ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၇/၁၅ စာ. ၁၀-၁၃
  • ဆိုဗီယက်ပြည်ထောင်စုမှ စိတ်လှုပ်ရှားဖွယ်သတင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆိုဗီယက်ပြည်ထောင်စုမှ စိတ်လှုပ်ရှားဖွယ်သတင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • အလွန်နည်းသောအစပြုခြင်း
  • သတင်းကောင်းတစ်ဖန်ပြန်ကြားရ
  • အကျဉ်းထောင်၌ဟောပြောခြင်း
  • ဖိစီးမှုလျော့ပေါ့လာခြင်း
  • နောက်ဆုံး၌ တရားဝင်အသိအမှတ်ပြုခံရလေပြီတကား
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၇/၁၅ စာ. ၁၀-၁၃

ဆိုဗီယက်ပြည်ထောင်စုမှ စိတ်လှုပ်ရှားဖွယ်သတင်း

အနှစ်တစ်ရာသက်သေခံခြင်း၏ ဝမ်းမြောက်ဖွယ်အထွတ်အထိပ်

“ယူ အက်စ်အက်စ်အာရ်ရှိ ယေဟောဝါသက်သေတို့၏ဘာသာရေးအဖွဲ့အစည်းများဆိုင်ရာ စီမံကွပ်ကဲရေးဌာနစာချုပ်ကို မှတ်ပုံတင်ရန်။”

ယင်းကား ဤစာမျက်နှာပေါ် ပုံတူဖေါ်ပြထားသည့် ရုရှားဘာသာစာချုပ်စာတမ်း စကားချီးကိုဘာသာပြန်ထားခြင်းဖြစ်သည်။ ဤစကားများသည် ဆုပတ္ထနာပေါင်းများစွာ၏အဖြေပင်ဖြစ်သည်ကားအမှန်။ ဤစာချုပ်စာတမ်းကို R.S.F.S.R. (ဆိုဗီယက်ရုရှားဆိုရှယ်လစ်သမ္မတနိုင်ငံ) ၏ တရားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက လက်မှတ်ရေးထိုးပြီးတံဆိပ်ခတ်နှိပ်ခဲ့သည်။ ၄င်းဆိုလိုသည်ကား ယူအက်စ်အက်စ်အာရ်တွင် ယေဟောဝါသက်သေများသည် အသိအမှတ်ပြုဘာသာရေးအဖွဲ့အစည်းဖြစ်ပေသည်။ သို့ဖြစ်၍ ထိုကျယ်ဝန်းသောနိုင်ငံတွင် သူတို့၏အနှစ်တစ်ရာသမိုင်း၌ အကြီးအကျယ်အပြောင်းအလဲဖြစ်ပျက်ခဲ့ခြင်းတည်း။

အလွန်နည်းသောအစပြုခြင်း

အနှစ်တစ်ရာသမိုင်းလော။ မှန်သည်။ မျက်မှောက်ခေတ်တွင် ထိုနိုင်ငံ၌ အဦးဆုံးသတင်းကောင်းဟောပြောခဲ့သူဟူ၍သိရှိရသည်မှာ ၁၈၉၁ ခုနှစ်တွင် ထိုနိုင်ငံသို့လည်ပတ်ခဲ့သူ ချားလ်စ်တေဇ်ရပ်စဲလ်ဖြစ်သည်။ ၁၈၉၁ ခုနှစ်၊ စက်တင်ဘာလထုတ် Zion’s Watch Tower and Herald of Christ’s Presence တွင် ဥရောပခရီးစဉ်အတွင်း ရုရှားနိုင်ငံရှိ ကီရှီနက်ဗ်မြို့သို့ ရောက်ရှိခဲ့ကြောင်း ရပ်စဲလ်ဖေါ်ပြသည်။ ထိုတွင် ခရစ်တော်ကိုယုံကြည်၍ ဂျူးမိသားစုများအား ကြိုးစားဟောပြောနေသော ဂျိုးဇက်ရာဘင်နိုဝစ်ချ်ဆိုသူနှင့်တွေ့ဆုံခဲ့ကြောင်းသူဖေါ်ပြသည်။ ရာဘင်နိုဝစ်ချ်နှင့် နိုင်ငံတော်အကြောင်း အပြန်အလှန်ဆွေးနွေးပြောဆိုခဲ့ခြင်းအကြောင်းကို ရပ်စဲလ်အကျယ်တဝင့်ဖေါ်ပြထားသည်။

သတင်းကောင်းတစ်ဖန်ပြန်ကြားရ

ရပ်စဲလ်လည်ပတ်ရောက်ရှိပြီးနောက် ယခု ယူအက်စ်အက်စ်အာရ်နိုင်ငံဟုခေါ်သည့်နေရာတွင် သက်သေခံခြင်းအကြောင်း မကြားသိရချေ။ သို့သော် ယင်းကြောင့် သက်သေခံခြင်းလုံးဝမရှိဟုမဆိုနိုင်ပေ။ ၁၉၂၇ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုနိုင်ငံရှိ အသင်းတော်သုံးခုမှ အသင်းမထံသို့ သတိရအောက်မေ့ပွဲမှတ်တမ်းများ ရောက်ရှိလာသည်။ သို့သော် ဒုတိယကမ္ဘာစစ်ရောက်မှ တိုးတက်မှုနှုန်းတိုးမြင့်လာပုံရှိသည်။ ထိုစစ်ပွဲအတွင်း ဥရောပမှလူအမြောက်အမြား နေရာဒေသအပြောင်းအလဲများစွာရှိခဲ့ပါသည်။ ဤပြောင်းရွှေ့မှုများ၏ မမျှော်လင့်သောရလဒ်တစ်ခုမှာ ဘုရားသခင့်နိုင်ငံသတင်းဟောပြောသူများ ဆိုဗီယက်ပြည်ထောင်စုအတွင်း များစွာရောက်ရှိသွားခြင်းပင်ဖြစ်သည်။

ဥပမာ၊ ၁၉၄၆ ခုနှစ်၊ ဖေဖေါ်ဝါရီလထုတ် ကင်းမျှော်စင် ကဤသို့ဆိုသည်။ “ပိုလန်နိုင်ငံ၏အရှေ့ပိုင်းတွင် ယူခရေးနီယန်စကားဖြင့် ယခင်ကဟောပြောခဲ့သူ ကြေညာသူတစ်ထောင်ကျော်တို့သည် ရုရှားပြည်အတွင်းနက်နက်သို့ ယခုအပို့ခံရကြသည်။ . . . ထို့ပြင် ယခင်ကရိုမေးနီးယားနိုင်ငံအဝင်ဖြစ်သည့် ဘက်စာရာဗီရာသား ညီအစ်ကိုပေါင်း ရာနှင့်ချီ၍ ရုရှားပြည်သားများဖြစ်နေကြရာ လူမျိုးအပေါင်းတို့အား တပည့်ဖြစ်စေခြင်းလုပ်ငန်းကို ဆက်လက်ထမ်းဆောင်နေကြပါသည်။”

၄င်းပြင် ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်တိုင်းရင်းသားများစွာတို့သည် နာဇီချွေးတပ်စခန်းများတွင် ဆင်းရဲခံခဲ့ရသည်။ အချို့အတွက် ဤခက်ခဲမှုမှ မမျှော်လင့်သောကောင်းချီးများရရှိခဲ့ပါသည်။ သတင်းတစ်ရပ်က ရေဗင်းစဘရွတ်တွင် ရုရှားအမျိုးသမီးငယ် ၃၀၀ ဖမ်းဆီးခံရကြောင်းဆိုသည်။ ထိုတွင် ယေဟောဝါသက်သေများနှင့်တွေ့ဆုံခဲ့ပြီး သမ္မာတရားကိုလက်ခံ၍ နှစ်ခြင်းယူသည်အထိ တိုးတက်ခဲ့ကြသည်။ ထပ်တူအဖြစ်အပျက်မျိုးတို့သည် အခြားတပ်စခန်းများတွင်လည်း ဖြစ်ပျက်ခဲ့ပါသည်။ စစ်ပြီးနောက် နှစ်ခြင်းခံစသက်သေခံအသစ်များ လွတ်လပ်မှုရသည့်အခါ ဆိုဗီယက်ပြည်ထောင်စုအတွင်းသို့ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ပြန်သယ်ဆောင်သွားခဲ့ကြသည်။ ဤနည်းဖြင့် ဒုတိယကမ္ဘာစစ်သည် ဆိုဗီယက်ပြည်ထောင်စုရပ်ကွက်တွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောသူအရေအတွက်ကို အလျင်အမြန်တိုးများလာစေခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် လှုပ်ရှားနေသောကြေညာသူ ၁,၆၀၀ ရှိနေသည်ဟုခန့်မှန်းယူရသည်။

အကျဉ်းထောင်၌ဟောပြောခြင်း

ဆိုဗီယက်ပြည်ထောင်စုတွင် သတင်းကောင်းပျံ့နှံ့ရေးအတွက် အကျဉ်းထောင်များသည် များစွာအထောက်အကူဆက်ဖြစ်ခဲ့သည်။ စစ်ပြီးနောက် သက်သေခံများကို စိုးရိမ်ရသူများဟု အရာရှိများကလွဲမှားစွာယူမှတ်ကာ အမြောက်အမြားကို ဖမ်းချုပ်ခဲ့သည်။ သို့သော် ယင်းကြောင့်ဟောပြောခြင်းမရပ်စဲခဲ့ပါ။ ဘုရားသခင့်နိုင်ငံတော်သတင်းသည် လူသားအတွက် အကောင်းဆုံးသတင်းပင်ဖြစ်သည်ဟု သူတို့အမှန်ယုံကြည်ထားကြရာ ဟောပြောခြင်းကို မည်သို့ရပ်စဲနိုင်မည်နည်း။ ထိုကြောင့် သူတို့အများစုအတွက် အကျဉ်းထောင်သည် သူတို့ရပ်ကွက်ဖြစ်လာရာ အကျဉ်းကျနေသူများစွာတို့သည် သတင်းကိုကြားနာ၍ လက်ခံနာယူကြသည်။ ၁၉၅၇ ခုနှစ်သတင်းတစ်ရပ်အရ “ယနေ့ရုရှားတွင် သမ္မာတရားရထားသူအားလုံးအနက် ၄၀ ရာခိုင်နှုန်းမျှသည် ဖမ်းချုပ်ခံရချိန်နှင့်စခန်းများအတွင်း သမ္မာတရားကိုစတင်ကြားနာခဲ့ကြောင်း သိရှိရ၏။”

ဖမ်းချုပ်ခံရမည်ကို အမြဲစိုးရိမ်နေရသည့်အတွက် သက်သေခံများ စိတ်ဓာတ်ကျခဲ့ပါသလော။ မည်သည့်နည်းဖြင့်မျှ စိတ်ဓာတ်မကျကြပါ။ ၁၉၆၄ ခုနှစ်ကသတင်းအရ “လွတ်မြောက်လာပြီးနောက်ပင် သတင်းတရားကိုဆက်ပြောဟောသည့်အတွက် ထိုစခန်းများ၌ ဒုတိယ သို့မဟုတ် တတိယအကြိမ်ရောက်ရှိနေသော ယေဟောဝါ၏သက်သေခံများရှိနေပါသည်” ဟုသိရှိရ၏။ ထိုသတင်းအရ အခြားသူတို့မှာ ပြစ်မှုပြုခဲ့၍ အကျဉ်းကျခဲ့သူ၊ စခန်း၌ထိန်းသိမ်းခံရစဉ် သက်သေခံများနှင့်တွေ့ဆုံခဲ့သူများဖြစ်သည်။ ဤသူတို့လည်း သမ္မာတရားကိုလက်ခံကာ ထောင်ဒဏ်မစေ့မီ နှစ်ခြင်းခံယူနိုင်သည်အထိ တိုးတက်လာခဲ့သူများဖြစ်ကြသည်။

ဖိစီးမှုလျော့ပေါ့လာခြင်း

၁၉၆၀ ပြည့်နှစ်တစ်ဝက်ကာလအတွင်း အာဏာရှိသူတို့သည် သက်သေခံများအပေါ် စီရင်ချက်များလျော့ပေါ့ခဲ့သည်။ ယေဟောဝါလူမျိုးသည် ပြည်သူလူထု၏စည်းကမ်းဥပဒေအတွက် အန္တရာယ်ဖြစ်မည့်သူများမဟုတ်ကြောင်း သူတို့တွေ့ရှိလာဟန်တူပါသည်။ ထိုကြောင့် ဤရိုးသားသောခရစ်ယာန်များ၏လှုပ်ရှားမှုများသည် တရားဝင်မဖြစ်ဦးတော့ ဖမ်းချုပ်မှုနှင့်အိမ်ထဲဝင်ရှာဖွေမှု လျော့နည်းလာခဲ့ရာ ဤသို့ဖိစီးနှိမ်ကွပ်မှုလျော့နည်းခဲ့သဖြင့် ကျေးဇူးတင်ကြပါသည်။ သူတို့၏အဓိကဆန္ဒမှာ မိမိတို့၏ခရစ်ယာန်အသက်တာအတိုင်း ဆက်လက်နေထိုင်ပြီး မိမိတို့အတတ်နိုင်ဆုံး နူးညံ့အေးဆေးငြိမ်သက်စွာဖြင့် လုပ်ငန်းတော်ကိုဆောင်ရွက်ရန်ဖြစ်သည်။—ရောမ ၁၂:၁၇-၁၉။ ၁ တိမောသေ ၂:၁၊ ၂။

၁၉၆၆ ခုနှစ်တွင် ဆိုက်ဘီးရီးယားသို့ ကြာမြင့်စွာနယ်နှင်ခံရသူအားလုံးလွှတ်ခံရ၍ တိုင်းပြည်အတွင်း ကြိုက်ရာမည်သည့်နေရာသို့မဆို ရွှေ့ပြောင်းနေထိုင်ခွင့်ရရှိကြသည်။ မိမိဇာတိအရပ်မှ နှစ်ချီခွဲခွာနေရပြီးမှ အိမ်ပြန်သွားနေထိုင်ကြသူများစွာရှိသော်လည်း ထိုအကျိုးဖြစ်ထွန်းသောလယ်ကွင်း၌ ဆက်လက်နေထိုင်ရန် အချို့ရွေးချယ်ကြသည်။ ဇာတိအရပ်သို့ပြန်သွားခဲ့သူအားလုံးလည်း အမြဲနေထိုင်ရန် မရွေးချယ်ကြပါ။ ငယ်စဉ်အခါက မိသားစုနှင့်အတူ ဆိုက်ဘီးရီးယားသို့ နယ်နှင်ခံရသောညီအစ်မတစ်ဦးသည် မိဘများနှင့်အတူ အနောက်ရုရှားသို့ပြန်လာခဲ့သည်။ သို့သော် ခေတ္တယာယီသာနေပါသည်။ ရိုးသားပျူငှာသော ဆိုက်ဘီးရီးယားနယ်သားများကိုမြတ်နိုးလှသဖြင့် မိသားစုကိုချန်ထားပြီး ထိုသမ္မာတရားလက်ခံသူတို့အား ဆက်လက်ဟောပြောနိုင်ရန် အရှေ့ဘက်သို့ ပြန်ပြောင်းရွှေ့ခဲ့သည်။

ဤအချိန်အတွင်းဖြစ်နေမြဲတွေ့ကြုံမှုတစ်ခုမှာ တစ်မြို့မှတစ်မြို့ ပြောင်းရွှေ့ရသောညီအစ်ကိုတစ်ဦးနှင့်ပတ်သက်သည်။ ခဏအကြာတွင် အခြားသက်သေခံနှစ်ဦးကို သူတွေ့လေသည်။ သူတို့သုံးယောက်သား အကူအညီရရှိရန်ဆုတောင်းခဲ့ရာ ဂရိအော်သဒေါက်စ်နောက်ခံရှိ အမျိုးသမီးငယ်တစ်ဦးနှင့်အဆက်အသွယ်ရသည်။ သူမသည် သမ္မာတရားကို ချက်ချင်းလက်ခံပြီး အခြားစိတ်ဝင်စားသူနှစ်ဦးဖြစ်သည့် သူမမိခင်နှင့်ညီမငယ်တို့အား မိတ်ဆက်ပေးလေသည်။ နောက်ဆုံးသတင်းက “ယနေ့ဤညီအစ်ကိုများနှင့်အပေါင်းအသင်းလေးဆယ်ရှိနေပြီ။ သူတို့အနက် သုံးဆယ်မှာ လွန်ခဲ့သောခြောက်လအတွင်းတွင် သမ္မာတရားရရှိသူများဖြစ်ကြသည်” ဟုဆိုသည်။

မည်သို့ပင်ဆိုစေ တရားဝင်အသိအမှတ်ပြုမခံရသောကြောင့် ယေဟောဝါသက်သေများသည် မိမိတို့လုပ်ငန်းကို လွတ်လွတ်လပ်လပ်မဆောင်ရွက်ရကြပါ။ အစည်းအဝေးများကို သတိထားကျင်းပရကြသည်။ ဟောပြောခြင်းကို ဆင်ခြင်၍ဆောင်ရွက်ရကြသည်။ ဖမ်းချုပ်ခံနိုင်စရာအကြောင်းရှိသေး၍ တစ်အိမ်မှတစ်အိမ် လွတ်လွတ်လပ်လပ်သက်သေခံခြင်းကို လုံးဝမပြုနိုင်ကြပါ။ ယင်းသို့ဖြစ်လျက်ပင် ဤသစ္စာရှိဆိုဗီယက်ခရစ်ယာန်များသည် မိမိတို့ဘုရားသခင်ကို သစ္စာရှိရှိဆက်ဝတ်ပြုနေကြသည်။ တစ်ကြိမ်တည်းတွင် နိုင်ငံသားကောင်းများဖြစ်ကြရန် ကြိုးစားအားထုတ်ကြသည်။ (လုကာ ၂၀:၂၅) သူတို့သဘောထားကိုတင်ပြခြင်းငှာ တစ်ဦးကဤသို့ရေးသားခဲ့သည်။ “စုံစမ်းခြင်းအားလုံးကို ခံနိုင်ရည်ရှိရှိအောင်နိုင်ပြီး ယေဟောဝါဘုရားသခင်ကိုသစ္စာတည်ကြည်ခွင့်ရခြင်း၊ ယေရှုခရစ်မှတစ်ဆင့် ယေဟောဝါထံတော်မှ ထာဝရအသက်ရရန် မိမိဘဝအသက်တာတစ်လျှောက် ဘုရားသခင်ကိုအစဉ်အမြဲချီးမွမ်းခွင့်ရခြင်းသည် ထူးမြတ်သောအခွင့်အရေးဖြစ်ပါသည်။” ဤဆိုဗီယက်သက်သေခံများသည် ခံနိုင်ရည်နှင့်သစ္စာရှိမှုတင်ပြရာတွင် ပုံသက်သေကောင်းများပါတကား။

နောက်ဆုံး၌ တရားဝင်အသိအမှတ်ပြုခံရလေပြီတကား

၁၉၈၈ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုနှင့်ဆိုင်သောနိုင်ငံများတွင် အခြေအနေပြောင်းလဲလာသည်။ သာ၍လွတ်လပ်သောအခြေအနေ စတင်ဖြစ်ပေါ်လာ၍ ယေဟောဝါသက်သေများ၏လုပ်ငန်းကိုပိတ်ပင်ခဲ့သောနိုင်ငံများသည် ပေါ်လစီအသစ်များလက်ခံလာကြသည်။ ပိုလန်၊ ဟန်ဂေရီ၊ ရိုမေးနီးယားနှင့်အခြားနိုင်ငံများသည် ဤစိတ်ရင်းမှန်သောခရစ်ယာန်များကို တရားဝင်အသိအမှတ်ပြုကြ၍ ရန်တုံ့မူမည်ဟုစိုးရိမ်ဖွယ်မရှိဘဲ လွတ်လွတ်လပ်လပ်လှုပ်ရှားရန် သူတို့အားခွင့်ပြုကြသည်။ အရှေ့ဥရောပတွင် လွန်ခဲ့သောသုံးနှစ်တာကာလသည် ဝမ်းသာအားရစရာကောင်းလှသည်တကား။ ဘုရားသခင့်နိုင်ငံတော်နှင့်ယှဉ်သော ငြိမ်းချမ်းရေးသတင်းကို လွတ်လပ်စွာဟောပြောနိုင်သည့်အခွင့်အရေးအသစ်ကို ညီအစ်ကိုများသည် အခွင့်အရေးယူ၍ အမှုတော်ဆောင်ရွက်ကြလေသည်။ ကျန်ကမ္ဘာ့ဒေသရှိ ယေဟောဝါသက်သေများလည်း သူတို့နှင့်အတူ တကယ်ဝမ်းမြောက်ရွှင်လန်းခဲ့ကြပြီတကား။

ဆိုဗီယက်သက်သေခံများသည် သူတို့၏တိုးများလာသောလွတ်လပ်မှုများကြောင့် အကျိုးခံစားနေကြပေပြီ။ အာရှတိုက်၊ ပစိဖိတ်ကမ်းခြေအထိ ဝေးလံသောအရပ်မှအချို့ပါအပါအဝင် ထောင်ပေါင်းများစွာသောသူတို့သည် ၁၉၈၉ ခုနှစ်တွင် ပိုလန်နိုင်ငံ၌၊ နောက်တစ်ဖန် ၁၉၉၀ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု မှသက်သေခံ ၁၇,၄၅၄ ယောက်သည် ဝါဆောမြို့၌ကျင်းပသော ရာဇဝင်တွင်မည့်စည်းဝေးပွဲကြီးများကို တက်ရောက်ခဲ့သည်။ သူတို့ပြန်သွားကြသည့်အခါ အမှတ်တရသတိရချက် များစွာပါသွားကြမည်အမှန်။ အများစုမှာ လက်တစ်ဆုပ်စာခရစ်ယာန်ချင်းတို့ထက်မကမြောက်မြားစွာသောသူတို့နှင့်အတူ တစ်ခါမျှဝတ်ပြုကိုးကွယ်မှုမပြုခဲ့ဖူးချေ။ ယခုမူ ထောင်သောင်းမကလူအုပ်ကြား ဝတ်ပြုကိုးကွယ်နိုင်သည်တကား။

သူတို့ပြန်ရောက်သွားသော ဆိုဗီယက်ပြည်ထောင်စုသည်လည်း ပို၍ပို၍လိုက်လျောနေပေပြီ။ ကမ္ဘာတစ်ဝန်းရှိသက်သေခံများသည်လည်း စောင့်ကြည့်လျက် ဆိုဗီယက်ပြည်ထောင်စုရှိ ယေဟောဝါသက်သေခံများ အဘယ်အချိန်တွင် တရားဝင်ဖြစ်လာမည်နည်းဟုမျှော်လင့်နေကြသည်။ မျှော်သည့်အတိုင်း ၁၉၉၁ ခုနှစ်တွင်ဖြစ်ပျက်ခဲ့သည်။ ထိုနိုင်ငံသို့ ချားလ်စ်တေဇ်ရပ်စဲလ်ရောက်ရှိခဲ့ပြီး နှစ်ပေါင်းတစ်ရာတိတိအချိန်တွင်ဖြစ်သည်။ ၁၉၉၁ ခု၊ မတ်လ ၂၇ ရက်နေ့တွင် “ယူအက်စ်အက်စ်အာရ်ရှိ ယေဟောဝါသက်သေတို့၏ဘာသာရေးအဖွဲ့အစည်းများဆိုင်ရာ စီမံကွပ်ကဲရေးဌာန” ကိုမှတ်ပုံတင်၍ ထိုစာချုပ်စာတမ်းကို R.S.F.S.R. ၏ တရားရေးဝန်ကြီးက မော်စကိုမြို့တွင် လက်မှတ်ရေးထိုးခဲ့သည်။ သက်သေခံများအား အဘယ်လွတ်လပ်ခွင့်ပေးခဲ့သနည်း။

မှတ်ပုံတင်ပြီးစအဖွဲ့၏ တရားဝင်အထူးအခွင့်ပေးစာချုပ်တွင် ဤသို့ဆိုထားသည်။ “ဤဘာသာရေးအဖွဲ့အစည်း၏ရည်ရွယ်ချက်မှာ ယေဟောဝါဘုရားသခင်၏နာမတော်ကိုထင်ရှားရေး၊ ယေရှုခရစ်တော်မှတစ်ဆင့် ကိုယ်တော်၏ကောင်းကင်နိုင်ငံတော်အားဖြင့် လူသားအပေါင်းအတွက် ကရုဏာကြွယ်ဝသောပြင်ဆင်ချက်များအကြောင်းကြေညာရေးဆိုင်ရာ ဘာသာရေးလုပ်ငန်းကိုထမ်းဆောင်ဖို့အတွက်ဖြစ်သည်။”

ယင်းကိုမည်သို့ပြုလုပ်ကြမည်နည်း။ စာရင်းတင်ပြသည့်နည်းလမ်းများတွင် လူစုလူဝေးများ၊ လူနေအိမ်များထံ လည်ပတ်၍ဟောပြောခြင်း၊ နားထောင်လိုသူများအား သမ္မာတရားကိုသွန်သင်ပေးခြင်း၊ ကျမ်းစာလေ့လာရေးစာပေများအကူအညီဖြင့် အခမဲ့ကျမ်းစာသင်တန်းများကျင်းပပေးခြင်း၊ သမ္မာကျမ်းစာများကို ဘာသာပြန်ခြင်း၊ တင်သွင်းခြင်း၊ ထုတ်ဝေခြင်း၊ ပုံနှိပ်ခြင်းနှင့်ဝေငှခြင်းတို့ကိုစီစဉ်ပေးခြင်းတို့ပါဝင်ပါသည်။

ထိုစာချုပ်စာတမ်းက အုပ်ချုပ်ရေးအဖွဲ့အောက်ရှိသက်သေခံများအဖွဲ့အစည်းကို အကြမ်းဖျင်းဖေါ်ပြပေးသည်။ ထိုတွင် အကြီးအကဲများအဖွဲ့ရှိအသင်းတော်များ၊ ပြည်တွင်းဦးစီးကြီးကြပ်ရေးကော်မတီ [ဌာနခွဲ] ဝင်ခုနစ်ဦးအပြင်တိုက်နယ်နှင့်ခရိုင်ကြီးကြပ်မှူးများပါဝင်သည်။

အခြားနိုင်ငံအသီးသီးများမှာကဲ့သို့ ဆိုဗီယက်ပြည်ထောင်စုတွင်လည်း ဟောဝါသက်သေများသည် လွတ်လပ်စွာလှုပ်ရှားနိုင်ပြီဖြစ်ကြောင်း ထင်ရှားပါသည်။ ဤသမိုင်းဝင်စာချုပ်စာတမ်းကို လက်မှတ်ရေးထိုးပြီး လူထုနှင့်ဘာသာရေးအဖွဲ့အစည်းများ မှတ်ပုံတင်ရာဌာန၏ဝန်ကြီးက ၄င်းကိုတံဆိပ်ခတ်ခြင်းကိုတွေ့ရှိခဲ့သော ဦးစီးကြီးကြပ်ရေးကော်မတီဝင်ခုနစ်ဦးအနက် ငါးဦးနှင့်၊ နှစ်ကြာအသင်းတော်အကြီးအကဲဟောင်းငါးဦးတို့သည် မည်မျှရွှင်လန်းဝမ်းမြောက်ခဲ့ကြမည်ကိုသာ စဉ်စားကြည့်ပါလေ။ ယေဟောဝါသက်သေများ၏အုပ်ချုပ်ရေးအဖွဲ့မှ မီလ်တင်ဟင်ရှယ်လ်နှင့်သီအိုဒေါရ်ဂျာရက်ဇ်တို့သည်လည်း ဤအလွန်အရေးကြီးသောအဖြစ်အပျက်ကို အခန့်သင့်မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့ကြသည်။ R.S.F.S.R. လက်သင့်ခံသောအုပ်စုများတွင် ယေဟောဝါသက်သေများသည် တရားဝင်မှတ်ပုံတင်စာချုပ်စာတမ်းကို ဦးဆုံးရရှိပါသည်။ နှစ်ပေါင်းများစွာ စိတ်ရှည်ရှည်နှင့်ခံနိုင်ရည်တင်ပြခဲ့သော ဤသစ္စာရှိရုရှားညီအစ်ကိုများအတွက် ကြီးမြတ်လှသောဆုကျေးဇူးပါတကား။

ဤတရားဝင်ခွင့်ကိုပေးခဲ့သည့် ဆိုဗီယက်အရာရှိများအား နေရာအနှံ့အပြားမှသက်သေခံများ ကျေးဇူးတင်ကြပါသည်။ သူတို့သည် ဆိုဗီယက်ညီအစ်ကိုများ၏ လွတ်လပ်ခွင့်အသစ်အတွက် ယေဟောဝါရှင်ကို အထူးတလည်ကျေးဇူတင်ချီးမွမ်းကြပါသည်။ ယေဟောဝါဘုရားသခင်ကို ယခုလွတ်လပ်မှုများစွာဖြင့် ဝတ်ပြုကိုးကွယ်နိုင်ကြသော ယူအက်စ်အက်စ်အာရ်နှင့်အခြားအရှေ့ဥရောပနိုင်ငံများရှိ ယေဟောဝါသက်သေချင်းတို့နှင့်အတူ သူတို့လည်း ဝမ်းသာအားရကြပါသည်။ ကိုယ်တော်၏သန့်ရှင်းသောနာမတော်ကိုချီးမွမ်းရာတွင် ဤလွတ်လပ်ခွင့်ကိုအပြည့်အဝအသုံးပြုကြစဉ် သူတို့အား ယေဟောဝါကြွယ်ဝစွာကောင်းချီးပေးပါလေစေ။

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

မော်စကိုရှိ ကရင်မ်လင်

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ဆိုဗီယက်ပြည်ထောင်စုပြင်ပတွင် ၁၉၈၉ ခုနှစ်ကကျင်းပခဲ့သောစည်းဝေးပွဲသို့ ရုရှားပွဲလာကိုယ်စားလှယ်အဖွဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ