“ဘုရားရေးရာကြောက်ရွံ့ခြင်း” ခရိုင်စည်းဝေးပွဲသို့ ကြိုဆိုပါ၏!
မှန်သည်၊ ယေဟောဝါသက်သေများ၏ ၁၉၉၄ ခရိုင်စည်းဝေးပွဲများ ကျင်းပရန်အချိန် ရောက်လုနီးပြီ။ ဇွန် ၁၉၉၄ မှ ဇန်နဝါရီ ၁၉၉၅ အထိ သုံးရက် စည်းဝေးပွဲအစီအစဉ်ကို ကမ္ဘာတစ်ဝန်းမြို့ရာပေါင်းများစွာ—ဦးဆုံး မြောက်အမေရိက၊ ထိုနောက် အရှေ့နှင့်အနောက်ဥရောပ၊ အာရှ၊ အလယ်ပိုင်းနှင့်တောင်အမေရိက၊ အာဖရိက၊ ဩစတြေးလျားနှင့် သမုဒ္ဒရာရှိ ကျွန်းကြီးကျွန်းငယ်တို့တွင် ကြားနာကြရတော့မည်။
“ဘုရားရေးရာကြောက်ရွံ့ခြင်း”—စိတ်နိုးဆွပေးသည့် အဓိကခေါင်းစဉ်ပါတကား! အသက်အန္တရာယ်ကြုံတွေ့နေရသူတစ်ဦး စိုးရိမ်တုန်လှုပ်သော ကြောက်ခြင်းမျိုးမဟုတ်ဘဲ ဘုရားကိုကြောက်ရွံ့ခြင်း၊ စိတ်နှလုံးတည်ငြိမ်မှုနှင့် ရွှင်လန်းမှုပေးသော ကြောက်ရွံ့ခြင်းမျိုးဖြစ်သည်။ ကျမ်းစာမှပညာရှိစကားက ဤသို့ဆိုသည်– “စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရားကိုကြောက်ရွံ့ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကို ရတတ်၏။” (သု. ၂၂:၄) ဘုရားသခင်ကိုကြောက်ရွံ့ခြင်းသည် “စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကို” မည်သို့ရစေနိုင်သနည်း။ ဟောပြောချက်များ၊ ဆွေးနွေးခန်းများ၊ သရုပ်ပြခန်းများနှင့် ပြဇာတ်တစ်ခုကို သုံးရက်အတောအတွင်း ကြားနာရစဉ် စည်းဝေးပွဲ၏ ထိုခေါင်းစဉ်ကို ရှင်းလင်းပြတ်သားစွာ သိလာပါလိမ့်မည်။
တမန်တော်ပေါလုက ကျွန်ုပ်တို့သည် ‘စည်းဝေးခြင်းအမှုကို မရှောင်မလွှဲ’ သင့်ကြောင်း ရေးသားခဲ့သည်။ (ဟေဗြဲ ၁၀:၂၅) ယင်းကို ယေဟောဝါသက်သေများ အလေးအနက်ထားကာ တစ်ပတ်လျှင်သုံးကြိမ် အသင်းတော်လေ့လာမှုနှင့် ဝတ်ပြုကိုးကွယ်မှုအတွက် စည်းဝေးကြသည်။ သို့ရာတွင် နှစ်စဉ်ကျင်းပသော ခရိုင်စည်းဝေးပွဲသည် အထူးဖြစ်သည်။ ယင်းကို သူတို့စောင့်မျှော်ကြပြီး စည်းဝေးပွဲပြီးနောက်လည်း လချီ၍ ယင်းအကြောင်း ပြောဆိုကြပါသည်။ သင်သည် အဘယ်ဘာသာဝင်ဖြစ်စေ သူတို့စည်းဝေးပွဲတွင် သူတို့နှင့်အတူပါဝင်၍ ခင်မင်ရင်းနှီးသော ခရစ်ယာန်ပေါင်းသင်းမှုနှင့် ဝိညာဏရေးဆိုင်ရာ သိသင့်သိအပ်ရာတို့၌ ပျော်မွေ့ရန် လှိုက်လှဲစွာ သင့်အား ဖိတ်ခေါ်ပါသည်။ သင်နှင့်အနီးဆုံးအရပ်ဖြစ်မည့် စည်းဝေးပွဲကို အဘယ်နေရာနှင့် အဘယ်အချိန်တွင် ကျင်းပမည်အကြောင်း ယေဟောဝါသက်သေများ၏ ဒေသခံအသင်းတော်မှ အသင်းသားတစ်ဦး ဝမ်းသာအားရစွာ ပြောပြပါလိမ့်မည်။