အမျိုးသားတစ်ဦး၏ အလုပ်
“ရိုပါ၊ ဇာပါတို၊ ကာစာ အီ ကိုမီဒါ။” ယင်းသည် မိသားစုအတွက် လင်ယောက်ျားရှာပေးရန်တာဝန်ရှိသည့် အခြေခံအရာလေးခုဖြစ်သော အဝတ်အစား၊ ဖိနပ်၊ အိမ်နှင့်အစားအစာတို့ကိုဖော်ပြထားသော စပိန်လူမျိုးသီချင်းတစ်ပုဒ်မှစကားသားများဖြစ်သည်။ တာဝန်သိတတ်သောအမျိုးသားအများစုသည် ထိုဝန်ကိုဝမ်းသာအားရစွာနှင့် ကျေပွန်စွာထမ်းဆောင်ကြပါသည်။
သို့ရာတွင် သင်သည်အိမ်ထောင်သည်တစ်ဦးဖြစ်ပါက သင့်မိသားစု၏ သာ၍အရေးကြီးသောဝိညာဉ်ရေးအတွက် ပြုစုပေးပါသလော။ သို့မဟုတ် အမျိုးသားအများစုနည်းတူ အိမ်ထောင်၏ဘာသာရေးကိုပြုစုခြင်းမှာ ယောက်ျားအလုပ်မဟုတ် ဟူ၍ယူမှတ်ပါသလော။ အချို့သောယဉ်ကျေးမှုများတွင် သားသမီးများအား ဘုရားသခင်နှင့်သမ္မာကျမ်းစာအကြောင်း အချိန်ယူသွန်သင်ပေးရန် အမျိုးသားများတာဝန်ဟုမယူမှတ်ကြချေ။
ဘုရားသခင်၏နှုတ်ကပါဌ်တော်က အထူးသဖြင့်အိမ်ထောင်ဦးစီးအား မိသားစုတွင် ဘုရားသခင်ကိုချစ်မြတ်နိုးခြင်း၊ ဘုရားသခင့်စံချိန်များကိုတန်ဖိုးထားခြင်းတို့ကို သွန်သင်ပို့ချပေးရန် တာဝန်အပ်နှင်းထားသည်။ ဥပမာ၊ ဧဖက် ၆:၄ တွင်သမ္မာကျမ်းစာက ခရစ်ယာန်အမျိုးသားများအား ဤသို့သြဝါဒပေးသည်။ “အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ ယေဟောဝါ၏ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ သူတို့ကို မွေးမြူကြလော့။”
ဤစကားများကိုအချို့သူတို့သိရှိကြသော်လည်း ထိုကျမ်းချက်သည် အိမ်ထောင်ဦးစီးဖခင်အတွက် အထူးညွှန်ကြားချက်ဖြစ်ကြောင်း ကောင်းစွာသဘောပေါက်မည်မဟုတ်ပါ။ ဥပမာ၊ စပိန်နှင့်ပေါ်တူဂီဘာသာစကားပြောဆိုသူများက ဧဖက် ၆:၄ ပါစကားများသည် ဖခင်နှင့်မိခင်တို့အားပြောဆိုသည်ဟုယူမှတ်ကြမည်။ ဤဘာသာစကားရပ်များတွင် “မိဘများ” နှင့် “ဖခင်များ” အတွက်စကားလုံးသည် တစ်လုံးတည်းဖြစ်သည်။ သို့ရာတွင် ဧဖက်အခန်းကြီး ၆ အခန်းငယ် ၁ တွင်တမန်တော်ပေါလုသည် “မိဘ” အဓိပ္ပာယ်ရှိ ဂရိစကားလုံး ဂိုနျူအပ်စ် မှဆင်းသက်သည့် ဂိုနျူစင် ကိုအသုံးပြုခြင်းဖြင့် ဖခင်နှင့်မိခင်ကိုပါရည်ညွှန်းထားသည်။ သို့သော် အခန်းငယ် ၄ တွင် “ဖခင်များ” အဓိပ္ပာယ်ရှိသည့် ဂရိစကားလုံး ပါတဲရက်စ် ကိုအသုံးပြုထားသည်။ မှန်ပေသည် ဧဖက် ၆:၄ တွင်အိမ်ထောင်ဦးစီးသူအမျိုးသားများအား ပေါလုတိုက်ရိုက်ပြောဆိုနေပါသည်။
သို့သော် အိမ်ထောင်တွင် ဦးစီးဦးဆောင်ရန် လင်ယောက်ျားမရှိပါမူ ဤတာဝန်ကို အမျိုးသမီးဖြစ်သူ ထမ်းဆောင်ရမည်။ ယေဟောဝါအကူအညီဖြင့် မိခင်များစွာတို့သည် ယေဟောဝါ၏ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ သားသမီးတို့ကို မွေးမြူပျိုးထောင်ပေးခဲ့ကြပြီ။ သို့ရာတွင် ခရစ်ယာန်အမျိုးသားတစ်ဦးရှိနေမည်ဆိုလျှင် သူကိုယ်တိုင်ဦးစီးရမည်။ ဤတာဝန်ကို သူမထမ်းဆောင်ပါက ဝိညာဏအာဟာရရရှိရေးအတွက်အစီအစဉ်ကောင်းထားရှိရန် မိသားစုအခက်အခဲတွေ့ကြုံရပေမည်။ ဤသို့တာဝန်ပျက်ကွက်သောအမျိုးသားသည် ယေဟောဝါနှင့်စာရင်းရှင်းရပေမည်။
ဤကိစ္စနှင့်ပတ်သက်၍ ဘုရားသခင့်စိတ်နေစိတ်ထားသည် ခရစ်ယာန်အသင်းတော်ရှိ အကြီးအကဲနှင့်ဓမ္မအမှုထမ်းများအတွက် ကျမ်းဆိုင်ရာအရည်အချင်းများကို သတ်မှတ်ပေးရာတွင်ထင်ရှားပါသည်။ ဤအခွင့်အရာကိုရယူရန် ရွေးချယ်ခံရသူသည် “မိမိအိမ်ကိုကောင်းမွန်စွာအုပ်စိုး၍ သမ္မာသမာဓိရှိသည်နှင့်၊ မိမိသားသမီးများကို ဆုံးမနိုင်သောသူဖြစ်ရမည်။ (မိမိအိမ်ကိုမအုပ်စိုးတတ်လျှင် ဘုရားသခင်၏အသင်းတော်ကို အဘယ်သို့ပြုစုလိမ့်မည်နည်း။)”—၁ တိမောသေ ၃:၄၊ ၅၊ ၁၂။ တိတု ၁:၆။
အိမ်ထောင်သည်အမျိုးသားသည် သားသမီးများ၏ဝိညာဏအကျိုးကျေးဇူးအတွက် မိမိအကျိုး၊ မိမိအဆင်ပြေမှုကိုစွန့်ပေးရန် အသင့်ရှိရမည်။ သားသမီးများနှင့်အတူနေသည့် တော်သင့်သောအတိုင်းအတာရှိအချိန် မှန်မှန်ပေးရန် အခြားလုပ်ငန်းရပ်များ၌ပါဝင်သည့်အချိန်ကို ဖြတ်တောက်ပစ်ရန် လိုကောင်းလိုပေမည်။ (တရားဟောရာ ၆:၆၊ ၇) သို့ဖြစ်စေကာမူ ဤဘုရားပေးတာဝန်ကို အခြားသူများအားအပ်နှင်းလိုက်မည်မဟုတ်ပါ။ မိမိသားသမီးများကိုချစ်ခြင်း၊ စိတ်ဝင်စားခြင်းကား သူတို့စားဝတ်နေရေးလောက်ကိုသာထည့်တွက်မည်မဟုတ်ပါ။
‘ယေဟောဝါ၏ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ သားသမီးများကိုမွေးမြူပေးခြင်း’ သည်စိန်ခေါ်ချက်တစ်ခုဖြစ်သည်။ ယင်းကြောင့် အဓိကတာဝန်သည် အမျိုးသား၏တာဝန်ဖြစ်သည်။ ခရစ်ယာန်ဖခင်သည် မိမိတာဝန်ကိုကျေပွန်စွာဆောင်ရွက်မည်ဆိုလျှင် သူ၏ဘုရားကြောက်ရွံ့သောသားသမီးများကို ယေဟောဝါထံတော်မှကောင်းချီးများအဖြစ်ယူမှတ်နိုင်မည်။ ဆာလံဆရာနည်းတူ ဤသို့သူဆိုနိုင်မည်ဖြစ်သည်။ “အသက်ပျိုစဉ် ဖွားမြင်သောသားသမီးတို့သည် သူရဲလက်၌ရှိသောမြားကဲ့သို့ဖြစ်ကြ၏။ မိမိမြားတောင့်ကို သူတို့နှင့်ပြည့်စေသောသူသည် မင်္ဂလာရှိ၏။”—ဆာလံ ၁၂၇:၄၊ ၅။