ဖခင်နှင့်အကြီးအကဲ—တာဝန်နှစ်ရပ်ကို ကျေပွန်စေခြင်း
“မိမိအိမ်ကို မအုပ်စိုးတတ်လျှင် ဘုရားသခင်၏အသင်းတော်ကို အဘယ်သို့ပြုစုလိမ့်မည်နည်း။”—၁ တိမောသေ ၃:၅။
၁၊ ၂။ (က) ပထမရာစုတွင် တစ်ကိုယ်ရေကြီးကြပ်မှူးများနှင့် သားသမီးမရှိသော အိမ်ထောင်သည် ကြီးကြပ်မှူးများသည် မိမိတို့ညီအစ်ကိုများအတွက် မည်သို့အမှုဆောင်နိုင်ခဲ့ကြသနည်း။ (ခ) အာကုလနှင့် ပြစ်ကိလတို့သည် ယနေ့ခေတ်ရှိ အိမ်ထောင်သည် မောင်နှံများစွာအတွက် မည်သို့စံပြဖြစ်သနည်း။
အစောပိုင်း ခရစ်ယာန်အသင်းတော်ရှိ ကြီးကြပ်မှူးများသည် တစ်ကိုယ်ရေသမားများ သို့မဟုတ် သားသမီးမရှိသော အိမ်ထောင်သည်များ သို့မဟုတ် သားမယားရှိသူများဖြစ်နိုင်သည်။ ထိုခရစ်ယာန်များထဲမှအချို့သည် ကောရိန္သုအသင်းတော်သားများထံရေးသည့်စာ၏ အခန်းကြီး ၇ တွင် ပေါလုပေးခဲ့သည့်အကြံပေးချက်ကို လိုက်နာနိုင်ခဲ့ကြပြီး တစ်ကိုယ်ရေဆက်နေကြသည်မှာ သံသယဖြစ်ဖွယ်မရှိ။ ယေရှုက “အချို့တို့သည် ကောင်းကင်နိုင်ငံတော်အဖို့အလို့ငှာ မိမိကိုယ်ကို ဆုံးမ၍ မိန်းမလျှာဖြစ်ကြ၏” ဟုမိန့်မြွက်တော်မူခဲ့သည်။ (မဿဲ ၁၉:၁၂) ပေါလုနှင့် သူ၏နယ်လှည့်အဖော်အဖက်တချို့ပါဝင်ဖွယ်ရှိသော အဆိုပါတစ်ကိုယ်ရေသမားများသည် ၎င်းတို့၏ညီအစ်ကိုများအကျိုးအတွက် လွတ်လွတ်လပ်လပ်ခရီးထွက်ကြပေမည်။
၂ ကျမ်းစာတွင် ဗာနဗ၊ မာကု၊ သိလ၊ လုကာ၊ တိမောသေနှင့် တိတုတို့သည် တစ်ကိုယ်ရေသမားများ ဖြစ်မဖြစ်ဆိုသည်ကို ဖော်ပြမထားပါ။ အိမ်ထောင်သည်များဖြစ်ကြပါမူ သူတို့သည် တာဝန်အမျိုးမျိုးကို ယူကာ နေရာအနှံ့ခရီးဆန့်နိုင်သည့်အထိ မိသားစုတာဝန်များမှ အတော်ပင်လွတ်ကင်းသူများဖြစ်ကြောင်း ထင်ရှားသည်။ (တမန်တော် ၁၃:၂; ၁၅:၃၉-၄၁; ၂ ကောရိန္သု ၈:၁၆၊ ၁၇; ၂ တိမောသေ ၄:၉-၁၁; တိတု ၁:၅) သူတို့သည် ဒေသတစ်ခုမှ တစ်ခုသို့သွားသောအခါ မိမိတို့၏ဇနီးသည်တို့ကိုပါခေါ်သွားခဲ့ကြောင်းထင်ရှားသည့် ပေတရုနှင့် “ကြွင်းသောတမန်တော်များကဲ့သို့” ၎င်းတို့၏ဇနီးသည်တို့နှင့် အတူသွားခြင်းဖြစ်နိုင်သည်။ (၁ ကောရိန္သု ၉:၅) အာကုလနှင့် ပြစ်ကိလတို့သည် ကောရိန္သုမြို့မှ ဧဖက်၊ ထို့နောက်တစ်ဖန် ရောမမြို့သို့ပြောင်းကာ ဧဖက်မြို့သို့ပြန်လာရာတွင် ပေါလုနောက်တကောက်ကောက်လိုက်ကာ နေရာသစ်များသို့ စွန့်စားသွားဖို့တလိုတလားရှိသည့် စံပြဇနီးမောင်နှံဖြစ်သည်။ ကျမ်းစာထဲတွင် သူတို့၌ သားသမီးရှိမရှိဆိုသည်ကို ဖော်ပြမထားပါ။ မိမိတို့၏ညီအစ်ကိုများအတွက် သူတို့၏မြှုပ်နှံလုပ်ဆောင်မှုကြောင့် “တစ်ပါးအမျိုးသားအသင်းတော်အပေါင်းတို့” ၏ အထူးကျေးဇူးတင်မှုကို ခံစားခဲ့ရကြသည်။ (ရောမ ၁၆:၃-၅; တမန်တော် ၁၈:၂၊ ၁၈; ၂ တိမောသေ ၄:၁၉) ယနေ့တွင် အာကုလနှင့် ပြစ်ကိလတို့ကဲ့သို့ သာ၍လိုအပ်သောဒေသများသို့ ပြောင်းရွှေ့ရဖွယ်ရှိပြီး အခြားအသင်းတော်များတွင် အမှုဆောင်နိုင်ကြသော မောင်နှံစုံများစွာရှိမည်မှာ မလွဲပေ။
ဖခင်နှင့် အကြီးအကဲ
၃။ ပထမရာစုရှိ အကြီးအကဲများစွာသည် သားမယားရှိသော အိမ်ထောင်သည်များဖြစ်ကြောင်း မည်သည့်အချက်ကတင်ပြသနည်း။
၃ စီ.အီး. ပထမရာစုရှိ ခရစ်ယာန်အကြီးအကဲအများစုသည် သားသမီးရှိသော အိမ်ထောင်သည်များဖြစ်ကြောင်း ထင်ရှားသည်။ ပေါလုသည် “ကြီးကြပ်မှူးအရာကို လှမ်းယူနေသောသူ” တစ်ဦးနှင့်ပတ်သက်၍ လိုအပ်သောအရည်အသွေးများကို စပြောသောအခါ အဆိုပါခရစ်ယာန်သည် “မိမိအိမ်ကိုကောင်းမွန်စွာအုပ်စိုး၍ သမ္မာသတိရှိသည်နှင့် မိမိသားသမီးကိုဆုံးမနိုင်သောသူဖြစ်” သင့်ကြောင်း မြွက်ကြားခဲ့သည်။—၁ တိမောသေ ၃:၁၊ ကဘ၊ ၄။
၄။ သားသမီးရှိသော အိမ်ထောင်သည်အကြီးအကဲများထံမှ မည်သည့်အရာကို တောင်းဆိုထားသနည်း။
၄ ကျွန်ုပ်တို့သိမြင်ခဲ့ပြီးသည့်အတိုင်း ကြီးကြပ်မှူးတစ်ဦးသည် သားသမီးရှိရမည် သို့မဟုတ် အိမ်ထောင်သည်ပင်ဖြစ်ရမည်ဟူသော တောင်းဆိုချက်မရှိပါ။ သို့သော်အိမ်ထောင်သည်ဖြစ်ပါမူ အကြီးအကဲ သို့မဟုတ် ဓမ္မအမှုထမ်းတစ်ယောက်အနေနှင့် အရည်အချင်းပြည့်မီရန် ခရစ်ယာန်တစ်ဦးသည် မိမိ၏ဇနီးသည်အပေါ် သင့်လျော်ပြီး မေတ္တာပါသော ဦးစီးဦးဆောင်မှုကို တင်ပြရမည်ဖြစ်ပြီး မိမိ၏သားသမီးများကို သင့်လျော်သောနာခံမှုရှိအောင် ထိန်းကျောင်းနိုင်သူဖြစ်ကြောင်း တင်ပြရမည်။ (၁ ကောရိန္သု ၁၁:၃; ၁ တိမောသေ ၃:၁၂၊ ၁၃) မိမိအိမ်ထောင်ကို စီမံခန့်ခွဲရာ၌ ကြီးကျယ်သော မည်သည့်အားနည်းမှုမဆိုသည် ညီအစ်ကိုတစ်ဦးကို အသင်းတော်အထူးအခွင့်အရေးများအတွက် အရည်အချင်းမပြည့်မီရာရောက်သွားစေမည်။ အဘယ်ကြောင့်နည်း။ “မိမိအိမ်ကို မအုပ်စိုးတတ်လျှင် ဘုရားသခင်၏အသင်းတော်ကို အဘယ်သို့ပြုစုလိမ့်မည်နည်း” ဟုပေါလုရှင်းပြသည်။ (၁ တိမောသေ ၃:၅) သူ၏သွေးရင်းသားရင်းများက သူ၏ကြည့်ရှုကြီးကြပ်မှုကို လိုလိုလားလားလက်အောက်မခံကြလျှင် အခြားသူများက မည်သို့လက်အောက်ခံပါမည်နည်း။
‘ယုံကြည်သောသားသမီးများရှိခြင်း’
၅၊ ၆။ (က) သားသမီးများနှင့်ပတ်သက်၍ မည်သည့်တောင်းဆိုချက်ကို ပေါလုက တိတုအား ဖော်ပြခဲ့သနည်း။ (ခ) သားသမီးရှိသော အကြီးအကဲများထံမှ မည်သည့်အရာကို မျှော်လင့်သနည်း။
၅ ကရေတေကျွန်းသား အသင်းတော်များတွင် ကြီးကြပ်မှူးများကို ခန့်အပ်ဖို့ တိတုအား ညွှန်ကြားသောအခါ ပေါလုက “အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူ၊ မယားတစ်ယောက်တည်းရှိသောသူ ဖြစ်လျှင်လည်းကောင်း၊ လွန်ကျူးခြင်း၊ အအုပ်အချုပ်မခံခြင်းအပြစ်နှင့်လွတ်၍ ယုံကြည်သောသားသမီးများရှိသူဖြစ်လျှင်လည်းကောင်း၊ ထိုသို့သောသူကို ခန့်ထားအပ်၏။ အကြောင်းမူကား သင်းအုပ်သည် ဘုရားသခင်၏ဘဏ္ဍာစိုးကဲ့သို့ အပြစ်တင်ခွင့် ကင်းလွတ်သောသူဖြစ်ရမည်” ဟုတောင်းဆိုထားပါသည်။ ‘ယုံကြည်သောသားသမီးများရှိခြင်း’ ဟူသည့် တောင်းဆိုချက်မှာ မည်သည့်အရာကို ဆိုလိုသနည်း။—တိတု ၁:၆၊ ၇၊ သမ္မာ။
၆ “ယုံကြည်သောသားသမီးများ” ဟူသည့်အသုံးအနှုန်းက မိမိတို့အသက်တာကို ယေဟောဝါထံ ဆက်ကပ်အပ်နှံကာ နှစ်ခြင်းခံပြီးသည့် လူငယ်လူရွယ်များ သို့မဟုတ် ဆက်ကပ်အပ်နှံ နှစ်ခြင်းခံခြင်းသို့ တိုးတက်လာနေသော လူငယ်လေးများကို ရည်ညွှန်းသည်။ အကြီးအကဲများ၏သားသမီးများသည် ယေဘုယျအားဖြင့် အကျင့်အကြံကောင်းကြပြီး နာခံမှုရှိသူများဖြစ်ရန် အသင်းတော်သားများက မျှော်လင့်ကြသည်။ အကြီးအကဲတစ်ဦးသည် မိမိ၏သားသမီးများကို ယုံကြည်ခြင်းတည်ဆောက်ပေးနိုင်ရန် အတတ်နိုင်ဆုံးလုပ်ဆောင်နေသူဖြစ်ကြောင်း ပေါ်လွင်ထင်ရှားသင့်သည်။ ရှောလမုန်မင်းကြီးက “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွဲလိုက်သွားလိမ့်မည်” ဟုရေးသားခဲ့သည်။ (သု. ၂၂:၆) ဤကဲ့သို့သောလေ့ကျင့်ပေးမှုမျိုးကို ရရှိခဲ့သည့်လူငယ်တစ်ဦးသည် ယေဟောဝါ၏အမှုတော်ကို ထမ်းဆောင်ရန် ငြင်းဆန်ပါက သို့မဟုတ် အမှားကြီးတစ်ခုကိုပင် ပြုမည်ဆိုလျှင်ကော အသို့နည်း။
၇။ (က) နယပုံပြင်ကျမ်း ၂၂:၆ သည် အလျှော့အတင်းမရှိသော စည်းမျဉ်းကို မဖော်ပြကြောင်း အဘယ်ကြောင့်ထင်ရှားသနည်း။ (ခ) အကြီးအကဲဖြစ်သူ၏ကလေးသည် ယေဟောဝါထံ အမှုဆောင်ဖို့မရွေးချယ်လျှင် အကြီးအကဲသည် သူ၏အခွင့်အရေးများ အဘယ်ကြောင့် အလိုလိုဆုံးရှုံးသွားမည်မဟုတ်သနည်း။
၇ အထက်တွင်ကိုးကားထားသော နယပုံပြင်ကျမ်းသည် တင်းကျပ်ခိုင်မာသောစည်းမျဉ်းကို တင်ပြနေခြင်းမဟုတ်ကြောင်း ထင်ရှားပါသည်။ ယင်းက လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်၏မူကို မပယ်ဖျက်ပစ်လိုက်ပါ။ (တရားဟောရာ ၃၀:၁၅၊ ၁၆၊ ၁၉) သား သို့မဟုတ် သမီးဖြစ်သူသည် တာဝန်ခံနိုင်သည့်အသက်အရွယ်ရောက်လျှင် သူ သို့မဟုတ် သူမသည် ဆက်ကပ်အပ်နှံနှစ်ခြင်းခံခြင်းနှင့်ပတ်သက်၍ ကိုယ်တိုင်ဆုံးဖြတ်ချက်ချရမည်။ အကြီးအကဲဖြစ်သူသည် လိုအပ်သော ဝိညာဉ်ရေးအကူအညီ၊ လမ်းညွှန်မှုနှင့် ဆုံးမပဲ့ပြင်မှု အထင်အရှားပေးထားလျက်ကယ် ရင်သွေးငယ်ဖြစ်သူသည် ယေဟောဝါထံအမှုဆောင်ဖို့ မရွေးချယ်ပါက ဖခင်ဖြစ်သူသည် ကြီးကြပ်မှူးတစ်ဦးအနေနှင့် အမှုထမ်းဖို့ အရည်အချင်း အလိုလိုမဲ့သွားသည်မဟုတ်ပါ။ တစ်ဖက်တွင်မူ အကြီးအကဲဖြစ်သူတွင် အရွယ်မရောက်သေးသော သားသမီးများစွာရှိပြီး ထိုသားသမီးတို့သည် ဝိညာဉ်ရေးအရ အဖျားတစ်ခုပြီးတစ်ခုဝင်ကာ ဝေဒနာတစ်ခုပြီးတစ်ခုရလာပါမူ သူသည် “မိမိအိမ်ကို ကောင်းမွန်စွာအုပ်စိုး” သူအဖြစ် ယူမှတ်ခြင်းမခံရတော့ဘဲဖြစ်သွားနိုင်သည်။ (၁ တိမောသေ ၃:၄) အဓိကအချက်မှာ “လွန်ကျူးခြင်း၊ အအုပ်အချုပ်မခံခြင်းအပြစ်နှင့်လွတ်၍ ယုံကြည်သောသားသမီးများရှိ” ရန် ကြီးကြပ်မှူးဖြစ်သူသည် အတတ်နိုင်ဆုံးလုပ်ဆောင်နေကြောင်း အထင်အရှားပြသင့်ခြင်းပင်တည်း။a
“မယုံကြည်သောမယား” နှင့် အိမ်ထောင်ကျနေခြင်း
၈။ အကြီးအကဲတစ်ဦးသည် မယုံကြည်သောမိမိ၏ဇနီးကို မည်သို့ပြုမူဆက်ဆံသင့်သနည်း။
၈ မယုံကြည်သူများနှင့် အိမ်ထောင်ကျနေသော ခရစ်ယာန်အမျိုးသားများနှင့်စပ်လျဉ်း၍ ပေါလုက “တစ်စုံတစ်ယောက်သောညီအစ်ကိုသည် မယုံကြည်သောမယားရှိ၍ ထိုမယားသည် မိမိခင်ပွန်းနှင့်နေခြင်းငှာအလိုရှိလျှင် မကွာစေနှင့်။ . . . မယုံကြည်သောမယားသည် မိမိလင်အဖို့ စင်ကြယ်၏။ သို့မဟုတ်လျှင် သင်တို့၏သားသမီးတို့သည် မစင်ကြယ်။ ယခုတွင် စင်ကြယ်ကြ၏။ . . . အချင်းယောက်ျား သင်သည် ကိုယ်ခင်ပွန်းကို ကယ်တင်မည်၊ မကယ်တင်မည်ကို အဘယ်သို့သိသနည်း” ဟုရေးသားခဲ့သည်။ (၁ ကောရိန္သု ၇:၁၂-၁၄၊ ၁၆) ဤတွင် “မယုံကြည်သော” ဟူသည့်စကားလုံးသည် ဘာသာရေးယုံကြည်ချက်မရှိသော ဇနီးတစ်ဦးကို မရည်ညွှန်းဘဲ ယေဟောဝါထံဆက်ကပ်အပ်နှံမထားသူတစ်ဦးကို ရည်ညွှန်းခြင်းဖြစ်သည်။ သူမသည် ဂျူးတစ်ယောက် သို့တည်းမဟုတ် တိတ္ထိနတ်ဘုရားများကို ယုံကြည်သူတစ်ယောက်ဖြစ်နေနိုင်သည်။ ယနေ့တွင်မူ အကြီးအကဲတစ်ဦးသည် ခြားနားသည့်ဘာသာတရားကို လက်ခံထားသူတစ်ဦး၊ မသိဝါဒီတစ်ဦး သို့မဟုတ် ဘုရားမဲ့ဝါဒီတစ်ဦးနှင့်ပင် အိမ်ထောင်ကျနေနိုင်သည်။ အကယ်၍သူမက သူနှင့်အတူနေလိုပါက ယုံကြည်ချက်များကွဲပြားရုံမျှဖြင့် သူသည် သူမကို မစွန့်ပစ်သင့်ပါ။ သူသည် “သတိပညာနှင့်လျော်စွာ ကိုယ်ခင်ပွန်းနှင့်အတူနေ၍ အားနည်းသောသူကို ပြုသင့်သည့်အတိုင်း သူ့ကိုစောင့်မပြုစု” သင့်ပြီး သူမကို ကယ်တင်မည်ဟူသည့် မျှော်လင့်ချက်များဖြင့် ပေါင်းသင်းသင့်သည်။—၁ ပေတရု ၃:၇; ကောလောသဲ ၃:၁၉။
၉။ ဥပဒေအရ မိမိတို့သားသမီးများအား အသီးသီး၏ဘာသာရေးယုံကြည်ချက်များကို လင်မယားနှစ်ဦးစလုံး ဖော်ပြပြောဆိုခွင့်ရှိသည့် နိုင်ငံများတွင် အကြီးအကဲတစ်ဦးသည် မည်သို့ပြုမူသင့်ပြီး ယင်းသည် သူ၏အခွင့်အရေးများကို မည်သို့အကျိုးသက်ရောက်မည်နည်း။
၉ ကြီးကြပ်မှူးဖြစ်သူတွင် သားသမီးများရှိပါက သူသည် “ယေဟောဝါ၏ ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ” သူတို့ကိုမွေးမြူပေးရာတွင် လျော်ကန်သည့် လင်သားဆိုင်ရာနှင့် ဖခင်ဆိုင်ရာဦးစီးဦးဆောင်မှုကို ကျင့်သုံးမည်ဖြစ်သည်။ (ဧဖက် ၆:၄၊ ကဘ) နိုင်ငံအများတွင် ဥပဒေအရ အိမ်ထောင်ဖက်နှစ်ယောက်စလုံးသည် မိမိတို့သားသမီးများကို ဘာသာရေးသွန်သင်ချက် ပေးပိုင်ခွင့်ရှိသည်။ ဤကိစ္စတွင် ဇနီးသည်ဖြစ်သူက သူမ၏ဘာသာရေးယုံကြည်ချက်များနှင့် ဘာသာရေးလုပ်ထုံးများကို သားသမီးတို့အား ဖော်ပြပြောဆိုခွင့်ကျင့်သုံးဖို့ တောင်းဆိုလှာပေမည်။ ယင်းတို့တွင် သူမ၏ချာ့ချ်သို့ သူတို့ကို ခေါ်သွားခြင်း ပါဝင်နိုင်သည်။b အမှန်မှာ အဆိုပါကလေးများသည် မှားယွင်းသော ဘာသာရေးအခမ်းအနားများတွင် မပါဝင်ခြင်းနှင့် စပ်လျဉ်း၍ မိမိတို့၏ကျမ်းစာဖြင့်လေ့ကျင့်ထားသောသြတ္တပ္ပစိတ်အတိုင်း လိုက်သင့်သည်။ အိမ်ထောင်ဦးစီးအနေနှင့် ဖခင်ဖြစ်သူသည် မိမိ၏သားသမီးများနှင့် သင်အံမှုပြုလုပ်ပိုင်ခွင့်ကို ကျင့်သုံးမည်ဖြစ်ပြီး သူတို့ကို ဖြစ်နိုင်သည့်အခါတိုင်း ဘုရားသခင့်နိုင်ငံတော်ခန်းမရှိ အစည်းအဝေးများသို့ ခေါ်သွားမည်ဖြစ်သည်။ သူတို့သည် မိမိတို့ဘာသာဆုံးဖြတ်ချက်များချနိုင်သည့်အရွယ်ရောက်သောအခါ သူတို့သွားမည့်လမ်းကို သူတို့ကိုယ်တိုင် ဆုံးဖြတ်မည်ဖြစ်သည်။ (ယောရှု ၂၄:၁၅) သူ၏အကြီးအကဲချင်းတို့နှင့် အသင်းတော်သားတို့က သူသည် မိမိ၏သားသမီးများအား သမ္မာတရားနည်းလမ်းဖြင့် သင့်လျော်စွာ ညွှန်ကြားပေးရန် ဥပဒေက သူ့အားခွင့်ပြုသမျှ အတတ်နိုင်ဆုံးလုပ်ဆောင်နေပါသည်ဟု တွေ့မြင်နိုင်ပါက သူသည် ကြီးကြပ်မှူးတစ်ဦးအဖြစ် အရည်အချင်းမပြည့်မီသူ ဖြစ်မည်မဟုတ်ပေ။
‘မိမိအိမ်ကို အုပ်စိုးခြင်း ကောင်းမွန်သောနည်းဖြင့်’
၁၀။ သားမယားရှိသူသည် အကြီးအကဲတစ်ဦးဖြစ်ပါက သူ၏အဓိကတာဝန်ကား အဘယ်နည်း။
၁၀ ဖခင်ဖြစ်သောအကြီးအကဲတစ်ဦး၏ဇနီးသည် ခရစ်ယာန်ချင်းဖြစ်လျှင်ပင် မိမိ၏ဇနီး၊ သားသမီးများနှင့် အသင်းတော်တာဝန်များအတွက် မိမိ၏အချိန်နှင့် အာရုံစိုက်မှုကို သင့်လျော်စွာ ခွဲဝေပေးရသည့်အလုပ်မှာ မလွယ်ကူပါ။ ကျမ်းစာအရ ခရစ်ယာန်ဖခင်တစ်ဦးတွင် မိမိဇနီးနှင့် သားသမီးများကို ကြည့်ရှုဂရုစိုက်ရမည့်တာဝန်ရှိသည်မှာ လုံးဝရှင်းပါသည်။ ပေါလုက “မိမိလူတို့ကိုမပြုစု၊ ထိုမျှမက မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား ယုံကြည်ခြင်းတရားကို ငြင်းပယ်၏။ မယုံကြည်ဖူးသောသူထက် သာ၍ယုတ်မာ၏” ဟုရေးသားခဲ့သည်။ (၁ တိမောသေ ၅:၈) ဤစာတွင်ပင် ပေါလုက သူတို့ကိုယ်တိုင် လင်သားကောင်းများနှင့် ဖခင်ကောင်းများဖြစ်ကြောင်း တင်ပြပြီးသူများကိုသာ ကြီးကြပ်မှူးများအဖြစ် အမှုဆောင်ရန် ထောက်ခံသင့်ကြောင်း ဖော်ပြထားသည်။—၁ တိမောသေ ၃:၁-၅။
၁၁။ (က) အကြီးအကဲတစ်ဦးသည် မည်သည့်နည်းများဖြင့် ‘မိမိလူတို့အတွက် ပြုစု’ ပေးသင့်သနည်း။ (ခ) ယင်းက အကြီးအကဲတစ်ဦး မိမိ၏အသင်းတော်တာဝန်ဝတ္တရားများ ပြည့်မီရန် မည်သို့အထောက်အကူဖြစ်စေနိုင်သနည်း။
၁၁ အကြီးအကဲတစ်ဦးသည် မိမိ၏သွေးရင်းသားရင်းတို့အတွက် ရုပ်ပစ္စည်းအရသာမကဘဲ ဝိညာဉ်ရေးနှင့် စိတ်ဓာတ်ရေးအရပါ “ပြုစု” ပေးသင့်သည်။ ပညာရှိရှောလမုန်မင်းကြီးက “ပြင်ပရှိ အမှုအရေးကိုပြုပြင်၍ လယ်ယာအသင့်ရှိပြီးမှ အိမ်ထောင်လော့” ဟု ရေးသားခဲ့သည်။ (သု. ၂၄:၂၇၊ သမ) ထို့ကြောင့် မိမိ၏ဇနီးသည်နှင့် သားသမီးများ၏ ရုပ်ပစ္စည်း၊ စိတ်ဓာတ်ရေးနှင့် အပန်းဖြေရေးတို့နှင့်ပတ်သက်သော လိုအပ်ချက်များအတွက် ထောက်ပံ့ပေးရင်း တစ်ချိန်တည်းတွင် သူတို့၏ ဝိညာဉ်ရေးကိုပါ တည်ဆောက်ပေးသင့်သည်။ ယင်းအတွက် အချိန်ယူရသည်—အသင်းတော်ကိစ္စရပ်များတွင် သူပေးနိုင်မည်မဟုတ်သည့်အချိန်ဖြစ်သည်။ သို့သော် ယင်းသည် မိသားစု၏ပျော်ရွှင်မှုနှင့် ဝိညာဉ်ရေးရှုထောင့်မှ ပြောရလျှင် အကျိုးအမြတ်များစွာ ပေးနိုင်သည့် အချိန်ဖြစ်သည်။ နောက်ဆုံးတွင် မိမိ၏မိသားစုသည် ဝိညာဉ်ရေးဘက်သန်မာနေကြပါက မိသားစုပြဿနာများကို ကိုင်တွယ်ရာတွင် အချိန်များစွာအကုန်ခံစရာလိုတော့မည်မဟုတ်ပါ။ ယင်းက အသင်းတော်ကိစ္စရပ်များအတွက် ကြည့်ရှုဂရုစိုက်ရန် သူ့စိတ်ကို ပို၍လွတ်လပ်မှုရရှိသွားစေမည်။ လင်သားကောင်းတစ်ယောက်အနေနှင့်လည်းကောင်း၊ ဖခင်ကောင်းတစ်ယောက်အနေနှင့်လည်းကောင်း သူ၏ပုံသက်သေသည် အသင်းတော်အတွက် ဝိညာဏအကျိုးကျေးဇူးဖြစ်စေမည်။—၁ ပေတရု ၅:၁-၃။
၁၂။ မိသားစု၏မည်သည့်ကိစ္စတွင် အကြီးအကဲများဖြစ်သော ဖခင်တို့သည် ပုံသက်သေကောင်း တင်ပြသင့်သနည်း။
၁၂ အိမ်သူအိမ်သားများအပေါ် ကောင်းမွန်စွာဦးစီးခြင်းတွင် မိသားစုလေ့လာမှုကို ဦးစီးဖို့ အချိန်ဇယားဆွဲခြင်းပါဝင်သည်။ ခိုင်ခံ့မြဲမြံသောမိသားစုများသည် ခိုင်ခံ့မြဲမြံသော အသင်းတော်များကို ဖြစ်စေသည့်အတွက် ဤကဏ္ဍတွင် အကြီးအကဲများသည် ပုံသက်သေကောင်းတင်ပြဖို့ အထူးအရေးကြီးသည်။ ကြီးကြပ်မှူးသည် မိမိဇနီး၊ သားသမီးများနှင့် လေ့လာမှုပြုဖို့အချိန်မရှိသည့်အထိ လုပ်ငန်းတော်ဆိုင်ရာ အခြားတာဝန်များနှင့် အမြဲတစေ အလွန်လုံးပန်းမနေသင့်ပါ။ ဤသို့ပင်ဖြစ်နေပါက မိမိ၏ဇယားကို ပြန်လည်စိစစ်သင့်သည်။ သူသည် ဇယားပြန်ဆွဲဖို့ သို့မဟုတ် အခြားကိစ္စရပ်များအတွက် ပေးသည့်အချိန်ကို လျှော့ချရဖို့ရှိနိုင်သည်၊ ရံဖန်ရံခါ အချို့သောတာဝန်များကိုပင် လျှော့ချရဖို့ရှိနိုင်သည်။
မျှတမှုရှိသော ကြည့်ရှုစောင့်ကြပ်မှု
၁၃၊ ၁၄။ “သစ္စာနှင့် သတိပညာရှိသောကျွန်” ကသားမယားရှိသော အကြီးအကဲများကို မည်သည့်သြဝါဒပေးခဲ့ပြီနည်း။
၁၃ မိသားစုနှင့် အသင်းတော်တာဝန်များ မျှတမှုရှိစေရေးနှင့်ပတ်သက်သည့် ဩဝါဒသည် အသစ်အဆန်းမဟုတ်ပါလေ။ “သစ္စာနှင့်သတိပညာရှိသောကျွန်” သည် ဤကိစ္စနှင့်ပတ်သက်၍ နှစ်နှင့်ချီ၍ ဩဝါဒပေးလာခဲ့သည်။ (မဿဲ ၂၄:၄၅၊ သမ) လွန်ခဲ့သည့် ၃၇ နှစ်ကျော်ကဖြစ်သည့် ၁၉၅၉၊ စက်တင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင်[လိပ်] စာမျက်နှာ ၅၅၃ နှင့် ၅၅၄ ကဤသို့အကြံပြုခဲ့သည်– “အမှန်မှာ၊ ကျွန်ုပ်တို့၏အချိန် ပေးဖို့လိုအပ်သမျှတွင် မျှတမှုရှိရေးကိစ္စ ပေါ်လာသည်မဟုတ်လော။ ဤမျှတမှုဖြင့် သင့်မိသားစု၏အကျိုးအတွက် ထိုက်သင့်လျော်ကန်စွာအရေးပေးသင့်သည်။ ယေဟောဝါဘုရားသခင်သည် လူတစ်ဦးအား မိမိအိမ်သူအိမ်သားတို့၏ကယ်တင်ခြင်းကို ဂရုမစိုက်ဘဲ အသင်းတော် လှုပ်ရှားဆောင်ရွက်မှုတွင် မိမိညီအစ်ကိုတို့နှင့် အိမ်နီးချင်းတို့ ကယ်တင်ခြင်းရဖို့ ကူညီပေးရာတွင် မိမိ၏အချိန်အားလုံးကို အသုံးပြုဖို့ မျှော်လင့်မည်မဟုတ်သည်မှာ သေချာသည်။ မိမိ၏ဇနီးနှင့် သားသမီးတို့သည် အဓိကတာဝန်ဖြစ်သည်။”
၁၄ ၁၉၈၇၊ နိုဝင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင်စာမျက်နှာ ၂၂ က ဤသို့ ဩဝါဒပေးခဲ့သည်– “မိသားစုလိုက် လယ်ကွင်းဓမ္မအမှု၌ပါဝင်ခြင်းက စည်းလုံးမှုရှိစေမည်။ သို့ရှိစေကာမူ သားသမီးများ၏ အထူးလိုအပ်ချက်များကို ဖြည့်စွက်ပေးရန် သင်အချိန်ပေးဖို့ လိုသည်။ စိတ်ဓာတ်အင်အားလည်း ပေးရပါမည်။ ထို့ကြောင့် “မိမိလူတို့” ကို ဝိညာဉ်ရေး၊ စိတ်ဓာတ်ရေးနှင့် ကာယရေးအရ ပြုစုပေးစဉ်ပင် အသင်းတော်တာဝန်များ ထမ်းဆောင်ရန် . . . အတွက် အချိန်မည်မျှပေးမည်ကို ချင့်ချိန်ရန် မျှတစိတ်ရှိဖို့လိုပါသည်။ [ခရစ်ယာန်တစ်ယောက်] သည် ‘မိမိ [၏] အိမ်ထောင်စု၌ ဘာသာရေးတာဝန်ဝတ္တရားများကို ပြုစုပေးခြင်းငှာ ဦးစွာသင်ယူရမည်။’ (၁ တိမောသေ ၅:၄၊ ၈)”
၁၅။ ဇနီးနှင့် သားသမီးများရှိသော အကြီးအကဲတစ်ဦးသည် ဉာဏ်ပညာနှင့် ပိုင်းခြားသိမြင်မှု အဘယ်ကြောင့်လိုအပ်ပါသနည်း။
၁၅ ကျမ်းစာပညာရှိစကားတစ်ခွန်းက “ဉာဏ်ပညာအားဖြင့် အိမ်ထောင်ကို တည်ဆောက်မည်ဖြစ်ပြီး ပိုင်းခြားသိမြင်မှုအားဖြင့် ခိုင်ခံ့မြဲမြံစွာတည်ဆောက်ထားကြောင်း တင်ပြမည်” ဟုဖော်ပြထားသည်။ (သု. ၂၄:၃၊ ကဘ) ကြီးကြပ်မှူးတစ်ဦးသည် မိမိ၏သီအိုကရက်တစ်တာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ရင်း တစ်ချိန်တည်းတွင် မိမိ၏အိမ်ထောင်ကို တည်ဆောက်ပေးဖို့အတွက် သူသည် ဉာဏ်ပညာနှင့် ပိုင်းခြားသိမြင်မှု အများဆုံးလိုအပ်သည်မှာ သေချာသည်။ ကျမ်းစာအရ သူ့တွင် ကြည့်ရှုစောင့်ကြပ်ရမည့် နယ်ပယ်တစ်ခုထက်မကရှိသည်—မိမိ၏မိသားစုနှင့် အသင်းတော်တာဝန်တို့ပါဝင်သည်။ သူသည် ဤနယ်ပယ်တို့တွင် မျှတမှုကိုထိန်းသိမ်းနိုင်ရန် ပိုင်းခြားသိမြင်မှု လိုအပ်သည်။ (ဖိလိပ္ပိ ၁:၉၊ ၁၀) သူသည် မိမိ၏ဦးစားပေးရာများကို ချမှတ်ရန် ဉာဏ်ပညာ လိုအပ်သည်။ (သု. ၂:၁၀၊ ၁၁) မိမိ၏အသင်းတော်တာဝန်များကို ပြုစုထမ်းရွက်ဖို့တာဝန်ရှိသည်ဟု မည်မျှပင်ယူမှတ်စေကာမူ လင်သားဖခင်တစ်ယောက်အနေနှင့် မိမိ၏အဓိကဘုရားပေးတာဝန်မှာ မိမိ၏မိသားစုကို ဂရုစိုက်ခြင်းနှင့် ကယ်တင်ခြင်းဖြစ်ကြောင်း သူသိနားလည်ထားသင့်သည်။
ဖခင်ကောင်းများကော အကြီးအကဲကောင်းများပါဖြစ်
၁၆။ အကြီးအကဲဖြစ်သူသည် ဖခင်တစ်ဦးလည်းဖြစ်ပါက မည်သို့တစ်ပန်းသာသနည်း။
၁၆ အကျင့်အကြံကောင်းသည့် သားသမီးရှိသော အကြီးအကဲတစ်ဦးသည် အမှန်ပင် တစ်ပန်းသာနိုင်သည်။ သူသည် မိမိ၏မိသားစုကို ကောင်းကောင်းကြည့်ရှုစောင့်ရှောက်တတ်ပါက အသင်းတော်ရှိ အခြားမိသားစုများကို အကူအညီပေးနိုင်သည့်အနေအထားတွင် ရှိသည်။ သူတို့၏ပြဿနာကို သာ၍နားလည်ပြီး မိမိကိုယ်တိုင်အတွေ့အကြုံကို ထင်ဟပ်သည့် ဩဝါဒကို ပေးနိုင်သည်။ ကမ္ဘာတစ်ဝန်းရှိ ထောင်ပေါင်းများစွာသော အကြီးအကဲများသည် လင်သားများ၊ ဖခင်များနှင့် ကြီးကြပ်မှူးများအနေနှင့် မွန်မြတ်သောအလုပ်ကို လုပ်ဆောင်နေကြသည်မှာ ဝမ်းသာစရာပင်။
၁၇။ (က) ဖခင်လည်းဖြစ် အကြီးအကဲလည်းဖြစ်သောအမျိုးသားတစ်ဦးသည် မည်သည့်အရာကို ဘယ်သောအခါမျှ မမေ့သင့်သနည်း။ (ခ) အခြားသော အသင်းတော်သားများသည် ကိုယ်ချင်းစာနာမှု မည်သို့ပြသင့်သနည်း။
၁၇ သားမယားရှိသူတစ်ဦး အကြီးအကဲဖြစ်ဖို့အတွက် မိမိဇနီးနှင့် သားသမီးများကို ဂရုစိုက်ရင်း အသင်းတော်ရှိအခြားသူများကို အချိန်ပေးကာ အာရုံစိုက်နိုင်ရန်အလို့ငှာ မိမိ၏ကိစ္စဝိစ္စများကို အစီအစဉ်ချနိုင်သည့် ရင့်ကျက်သောခရစ်ယာန်တစ်ဦးဖြစ်ရမည်။ မိမိ၏သိုးထိန်းအလုပ်သည် အိမ်တွင် စတင်ကြောင်း ဘယ်သောအခါမှ သူမမေ့သင့်ပေ။ ဇနီးနှင့်သားသမီးရှိသော အကြီးအကဲများတွင် မိမိတို့၏မိသားစုနှင့် အသင်းတော်တာဝန်နှစ်ရပ်စလုံးအတွက် တာဝန်ဝတ္တရားရှိကြောင်း သိရှိထားရာ အသင်းတော်သားများသည် သူတို့၏အချိန်ကို မတန်တဆ မရမကတောင်းဆိုမည်မဟုတ်ပါ။ ဥပမာ နောက်တစ်နေ့နံနက်တွင် ကျောင်းသွားရမည့် သားသမီးရှိသည့်အကြီးအကဲသည် အစည်းအဝေးများအပြီးတွင် အချိန်အတော်အတန်ကြာနေဖို့ အမြဲတတ်နိုင်ချင်မှ တတ်နိုင်မည်။ အခြားအသင်းတော်သားများသည် ယင်းကို နားလည်သင့်ပြီး ကိုယ်ချင်းစာနာစိတ်တင်ပြသင့်သည်။—ဖိလိပ္ပိ ၄:၅။
ကျွန်ုပ်တို့သည် မိမိတို့၏အကြီးအကဲများကို ချစ်မြတ်နိုးသင့်
၁၈၊ ၁၉။ (က) ၁ ကောရိန္သု အခန်းကြီး ၇ ကို ကျွန်ုပ်တို့ စိစစ်သုံးသပ်ခြင်းက မည်သည့်အရာကို သိနားလည်စေပြီနည်း။ (ခ) ထိုကဲ့သို့သောခရစ်ယာန်အမျိုးသားများကို ကျွန်ုပ်တို့ မည်သို့ယူမှတ်သင့်သနည်း။
၁၈ ကောရိန္သုအသင်းတော်သားများထံရေးသည့် ပေါလု၏ပထမစာ အခန်းကြီး ၇ ကို ကျွန်ုပ်တို့စိစစ်သုံးသပ်ခြင်းက ပေါလု၏အကြံပေးချက်ကို လိုက်နာကာ ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားအတွက် အမှုဆောင်ရန် မိမိတို့၏လွတ်လပ်မှုကို အသုံးပြုနေကြသည့် တစ်ကိုယ်ရေသမားများစွာရှိကြောင်း ကျွန်ုပ်တို့ကို သိမြင်သွားစေပြီ။ မိမိတို့၏ဇနီးသည်တို့ကို ပေးသင့်ပေးထိုက်သည့် အာရုံစိုက်မှုကို ပေးရင်း ဇနီးသည်တို့၏ ချီးမွမ်းထိုက်ဖွယ်ပူးပေါင်းလုပ်ဆောင်မှုဖြင့် ခရိုင်များ၊ တိုက်နယ်များ၊ အသင်းတော်များနှင့် ကင်းမျှော်စင်အသင်းဌာနခွဲများတွင် ကြီးကြပ်မှူးကောင်းများအဖြစ် အမှုထမ်းနေကြသည့် သားသမီးမရှိသော အိမ်ထောင်သည်ညီအစ်ကို ထောင်ပေါင်းများစွာလည်း ရှိပါသည်။ နောက်ဆုံးအနေနှင့် ယေဟောဝါလူမျိုးတော်၏အသင်းတော်ပေါင်း ၈၀,၀၀၀ နီးပါးတွင် မိမိတို့၏ဇနီးသည်တို့နှင့် သားသမီးတို့ကို မေတ္တာဖြင့်ဂရုစိုက်နေသည်သာမက မိမိတို့ညီအစ်ကိုများအတွက် ဂရုစိုက်သောသိုးထိန်းများအနေနှင့်ပါ အချိန်ပေးကာ အမှုဆောင်နေကြသည့် ဖခင်များစွာရှိပါသည်။—တမန်တော် ၂၀:၂၈။
၁၉ တမန်တော် ပေါလုက “ကောင်းမွန်စွာအုပ်သော သင်းအုပ်တို့သည် အလှူနှစ်ဆကို ခံထိုက်သောသူဖြစ်သည်ဟူ၍လည်းကောင်း၊ တရားဟောခြင်း၊ ဆုံးမသြဝါဒပေးခြင်းအမှုကို ကြိုးစားအားထုတ်သောသူတို့သည် အလှူနှစ်ဆကို အထူးသဖြင့်ခံထိုက်သောသူဖြစ်သည်ဟူ၍လည်းကောင်း မှတ်ရမည်” ဟုရေးသားခဲ့သည်။ (၁ တိမောသေ ၅:၁၇) မှန်ပါသည်၊ မိမိတို့အိမ်နှင့် အသင်းတော်တွင် ကောင်းမွန်စွာဦးစီးသော အကြီးအကဲများသည် ကျွန်ုပ်တို့၏မေတ္တာနှင့် လေးစားမှု ခံထိုက်ပါသည်။ ကျွန်ုပ်တို့သည် အမှန်ပင် “ထိုသို့သောသူတို့ကို ရိုသေလေးမြတ်” အပ်သည်။—ဖိလိပ္ပိ ၂:၂၉။
[အောက်ခြေမှတ်ချက်များ]
a ကင်းမျှော်စင် ဖေဖော်ဝါရီ ၁၊ ၁၉၇၈၊ [လိပ်] စာမျက်နှာ ၃၁-၂ ရှု။
b ကင်းမျှော်စင် ဒီဇင်ဘာ ၁၊ ၁၉၆၀၊ [လိပ်] စာမျက်နှာ ၇၃၅-၆ ရှု။
ပြန်လည်သုံးသပ်ခြင်းဖြင့်
◻ စီ.အီး. ပထမရာစုမှ အကြီးအကဲများစွာသည် သားမယားရှိသူများဖြစ်ကြောင်း ကျွန်ုပ်တို့ မည်သို့သိရသနည်း။
◻ သားသမီးရှိသော အိမ်ထောင်သည် အကြီးအကဲများထံမှ မည်သည့်အရာကို တောင်းဆိုထားသနည်း၊ အဘယ့်ကြောင့်နည်း။
◻ “ယုံကြည်သောသားသမီးများ” ရှိခြင်းဟူသည် ဘာကိုဆိုလိုသနည်း၊ သို့သော် အကြီးအကဲ၏ကလေးတစ်ဦးသည် ယေဟောဝါထံ အမှုဆောင်ဖို့မရွေးချယ်လျှင်ကော အသို့နည်း။
◻ မည်သည့်ကဏ္ဍများတွင် အကြီးအကဲတစ်ဦးသည် ‘မိမိလူတို့ကိုပြုစု” သင့်သနည်း။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ခိုင်ခံ့မြဲမြံသောမိသားစုများသည် ခိုင်ခံ့မြဲမြံသော အသင်းတော်များကို ဖြစ်စေသည်