစဉ်နိုင်တယ်၊ အရန်ရှေ့ဆောင်အဖြစ် တစ်လ ဒါမှမဟုတ် ဒီ့ထက် ပိုလုပ်နိုင်မယ်လို့ ထင်တယ်ဆိုရင် ဒီလုပ်ငန်းတော် အခွင့်ထူးအတွက် သင့်လျှောက်လွှာကို အကြီးအကဲတွေ ဝမ်းမြောက်ဝမ်းသာ စဉ်းစားပေးပါလိမ့်မယ်။

၁၃ မှန်မှန်ရှေ့ဆောင်အဖြစ် အရည်အချင်း ပြည့်မီဖို့ဆိုရင် သင်ဟာ တစ်နှစ်တာအတွက် နာရီတောင်းဆိုချက်ကို ပြည့်မီနိုင်တဲ့ အနေအထားမှာ လောလောဆယ် ရှိနေရမယ်။ မှန်မှန်ရှေ့ဆောင် တစ်ယောက်အနေနဲ့ သင့်အသင်းတော်နဲ့ အနီးကပ် ပူးပေါင်းလုပ်ဆောင်လိုပါလိမ့်မယ်။ စိတ်ထက်သန်တဲ့ ရှေ့ဆောင်တွေဟာ အသင်းတော်အတွက် ကောင်းချီးတစ်ခု ဖြစ်တယ်။ တခြားသူတွေကို အမှုဆောင်လုပ်ငန်းမှာ စိတ်ထက်သန်မှု တိုးများလာစေနိုင်ပြီး ရှေ့ဆောင် လုပ်ဖို့တောင် အားပေးမှု ဖြစ်စေနိုင်တယ်။ ဒါပေမဲ့ မှန်မှန်ရှေ့ဆောင် လုပ်ဖို့ မလျှောက်ခင် သင်ဟာ နှစ်ခြင်းခံပြီးတာ အနည်းဆုံး ခြောက်လ ရှိပြီး ပုံသက်သေကောင်းတဲ့ ကြေညာသူ ဖြစ်ရမယ်။

၁၄ အထူးရှေ့ဆောင်တွေကို အများအားဖြင့် အမှုဆောင်လုပ်ငန်းမှာ ထိရောက်မှု ရှိတဲ့ မှန်မှန်ရှေ့ဆောင်တွေထဲကနေ ရွေးချယ်လေ့ရှိတယ်။ ဌာနခွဲရုံး တာဝန်ချပေးတဲ့ ဘယ်နေရာမှာမဆို အမှုဆောင်နိုင်သူတွေ ဖြစ်ရမယ်။ အများအားဖြင့် စိတ်ဝင်စားသူတွေကို ရှာတွေ့နိုင်ပြီး အသင်းတော်သစ်တွေ ဖွဲ့စည်းနိုင်မယ့် အစွန်အဖျား ဒေသတွေမှာ တာဝန်ချပေးလေ့ရှိတယ်။ တစ်ခါတလေ ရပ်ကွက် ပြီးစီးဖို့ အကူအညီ လိုအပ်နေတဲ့ အသင်းတော်တွေမှာ အထူးရှေ့ဆောင်တွေကို တာဝန်ချပေးတယ်။ အကြီးအကဲလည်း ဖြစ်တဲ့ အထူးရှေ့ဆောင်တချို့ကိုတော့ အသင်းတော်ငယ်လေးတွေမှာ ကူညီပေးဖို့ တာဝန်ချပေးတယ်။ အဲဒီအသင်းတော်ငယ်တွေရဲ့ လယ်ကွင်းမှာ လုပ်သားတွေ ထပ်မလိုအပ်ရင်တောင် သူတို့ကို တာဝန်ချပေးတယ်။ အထူးရှေ့ဆောင်တွေဟာ အသုံးစရိတ်အတွက် ထောက်ပံ့ကြေး အတော်အသင့် ရရှိကြတယ်။ အထူးရှေ့ဆောင်တချို့ကို ယာယီအတွက်ပဲ ခန့်အပ်တယ်။

သာသနာပြုများ

၁၅ အုပ်ချုပ်ရေးအဖွဲ့ရဲ့ လုပ်ငန်းတော် ကော်မတီက သာသနာပြုတွေကို ခန့်အပ်တယ်။ ဒေသခံ ဌာနခွဲကော်မတီက လူနေထူထပ်တဲ့ ဒေသတွေမှာ အမှုဆောင်ဖို့ သူတို့ကို ပြန်ခန့်အပ်တယ်။ ဟောပြောခြင်းလုပ်ငန်းနဲ့ အသင်းတော် လုပ်ဆောင်မှုတွေ တည်ငြိမ်ခိုင်မာလာအောင် သူတို့ များစွာထောက်ကူပေးတယ်။ သာသနာပြုတွေဟာ မကြာခဏဆိုသလို သတင်းကောင်း ဟောပြောသူများအတွက် သင်တန်းကနေ လေ့ကျင့်မှု ရရှိကြတယ်။ အသုံးစရိတ်အတွက် ထောက်ပံ့ကြေး အတော်အသင့်နဲ့ နေစရာနေရာ ရရှိကြတယ်။

တိုက်နယ်လုပ်ငန်း

၁၆ တိုက်နယ်ကြီးကြပ်မှူးအဖြစ် အုပ်ချုပ်ရေးအဖွဲ့ ခန့်အပ်သူတွေဟာ အရင်ဆုံး အရန်တိုက်နယ်ကြီးကြပ်မှူးအဖြစ် အမှုဆောင်ရင်း လေ့ကျင့်မှုနဲ့ အတွေ့အကြုံ ရရှိကြတယ်။ အဲဒီအမျိုးသားတွေဟာ အမှုဆောင်လုပ်ငန်းနဲ့ ညီအစ်ကိုညီအစ်မတွေကို ချစ်မြတ်နိုးကြတယ်။ စိတ်ထက်သန်တဲ့ ရှေ့ဆောင်တွေ၊ ဝီရိယရှိရှိ ကျမ်းစာလေ့လာသူတွေ၊ ထိရောက်တဲ့ ဟောပြောသူနဲ့ သွန်သင်သူတွေ ဖြစ်ကြတယ်။ ခရစ်ယာန် အရည်အသွေးတွေ တင်ပြရာမှာ ထူးခြားထင်ရှားတယ်။ သူတို့ဟာ ဟန်ချက်ညီတယ်၊ အကျိုးသင့်အကြောင်းသင့် ရှိပြီး ပိုင်းခြားသိမြင်နိုင်စွမ်း ရှိတယ်။ အိမ်ထောင်သည် ဖြစ်မယ်ဆိုရင် ရှေ့ဆောင်ဖြစ်တဲ့ ဇနီးဟာ အပြုအမူပိုင်းမှာ၊ တခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာ ပုံသက်သေကောင်းသူ ဖြစ်တယ်။ ထိထိရောက်ရောက် သွန်သင်နိုင်သူလည်း ဖြစ်တယ်။ လက်အောက်ခံတတ်တဲ့ ခရစ်ယာန်ဇနီးအဖြစ် မိမိကဏ္ဍကို သိနားလည်တယ်။ ယောက်ျားကိုယ်စား ပြောမှာ မဟုတ်သလို စကားဝိုင်းကို လွှမ်းမိုးပြီး သူချည်းပဲ ဒိုင်ခံပြောမှာ မဟုတ်ဘူး။ တိုက်နယ်ကြီးကြပ်မှူးနဲ့ ဇနီးဟာ တင်းကျပ်တဲ့ ဇယားအတိုင်း လုပ်ဆောင်ရတဲ့အတွက် ဒီလုပ်ငန်းအတွက် တက်လှမ်းနေသူတွေဟာ ကျန်းမာရေး ကောင်းရမယ်။ ရှေ့ဆောင်တွေဟာ တိုက်နယ်လုပ်ငန်းအတွက် လျှောက်ရတာ မဟုတ်ဘူး။ အဲဒီအစား၊ တိုက်နယ်လုပ်ငန်းမှာ ပါဝင်ချင်တယ်ဆိုတာ မိမိတို့ရဲ့ တိုက်နယ်ကြီးကြပ်မှူးကို အသိပေးရတယ်။ သူက အကြံပြုချက်တွေ ပေးပါလိမ့်မယ်။

သင်တန်းကျောင်းများ

၁၇ သတင်းကောင်း ဟောပြောသူများအတွက် သင်တန်း– တစ်ခါတလေမှ အမှုဆောင်တဲ့ ရပ်ကွက်တွေကို ပြီးစီးနိုင်ဖို့၊ အသင်းတော်တွေကို ဘုရားရေးရာပိုင်းမှာ ကူညီပေးဖို့ သတင်းကောင်း ဟောပြောသူတွေ ပိုလိုအပ်လာတယ်။ ဒါကြောင့် တစ်ကိုယ်ရေ ညီအစ်ကိုညီအစ်မတွေနဲ့ အိမ်ထောင်သည်မောင်နှံတွေဟာ သတင်းကောင်း ဟောပြောသူများအတွက် သင်တန်းကနေ အထူးလေ့ကျင့်မှု ရရှိဖို့ လျှောက်ထားနိုင်တယ်။ သင်တန်းပြီးနောက် သင်တန်းဆင်းတွေဟာ ကိုယ့်နေရင်းနိုင်ငံရဲ့ ပိုလိုအပ်တဲ့ဒေသမှာ မှန်မှန်ရှေ့ဆောင်တွေအဖြစ် အမှုဆောင်ဖို့ စေလွှတ်ခံရကြတယ်။ ဒါပေမဲ့ ပိုအသုံးခံနိုင်သူတွေဟာ ကိုယ့်နေရင်းနိုင်ငံမှာဖြစ်စေ၊ တခြားနိုင်ငံမှာဖြစ်စေ တခြားတာဝန်တွေ ရရှိနိုင်တယ်။ သင်တန်းဆင်း အနည်းငယ်ဟာ ယာယီ ဒါမှမဟုတ် အမြဲတမ်း အထူးရှေ့ဆောင်တွေအဖြစ် စေလွှတ်ခံရနိုင်တယ်။ ဒီသင်တန်း တက်ရောက်ဖို့ စိတ်ဝင်စားတဲ့ ရှေ့ဆောင်တွေဟာ သင်တန်းလျှောက်ထားလိုသူတွေအတွက် တောင်းဆိုချက်တွေကို ခရိုင်အစည်းအဝေးမှာ စီစဉ်ကျင်းပတဲ့ အစည်းအဝေးမှာ သိရှိနိုင်တယ်။

၁၈ ဂိလဒ် ကင်းမျှော်စင် သမ္မာကျမ်းစာ သင်တန်းကျောင်း– ဒီသင်တန်းကျောင်း တက်ရောက်ဖို့ ရွေးချယ်ခံရတဲ့ တစ်ကိုယ်ရေ ညီအစ်ကိုညီအစ်မတွေနဲ့ အိမ်ထောင်သည် မောင်နှံတွေဟာ အင်္ဂလိပ်စကား ပြောတတ်သူတွေ ဖြစ်ပြီး အထူးအချိန်ပြည့် အမှုထမ်းတွေ ဖြစ်တယ်။ လယ်ကွင်း ဒါမှမဟုတ် ဌာနခွဲ စီစဉ်ဖွဲ့စည်းမှုကို အခိုင်အမာ အားဖြည့်ပေးနိုင်စွမ်း ရှိသူတွေ ဖြစ်တယ်။ ညီအစ်ကိုညီအစ်မတွေအတွက် လိုလိုလားလား အမှုဆောင်လိုစိတ် ရှိမှန်း၊ ကျမ်းစာနဲ့ ဘုရားသခင့် လမ်းညွှန်ချက်တွေကို တခြားသူတွေ သိလာပြီး လိုက်လျှောက်ဖို့ ကြင်ကြင်နာနာ ကူညီပေးနိုင်မှန်း တင်ပြနေသူတွေ ဖြစ်တယ်။ ဒေသခံ ဌာနခွဲ ကော်မတီက အလားအလာရှိ ကျောင်းသားတွေကို လျှောက်လွှာတင်ဖို့ ဖိတ်ခေါ်တယ်။ ဒီကျောင်းဆင်းတွေဟာ ကိုယ့်နေရင်းနိုင်ငံ ဒါမှမဟုတ် တခြားနိုင်ငံရဲ့ လယ်ကွင်းမှာဖြစ်စေ၊ ဌာနခွဲရုံးမှာဖြစ်စေ အမှုဆောင်ဖို့ တာဝန်ခန့်အပ်ခံကြရတယ်။

ဗေသလလုပ်ငန်း

၁၉ ဗေသလမှာ အမှုဆောင်ရတာဟာ တကယ့် အခွင့်ထူး ဖြစ်တယ်။ ဗေသလဆိုတဲ့ နာမည်ဟာ “ဘုရားသခင့် အိမ်တော်” လို့ အဓိပ္ပာယ်ရှိပြီး ဘုရားရေးရာ လုပ်ငန်းရဲ့ ဗဟိုနေရာတွေအတွက် သိပ်သင့်လျော်တယ်။ ဗေသလမှာ အမှုဆောင်နေတဲ့ ညီအစ်ကိုညီအစ်မတွေဟာ ကျမ်းစာစာပေတွေ ထုတ်လုပ်၊ ဘာသာပြန်ပြီး ဖြန့်ဝေခြင်းနဲ့ ဆက်စပ်နေတဲ့ အရေးကြီးလုပ်ငန်းကို လုပ်ဆောင်နေကြတယ်။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ အသင်းတော်တွေကို လမ်းညွှန်ကြီးကြပ်နေတဲ့ အုပ်ချုပ်ရေးအဖွဲ့အတွက် ဗေသလအိမ်သားတွေရဲ့ လုပ်ငန်းဟာ အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးရှိတယ်။ ဘာသာပြန်နေတဲ့ ဗေသလအိမ်သားများစွာဟာ ကိုယ်ပြန်ဆိုနေတဲ့ ဘာသာစကားကို ပြောဆိုတဲ့ ဌာနခွဲနယ်မြေ ဒေသတွေမှာ နေထိုင်အလုပ်လုပ်ကြတယ်။ ဒါကြောင့် လူတွေ နေ့စဉ် ပြောဆိုသုံးနှုန်းတဲ့စကားကို သူတို့ ကြားခွင့်ရကြတယ်။ ဘာသာပြန်စာပေတွေမှာ သုံးထားတဲ့ အသုံးအနှုန်းတွေကိုလည်း လူတွေ နားလည်,မလည် ချက်ချင်း သိရှိနိုင်တယ်။

၂၀ ဗေသလလုပ်ငန်း အများစုဟာ တော်တော် အားအင်စိုက်ထုတ်ရတဲ့ လုပ်ငန်းတွေ ဖြစ်တယ်။ ဒါကြောင့် ဗေသလကို ဖိတ်ခေါ်ခံရသူတွေဟာ အဓိကအားဖြင့် ငယ်ရွယ်ပြီး ကျန်းမာကြံ့ခိုင်တဲ့ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံပြီးသား ညီအစ်ကိုတွေ ဖြစ်တယ်။ သင့်နိုင်ငံကို ကြီးကြပ်နေတဲ့ ဌာနခွဲမှာ ဝန်ထမ်း လိုအပ်နေပြီး သင်လည်း အဲဒီမှာ အမှုဆောင်ချင်တယ်ဆိုရင် တောင်းဆိုချက်တွေကို အသင်းတော် အကြီးအကဲတွေဆီ မေးမြန်းနိုင်တယ်။

ဆောက်လုပ်ရေးလုပ်ငန်း

၂၁ ဘုရားရေးရာ အဆောက်အအုံတွေ ဆောက်လုပ်ခြင်းဟာ မြင့်မြတ်တဲ့ လုပ်ငန်းတော် အသွင်တစ်မျိုး ဖြစ်တယ်။ ရှောလမုန်ရဲ့ ဗိမာန်တော် ဆောက်လုပ်ရေး လုပ်ငန်းလိုပါပဲ။ (၁ ဘု. ၈:၁၃-၁၈) ညီအစ်ကိုညီအစ်မများစွာဟာ ဒီလုပ်ငန်းမှာ ပါဝင်နိုင်ဖို့ ကိုယ့်အချိန်နဲ့ ပိုင်ဆိုင်သမျှကို စေတနာအလျောက် ပေးဆက်ခြင်းအားဖြင့် ထူးခြားတဲ့ စိတ်ထက်သန်မှုကို တင်ပြနေကြတယ်။

၂၂ သင်ဟာ ဒီလုပ်ငန်းမှာ ထောက်ကူပေးနိုင်တဲ့ အနေအထား ရှိသလား။ ဒီလုပ်ငန်းမှာ ပါဝင်လိုတဲ့ နှစ်ခြင်းခံပြီးသား ကြေညာသူ ဖြစ်မယ်ဆိုရင် သင့်အကူအညီကို သင့်ဒေသရဲ့ ဆောက်လုပ်ရေးလုပ်ငန်းကို ကြီးကြပ်တဲ့ ညီအစ်ကိုတွေ တန်ဖိုးထားလေးမြတ်ပါလိမ့်မယ်။ သင့်မှာ ကျွမ်းကျင်မှု သိပ်မရှိရင်တောင် သင့်ကို လေ့ကျင့်ပေးဖို့ သူတို့ အသင့်ပဲ။ ဒါကြောင့် သင် ကူညီပေးနိုင်တယ်ဆိုတာ ဒေသခံ အကြီးအကဲတွေကို အသိပေးထားပါ။ အရည်အချင်း ပြည့်မီတဲ့ နှစ်ခြင်းခံပြီးသား ကြေညာသူတချို့ဟာ နိုင်ငံရပ်ခြား ဘုရားရေးရာ အဆောက်အအုံ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်းနိုင်တဲ့ အနေအထားတောင် ရှိနေကြတယ်။

၂၃ ဆောက်လုပ်ရေးလုပ်ငန်းမှာ ပါဝင်နိုင်တဲ့ အခွင့်အရေးများစွာ ရှိတယ်။ ကျွမ်းကျင်မှု အနည်းငယ် ရှိပြီး ပုံသက်သေကောင်းတဲ့၊ ကိုယ့်အနီးအနားက စီမံကိန်းတွေမှာ ထောက်ကူပေးနိုင်တဲ့ နှစ်ခြင်းခံပြီးသား ကြေညာသူတွေဟာ ဒေသဆိုင်ရာ ဒီဇိုင်း/ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်းများ အဖြစ် အမှုဆောင်နိုင်တယ်။ အချိန်အတိုင်းအတာတစ်ခုအတွင်း ပိုဝေးလံတဲ့ ဒေသစီမံကိန်းတွေမှာ ပါဝင်နိုင်သူ တချို့ကျတော့ ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်းများ အဖြစ် နှစ်ပတ်ကနေ သုံးလအထိ အမှုဆောင်ဖို့ ဌာနခွဲရုံးက ခန့်အပ်တယ်။ အချိန်ကြာကြာ အမှုဆောင်ဖို့ ခန့်အပ်ခံရသူတွေကို ဆောက်လုပ်ရေး အမှုထမ်းများလို့ ခေါ်တယ်။ နိုင်ငံရပ်ခြားမှာ တာဝန်ရတဲ့ ဆောက်လုပ်ရေး အမှုထမ်းဟာ တိုင်းတစ်ပါးမှ လာတဲ့ ဆောက်လုပ်ရေး အမှုထမ်းအဖြစ် အမှုဆောင်တယ်။ ဆောက်လုပ်ရေးအုပ်စု တစ်ခုကို စီမံကိန်းတစ်ခုစီမှာ ဦးဆောင်တဲ့ ဆောက်လုပ်ရေး အမှုထမ်းတွေ၊ ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတယ်။ သူတို့ကို ဒေသဆိုင်ရာ ဒီဇိုင်း/ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်းတွေနဲ့ စီမံကိန်းမှာ ပါဝင်တဲ့ အသင်းတော်တွေရဲ့ စေတနာ့ ဝန်ထမ်းတွေက ကူညီပေးတယ်။ ဆောက်လုပ်ရေး အုပ်စုတွေဟာ ဌာနခွဲနယ်မြေအတွင်း စီမံကိန်းတစ်ခုပြီး တစ်ခုကို ပြောင်းရွှေ့ကြတယ်။

သင့်မှာ ဘယ်ဘုရားရေးရာ ပန်းတိုင်တွေ ရှိသလဲ

၂၄ သင်ဟာ ကိုယ့်ဘဝကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံထားသူ ဖြစ်မယ်ဆိုရင် ယေဟောဝါကို ထာဝစဉ် ဝတ်ပြုသွားဖို့ ဆန္ဒရှိမှာပဲ။ ဒါပေမဲ့ အဲဒီလိုဝတ်ပြုသွားရင်း သင့်မှာ ဘယ်ဘုရားရေးရာ ပန်းတိုင်တွေ ရှိသလဲ။ ဘုရားရေးရာ ပန်းတိုင်တွေ ရှိခြင်းက သင့်ခွန်အားနဲ့ အစွမ်းအစတွေကို ပညာရှိရှိ အသုံးပြုဖို့ ကူညီပေးပါလိမ့်မယ်။ (၁ ကော. ၉:၂၆) အဲဒီပန်းတိုင်တွေ ချမှတ်ခြင်းက ထပ်ဆင့် လုပ်ငန်းတော် အခွင့်ထူးတွေအတွက် တက်လှမ်းနေချိန်မှာ သင့်ကို ဘုရားရေးရာဘက် တိုးတက်လာစေပြီး ပိုအရေးကြီးတဲ့အရာတွေကို အာရုံစိုက်နိုင်အောင် ကူညီပေးပါလိမ့်မယ်။—ဖိ. ၁:၁၀။ ၁ တိ. ၄:၁၅၊ ၁၆။

၂၅ ဘုရားသခင့် လုပ်ငန်းမှာ ကျွန်တော်တို့ တုပဖို့ ပုံနမူနာကောင်းကို တမန်တော်ပေါလု ချမှတ်ခဲ့တယ်။ (၁ ကော. ၁၁:၁) ပေါလုဟာ ယေဟောဝါရဲ့ လုပ်ငန်းမှာ အားသွန်ခွန်စိုက် ကြိုးစားခဲ့တယ်။ သူ့ကို ယေဟောဝါ အခွင့်အရေးများစွာ ပေးတယ်ဆိုတာ သိထားတယ်။ “အမှုဆောင်ဖို့ အခွင့်အရေးတံခါးကြီး ကျွန်တော့်အတွက် ပွင့်နေ” တယ်လို့ ကောရိန္သုမြို့မှာ ရှိတဲ့ ညီအစ်ကိုတွေကို ပေါလု ပြောတယ်။ ကျွန်တော်တို့အတွက်လည်း အဲဒီလိုပဲ မဟုတ်လား။ မှန်ပါတယ်။ အထူးသဖြင့် နိုင်ငံတော် သတင်းကောင်း ဟောပြောခြင်းမှာ အသင်းတော်နဲ့ ပူးပေါင်းပြီး ယေဟောဝါအတွက် အမှုဆောင်ဖို့ အခွင့်အရေး အများကြီး ရှိနေတယ်။ ဒါပေမဲ့ ပေါလုအဖြစ်မှာလိုပဲ “တံခါးကြီး” ထဲ ဝင်ဖို့ဆိုရင် ‘ဆန့်ကျင်သူတွေ’ နဲ့ တိုက်ခိုက်ရမယ်။ (၁ ကော. ၁၆:၉) ပေါလုဟာ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ဆုံးမဖို့ လိုလိုလားလား ရှိခဲ့တယ်။ “ကျွန်တော့်ကိုယ်ခန္ဓာကို ထိုးနှက်ပြီး ကျွန်တစ်ယောက်လို” ဖြစ်စေတယ်လို့ ပေါလု ပြောခဲ့တာကို သတိပြုပါ။ (၁ ကော. ၉:၂၄-၂၇) ကျွန်တော်တို့မှာကော အဲဒီလိုသဘောထား ရှိသလား။

ဘုရားရေးရာ ပန်းတိုင်တွေ ရှိခြင်းက သင့်ခွန်အားနဲ့ အစွမ်းအစတွေကို ပညာရှိရှိ အသုံးပြုဖို့ ကူညီပေးပါ လိမ့်မယ်

၂၆ ကိုယ့်ဘဝအခြေအနေအလိုက် ဘုရားရေးရာ ပန်းတိုင်တွေကို ပြည့်မီအောင် ကြိုးစားဖို့ ယောက်တိုင်းကို အားပေးပါတယ်။ ဘဝမှာ အစောပိုင်းကတည်းက ဘုရားရေးရာ ပန်းတိုင်တွေ ချခဲ့လို့ အချိန်ပြည့်လုပ်ငန်း အသွင်တချို့မှာ ပါဝင်နေသူ များစွာ ရှိတယ်။ ကလေးဘဝကတည်းက မိဘတွေနဲ့ တခြားသူတွေက ပန်းတိုင်တွေ ချဖို့ သူတို့ကို အားပေးခဲ့တယ်။ ဒါကြောင့် အဓိပ္ပာယ် ပြည့်ဝတဲ့ ယေဟောဝါရဲ့ လုပ်ငန်းမှာ သူတို့ ပျော်မွေ့နေကြတယ်။ နောင်တရစရာအကြောင်း မရှိဘူး။ (ပညာ. ၁၀:၂၂) ထားသင့်တဲ့ နောက်ပန်းတိုင်တွေကတော့ ပတ်စဉ် လယ်ကွင်းလုပ်ငန်းမှာ ပါဝင်တဲ့အခါ ကျမ်းစာသင်အံမှုတစ်ခု စတင် ကျင်းပဖို့ ဒါမှမဟုတ် အစည်းအဝေးတွေအတွက် ပြင်ဆင်ရာမှာ ပိုအချိန်ပေးဖို့ ဖြစ်နိုင်တယ်။ အရေးကြီးတာက ကျွန်တော်တို့ ဆက်တည်ကြည်နေပြီး အမှုဆောင်လုပ်ငန်းကို အကုန်အစင် ပြီးမြောက်စေဖို့ ဖြစ်တယ်။ ဒီနည်းအားဖြင့် ယေဟောဝါကို ကျွန်တော်တို့ ဂုဏ်တင်နိုင်ပြီး ထာဝစဉ် ဝတ်ပြုသွားမယ်ဆိုတဲ့ အဓိက ပန်းတိုင်ကို ရောက်ရှိနိုင်ပါလိမ့်မယ်။—လု. ၁၃:၂၄။ ၁ တိ. ၄:၇၊ ၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ