ယေရှုနှင့်ပတ်သက်သောသံသယများ ခိုင်လုံပါသလော
နာဇရက်မြို့သားယေရှုသည် အံ့ဖွယ်အမှုများကို အမှန်ပင်ပြုခဲ့သလော။ သူ၏တပည့်တော်များကြေညာသည့်အတိုင်း သူသည် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သလော။ ယုတ်စွအဆုံး သူအသက်ရှင်ခဲ့သလော။ ကျွန်ုပ်တို့၏ခေတ်သစ်အချိန်တွင် လူများစွာတို့သည် ထိုသို့သောမေးခွန်းများကို စိတ်ချသေချာစွာဖြေဆိုနိုင်ဟန်မရှိပေ။ အဘယ်ကြောင့်နည်း။ သူတို့သည် ယေရှုနှင့်ပတ်သက်သော သံသယစိတ်များကို လက်ကိုင်ပြုထားကြသောကြောင့်ဖြစ်ပြီး သံသယဟူသည် မသေချာမရေရာဟုခံစားရခြင်း၊ တစ်စုံတစ်ခုသည် မှန်မမှန် သို့မဟုတ် ဖြစ်နိုင်မဖြစ်နိုင်ဟူသည်ကို မသိရှိခြင်းဖြစ်သည်။ သို့သော် ယေရှုနှင့်ပတ်သက်သော မသေချာမရေရာသည့်ခံစားချက်များသည် ကျိုးကြောင်းခိုင်လုံသလော။ ကျွန်ုပ်တို့ကြည့်ကြစို့။
ယေရှုနှင့်ပတ်သက်သောသံသယများ စတင်ပေါက်ဖွားလာပုံ
၁၉ ရာစုအကုန်ပိုင်းနှင့် ၂၀ ရာစုအစောပိုင်းများမှ ဂျာမန်ဓမ္မပညာဆရာအချို့တို့သည် ယေရှုကို “ရှေးကျသောချာ့ချ်၏ စိတ်ကူးယဉ်ထဲမှအထင်ကရပုဂ္ဂိုလ်ဖြစ်သည်” ဟု ဖော်ပြကြသည်။ ယေရှု၏သမိုင်းဝင်အဖြစ်မှန်ကို သူတို့စောဒကတက်ခြင်းသည် ဤရာစုအစပိုင်းတွင် ပညာရှင်များစပ်ကြားပဋိပက္ခတစ်ခုကို ပေါ်ပေါက်စေခဲ့ရာ လူထုထံသို့ကူးစက်သွားကာ ယနေ့ထိတိုင် ယင်း၏သြဇာသက်ရောက်ဆဲဖြစ်သည်။ ဥပမာ ဂျာမနီနိုင်ငံတွင် မကြာသေးမီကပြုသော လေ့လာမှုတစ်ခုက မေးမြန်းခံရသူများထဲမှ လူ ၃ ရာခိုင်နှုန်းတို့သည် ယေရှုကို “တစ်ခါမျှအသက်မရှင်ခဲ့ဖူးပါ”၊ “တမန်တော်များက သူ့ကိုလုပ်ကြံဖန်တီးခဲ့ခြင်းဖြစ်သည်” ဟု ယုံကြည်ကြကြောင်းဖော်ပြသည်။ မှန်ပါသည်၊ ဤရာစုအစောပိုင်းကကြဲချခံရသော ယေရှုနှင့်ပတ်သက်သည့် သံသယမျိုးစေ့များသည် ယခုအခါ၌ပင်လျှင် လူတို့၏နှလုံးသားထဲတွင် ကောင်းစွာရှင်သန်ပေါက်ဖွားနေသည်။
ယေရှုသည် “လုပ်ကြံဖန်တီးခံရသူ” ဖြစ်သည်ဟု ကောက်ချက်ချခြင်းသည် အဘယ်ကြောင့် ကျိုးကြောင်းခိုင်လုံမှုလုံးဝမရှိသနည်း။ ကျမ်းပညာရှင် ဗော့ဖ်ဂန်းထရေးလင်းက ဤသို့မှတ်ချက်ချသည်– “ယေရှုအသက်ရှင်ခဲ့ခြင်းရှိမရှိ၊ တစ်နည်းပြောရလျှင် သူသည် သမိုင်းဝင်ပုဂ္ဂိုလ်လော၊ ပုံပြင်ဒဏ္ဍာရီထဲကဇာတ်ကောင်လောဟူသည့် ပဋိပက္ခသည် ပြီးငြိမ်းသွားပြီဖြစ်သည်။ ထိုပြဿနာကို ပညာရှင်တို့၏နည်းတစ်ခုဖြင့် ဖြေရှင်းပြေလည်သွားသည်။ ယုတ်စွအဆုံး လေးလေးနက်နက်စဉ်းစားတတ်သူများသည် ပြဿနာကို သဘောတရားဆိုင်ရာကိစ္စတစ်ခုအဖြစ် မယူမှတ်ကြတော့အောင် ဖြစ်စေသည့်နည်းဖြင့်ဖြစ်သည်။” သို့တစေ လူအချို့တို့က ယေရှုအသက်ထင်ရှားရှိခဲ့ကြောင်းကို သံသယရှိဆဲဖြစ်သည်။ သို့ဖြစ်ရကား ယေရှု၏သမိုင်းဝင်အဖြစ်ကို မည်သို့သက်သေထူနိုင်ပြီး ကိုယ်တော်နှင့်ပတ်သက်သော အခြားသံသယများကို မည်သို့ပယ်ရှင်းနိုင်ကြောင်း ကျွန်ုပ်တို့စုံစမ်းကြစို့။
သံသယများကိုပယ်ရှားသောအထောက်အထားများ
ယေရှုကို အရှက်တကွဲအကျိုးနည်းစေသည့် စက်ဆုပ်ရွံမုန်းဖွယ်ကောင်းသော ရာဇဝတ်သားတစ်ဦးကဲ့သို့ သေဒဏ်စီရင်ခြင်းသည် “ယေရှု၏သမိုင်းဝင်အဖြစ်ကို ငြင်းဆန်သူများအတွက် အခိုင်လုံဆုံးသောအကြောင်းအချက်” ကိုပေးသည်ဟု ထရေးလင်းကဖော်ပြသည်။ အဘယ်ကြောင့်နည်း။ သေဒဏ်စီရင်ခြင်းသည် “ဂျူးနှင့်ဂျူးမဟုတ်သူများအလယ်တွင် အသစ်သောယုံကြည်ခြင်း ထိုးဖောက်ပျံ့နှံ့ရန် နှောင့်နှေးမှုဖြစ်စေသည်၊ ဆီးတားဟန့်တားမှုပင်ဖြစ်စေ” သောကြောင့်ဖြစ်သည်။ (၁ ကောရိန္သု ၁:၂၃ နှိုင်းယှဉ်။) မေရှိယဖြစ်သောယေရှုကို သေဒဏ်စီရင်ခြင်းသည် ဂျူးနှင့်တစ်ပါးအမျိုးသားများကို ဤမျှပြောင်ပြောင်တင်းတင်းထိုးနှက်မှုဖြစ်လျှင် ယင်းသည် တမန်တော်များ၏လုပ်ကြံဖန်တီးမှု လုံးဝမဖြစ်နိုင်ပါတကား! ထို့အပြင် ယေရှု၏သေခြင်းသည် သမိုင်းဝင်အဖြစ်အပျက်ဖြစ်ကြောင်း ခရစ်ဝင်ကျမ်းလေးကျမ်းကသာမကဘဲ ရောမလူမျိုးစာရေးဆရာ တက္ကစီးတပ်စ်နှင့် ဂျူးတာလ်မွဒ်ကျမ်းa တို့ကပါ ထောက်ခံထားသည်။
ယေရှု၏သက်တော်စဉ်အတွင်း အခြားသောအဖြစ်အပျက်များသည်လည်း ခရစ်ဝင်ကျမ်းများကို ယုံကြည်နိုင်သည့် အတွင်းအထောက်အထားအဖြစ် ယူမှတ်ခံရသည်။ သို့အားဖြင့် ခရစ်ဝင်ကျမ်းများကပြောသော ကိုယ်တော့်အကြောင်းသည်လည်း အလားတူယူမှတ်ခံရသည်။ ဥပမာ၊ ကိုယ်တော်သည် ထင်ရှားဟန်မရှိသောနာဇရက်မြို့မှလာခြင်းကို ယေရှု၏နောက်တော်လိုက်များက ဉာဏ်ဆင်လုပ်ကြံသလော။ သို့မဟုတ် ကိုယ်တော်ယုံကြည်စိတ်ချသောအပေါင်းအဖော် ယုဒရှကာရုတ်၏ သစ္စာဖောက်မှုကို သူတို့ဖန်တီးခဲ့ခြင်းဖြစ်မည်ဟု ထင်ရဖွယ်ရှိသလော။ အခြားသောတပည့်တော်များက သူရဲဘောနည်းစွာဖြင့် ကိုယ်တော်ကိုစွန့်ပစ်ခြင်းအကြောင်းကို သူတို့လုပ်ဇာတ်ဆင်ရေးသားသည်ဟု ထင်မှတ်ခြင်းသည် သဘာဝကျပါသလော။ တပည့်တော်များသည် ဤမျှထိခိုက်နစ်နာစေနိုင်သည့်သဘောရှိသော အသေးစိတ်အချက်အလက်များကို တီထွင်ဖန်တီးကာ ယင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့်လိုက်လံကြေညာသည်ဟုဆိုလျှင် အမှန်ပင်ယုတ္တိမတန်ပါ! ထို့အပြင် ယေရှုအသုံးပြုသော သွန်သင်မှုနည်းစနစ်သည် တစ်မူထူးသည့်ပုံစံတစ်ခုအဖြစ် ပေါ်လွင်ထင်ရှားသည်။ ပထမရာစုအတွင်းက ဂျူးစာပေများတွင် ကိုယ်တော်၏ပုံဥပမာများနှင့် ယှဉ်နိုင်သော မည်သည့်အရာမျှမပါဝင်ချေ။ တောင်ပေါ်ဒေသနာကဲ့သို့သော အပြောင်မြောက်ဆုံးလက်ရာကို အမည်မဖော်သော မည်သူတစ်ဦးတစ်ယောက်က “တီထွင်ဖန်တီး” နိုင်ခဲ့ဖူးသနည်း။ ယေရှု၏သက်တော်စဉ်မှတ်တမ်းများအဖြစ် ခရစ်ဝင်ကျမ်းများအပေါ် ယုံကြည်စိတ်ချနိုင်မှုကို အခိုင်အမာထောက်ခံရန် ဤအကျိုးအကြောင်းဖော်ပြချက်အားလုံးက အထောက်အကူပြုသည်။
ယေရှု၏သမိုင်းဝင်အဖြစ်ဆိုင်ရာ ပြင်ပအထောက်အထားလည်း ရှိသေးသည်။ ခရစ်ဝင်ကျမ်းလေးကျမ်းတို့က တိကျသော၊ ခြေခြေမြစ်မြစ်ရှိသော၊ သမိုင်းဝင်သော နောက်ခံဖြင့် ကိုယ်တော်ကိုသရုပ်ဖော်ပြထားသည်။ ဗက်လင်နှင့် ဂါလိလဲတို့ကဲ့သို့သောနေရာများ; ပုန္တိပိလတ်နှင့် ဖာရိရှဲတို့ကဲ့သို့သော တစ်ဦးချင်းအလိုက်နှင့် အုပ်စုလိုက်ဖြစ်သော နာမည်ကြီးပုဂ္ဂိုလ်များ; ဂျူးထုံးတမ်းစဉ်လာများနှင့် ထူးခြားမှုများသည် လုပ်ကြံဖန်တီးမှုလုံးဝမဟုတ်ကြပါ။ ယင်းတို့သည် ပထမရာစုဘဝပုံစံ၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး သမ္မာကျမ်းစာပြင်ပအခြေအမြစ်များနှင့် ရှေးဟောင်းသုတေသနတွေ့ရှိချက်များက ယင်းတို့ကိုအတည်ပြုသည်။
သို့အားဖြင့် ယေရှုသည် သမိုင်းဝင်ပုဂ္ဂိုလ်ဖြစ်ကြောင်း အတွင်းနှင့်ပြင်ပနှစ်ခုစလုံးဆိုင်ရာ ခိုင်လုံသောအထောက်အထားများရှိသည်။ သို့သော် ယေရှုသက်တော်ထင်ရှားခဲ့ကြောင်း သံသယမဖြစ်သော်လည်း အခြားသောသံသယတစ်မျိုးကို လူအတော်များများတို့က လက်ကိုင်ပြုထားကြသည်။ အထက်တွင်ကိုးကားထားသော လေ့လာမှုအရ ယေရှု၏အံ့ဖွယ်အမှုများနှင့် ကိုယ်တော်ရှင်ပြန်ထမြောက်ခြင်းသည် “အမှန်ဖြစ်ခဲ့ကြောင်း” ဂျာမန်လူမျိုးချာ့ချ်တက်သူအနည်းစုသာ အခိုင်အမာယုံကြည်ကြတော့သည်။ ယေရှု၏အံ့ဖွယ်အမှုများနှင့် ရှင်ပြန်ထမြောက်ခြင်းအပေါ် သံသယဖြစ်ခြင်းသည် ကျိုးကြောင်းခိုင်လုံပါသလော။
ယေရှု၏အံ့ဖွယ်အမှုများကို လူအချို့သံသယဖြစ်ရသည့်အကြောင်း
မဿဲ ၉:၁၈-၃၆ က ယေရှုသည် အံ့ဖွယ်နည်းဖြင့် ဖျားနာသူများကို ကုသပေးကြောင်း၊ သေသူများကို ရှင်ပြန်ထမြောက်စေကြောင်း၊ နတ်ဆိုးများကို နှင်ထုတ်ကြောင်း မှတ်တမ်းတင်ထားသည်။ သမိုင်းပညာရှင် ပါမောက္ခ ဟူဂို စတောဒင်းဂါးက ဤသို့မှတ်ချက်ချသည်– “သာမန်ထက်ထူးခြားသော ဤမှတ်တမ်းများသည် ပီပြင်သောစိတ်ကူးယဉ်မှုတစ်ခု၏ ရလဒ်ဖြစ်သည်ဟုဆိုခြင်းသည် အလွန်မယုံကြည်နိုင်စရာကောင်းသော၊ သမိုင်းရှုထောင့်တွင် အလွန်ကိုမှမဖြစ်နိုင်သောအချက်ဖြစ်သည်။” အဘယ်ကြောင့်နည်း။ ရှေးအကျဆုံးသောခရစ်ဝင်ကျမ်းများကို ဤအံ့ဖွယ်အမှုများ၏ မျက်မြင်သက်သေအများစုတို့ အသက်ရှင်နေဆဲအချိန်တွင် ရေးသားခဲ့ဖွယ်ရှိသောကြောင့်ပါတကား! ဆန့်ကျင်ဘက်ပြုသောဂျူးလူမျိုးများသည် “သာမန်ထက်ထူးခြားသော အလုပ်များကို ယေရှုပြုလုပ်ကြောင်း တစ်ခါမျှမငြင်းပါ” ဟူသော စတောဒင်းဂါး၏ဆက်လက်ပြောဆိုချက်တွင် ထပ်ဆင့်အတည်ပြုချက်ကိုရရှိသည်။ အခြားသောအထောက်အထားအားလုံးကို ဘေးချိတ်လျက် ဤပြင်ပအထောက်အထားတစ်ခုတည်းသက်သက်ဖြင့် ဝေဖန်ဆုံးဖြတ်မှုပြုလျှင်ပင် ကျွန်ုပ်တို့သည် ယေရှု၏အံ့ဖွယ်အမှုများကို ယုံကြည်ထိုက်သည်ကို ကျွန်ုပ်တို့တွေ့ရသည်။—၂ တိမောသေ ၃:၁၆။
“ယေရှုသည် ဖျားနာသူများကို ကုသပေးကြောင်း ဂျာမန်လူမျိုးအများစုက အခိုင်အမာယုံကြည်ကြ” သော်လည်း ဤကုသမှုများ၏နောက်ကွယ်ရှိ တန်ခိုးတော်ကို လူများစွာတို့က သံသယဖြစ်ကြသည်။ ဥပမာ၊ ဂျာမန်လူမျိုး နာမည်ကြီးဓမ္မပညာဆရာတစ်ဦးက ယေရှုပြုလုပ်သောကုသမှုသည် စိတ်ပိုင်းဆိုင်ရာဒုက္ခဝေဒနာခံစားနေရသူများအပေါ် ဩဇာလွှမ်းမိုးသည့် စိတ်ညှို့ခြင်းအစွမ်းတန်ခိုး၏ ရလဒ်ဖြစ်သည်ဟု လူသိရှင်ကြားဖော်ပြသည်။ ယင်းသည် ကျိုးကြောင်းခိုင်လုံသောရှင်းပြချက် ဖြစ်ပါသလော။
စဉ်းစားကြည့်ပါ။ မာကု ၃:၃-၅ က လူတစ်ဦး၏ သေနေသောလက်ကို ယေရှုကုသပေးကြောင်း ဖော်ပြသည်။ သို့သော် သေသောလက်သည် စိတ်ပိုင်းဆိုင်ရာဒုက္ခဝေဒနာ၏ ရလဒ်ဖြစ်ပါသလော။ လုံးဝမဟုတ်ပါ။ ထို့ကြောင့် ဤကုသပျောက်ကင်းမှုသည် စိတ်ညှို့ခြင်းအစွမ်းတန်ခိုးကြောင့် မဟုတ်နိုင်ပါ။ သို့ဖြစ်လျှင် အံ့ဖွယ်အမှုများကို ယေရှုမည်သို့ပြုလုပ်နိုင်သနည်း။ ပါမောက္ခစတောဒင်းဂါးက ဤသို့ဝန်ခံသည်– “အကြွင်းမဲ့ခိုင်မာသော ဥပဒေသတစ်ခုမျှမရှိပါက၊ လူတစ်ဦးသည်လည်း ဘုရားသခင်ကို လုံးလုံးလျားလျားငြင်းပယ်ခြင်းမရှိပါက အခြေခံသဘောအားဖြင့် လူထက်သာလွန်တန်ခိုးကြီးသော ဘုရားသခင်သည် သာမန်မဟုတ်သောအရာများကို လုပ်နိုင်ခြင်း၏ ဖြစ်နိုင်ခြေကို ထိုသူလက်မခံ၍မရချေ။” ယေရှုသည် “ဘုရားသခင်၏တန်ခိုးတော်” အကူအညီအားဖြင့် ဖျားနာသူများကို စာသားအတိုင်း ကုသပေးခြင်းဖြစ်သည်အမှန်။ ထို့ကြောင့် ကိုယ်တော့်အံ့ဖွယ်အမှုများ၏ အဖြစ်မှန်ကို သံသယဝင်စရာအကြောင်းမရှိချေ။—လုကာ ၉:၄၃; မဿဲ ၁၂:၂၈။
ယင်းကို The American Peoples Encyclopedia က ဖော်ပြသည့်အရ အံ့ဖွယ်တကာ့အံ့ဖွယ်အကောင်းဆုံးအမှု—ယေရှု၏ရှင်ပြန်ထမြောက်ခြင်း—သည် ဖြစ်ခဲ့သည်မှန်လျှင် ခရစ်ဝင်ကျမ်းများထဲမှ အခြားသောအံ့ဖွယ်အမှုအားလုံးတို့သည် “ဖြစ်နိုင်ခြေနယ်ပယ်ထဲသို့ သက်ဆင်းကုန်သည်။” ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းအမှန်ခံရသလော။
ယေရှု၏ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်သော သံသယများသည် ကျိုးကြောင်းခိုင်လုံမှုရှိသလော
ယေရှုရှင်ပြန်ထမြောက်ခြင်း၏ မှန်ကန်မှုကို ထောက်ခံသော သွယ်ဝိုက်ဆက်စပ်သည့်အကြောင်းခြင်းရာမှ ပေါ်လွင်ထင်ရှားသည့် ခိုင်မာသောသာဓကတစ်ခု—ဟင်းလင်းဖြစ်နေသော ကိုယ်တော်၏အုတ်ဂူ—ကို ဦးစွာစဉ်းစားကြည့်ပါ။ ယေရှု၏သင်္ချိုင်းဂူကို ဟင်းလင်းဖြစ်လျက်သားတွေ့ရှိခြင်းကို ကိုယ်တော်နှင့်တစ်ခေတ်တည်းသားများသာမက ကိုယ်တော်ကိုဆန့်ကျင်သူများပင် မငြင်းကြချေ။ (မဿဲ ၂၈:၁၁-၁၅) လိမ်လည်လှည့်ဖြားမှုဆိုလျှင် အလွယ်တကူပေါ်သွားပေမည်! အထက်ပါကိုးကားချက်က ဤသို့မှန်ကန်စွာ ကောက်ချက်ချထားသည်– “ဟင်းလင်းဖြစ်သောအုတ်ဂူနှင့်ပတ်သက်၍ ‘ကိုယ်တော်သည် ဤအရပ်၌မရှိ; အကြောင်းမှာ ကိုယ်တော်သည် ထမြောက်တော်မူပြီ’ (မ. ၂၈:၆) ဟူသည့် သမ္မာကျမ်းစာဖော်ပြချက်မှလွဲလျှင် ကျိုးကြောင်းခိုင်လုံသော အခြားမည်သည့်ရှင်းလင်းချက်မျှ မရှိခဲ့ဖူးချေ။”
လူအချို့တို့က ဆန့်ကျင်ကန့်ကွက်လျက် ယေရှုသည် ရှင်ပြန်ထမြောက်တော်မူသော မေရှိယဖြစ်ကြောင်းကို နေရာတိုင်းတွင် လိုက်လံကြေညာသူများမှာ ယေရှု၏တပည့်တော်များသာဖြစ်သည်ဟု ဆိုကြသည်။ ထိုအတိုင်းမှန်ပါသည်။ သို့သော် သူတို့၏သတင်းစကားအပေါ် ယုံကြည်စိတ်ချနိုင်မှုသည် အထူးသဖြင့် ယေရှု၏သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းဖြစ်သော သမိုင်းဆိုင်ရာဖြစ်ရပ်မှန်အပေါ်တွင် အခိုင်အမာ အခြေပြုထားသည်မဟုတ်ပေလော။ ဟုတ်လှပေသည်။ ဤဆက်စပ်မှုကို သတိပြုမိသော တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “[ခရစ်တော်သည်] ထမြောက်တော်မမူလျှင် သတင်းကောင်းကို ကြေညာဟောပြောခြင်းသည် အကျိုးမရှိ။ သတင်းကောင်းကို သင်တို့ခံယူယုံကြည်ခြင်းသည်လည်း အကျိုးမရှိ။ . . . သို့ဖြစ်၍ ငါတို့က ထာဝရဘုရားသည် ခရစ်တော်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူပြီ ဟု ဟောပြောရာ၌ ငါတို့သည် ထာဝရဘုရားဘက်မှ မုသာသက်သေများဖြစ်ကြ၏။”—၁ ကောရိန္သု ၁၅:၁၄၊ ၁၅၊ သတင်းကောင်း; ယောဟန် ၁၉:၃၅; ၂၁:၂၄; ဟေဗြဲ ၂:၃ နှိုင်းယှဉ်။
ပထမရာစုအတွင်းက လူသိများသော၊ ယေရှုသေလွန်ပြီးနောက် ကိုယ်ထင်ရှားပြခြင်းကို သက်သေခံနိုင်သောသူ များစွာရှိသည်။ ထိုသူများအထဲတွင် တမန်တော် ၁၂ ပါးနှင့် တမန်တော်ပေါလုတို့အပြင် အခြားသောမျက်မြင်သက်သေ ၅၀၀ ကျော်တို့လည်း ပါဝင်သည်။b (၁ ကောရိန္သု ၁၅:၆) မဿိသည် သစ္စာမဲ့သောတမန်တော်ယုဒ၏ နေရာကို ဆက်ခံနိုင်ရန် အရည်အချင်းပြည့်မီရသည့်အကြောင်းကိုလည်း သတိရပါ။ မဿိသည် ယေရှု၏ရှင်ပြန်ထမြောက်ခြင်းနှင့် ကိုယ်တော်နှင့်ပတ်သက်သော စောစောပိုင်းကအဖြစ်အပျက်များကို သက်သေခံနိုင်ကြောင်း တမန်တော် ၁:၂၁-၂၃ က ဖော်ပြသည်။ ယေရှု၏ဘဝနှင့် ရှင်ပြန်ထမြောက်ခြင်းတို့သည် အဖြစ်မှန်မဟုတ်ဘဲ စိတ်ကူးယဉ်မျှသာဖြစ်ခဲ့ပါမူ ခန့်အပ်ခံရရန်အတွက် ထိုလိုအပ်ချက်များသည် လုံးဝအဓိပ္ပာယ်မဲ့ဖြစ်သွားမည်အမှန်။
ပထမရာစုက မျက်မြင်သက်သေများစွာတို့သည် ယေရှု၏ ဘဝ၊ အံ့ဖွယ်အမှုများ၊ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းတို့ကို သက်သေခံနိုင်ကြသောကြောင့် အထက်တွင်ဖော်ပြသောအတားအဆီးများကြားမှ ခရစ်ယာန်အယူဝါဒသည် ရောမအင်ပါယာတစ်ခွင်တွင် အတော်လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ကိုယ်တော့်နောက်တော်လိုက်များသည် ရှင်ပြန်ထမြောက်ခြင်းနှင့် ယင်းမှပေါ်ပေါက်လာသော အခြေခံသမ္မာတရားကို နေရာတိုင်း၌ကြေညာရန်အတွက် ခက်ခဲမှု၊ နှိပ်စက်ညှဉ်းပန်းမှုနှင့် သေခြင်းကိုပင် ရင်ဆိုင်ရန် လိုလိုလားလားရှိကြသည်။ မည်သည့်သမ္မာတရားနည်း။ ကိုယ်တော့်ရှင်ပြန်ထမြောက်ခြင်းသည် ဘုရားသခင်၏တန်ခိုးတော်အားဖြင့်သာ ဖြစ်နိုင်ကြောင်းတည်းဟူသော သမ္မာတရားပင်ဖြစ်သည်။ ယေဟောဝါဘုရားသခင်သည် အဘယ်ကြောင့် ယေရှုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူခဲ့သနည်း။ သမိုင်းဝင်ပုဂ္ဂိုလ်ယေရှုသည် မည်သူဖြစ်ကြောင်း ထိုမေးခွန်း၏အဖြေက ဖော်ပြသည်။
ပင်တေကုတ္တေပွဲနေ့တွင် တမန်တော်ပေတရုက ယေရုရှလင်မြို့ရှိ အံ့အားသင့်နေသောဂျူးအမျိုးသားများကို ဤသို့ပွင့်ပွင့်လင်းလင်းကြေညာလိုက်သည်– “ထိုယေရှုကို ဘုရားသခင်ထမြောက်စေတော်မူသည်ကို ငါတို့ရှိသမျှသည် သက်သေခံဖြစ်ကြ၏။ ထိုသို့ ဘုရားသခင်သည် လက်ယာလက်တော်နှင့် ချီးမြှင့်တော်မူသဖြင့် ထိုသခင်သည် ကတိတော်နှင့်ယှဉ်သော သန့်ရှင်းသောဝိညာဉ်တော်ကို ခမည်းတော်ထံ၌ခံပြီဖြစ်၍ သင်တို့သိမြင်ကြားရသောအရာကို သွန်းလောင်းတော်မူ၏။ ဒါဝိဒ်သည် ကောင်းကင်သို့မတက်သေး။ သို့ရာတွင် ထာဝရဘုရားက သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာငါမချမထားမီတိုင်အောင် ငါ့လက်ယာဘက်၌ထိုင်နေလော့ဟု ငါ့သခင်အားမိန့်တော်မူသည် ဟု ဒါဝိဒ်စကားရှိ၏။ ထို့ကြောင့် သင်တို့သည် လက်ဝါးကပ်တိုင်မှာကွပ်မျက်သောယေရှုကို ဘုရားသခင်သည် ခရစ်တော်အရာ၌လည်းကောင်း၊ အစိုးရသောအရှင်အရာ၌လည်းကောင်း ခန့်ထားတော်မူသည့်အကြောင်းကို ဣသရေလအမျိုးသားအပေါင်းတို့ အတပ်အမှန်သိမှတ်ကြလော့။” (တမန်တော် ၂:၃၂-၃၆) မှန်ပါသည်၊ ယေဟောဝါသည် နာဇရက်မြို့သားယေရှုကို ‘ခရစ်တော်နှင့် သခင်’ ဖြစ်စေတော်မူသည်။ ဘုရားသခင်၏ရည်ရွယ်တော်မူချက်တွင် ခရစ်တော်၏ဤအခန်းကဏ္ဍကို သံသယဖြစ်ခြင်းသည် ကျိုးကြောင်းခိုင်လုံပါသလော။
ယေရှု၏လက်ရှိအခန်းကဏ္ဍကို အဘယ်ကြောင့်သံသယဖြစ်ရမည်နည်း
ယေရှု၏ထူးခြားထင်ရှားမှု၊ အခန်းကဏ္ဍတို့နှင့် ပတ်သက်သော သံသယအားလုံးကို မည်သို့ပယ်ရှားပစ်နိုင်မည်နည်း။ ကိုယ်တော်သည် စစ်မှန်သောပရောဖက်တစ်ပါးဖြစ်သည်မှာ ထင်ရှားသည်ဟူသော အချက်အားဖြင့်ဖြစ်သည်။ ယနေ့ကျွန်ုပ်တို့တွေ့မြင်နေကြရသော စစ်ပွဲများ၊ ငတ်မွတ်ခေါင်းပါးမှုများ၊ မြေငလျင်များ၊ ရာဇဝတ်မှုနှင့် မေတ္တာခေါင်းပါးမှုများအကြောင်းကို ကိုယ်တော်ကြို၍မိန့်တော်မူခဲ့သည်။ ထို့အပြင် တင်ကူး၍ ဤသို့မိန့်တော်မူခဲ့သေးသည်– “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း [ဘုရားသခင့်] နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ဖြစ်လတ္တံ့။” (မဿဲ ၂၄:၃-၁၄) ယေရှုသည် ရှင်ပြန်ထမြောက်တော်မူသော ခရစ်တော်ဖြစ်၍ ‘မိမိရန်သူတို့၏အလယ်၌’ မျက်မြင်မရနည်းဖြင့် အုပ်စိုးနေကာ မကြာမီ ဘုရားသခင်၏ကမ္ဘာသစ်ကို ဆောင်ကြဉ်းပေးတော်မူမည်ဖြစ်ကြောင်း ဤပရောဖက်ပြုချက်များပြည့်စုံခြင်းက သက်သေထူသည်။—ဆာလံ ၁၁၀:၁၊ ၂; ဒံယေလ ၂:၄၄၊ ၄၅; ဗျာဒိတ် ၂၁:၁-၅။
ယခုအခါ လူသားတို့သည် လူ့ ဉာဏ်ထက်သာလွန်သောဉာဏ်ပညာ ရရှိထားသည့် ကယ်တင်ရှင်တစ်ပါးကို မည်သည့်အခါကနှင့်မျှမတူအောင် အရေးတကြီးလိုအပ်နေသည်။ ယေရှုသည် လူသားများကိုကယ်တင်ရန် တော်မှန်စွာရွေးချယ်ထားခြင်းခံရသူဖြစ်ကြောင်းကို အဘယ်ကြောင့်ကျွန်ုပ်တို့သံသယဖြစ်ရမည်နည်း။ စိတ်စွဲမှတ်စရာကောင်းသောအံ့ဖွယ်အမှုများနှင့် ယေရှု၏ရှင်ပြန်ထမြောက်ခြင်းတို့၏ မျက်မြင်သက်သေဖြစ်သူ ယောဟန်က ဤသို့ကြေညာသည်– “လောကီသားတို့ကို ကယ်တင်သောသခင်ဖြစ်စေခြင်းငှာ ခမည်းတော်သည် သားတော်ကို စေလွှတ်တော်မူသည်ကို ငါတို့သည်သိမြင်၍ သက်သေခံကြ၏။” (၁ ယောဟန် ၄:၁၄; ယောဟန် ၄:၄၂ နှိုင်းယှဉ်။) ယေရှု၏အသက်ရှင်ခြင်း၊ အံ့ဖွယ်အမှုများ၊ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းတို့ကို သံသယဖြစ်ရန် ခိုင်လုံသောအခြေအမြစ်မရှိသည့်နည်းတူ ယေဟောဝါဘုရားသခင်သည် မိမိ၏လက်ယာတော်ဘက်၌ ကိုယ်တော်ကို တရားမျှတသောမင်းအဖြစ် နန်းတင်ခြင်းကို သံသယဖြစ်စရာအကြောင်းမရှိချေ။ နာဇရက်မြို့သားယေရှုသည် ဘုရားသခင့်နိုင်ငံတော်၏ ဘုရင်နှင့် “လောကီသားတို့ကို ကယ်တင်သောသခင်” ဖြစ်တော်မူသည်မှာ သံသယဖြစ်ဖွယ်မရှိပါ။—မဿဲ ၆:၁၀။
[အောက်ခြေမှတ်ချက်များ]
a တာလ်မွဒ်ကျမ်းပါ ယေရှုနှင့်ပတ်သက်သော အချေအတင်ကိုးကားချက်များသည် စစ်မှန်မှုရှိကြောင်းကို ပညာရှင်အချို့ကသာ လက်ခံကြသည်။ အခြားတစ်ဖက်တွင် တက္ကစီးတပ်စ်၊ စူတိုးနီးယပ်စ်၊ ပလင်နီ သည် ယန်းဂါးတို့ထံမှ ယေရှုအကြောင်းကိုးကားချက်များနှင့် ဖလေးဗီးယပ်စ် ဂျိုစီဖတ်စ်ထံမှ အနည်းဆုံးတစ်ခုသောကိုးကားချက်သည် သမိုင်းတွင် ယေရှုသက်တော်ထင်ရှားရှိခဲ့သည့်အဖြစ်အတွက် သက်သေအဖြစ် အနှံ့အပြားလက်ခံကြသည်။
b တစ်ခါက ရှင်ပြန်ထမြောက်ပြီးသောယေရှုသည် မိမိ၏တပည့်တော်များနှင့်အတူ ငါးကိုစားနေသည်။ ယင်းက ကိုယ်တော်၏ကိုယ်ထင်ရှားပြခြင်းသည် ယနေ့အချို့သူများဆိုသကဲ့သို့ ရူပါရုံသက်သက်မျှမဟုတ်ကြောင်း သက်သေထူသည်။—လုကာ ၂၄:၃၆-၄၃။