ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၁၀/၁ စာ. ၁၀-၁၅
  • သင့်ကို ဘုရားသခင်အမှန်သိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ကို ဘုရားသခင်အမှန်သိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့နည်းလမ်းအားလုံးကိုသိမြင်တော်မူသောအရှင်
  • မည်သည့်နေရာ၌ပင်ကျွန်ုပ်တို့ရှိပါစေ၊ ဘုရားသခင်ကူညီနိုင်
  • ကျွန်ုပ်တို့အား အမှန်နားလည်တော်မူသောအရှင်
  • ကျွန်ုပ်တို့သည် ‘ထူးဆန်းစွာဖန်ဆင်းခံရ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • အခြားသူတို့ကို ယေဟောဝါရှုမြင်တော်မူ သကဲ့သို့ ကြိုးစားရှုမြင်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ယောနသိရှိခဲ့ရသော ယေဟောဝါ၏ကရုဏာတော်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • သူသည် အမှားများမှ သင်ခန်းစာယူခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၁၀/၁ စာ. ၁၀-၁၅

သင့်ကို ဘုရားသခင်အမှန်သိသလော

“အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ]၊ ကိုယ်တော်သည် . . . အကျွန်ုပ်ကျင့်သောအကျင့်အလုံးစုံတို့ကို ကျွမ်းတော်မူ၏။” —ဆာလံ ၁၃၉:၁၊ ၃။

၁ စိုးရိမ်ပူပန်မှုများ၊ ပြဿနာများ၊ ဖိစီးမှုများကို ‘အခြားသူများနားမလည်’ ဟူသောခံစားချက်သည် မည်မျှတိုင်ပျံ့နှံ့နေသနည်း။

သင်ရင်ဆိုင်နေရသော စိုးရိမ်ပူပန်မှုများ၊ ဖိစီးမှုများနှင့် ပြဿနာများကို တစ်စုံတစ်ဦးအမှန်တကယ်သိရှိသလော။ ကမ္ဘာတစ်ဝန်းတွင် မိမိတို့၏အဖြစ်ကိုစိုးရိမ်ပူပန်နေသော မိသားစုမရှိသူ သို့မဟုတ် ဆွေမရှိမျိုးမရှိသူ လူကြီးလူငယ်သန်းပေါင်းများစွာရှိသည်။ မိသားစုများအတွင်း၌ပင် ဇနီးသည်များစွာတို့သည်—လင်ယောက်ျားများပါ—မိမိတို့အပေါ်သက်ရောက်နေသောဖိစီးမှုများကို မိမိတို့အိမ်ထောင်ဖက်များနားမလည်ကြဟု ယူမှတ်ကြသည်။ တစ်ခါတစ်ရံ “မင်းနားမလည်ပါဘူးကွာ!” ဟုစိတ်ပျက်လက်ပျက်ဆိုတတ်ကြသည်။ လူငယ်များစွာတို့ကလည်း မိမိတို့အား မည်သူမျှနားမလည်ကြဟု မှတ်ချက်ချကြသည်။ သို့သော် မိမိတို့အား အခြားသူများပိုမိုနားလည်ရန် မျှော်လင့်လာခဲ့ကြသူများထဲတွင် နောက်ပိုင်း၌ အဓိပ္ပာယ်ကြွယ်ဝသောအသက်တာရှိသူအချို့လည်း ပါဝင်သည်။ မည်သို့ဖြစ်နိုင်သနည်း။

၂။ ယေဟောဝါကိုဝတ်ပြုသူများအား ဘဝတွင် ကြွယ်ဝသည့်ရောင့်ရဲကျေနပ်မှုကို မည်သည့်အရာက ပေးနိုင်သနည်း။

၂ သူတို့၏ခံစားချက်များကို လူသားချင်း အပြည့်အဝနားလည်သည်ဖြစ်စေ၊ မလည်သည်ဖြစ်စေ မိမိတို့တွေ့ကြုံခံစားရသည့်အရာများကို ဘုရားသခင်အမှန်နားလည်တော်မူကြောင်းနှင့် ကိုယ်တော့်ကျေးကျွန်များအနေနှင့် ပြဿနာများကို ထီးတည်းရင်ဆိုင်ရန်မလိုကြောင်းသူတို့ယုံကြည်ထားကြသည်။ (ဆာလံ ၄၆:၁) ထို့အပြင် ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့်ဒွန်တွဲသည့် ပိုင်းခြားဝေဖန်နိုင်စွမ်းရှိသော ခရစ်ယာန်အကြီးအကဲများ၏အကူအညီက သူတို့၏ကိုယ်ရေးကိုယ်တာပြဿနာများကို ကျော်၍မြင်နိုင်စေသည်။ သူတို့၏သစ္စာရှိရှိအမှုဆောင်ခြင်းသည် ဘုရားသခင်ရှေ့တွင် အလွန်အဖိုးထိုက်ကြောင်း၊ ကိုယ်တော်အားမျှော်လင့်သောသူများအတွက် လုံခြုံသောအနာဂတ်တစ်ခုနှင့် ယေရှုခရစ်အားဖြင့် သူတို့အတွက်ကိုယ်တော်စီစဉ်ပေးထားသည့်အရာများရှိကြောင်း သူတို့ကောင်းစွာနားလည်ရန် ကျမ်းစာကအကူအညီပေးသည်။—သု. ၂၇:၁၁; ၂ ကောရိန္သု ၄:၁၇၊ ၁၈။

၃၊ ၄။ (က) “ယေဟောဝါသည်ဘုရားဖြစ်” ကြောင်းနှင့် “ကျွန်ုပ်တို့အားဖန်ဆင်းတော်မူ” ကြောင်းအဖြစ်မှန်များက ကိုယ်တော့်အမှုဆောင်ခြင်းတွင် ကျွန်ုပ်တို့ရွှင်လန်းရန် မည်သို့အကူအညီပေးသနည်း။ (ခ) ယေဟောဝါ၏မေတ္တာပါသောစောင့်ရှောက်မှုအပေါ် အဘယ်ကြောင့်ကျွန်ုပ်တို့လုံးလုံးလျားလျားယုံကြည်စိတ်ချသနည်း။

၃ ဆာလံ ၁၀၀:၂ တွင်ပြောထားသောစကားများနှင့် သင်အကျွမ်းတဝင်ဖြစ်ပေမည်–“ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏အမှုတော်ကို ဝမ်းမြောက်စွာဆောင်ရွက်ကြလော့။ ရွှင်လန်းစွာသီချင်းဆိုလျက် အထံတော်သို့ဝင်ကြလော့။” ထိုသဘောဖြင့် ယေဟောဝါအားအမှန်ဝတ်ပြုနေသူ မည်မျှရှိသနည်း။ ထိုသို့ပြုရန်ခိုင်လုံသည့်အကြောင်းကို အခန်းငယ် ၃ တွင် ပေးထားရာ ကျွန်ုပ်တို့အားဤသို့သတိရစေသည်–“ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ဘုရားသခင်ဖြစ်တော်မူသည်ဟု သိမှတ်ကြလော့။ ထာဝရဘုရားသည် ငါတို့ကိုဖန်ဆင်းတော်မူ၍ ငါတို့၏အရှင်ဖြစ်တော်မူ၏။ ငါတို့သည်လည်း ထာဝရဘုရား၏လူဖြစ်ကြ၏။ အထံတော်၌ကျက်စားသောသိုးစုလည်းဖြစ်ကြ၏။” ဟေဗြဲကျမ်းစာစောင်တွင် ကိုယ်တော်အား ’အီလို·ဟင်းʹ ဟုဖော်ပြထားပြီး ကိုယ်တော်၏ခန့်ညားထည်ဝါမှု၊ ဂုဏ်ကျက်သရေနှင့် ထူးကဲသာလွန်မှုတို့တွင် ကြီးကျယ်ခမ်းနားကြောင်း ညွှန်ပြထားသည်။ ကိုယ်တော်တစ်ပါးတည်းသာလျှင် မှန်သောဘုရားဖြစ်တော်မူသည်။ (တရားဟောရာ ၄:၃၉; ၇:၉; ယောဟန် ၁၇:၃) ကိုယ်တော့်ကျေးကျွန်များသည် ကိုယ်တော့်ဘုရားအဖြစ်ကို မိမိတို့သွန်သင်ခံရသည့်အကြောင်းအရာတစ်ခုသက်သက်အဖြစ်မဟုတ်ဘဲ သူတို့ကိုယ်တိုင်တွေ့ကြုံခံစားရပြီး နာခံမှု၊ ယုံစားမှု၊ စွဲလမ်းဝတ်ပြုမှုများအားဖြင့် သက်သေတင်ပြသောအကြောင်းအရာအဖြစ် သိရှိလာကြခြင်းဖြစ်သည်။—၁ ရာဇဝင်ချုပ် ၂၈:၉; ရောမ ၁:၂၀။

၄ ယေဟောဝါသည် အသက်ရှင်နေသောဘုရားဖြစ်ပြီး ကျွန်ုပ်တို့နှလုံးထိတိုင်မြင်နိုင်သဖြင့် ကိုယ်တော့်ရှေ့တွင် မည်သည့်အရာကိုမျှဖုံးကွယ်ထား၍မရပါ။ ကျွန်ုပ်တို့၏အသက်တာတွင် ဖြစ်ပျက်နေသည်များကို အပြည့်အဝသိရှိတော်မူသည်။ ကျွန်ုပ်တို့ရင်ဆိုင်ရသည့်ပြဿနာကိုဖြစ်စေသည့်အကြောင်းများနှင့် ယင်းတို့ကြောင့်ဖြစ်ပေါ်နိုင်သည့် စိတ်ပိုင်းနှင့်စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာမငြိမ်သက်မှုများကို ကိုယ်တော်နားလည်တော်မူသည်။ ဖန်ဆင်းရှင်အနေနှင့် ကျွန်ုပ်တို့ကိုယ်ကိုကျွန်ုပ်တို့သိသည်ထက် ကိုယ်တော်ပို၍သိတော်မူသည်။ ကျွန်ုပ်တို့၏အခြေအနေကိုရင်ဆိုင်ဖြေရှင်းရန် မည်သို့အကူအညီပေးရမည်၊ တည်မြဲသည့်သက်သာမှုမည်သို့ပေးရမည်တို့ကိုလည်း ကိုယ်တော်သိတော်မူသည်။ ကျွန်ုပ်တို့စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်အားယုံစားနေသရွေ့—မိမိ၏သိုးကလေးကို ရင်ခွင်တွင်ထွေးပိုက်ထားသည့်သိုးထိန်းတစ်ဦးကဲ့သို့—ကျွန်ုပ်တို့အား မေတ္တာဖြင့်ကူညီပေမည်။ (သု. ၃:၅၊ ၆; ဟေရှာယ ၄၀:၁၀၊ ၁၁) ဆာလံ ၁၃၉ ကိုလေ့လာခြင်းက ထိုယုံစားမှုကိုပိုမိုခိုင်မာလာစေနိုင်သည်။

ကျွန်ုပ်တို့နည်းလမ်းအားလုံးကိုသိမြင်တော်မူသောအရှင်

၅။ ယေဟောဝါကျွန်ုပ်တို့အား ‘စစ်ကြောခြင်း’ သည် မည်သည့်အဓိပ္ပာယ်ရှိပြီး ယင်းသည်အဘယ်ကြောင့်နှစ်သက်ဖွယ်ဖြစ်သနည်း။

၅ နက်ရှိုင်းသည့်လေးမြတ်မှုအားဖြင့် ဆာလံဆရာဤသို့ရေးသားခဲ့သည်–“အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုယ်တော်သည် အကျွန်ုပ်ကိုစစ်ကြော၍ သိတော်မူပြီ။” (ဆာလံ ၁၃၉:၁) မိမိအားယေဟောဝါသိရှိခြင်းသည် အပေါ်ယံကြောမဟုတ်ကြောင်း ဒါဝိဒ်ယုံကြည်စိတ်ချခဲ့သည်။ ဒါဝိဒ်အား သူ့အရပ်အမောင်း၊ သူ့စကားပြောအရည်အချင်း သို့မဟုတ် သူ့စောင်းပညာကျွမ်းကျင်မှုများကိုသာ သတိပြုမိမည့်လူသားများကဲ့သို့ ဘုရားသခင်မြင်ခြင်းမဟုတ်ပါ။ (၁ ဓမ္မရာဇဝင် ၁၆:၇၊ ၁၈) ယေဟောဝါသည် ဒါဝိဒ်၏အတွင်းအကျဆုံးအပိုင်းအထိတိုင် “စစ်ကြော” ပြီး သူ့ဝိညာဏကောင်းစားမှုအတွက် ထိုသို့မေတ္တာပါဂရုစိုက်မှုဖြင့် ပြုတော်မူခြင်းဖြစ်သည်။ သင်သည် ယေဟောဝါအားစွဲလမ်းဝတ်ပြုသည့်ကျေးကျွန်တစ်ဦးဖြစ်ပါက ဒါဝိဒ်အားကိုယ်တော်သိသကဲ့သို့ သင့်အားသိတော်မူသည်။ ယင်းက သင့်အထဲမှ ကျေးဇူးတင်ပြီးအံ့သြမိန်းမောသည့်ခံစားချက်များကို နှိုးဆွမပေးသလော။

၆။ ကျွန်ုပ်တို့လုပ်သမျှကိုသာမက ကျွန်ုပ်တို့၏အကြံအစည်များကိုပင် ယေဟောဝါသိမြင်ကြောင်း ဆာလံ ၁၃၉:၂၊ ၃ ကမည်သို့ဖော်ပြသနည်း။

၆ ဒါဝိဒ်၏လုပ်ရှားမှုအားလုံးသည် ယေဟောဝါ၏ရှေ့တွင်ပေါ်လွင်နေသည်နှင့်အညီ ယင်းကိုဒါဝိဒ်သတိပြုမိသည်။ “အကျွန်ုပ်၏ထိုင်ခြင်း၊ ထခြင်းအရာတို့ကို သိတော်မူ၏။ အကျွန်ုပ်အကြံအစည်တို့ကို အဝေးကပင်နားလည်တော်မူ၏။ အကျွန်ုပ်သွားသောလမ်းကိုလည်းကောင်း၊ အိပ်ရာကိုလည်းကောင်း စစ်ဆေး၍ အကျွန်ုပ်ကျင့်သောအကျင့်အလုံးစုံတို့ကို ကျွမ်းတော်မူ၏” ဟုဆာလံဆရာရေးခဲ့သည်။ (ဆာလံ ၁၃၉:၂၊ ၃) ဘုရားသခင်သည် မြေကြီးနှင့်အလွန့်အလွန်ဝေးကွာသည့်ကောင်းကင်တွင် ရှိနေခြင်းက ဒါဝိဒ်ဘာလုပ်နေသည်၊ ဘာကြံစည်နေသည်များကို ကိုယ်တော်မသိရှိအောင်မတားဆီးနိုင်ပါ။ ဒါဝိဒ်၏လုပ်ဆောင်မှုများကို ပကတိအတိုင်းသိရှိရန် နေ့ရောညပါ “ပိုင်းခြား” သို့မဟုတ် ဂရုတစိုက်စစ်ဆေးတော်မူသည်။

၇။ (က) ဒါဝိဒ်၏ဘဝတွင်ဖြစ်ပျက်ခဲ့သည့်အရာများကို အခြေပြုပြီး ကျွန်ုပ်တို့ဘဝတွင် ဘုရားသခင်သိရှိသောအရာအချို့နှင့်ပတ်သက်၍ ကောက်ချက်ချပါ။ (ခ) ယင်းသို့သိရှိခြင်းက ကျွန်ုပ်တို့အားမည်သို့အကျိုးသက်ရောက်သင့်သနည်း။

၇ ဘုရားသခင်အားချစ်သောမေတ္တာနှင့် ကိုယ်တော်ကယ်လွှတ်နိုင်သည့်တန်ခိုးကိုယုံကြည်စိတ်ချခြင်းတို့က ဖိလိတ္တိလူ့ဘီလူးကြီးဂေါလျတ်အားတိုက်ခိုက်ရန် ဒါဝိဒ်အားလှုံ့ဆော်ခဲ့ကြောင်း ယေဟောဝါသိတော်မူခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁၇:၃၂-၃၇၊ ၄၅-၄၇) နောက်ပိုင်းတွင် လူများ၏ရန်လိုခြင်းသည် ဒါဝိဒ်၏နှလုံးအား ပြင်းထန်စွာနာကျင်စေပြီး ညအချိန်တွင်ငိုရသည်အထိ ဖိစီးမှုများပြားလာသောအခါ သူ၏အသနားခံချက်ကို ယေဟောဝါနားညောင်းတော်မူသည်ဟူသောအသိအားဖြင့် သူနှစ်သိမ့်မှုရခဲ့သည်။ (ဆာလံ ၆:၆၊ ၉; ၅၅:၂-၅၊ ၂၂) အလားတူပင် အိပ်မရသောညများတွင် ယေဟောဝါအကြောင်းကိုတွေးတောဆင်ခြင်ရန် ကျေးဇူးတင်စိတ်ပြည့်ဝသောနှလုံးက ဒါဝိဒ်ကိုလှုံ့ဆော်သောအခါ ယင်းကိုယေဟောဝါကောင်းစွာသိရှိတော်မူသည်။ (ဆာလံ ၆၃:၆; ဖိလိပ္ပိ ၄:၈၊ ၉ နှိုင်းယှဉ်။) တစ်ညနေတွင် မိမိနှင့်စပ်ဆိုင်သူတစ်ဦး၏ဇနီးရေချိုးနေသည်ကို ဒါဝိဒ်ကြည့်နေခဲ့သည်။ ယင်းကိုလည်းယေဟောဝါသိမြင်ခဲ့သည်။ သို့နှင့် အချိန်တိုကလေးအတွင်းတွင်ဖြစ်စေကာမူ အပြစ်ပြုလိုသည့်ဆန္ဒက ယေဟောဝါအားသူ့အတွေးထဲမှဖယ်ထုတ်ပစ်ရန် သူခွင့်ပြုလိုက်ခြင်းဖြင့် ဘာဖြစ်ပျက်ခဲ့သည်ကိုလည်း ယေဟောဝါသိမြင်တော်မူခဲ့သည်။ (၂ ဓမ္မရာဇဝင် ၁၁:၂-၄) နောက်ပိုင်း ဒါဝိဒ်၏အပြစ်ကြီးလေးမှုကိုဖော်ထုတ်ရန် ပရောဖက်နာသန်ကိုစေလွှတ်သောအခါ ဒါဝိဒ်၏နှုတ်ထွက်စကားများကို ကြားရုံသာမက ယင်းစကားများထွက်လာသည့်နောင်တရသောနှလုံးကိုပါ ယေဟောဝါထိုးဖောက်သိမြင်ခဲ့သည်။ (၂ ဓမ္မရာဇဝင် ၁၂:၁-၁၄; ဆာလံ ၅၁:၁၊ ၁၇) ယင်းအချက်က ကျွန်ုပ်တို့သွားသည့်နေရာ၊ လုပ်သည့်အလုပ်၊ ကျွန်ုပ်တို့နှလုံးတွင်ရှိသည့်အရာ၊ မရှိသင့်သည့်အရာတို့ကို လေးလေးနက်နက်မစဉ်းစားစေသင့်ပေလော။

၈။ (က) ‘ကျွန်ုပ်တို့စကားမြွက်ဟခြင်း’ သည် ဘုရားသခင်ရှေ့ကျွန်ုပ်တို့၏ရပ်တည်မှုကို မည်သည့်နည်းဖြင့်သြဇာသက်ရောက်သနည်း။ (ခ) လျှာကိုအသုံးပြုခြင်း၌အားနည်းမှုကို မည်သို့အောင်မြင်နိုင်မည်နည်း။ (မဿဲ ၁၅:၁၈; လုကာ ၆:၄၅)

၈ ကျွန်ုပ်တို့လုပ်သမျှဘုရားသခင်သိသောကြောင့် လျှာကဲ့သို့သေးငယ်သောအရာပင်ဖြစ်ပါစေ ကျွန်ုပ်၏ကိုယ်အင်္ဂါများကို မည်သို့အသုံးပြုကြောင်း ကိုယ်တော်သိမြင်တော်မူသည်ကို ကျွန်ုပ်တို့မအံ့သြသင့်။ ယင်းကို ဘုရင်ဒါဝိဒ်သဘောပေါက်ခဲ့ပြီး ဤသို့ရေးသားခဲ့သည်–“အကျွန်ုပ်သည် စကားတစ်ခွန်းကိုမျှမမြွက်သော်လည်း အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ]၊ ကိုယ်တော်သည် အကြွင်းမဲ့သိတော်မူ၏။” (ဆာလံ ၁၃၉:၄) ယေဟောဝါ၏တဲတော်တွင် ဧည့်သည်အဖြစ်ကြိုဆိုခံရမည့်သူများသည် သူတစ်ပါးကိုရှုတ်ချသောသူ၊ ခင်မင်ရင်းနှီးသူအားကဲ့ရဲ့စရာဖြစ်စေသည့် မြိန်ရေရှက်ရေအတင်းအဖျင်းပြောဆိုခြင်းတွင် မိမိ၏လျှာကိုအသုံးပြုရန်ငြင်းဆန်သူများဖြစ်ကြောင်း ဒါဝိဒ်ကောင်းစွာသိခဲ့သည်။ ယေဟောဝါမျက်နှာသာရသည့်လူများသည် နှလုံးထဲမှနေ၍အမှန်တရားကိုပြောဆိုသူများဖြစ်မည်။ (ဆာလံ ၁၅:၁-၃; သု. ၆:၁၆-၁၉) ကျွန်ုပ်တို့တစ်ယောက်မျှ မိမိတို့၏လျှာကို အပြည့်အဝမထိန်းချုပ်နိုင်ကြသော်လည်း မိမိ၏အခြေအနေတိုးတက်ရန် ဘာမျှမလုပ်နိုင်ဟု ပျော့ညံ့စွာဒါဝိဒ်မှတ်ချက်မချခဲ့ပါ။ ယေဟောဝါအားချီးမွမ်းသည့် ဆာလံသီချင်းများ ရေးစပ်ခြင်းနှင့်သီဆိုခြင်းတွင် အချိန်များစွာသူအသုံးပြုခဲ့သည်။ မိမိ၏အကူအညီလိုအပ်သည့်အဖြစ်ကို ရှောရှောရှူရှူအသိအမှတ်ပြုပြီး ယင်းအတွက် ဘုရားသခင်ထံဆုတောင်းခဲ့သည်။ (ဆာလံ ၁၉:၁၂-၁၄) ကျွန်ုပ်တို့၏လျှာကိုအသုံးပြုခြင်းတွင်လည်း ဆုတောင်း၍ဂရုစိုက်ရန်လိုအပ်ပါသလော။

၉။ (က) ကျွန်ုပ်တို့၏အခြေအနေကို မည်မျှစေ့စပ်စွာယေဟောဝါသိမြင်တော်မူကြောင်း ဆာလံ ၁၃၉:၅ ကမည်သို့ဖော်ပြထားသနည်း။ (ခ) ယင်းအချက်က ကျွန်ုပ်တို့အား မည်သည့်အရာကိုယုံကြည်စိတ်ချစေသနည်း။

၉ ယေဟောဝါသည် ကျွန်ုပ်တို့ကို သို့မဟုတ် ကျွန်ုပ်တို့၏အခြေနေကို အကန့်အသတ်ဖြင့်ရှုမြင်တော်မမူ။ အဖက်ဖက်မှရှုမြင်တော်မူသည်။ အဝိုင်းခံထားရသည့်မြို့တစ်မြို့နှင့်ဥပမာပေးပြီး “ကိုယ်တော်သည် အကျွန်ုပ်ကိုပတ်လည်ဝိုင်းထား၍” ဟုဒါဝိဒ်ရေးသားခဲ့သည်။ ဒါဝိဒ်၏အဖြစ်တွင် ဘုရားသခင်သည် သူ့အားဝိုင်းထားသည့်ရန်သူအနေနှင့်မဟုတ်ပါ; သတိရှိသောစောင့်ကြပ်ပေးသူအနေနှင့်ဖြစ်သည်။ “အကျွန်ုပ်အပေါ်မှာလက်တော်ကိုတင်တော်မူပြီ” ဟုဒါဝိဒ်ဆက်ပြောရာ၌ ကိုယ်တော်အားချစ်သောသူများ၏ တည်မြဲသည့်ကောင်းကျိုးအတွက် ဘုရားသခင်၏ထိန်းချုပ်မှုနှင့်ကာကွယ်မှုကို ညွှန်ပြနေခြင်းဖြစ်သည်။ “ထိုသို့သောဉာဏ်သည် အံ့သြဖွယ်ဖြစ်၍ အကျွန်ုပ်မတတ်နိုင်ပါ” ဟုဒါဝိဒ်ဝန်ခံခဲ့သည်။ (ဆာလံ ၁၃၉:၅၊ ၆) မိမိ၏ကျေးကျွန်များအားသိကျွမ်းခြင်းသည် ကျွန်ုပ်တို့အပြည့်အဝနားမလည်နိုင်သည့်အထိ အလွန်ပြည့်စုံ၊ အလွန်စေ့စပ်သည်။ ယေဟောဝါသည် ကျွန်ုပ်တို့အားအမှန်နားလည်ကြောင်း၊ ကိုယ်တော့်အကူအညီသည် အကောင်းဆုံးဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်ခြင်းကိုကား ကျွန်ုပ်တို့ကောင်းစွာသိကြသည်။—ဟေရှာယ ၄၈:၁၇၊ ၁၈။

မည်သည့်နေရာ၌ပင်ကျွန်ုပ်တို့ရှိပါစေ၊ ဘုရားသခင်ကူညီနိုင်

၁၀။ ဆာလံ ၁၃၉:၇-၁၂ တွင် ကွင်းကွင်းကွက်ကွက်ဖော်ပြထားသည့်အဆိုက မည်သည့်အားရှိစေသောအမှန်တရားကို ဖော်ဆောင်ပေးသနည်း။

၁၀ ယေဟောဝါ၏မေတ္တာပါသောစောင့်ရှောက်မှုကို နောက်ရှုထောင့်တစ်ခုမှကြည့်ပြီး ဆာလံဆရာဆက်ရေးသည်–“ဝိညာဉ်တော်နှင့်လွတ်ခြင်းအလို့ငှာ အဘယ်အရပ်သို့သွားနိုင်ပါမည်နည်း။ မျက်နှာတော်နှင့်လွတ်ခြင်းအလို့ငှာ အဘယ်အရပ်သို့ပြေးနိုင်ပါမည်နည်း။” ယေဟောဝါနှင့်ဝေးကွာသွားအောင် ကြိုးစားလိုသည့်ဆန္ဒ သူ့တွင်မရှိခဲ့ပါ; ထို့ထက် မည်သည့်နေရာတွင်သူရှိစေကာမူ ယေဟောဝါသိတော်မူပြီး သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သူ့အားကူညီနိုင်သည်။ “ကောင်းကင်သို့တက်လျှင် ကိုယ်တော်ရှိတော်မူ၏; မရဏာနိုင်ငံ၌အိပ်ရာကိုခင်းလျှင် ကိုယ်တော်ရှိတော်မူ၏။ နံနက်အတောင်တို့ကိုယူ၍ သမုဒ္ဒရာစွန်း၌နေလျှင် ထိုအရပ်၌ပင် ကိုယ်တော်၏လက်သည် အကျွန်ုပ်ကိုပို့ဆောင်လျက် လက်ယာလက်တော်သည်ကိုင်လျက်ရှိပါလိမ့်မည်။ အကယ်၍ ‘မှောင်မိုက်သည် ငါ့ကိုဖုံးလွှမ်းမည်’ ဟုတစ်ဖန်ဆိုလျှင် ညသည်လည်း အကျွန်ုပ်ပတ်ဝန်းကျင်၌ အလင်းဖြစ်ပါလိမ့်မည်။ အကယ်စင်စစ် မှောင်မိုက်သည် ရှေ့တော်၌ အဘယ်အရာကိုမျှမဖုံးနိုင်ပါ။ ညသည်နေ့ကဲ့သို့လင်းပါ၏။ မှောင်မိုက်သဘောနှင့်အလင်းသဘောသည် တူပါ၏” ဟုသူဆက်၍ပြောခဲ့သည်။ (ဆာလံ ၁၃၉:၇-၁၂) ယေဟောဝါ၏အမြင်မှလွန်သွားသော သို့မဟုတ် ကျွန်ုပ်တို့အားကူညီပေးမည့် ကိုယ်တော့်ဝိညာဉ်တော်မမီနိုင်သော ကျွန်ုပ်တို့သွားနိုင်သည့်မည်သည့်နေရာ၊ ကျွန်ုပ်တို့ရင်ဆိုင်ရနိုင်သည့်မည်သည့်အခြေအနေမျှ မရှိပါ။

၁၁၊ ၁၂။ (က) ယောနသတိတစ်ချက်လွတ်သွားခဲ့သော်လည်း သူ၏ကိစ္စတွင် ယေဟောဝါ၏သိမြင်နိုင်စွမ်းနှင့်ကူညီနိုင်စွမ်းတို့က မည်သို့ထင်ရှားသနည်း။ (ခ) ယောန၏တွေ့ကြုံမှုက ကျွန်ုပ်တို့အား မည်သည့်အကျိုးဖြစ်ထွန်းစေသင့်သနည်း။

၁၁ တစ်နေရာတွင် ပရောဖက်ယောနသတိလွတ်သွားခဲ့သည်။ နိနဝေမြို့သားများအားဟောပြောရန် သူ့အားယေဟောဝါတာဝန်ပေးခဲ့သည်။ အကြောင်းတစ်ခုခုကြောင့် ထိုတာဝန်ကိုသူမထမ်းဆောင်နိုင်ဟု သူယူမှတ်ခဲ့သည်။ အာရှုရိတို့သည် ကြမ်းတမ်းခက်ထန်သည်ဟုနာမည်ကြီးနေသောကြောင့် နိနဝေမြို့တွင်ဟောပြောရန် သူလန့်နေခြင်းဖြစ်နိုင်သည်။ သို့နှင့် ပုန်းရှောင်ရန်သူကြိုးစားခဲ့သည်။ ယုပ္ပေမြို့ပင်လယ်ဆိပ်ကမ်းတွင် တာရှုမြို့ (ယေဘုယျအားဖြင့်စပိန်နှင့်ဆိုင်၊ နိနဝေမြို့အနောက်ဘက် မိုင်ပေါင်း ၂,၂၀၀ ဝေး) သို့သွားသောသင်္ဘောကို သူစီးခွင့်ရခဲ့သည်။ သို့သော် ယောနသင်္ဘောပေါ်တက်ပြီး သင်္ဘောဝမ်းထဲသွားအိပ်နေသည်ကို ယေဟောဝါမြင်သည်။ သင်္ဘောပေါ်မှပစ်ချခံရပြီးနောက် ယောနဘယ်ရောက်သွားသည်ကို ယေဟောဝါသိတော်မူပြီး ငါးကြီး၏ဝမ်းထဲတွင် မိမိသစ္စာတည်ကြည်ပါမည်အကြောင်း ကတိပြုပြောဆိုခြင်းကိုလည်း ယေဟောဝါကြားတော်မူသည်။ ခြောက်သွေ့သောကုန်းပေါ်သို့ ကယ်လွှတ်ခံရပြီးနောက် ယောနသည် မိမိတာဝန်ကိုကျေပွန်ရန် အခွင့်အရေးတစ်ခုတစ်ဖန်ပေးခြင်းခံရပြန်သည်။—ယောန ၁:၃၊ ၁၇; ၂:၁–၃:၄။

၁၂ အစကတည်းက မိမိ၏တာဝန်ကိုကျေပွန်နိုင်ရန် ယေဟောဝါ၏ဝိညာဉ်တော်ကိုယောနအားထားခဲ့လျှင် သာ၍ကောင်းလိုက်မည်ဖြစ်ခြင်း! သို့သော် နောက်ပိုင်းတွင် ယောနသည် သူ့တွေ့ကြုံမှုကို နှိမ့်ချစွာဖြင့်မှတ်တမ်းတင်ခဲ့ပြီး ယင်းမှတ်တမ်းသည် ယောနအတွက်အလွန်ခက်ခဲဟန်ရှိခဲ့သည့် ဘုရားသခင်အားယုံကြည်အားထားခြင်းကိုထင်ရှားပြရန် ထိုအချိန်မှစ၍ လူများစွာတို့အား အကူအညီဖြစ်စေခဲ့သည်။—ရောမ ၁၅:၄။

၁၃။ (က) ဧလိယသည် မိဖုရားယေဇဗေလထံမှထွက်မပြေးမီ မည်သည့်တာဝန်များကို သစ္စာရှိစွာပြီးမြောက်စေခဲ့သနည်း။ (ခ) ဧလိယသည် ဣသရေလနယ်မြေအပြင်ဘက်တွင် ပုန်းရှောင်ရန်ကြိုးစားခဲ့ချိန်၌ပင်လျှင် ယေဟောဝါသူ့အားမည်သို့ကူညီခဲ့သနည်း။

၁၃ ဧလိယ၏တွေ့ကြုံမှုသည်လည်း ထူးခြားမှုတစ်ခုဖြစ်သည်။ ဣသရေလလူမျိုးသည် ပြစ်ဒဏ်ခံရသည့်အနေနှင့် မိုးခေါင်သည့်ဘေးကိုခံရမည့်အကြောင်း ယေဟောဝါ၏စီရင်ချက်ကို သစ္စာရှိစွာသူမြွက်ဆိုခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၆:၃၀-၃၃; ၁၇:၁) ကရမေလတောင်တွင် ယေဟောဝါနှင့်ဗာလအကြားပြိုင်ဆိုင်မှုအားဖြင့် မှန်သောဝတ်ပြုရေးကို ရဲရင့်စွာသူချီးမြှောက်ထောက်ခံခဲ့သည်။ ကိရှုန်ချိုင့်တွင် ဗာလယဇ်ပုရောဟိတ် ၄၅၀ ကို တစ်ယောက်မကျန်သူသတ်ပစ်ခဲ့သည်။ သို့သော် မိဖုရားယေဇဗေလက ဧလိယအားသတ်ရန် ဒေါသတကြီးကျိန်ဆိုသောအခါတွင်မူ ထိုပြည်မှသူထွက်ပြေးခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၈:၁၈-၄၀; ၁၉:၁-၄) ထိုခက်ခဲသည့်အချိန်၌ သူ့အားကူညီရန် ယေဟောဝါထိုတွင်ရှိသလော။ အမှန်ရှိတော်မူခဲ့သည်။ ကောင်းကင်တမျှမြင့်မားသည့်တောင်ကို ဧလိယတက်နိုင်ခဲ့သည်ပဲထား; ရှီးအိုးလ်ကဲ့သို့နက်ရှိုင်းသည့်မြေကြီးအောက်ဂူထဲတွင် သူပုန်းအောင်းနိုင်ခဲ့ပါစေ; မြေကြီးပေါ်လွှမ်းခြုံလာသည့်အရုဏ်အလင်း၏အလျင်နှုန်းဖြင့် ဝေးလံခေါင်သီသောကျွန်းတစ်ခုသို့ သူထွက်ပြေးနိုင်ဦးတော့—ထိုတွင် ယေဟောဝါ၏လက်တော်ရှိနေပြီး သူ့ကိုခွန်အားပေးကာ လမ်းပြနေမည်သာ။ (ရောမ ၈:၃၈၊ ၃၉ နှိုင်းယှဉ်။) ယေဟောဝါသည် ဧလိယအား သူ့ခရီးစဉ်အတွက် စားရေးရိက္ခာဖြင့်အားဖြည့်ပေးရုံမျှမက မိမိ၏လှုပ်ရှားသည့်စွမ်းအားဖြင့် အံ့ဖွယ်ရာများကိုတင်ပြနိုင်စေခဲ့သည်။ ဤသို့ခွန်အားရရှိခဲ့ခြင်းအားဖြင့် နောက်ထပ်ပရောဖက်တာဝန်များကို ဧလိယဆက်လက်ထမ်းဆောင်နိုင်ခဲ့သည်။—၃ ဓမ္မရာဇဝင် ၁၉:၅-၁၈။

၁၄။ (က) ဘုရားသခင်သည် နေရာတိုင်းတွင်ရှိနေသည်ဟု ကောက်ချက်ချခြင်းသည် အဘယ်ကြောင့်မှားသနည်း။ (ခ) မည်သည့်အခြေနေများအောက်တွင် မိမိ၏မျက်မှောက်ခေတ်ကျေးကျွန်များအား မေတ္တာရှိစွာယေဟောဝါထောက်ပံ့တော်မူသနည်း။ (ဂ) ကျွန်ုပ်တို့သည် ရှီးအိုးလ်၌ပင်ရှိစေကာမူ ထိုတွင်ဘုရားသခင်ရှိမည်ဟူသည်ကား မည်သို့အားဖြင့်နည်း။

၁၄ ဆာလံ ၁၃၉:၇-၁၂ ပါပရောဖက်ပြုစကားများက ဘုရားသခင်သည် နေရာတိုင်းတွင်ရောက်နေသည်၊ အချိန်တိုင်းတွင် နေရာတိုင်း၌ ကိုယ်တော်တိုင်ရှိနေသည်ဟုမဆိုလိုပါ။ ကျမ်းစာက ယင်းသို့မဟုတ်ကြောင်း ရှင်းလင်းစွာဖော်ပြထားသည်။ (တရားဟောရာ ၂၆:၁၅; ဟေဗြဲ ၉:၂၄) သို့သော် မိမိ၏ကျေးကျွန်များအားလက်လှမ်းမမီဟူ၍ ဘယ်တော့မျှမရှိပါ။ သီအိုကရက်တစ်တာဝန်ကြောင့် ဝေးလံသောဒေသများသို့ရောက်နေသူများအတွက် ယင်းအချက်မှန်ကန်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက နာဇီချွေးတပ်စခန်းများတွင်ရှိသော သစ္စာရှိသက်သေခံများအတွက် မှန်ကန်သည်။ ၁၉၅၀ ပြည့်လွန်နှစ်များနှောင်းပိုင်းနှင့် ၁၉၆၀ ပြည့်လွန်နှစ်များအစောပိုင်းအချိန်အတွင်း တရုတ်ပြည်တွင် တိုက်ပိတ်ခံခဲ့ရသောသာသနာပြုများအတွက် မှန်ကန်သည်။ မိမိတို့ရွာမှနေ၍၊ မိမိတို့နိုင်ငံမှနေ၍ပင် မကြာခဏထွက်ပြေးကြရသော ဗဟိုအာဖရိကနိုင်ငံရှိ ကျွန်ုပ်တို့၏ချစ်စွာသောညီအစ်ကိုညီအစ်မများအတွက် မှန်ကန်သည်။ လိုအပ်ပါက သေခြင်းဖြစ်သည့်ရှီးအိုးလ်သို့တိုင် ယေဟောဝါလက်ဆန့်ပြီး ရှင်ပြန်ထမြောက်ခြင်းအားဖြင့် သစ္စာရှိသူများအားပြန်ခေါ်ယူနိုင်သည်။—ယောဘ ၁၄:၁၃-၁၅; လုကာ ၂၀:၃၇၊ ၃၈။

ကျွန်ုပ်တို့အား အမှန်နားလည်တော်မူသောအရှင်

၁၅။ (က) ကျွန်ုပ်တို့၏တိုးတက်ဖြစ်ပွားမှုကို မည်သည့်အချိန်ကတည်းကကြို၍ ယေဟောဝါသိမြင်နိုင်သနည်း။ (ခ) ကျောက်ကပ်ကို ဆာလံဆရာရည်ညွှန်းပြောဆိုခြင်းက မည်သည့်အတိုင်းအတာအထိ ကျွန်ုပ်တို့အားဘုရားသခင်သိရှိကြောင်း ဖော်ပြသနည်း။

၁၅ ကျွန်ုပ်တို့အားဘုရားသခင်သိရှိခြင်းသည် ကျွန်ုပ်တို့မမွေးဖွားမီကပင်ဖြစ်သည်ဟူသောအချက်ကို မှုတ်သွင်းခံရခြင်းအားဖြင့် ဆာလံဆရာက ကျွန်ုပ်တို့အားအာရုံပြုစေကာ ဤသို့ပြောသည်–“ကိုယ်တော်သည် အကျွန်ုပ်၏ကျောက်ကပ်ကိုပင်ဖန်ဆင်း၍ အမိဝမ်းထဲမှာ အကျွန်ုပ်ကိုဖုံးအုပ်တော်မူပြီ။ အကျွန်ုပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့်ပြည့်စုံသည်ဖြစ်၍ ကိုယ်တော်ကိုချီးမွမ်းပါမည်။ ပြုတော်မူသောအမှုတို့သည် အံ့သြဖွယ်ဖြစ်ကြောင်းကို အကျွန်ုပ်၏စိတ်ဝိညာဉ်သည် အမှန်သိပါ၏။” (ဆာလံ ၁၃၉:၁၃၊ ၁၄) သန္ဓေတည်စဉ် ကျွန်ုပ်တို့၏မိခင်နှင့်ဖခင်တို့ထံမှ မျိုးရိုးဗီဇများပေါင်းစပ်ခြင်းက ကျွန်ုပ်တို့၏ကာယနှင့်စိတ္တဆိုင်ရာစွမ်းရည်များကို အလွန်ထိရောက်စွာသြဇာသက်ရောက်သည့်ပုံစံတစ်ခုကို ထုတ်လုပ်သည်။ ထိုစွမ်းရည်ကို ဘုရားသခင်နားလည်တော်မူသည်။ သမ္မာကျမ်းစာက ဥပဓိရုပ်၏အတွင်းအကျဆုံးအစိတ်အပိုင်းကို ကိုယ်စားပြုရန် မကြာခဏအသုံးပြုလေ့ရှိသည့် ကျောက်ကပ်ကို အထူးပြုဖော်ပြထားသည်။a (ဆာလံ ၇:၉; ယေရမိ ၁၇:၁၀) ကျွန်ုပ်တို့နှင့်ပတ်သက်သောဤအသေးစိတ်အချက်အလက်များကို ကျွန်ုပ်တို့မမွေးမီကတည်းက ယေဟောဝါသိရှိတော်မူသည်။ မိခင်၏သားအိမ်အတွင်းရှိ မျိုးအောင်ပြီးသောဆဲလ်တစ်ခုသည် သန္ဓေသားလောင်းအဖြစ်ကြီးထွားလာသည်နှင့်အမျှ အကွယ်အကာပေးသည့်အိမ်ကဲ့သို့သော ‘ကန့်လန့်ကာ’ ကိုထုတ်လုပ်ပြီး သန္ဓေသားလောင်းကို ဆက်လက်ကာကွယ်သွားပေးသွားရန် မေတ္တာပါဂရုစိုက်မှုအားဖြင့် လူသားခန္ဓာကို ပုံစံပြုတော်မူခဲ့သည်။

၁၆။ (က) ဆာလံ ၁၃၉:၁၅၊ ၁၆ က ဘုရားသခင်၏ထိုးဖောက်သိမြင်နိုင်စွမ်းကို မည်သည့်နည်းဖြင့်ပေါ်လွင်စေသနည်း။ (ခ) ယင်းက ကျွန်ုပ်တို့အား အဘယ်ကြောင့်အားရှိစေသင့်သနည်း။

၁၆ ထို့နောက် ဘုရားသခင်၏ထိုးဖောက်သိမြင်နိုင်စွမ်းကို ပေါ်လွင်စေသည့်အနေနှင့် ဆာလံဆရာဤသို့ဆက်ပြောသည်–“မထင်ရှားသောအရပ်၌ အကျွန်ုပ်ကိုဖန်ဆင်း၍ မြေကြီးအောက်အရပ်၌စေ့စပ်စွာပြုပြင်တော်မူသောအခါ [မိမိ၏မိခင်သားအိမ်ကို မြေကြီးမှအာဒံဖန်ဆင်းခံရခြင်းအဖြစ်နှင့် ကဗျာဆန်ဆန်နှိုင်းယှဉ်ခြင်း] အကျွန်ုပ်၏ကိုယ်ခန္ဓာသည် ရှေ့တော်၌ထင်ရှားလျက်ရှိပါ၏။ မစုံလင်သေးသောအကျွန်ုပ်၏အလုံးအထွေး (သန္ဓေသားလောင်း၊ ကဘ) ကိုလည်း ကိုယ်တော်သည်ကြည့်၍ မြင်တော်မူပြီ။ ထိုအရာတို့ [ကိုယ်ခန္ဓာအစိတ်အပိုင်းများ] ကိုပြုပြင်၍ [ပီပြင်သောအင်္ဂါအစိတ်အပိုင်း] တစ်စုံတစ်ခုမျှမရှိမီကာလတွင် ကိုယ်တော်၏စာရင်း၌ အကုန်အစင်မှတ်သားလျက်ရှိကြပါ၏။” (ဆာလံ ၁၃၉:၁၅၊ ၁၆) ယင်းကိုသံသယဖြစ်စရာမရှိပါ—လူသားချင်းသည် ကျွန်ုပ်တို့အားနားလည်သည်ဖြစ်စေ၊ မလည်သည်ဖြစ်စေ၊ ယေဟောဝါနားလည်တော်မူသည်။ ယင်းက ကျွန်ုပ်တို့အားမည်သို့အကျိုးသက်ရောက်သင့်သနည်း။

၁၇။ ဘုရားသခင်၏လက်ရာများကို အံ့သြဖွယ်ရာများဟုကျွန်ုပ်တို့ယူမှတ်သောအခါ ယင်းက ကျွန်ုပ်တို့အား မည်သည့်အရာကိုပြုရန်လှုံ့ဆော်သနည်း။

၁၇ ဆာလံ ၁၃၉ ကိုရေးသားခဲ့သူက သူရေးသားသည့်ဘုရားသခင့်အလုပ်တော်သည် အလွန်အံ့သြဖွယ်ဖြစ်ကြောင်း ဝန်ခံခဲ့သည်။ သင်လည်း ထိုသို့ယူမှတ်ပါသလော။ အံ့သြဖွယ်ရာတစ်ခုသည် လူတစ်ယောက်အား လေးလေးနက်နက်စဉ်းစားစေ သို့မဟုတ် အာရုံစူးစိုက်စေသည်။ ရုပ်ပိုင်းဖန်ဆင်းမှုဆိုင်ရာယေဟောဝါ၏လက်ရာတော်များကိုလည်း အလားတူသင်တုံ့ပြန်ဖွယ်ရှိသည်။ (ဆာလံ ၈:၃၊ ၄၊ ၉ နှိုင်းယှဉ်။) မေရှိယနိုင်ငံကိုတည်ထောင်ရာတွင် ကိုယ်တော်ပြုခဲ့သည့်အရာ၊ ကမ္ဘာတစ်ခွင်လုံးတွင် သတင်းကောင်းကိုဟောပြောစေရန် ကိုယ်တော်ပြုလုပ်နေသည့်အရာ၊ မိမိ၏နှုတ်ကပါဌ်တော်အားဖြင့် လူသားတို့၏ဥပဓိရုပ်ကို ပြုပြင်ပြောင်းလဲစေသည့်နည်းလမ်းတို့တွင် အလားတူနည်းမျိုးဖြင့်သင်စဉ်းစားပါသလော။—၁ ပေတရု ၁:၁၀-၁၂ နှိုင်းယှဉ်။

၁၈။ ဘုရားသခင်၏လက်ရာတော်များသည် ခန့်ငြားမှုကိုဖြစ်စေကြောင်းကျွန်ုပ်တို့သိရလျှင် ယင်းကကျွန်ုပ်တို့အား မည်သို့အကျိုးသက်ရောက်သနည်း။

၁၈ ဘုရားသခင့်လက်ရာတော်များကို စေ့စေ့စဉ်းစားဆင်ခြင်ခြင်းသည် ခန့်ငြားမှုကိုလှုံ့ဆော်ပေးပြီး၊ ယင်းသည် သင့်အထဲ၌ အကျိုးဖြစ်ထွန်းသည့်ကြောက်ရွံ့မှုကိုဖြစ်စေသောအရာ၊ စွမ်းအားကြီးမားစွာတွန်းအားပေးသောအရာ၊ သင့်ဥပဓိရုပ်နှင့် သင့်အသက်တာအသုံးချပုံအပေါ် ကြီးလေးသည့်အကျိုးသက်ရောက်မှုဖြစ်စေသောအရာအဖြစ် အလားတူသင်တွေ့ကြုံရသလော။ (ဆာလံ ၆၆:၅ နှိုင်းယှဉ်။) သို့ဆိုလျှင် ယေဟောဝါအား ချီးမွမ်းခြင်း၊ ထောမနာပြုခြင်း၊ ကိုယ်တော်၏ရည်ရွယ်ချက်နှင့် ကိုယ်တော်ကိုချစ်သောလူသားများအတွက် ကိုယ်တော်စီစဉ်ထားပေးသည့် အံ့မခန်းဖွယ်အရာများကို သူတစ်ပါးအားပြောပြဖို့အခွင့်အရေးရှာရန် သင့်နှလုံးက သင့်အားလှုံ့ဆော်ပေမည်။—ဆာလံ ၁၄၅:၁-၃။

[အောက်ခြေမှတ်ချက်များ]

a နယူးယောက်မြို့ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသော ကျမ်းစာစောင်များမှထိုးထွင်းသိမြင်ခြင်း စာအုပ်ကိုရှု၊ အတွဲ ၂၊ စာမျက်နှာ ၁၅၀။

သင့်မှတ်ချက်ကားအဘယ်နည်း

◻ ‘ယေဟောဝါသည်ဘုရားဖြစ်’ ကြောင်း ကျွန်ုပ်တို့သိရှိခြင်းက ကိုယ်တော်အား ရွှင်လန်းစွာအမှုဆောင်ရန် ကျွန်ုပ်တို့အား မည်သို့အကူအညီပေးသနည်း။

◻ ကျွန်ုပ်တို့လုပ်သမျှဘုရားသခင်သိရှိခြင်းက ကျွန်ုပ်တို့၏ အသက်တာကို မည်သို့သြဇာသက်ရောက်သင့်သနည်း။

◻ ကျွန်ုပ်တို့သည် ဘယ်သောအခါမျှ ဘုရားသခင့်မြင်ကွင်းမှပျောက်မသွားနိုင်သည့်အဖြစ်မှန်က အဘယ်ကြောင့်အားရှိစေသနည်း။

◻ ဘုရားသခင်သည် မည်သည့်လူသားမျှနားမလည်နိုင်သည့် နည်းများအားဖြင့် အဘယ်ကြောင့် ကျွန်ုပ်တို့အားနားလည်နိုင်သနည်း။

◻ ဤကဲ့သို့သောလေ့လာမှုမျိုးက ယေဟောဝါအားကျွန်ုပ်တို့ ချီးမွမ်းလိုစိတ် အဘယ်ကြောင့်ရှိစေသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ