ခေတ်သစ်အေသင်ရှိ လူမျိုးအားလုံးထံ ရောက်ရှိခြင်း
စီ.အီး. ၅၀ ခန့်က အေသင်မြို့တော်သို့ တမန်တော်ပေါလု လည်ပတ်ခဲ့စဉ် မြို့တော်သည် ယင်း၏စာပေအနုပညာတွင် ထင်ပေါ်ကျော်ကြားမှုမရှိတော့သော်လည်း အရေးပါသောစီးပွားရေးဗဟိုတစ်ခုဖြစ်နေဆဲပင်။ သမိုင်းကြောင်းနောက်ခံစာအုပ်တစ်အုပ်က ဤသို့ဖော်ပြ၏– “[အေသင်မြို့တော်] သည် ဂရိနိုင်ငံ၏ဝိညာဏနှင့် အနုပညာဆိုင်ရာမြို့တော် ဆက်ဖြစ်နေသလို ထိုခေတ်ရှိပညာတတ်နှင့် ဩဇာအာဏာရှိသူများ လည်ပတ်ရန်အတွက် အားကျဖွယ်ကောင်းသောနေရာလည်းဖြစ်သည်။”
ထိုတွင်ရှိစဉ်၊ ပေါလုသည် ဂျူး၊ အေသင်မြို့သားနှင့် ဒေသများစွာမှ လူများတို့ကို ဟောပြောခွင့်ရခဲ့ပေမည်။ နိုးကြားပြီးကျွမ်းကျင်သောဆရာတစ်ဦးဖြစ်သဖြင့် ဟောပြောချက်တစ်ခုတွင် ဘုရားသခင်သည် “ခပ်သိမ်းသောသူတို့အား ဇီဝအသက်နှင့်တကွ ထွက်သက်ဝင်သက်” ကို ပေးသည်၊ “လူအမျိုးမျိုးကို တစ်ဦးတည်းမှဖန်ဆင်း” သည်၊ ‘အရပ်ရပ်မှာ ရှိသောသူအားလုံးတို့ နောင်တရသင့်သည်၊’ အကြောင်းမှာ ကိုယ်တော်သည် “လောကသား” တို့ကို တရားစီရင်တော်မူလိမ့်မည်ဟု ဟောပြောလေသည်။—တမန်တော် ၁၇:၂၅-၃၁။
အသွင်အပြင်အမျိုးမျိုးရှိ နယ်မြေ
မကြာသေးသောဆယ်စုနှစ်များအတွင်း အေသင်မြို့တော်သည် အရပ်ရပ်မှလူများတို့အား ဆွဲဆောင်နေသောမြို့တစ်မြို့ ဖြစ်လာပြန်ခဲ့သည်။ နိုင်ငံရပ်ခြားကိုယ်စားလှယ်များတာဝန်၏တစ်စိတ်တစ်ပိုင်းအဖြစ် သံတမန်များ၊ စစ်မှုထမ်းများတို့ ရောက်ခဲ့ကြပြီ။ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသမှ လူငယ်များ တက္ကသိုလ်ကျောင်းသားများအဖြစ် ထိုတွင်သွားရောက်နေထိုင်ခဲ့ကြပြီ။ အာဖရိက၊ အာရှနှင့် အရှေ့ဥရောပတိုင်းနိုင်ငံများမှအလုပ်သမားများ ဝင်ရောက်ခဲ့ကြပြီ။ အိမ်ဖော်များအဖြစ်အလုပ်လုပ်ရန် အလုပ်လာရှာကြသော ဖိလစ်ပိုင်တိုင်းသားများစွာနှင့် အရှေ့တောင်အာရှမှ အခြားသူများရှိ၏။ ထို့ပြင် အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာတစ်ဝန်းရှိ ပြဿနာဖြစ်နေသောဒေသများမှ ဒုက္ခသည်များ အဆက်မပြတ်ဝင်လာလျက်ရှိသည်။
ဤအခြေအနေများက ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောသူ ဒေသခံများအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပေါ်စေသည်။ ယာယီလာရောက်အခြေချသူအများစုမှာ အင်္ဂလိပ်စကားကိုပြောကြသော်လည်း အချို့မူ သူတို့၏တိုင်းရင်းဘာသာစကားကိုသာ ပြောကြသည်။ ဤလူများသည် ကွဲပြားခြားနားသောယဉ်ကျေးမှုနှင့် ဘာသာရေးနောက်ခံများကို ကိုယ်စားပြုကြသည်။ ထိုဧည့်သည်များကြားတွင် ခရစ်ယာန်များ၊ မွတ်စလင်များ၊ ဟိန္ဒူများ၊ . . . နတ်ကိုးကွယ်သူများ၊ မသိဝါဒီများနှင့် ဘုရားမဲ့ဝါဒီများပါဟု ထုတ်ဖော်ပြောဆိုကြသူတို့ကို တွေ့နိုင်သည်။ နောက်ခံအမျိုးမျိုးရှိသော ဤသူများနှင့် သင့်လျော်မည့်တင်ဆက်ပုံကို အလိုက်သင့်ပြောင်းလဲတတ်ရန် ယေဟောဝါသက်သေများသင်ယူကြရသည်။
အသစ်သောလာရောက်သူများစွာတို့သည် ခက်ခဲသည့်အချိန်ကာလကိုဖြတ်သန်းလာခဲ့ကြရာ သူတို့တွင် ဘဝအသက်တာ၏အဓိပ္ပာယ်၊ အနာဂတ်မျှော်လင့်ချက်များတို့နှင့်ပတ်သက်သော မေးခွန်းများရှိနေတတ်သည်။ အချို့သည် ကျမ်းစာကိုအလွန်တန်ဖိုးထားကြရာ ပြောဆိုရာများနှင့်ပတ်သက်၍ လက်ခံရန် အခက်အခဲမရှိကြပါ။ ဤအသွင်အမျိုးမျိုးရှိသောနယ်မြေမှလူအများစုသည် နှိမ့်ချမှု၊ နူးညံ့သိမ်မွေ့မှုနှင့် သမ္မာတရားဆာလောင်မှုရှိကြ၏။ မိသားစုအသိုင်းအဝိုင်းနှင့်ဝေးနေရသဖြင့် သမ္မာတရားကိုရှာဖွေရန် ပိုလွတ်လပ်သည်ဟု သူတို့ခံစားရသည်။
ဤနယ်မြေကို တာဝန်ယူရန် ၁၉၈၆ ခုနှစ်တွင် အေသင်မြို့၌ ပထမဆုံးသော အင်္ဂလိပ်အသင်းတော်ကို ဖွဲ့စည်းခဲ့၏။ ကြီးထွားမှုသည် အံ့သြဖွယ်ရာပင်။ လွန်ခဲ့သောငါးနှစ်တာကာလအတွင်း လူသစ် ၈၀ ခန့် နှစ်ခြင်းခံခဲ့ကြသည်။ ရလဒ်အနေနှင့် အာရဘစ်အသင်းတော်တစ်ခု၊ ပိုလန်အသင်းတော်တစ်စုနှင့် အချိန်အတိုင်းအတာတစ်ခုအထိ ပြင်သစ်အုပ်စုတစ်စုတို့ကို အေသင်မြို့တော်တွင် တည်ထောင်ခဲ့ရသည်။ အင်္ဂလိပ်အသင်းတော်မှ အချို့တို့သည် မြောက်ဘက် တက်စလောနိကာတွင်ရှိ ခရိကျွန်း၊ ဟဲရက်လီယိုတွင်နှင့် အေသင်မြို့တော်ဆိပ်ကမ်း၊ ပါရိအပ်စ်တွင်ရှိ အသင်းတော်နှင့် အုပ်စုများကဲ့သို့သော အခြားသူများကိုအကူအညီပေးရန် ပြောင်းရွှေ့ခဲ့ကြသည်။ အေသင်မြို့တွင် သမ္မာတရားသိရှိခဲ့ရသောနိုင်ငံခြားသားတချို့ကို သင်တွေ့လိုသလော။
လူမျိုးအပေါင်းမှနှစ်သက်ဖွယ်သောသူများ ဝင်လာနေကြ
သောမတ်စ်သည် အဲရိထရိအာနိုင်ငံ၊ အဲစ်မာရာမြို့တွင်မွေးဖွားပြီး ထက်သန်သောကက်သလစ်တစ်ဦးအဖြစ် ကြီးပြင်းလာ၏။ အသက် ၁၅ နှစ်အရွယ်တွင် ဘုန်းကြီးဝတ်သည်။ ဘုန်းတော်ကြီးတစ်ပါးကို “ဘုရားတစ်ပါးက ဘယ်လိုလုပ် ဘုရားသုံးပါးဖြစ်နိုင်တာလဲ” ဟု သူမေးခဲ့သည်။ ဘုန်းတော်ကြီးက “ဝိညာဏရေးရာတွေနဲ့ပတ်သက်ပြီး ပုပ်ရဟန်းမင်းပြောတာကို ငါတို့လက်ခံတယ်။ ဒါထက် ဒီအရာဟာ နက်နဲရာတစ်ခုဖြစ်တယ်၊ ဒါတွေကို မင်းနားလည်ဖို့ငယ်ပါသေးတယ်” ဟု ဖြေဆို၏။ ဘုန်းကြီးကျောင်းတွင် ငါးနှစ်နေပြီးနောက် အထင်နှင့်အမြင်လွဲမှားနေမှု၊ ချာ့ချ်၏သွန်သင်ချက်နှင့် အမူအကျင့်များကြောင့် စိတ်ရှုပ်ထွေးမှုဖြစ်ကာ ၎င်းမှထွက်ခွာခဲ့သည်။ သို့တိုင် စစ်မှန်သောဘုရားအား ရှာဖွေခြင်းအမှုကိုမူ သူလက်မလျော့သေးပေ။
အေသင်မြို့တော်သို့ပြောင်းရွှေ့လာပြီးမကြာမီ နေ့တစ်နေ့၌၊ သူ့တံခါးဝတွင် “ကျန်းမာမှုနှင့် ပျော်ရွှင်မှု သင့်အတွက်ဖြစ်နိုင်” ဟူ၍ မျက်နှာဖုံးခေါင်းစဉ်တပ်ထားသော ကင်းမျှော်စင် တစ်စောင်ကို တွေ့လိုက်သည်။ ယင်းကို သူအခေါက်ခေါက်ဖတ်သည်။ ထိုမဂ္ဂဇင်း၌ပင် ဘုရားသခင့်နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းကို ရှေ့ဦးရှာသင့်ကြောင်း သူဖတ်ရ၏။ (မဿဲ ၆:၃၃) သောမတ်စ်ဒူးထောက်ပြီး ယင်းကို မည်သို့ ပြုရမည်ကိုပြသပေးရန် ဘုရားသခင်ထံတောင်းလျှောက်ကာ ဤသို့ကတိပေး၏– “ကိုယ်တော့်နိုင်ငံတော်ကို ဘယ်လိုရှာရမယ်ဆိုတာပြသပေးရင် ဘယ်လိုအမှုတော်ထမ်းဆောင်ရမယ်ဆိုတာကိုသင်ယူဖို့ ခြောက်လလုံးလုံး ကျွန်တော့်အသက်တာကို မြှုပ်နှံပါ့မယ်။” ယင်းနောက် လေးပတ်မြောက်သောအချိန်၌ သက်သေခံနှစ်ဦး သူ၏တံခါးကိုလာခေါက်သည်။ သောမတ်စ်သည် ချက်ချင်းပင် ကျမ်းစာသင်အံမှုကိုလက်ခံလိုက်ပြီး ဆယ်လကြာသောအခါ နှစ်ခြင်းခံခဲ့သည်။ “ကျွန်တော့်ရဲ့ဆုတောင်းချက်ကို ယေဟောဝါ တကယ်ဖြေကြားပေးခဲ့တယ်။ ဒါ့အပြင် ကိုယ်တော့်သက်သေတစ်ဦးဖြစ်ခွင့်လည်းပေးတယ်။ အခု ကိုယ်တော့်မေတ္တာက ကိုယ်တော့်ရဲ့နိုင်ငံတော်နဲ့ ဖြောင့်မတ်ခြင်းကို ကျွန်တော့်အသက်တာမှာရှေ့ဦးရှာဖို့ လှုံ့ဆော်ပေးနေတယ်” ဟူ၍ သူပြော၏။
တစ်အိမ်မှတစ်အိမ်ဟောပြောနေစဉ် အခြားသက်သေခံနှစ်ဦးသည် ဘဲလ်ခေါင်းလောင်းဘေးတွင် တိုင်းတစ်ပါးနာမည်တစ်ခုကို တွေ့လိုက်သည်။
အပြန်အလှန်ဆက်သွယ်ရေးစက်မှ “ရှင်တို့ဘာအလိုရှိသလဲ” ဟူသည့် အမျိုးသမီးတစ်ဦး၏အသံထွက်လာသည်။
သက်သေခံတစ်ဦးက ကျမ်းစာကိုစိတ်ဝင်စားတဲ့ အင်္ဂလိပ်စကားပြောပုဂ္ဂိုလ်တွေကို သူမတို့လိုက်ရှာနေကြောင်း ပြောပြသည်။
“ရှင်တို့ ဘယ်ဘာသာကလဲ” ဟု အမျိုးသမီးကမေးသည်။
“ကျွန်မတို့ ယေဟောဝါသက်သေတွေပါ။”
“ဟာ၊ အတော်ပဲ! အပေါ်ဆုံးထပ်ကို တက်လာကြပါ။”
သူတို့လည်းတက်သွားကြ၏။ ဓာတ်လှေကားတံခါးပွင့်သွားသောအခါ အလွန်ကြီးမားသောလူကြီးတစ်ဦး မနှစ်သက်သောပုံစံဖြင့်ရပ်နေသည်။ သို့သော် အမျိုးသမီးက အတွင်းမှနေ၍ အသံကျယ်ကျယ်ဖြင့် လှမ်းပြောလိုက်သည်။
“ဝင်ခွင့်ပြုလိုက်ပါ။ သူတို့နဲ့ ငါစကားပြောချင်တယ်။”
သူမယောက်ျား၏အားကစားအသင်းနှင့် သူမတို့ကမ္ဘာပတ်ခဲ့ကြောင်း၊ မနေ့တစ်နေ့ကပင် ယေဟောဝါသက်သေများနှင့်တွေ့ရန် သူမဆုတောင်းခဲ့ကြောင်း ပြောပြ၏။ ထိုကြောင့် ချက်ချင်းပင် ကျမ်းစာသင်အံမှုစခဲ့သည်။ ဂရိတွင် သူတို့နေထိုင်မည့်အချိန် အကန့်အသတ်သာရှိသောကြောင့် တစ်ပတ်လျှင်သုံးကြိမ်လေ့လာရန်စီစဉ်ခဲ့ရာ ဆယ်ပတ်တည်းနှင့် ထာဝစဉ်အသက်ရှင်ခြင်းစာအုပ် ပြီးသွားသည်။
နောက်နှစ်အားကစားရာသီတွင် ဂရိသို့ သူတို့ ပြန်ရောက်လာသည်။ ဇနီးသည်က ကျမ်းစာပြန်လေ့လာပြီး အလွန်တိုးတက်လာ၏။ လအနည်းငယ်ကြာပြီးနောက် နှစ်ခြင်းမခံသေးသောကြေညာသူတစ်ဦးအဖြစ် သက်သေခံများနှင့်အတူ ဟောပြောခြင်းလုပ်ငန်း၌ ပါဝင်လာပြီး သူမ၏ပထမဆုံးသောကျမ်းစာသင်အံမှုကို လျင်မြန်စွာစတင်နိုင်ခဲ့သည်။ မည်သူနှင့်နည်း။ သက်သေခံများနှင့် ဇနီးသည်၏ပြောင်းလဲမှုများကြောင့် အလွန်စိတ်ထဲစွဲမှတ်သွားသော သူမ၏ယောက်ျားနှင့်ပင်ဖြစ်ပါသည်။
ပရိုတက်စတင့် သင်းအုပ်ဆရာတစ်ဦး၏သားဖြစ်သော အဲလင်သည် အာဖရိကတောင်ပိုင်းတွင် ကြီးပြင်းခဲ့သည်။ ငယ်စဉ်တောင်ကျေးကလေးဘဝထဲက ကျမ်းစာသည် ဘုရားသခင်မှုတ်သွင်းသော ဗျာဒိတ်တော်ဖြစ်ကြောင်း သူယုံကြည်စိတ်ချ၏။ သူ့ဘာသာနှင့်ပတ်သက်၍ ကျေနပ်ရောင့်ရဲမှုမရှိသဖြင့် ဒဿနိကဗေဒနှင့် နိုင်ငံရေးဘက်သို့လှည့်ခဲ့သည်။ သို့သော် ယင်းသည်ယခင်ကထက်ပို၍ ခံစားချက်ကိုကင်းမဲ့စေသည်။ ဂရိနိုင်ငံသို့ပြောင်းရွှေ့လာပြီးနောက် သူ၏ခံစားချက်ကင်းမဲ့မှုသည် ပို၍တိုးလာလေသည်။ သူ့ဘဝသည် ရည်ရွယ်ချက်မရှိ၊ ဦးတည်မှုမဲ့သောလမ်းပေါ်တွင် ရောက်နေသည်ဟု သူခံစားရ၏။
တစ်ည၌ တစ်စုံတစ်ရာဖြစ်ပျက်ခဲ့သည်။ “ကျွန်တော်ဒူးထောက်ချလိုက်ပြီး ဘုရားသခင်ဆီကို ကျွန်တော့်ခံစားချက်တွေ ဖွင့်ပြခဲ့တယ်” ဟု အဲလင်ပြန်ပြောပြသည်။ “ကျွန်တော့်ဘဝဖြစ်စဉ်အတွက်ကြောင့်ကျတဲ့ ဝမ်းနည်းမျက်ရည်များနဲ့အတူ ကိုယ်တော်ရဲ့နောက်လိုက်စစ်တွေဆီကို လမ်းညွှန်ပေးဖို့ ဘုရားသခင်ကိုတောင်းပန်မိတယ်။ ကိုယ်တော်ရဲ့လမ်းပြမှုအလင်းတော်တွင်းမှာ လျှောက်လှမ်းပါ့မယ်လို့လည်း ကတိပေးမိတယ်။” ထိုအပတ်တွင်း၌ပင် စတိုးဆိုင်တစ်ဆိုင်ထဲရောက်ခဲ့ပြီး သက်သေခံတစ်ယောက်ဖြစ်နေသည့် ဆိုင်ရှင်အမျိုးသမီးနှင့် စကားလက်ဆုံကျမိသည်။ ယင်းစကားလက်ဆုံကျမိခြင်းက အဲလင်၏ဘဝတွင် အမှန်ပင်ပြောင်းလဲမှုကြီးတစ်ခုဖြစ်ခဲ့သည်။ “ထိုနောက်ပိုင်းနေ့ရက်များအတွင်း ကျွန်တော်စွဲလမ်းခဲ့တဲ့ယုံကြည်ချက်တွေ ပျောက်ပျက်ကုန်တယ်– သုံးပါးတစ်ဆူ၊ မီးငရဲ၊ မသေနိုင်တဲ့ဝိညာဉ်—အားလုံးဟာ ကျမ်းစာသွန်သင်ချက်တွေမဟုတ်ဘူးဆိုတာ ရှင်းနေပါတယ်။” ဘုရားသခင့်နိုင်ငံတော်ခန်းမ၌ သက်သေခံမောင်နှံစုံတစ်စုံသည် သူနှင့်ကျမ်းစာလေ့လာဖို့ ကမ်းလှမ်းခဲ့သည်။ သူလက်ခံခဲ့ပြီး လျင်မြန်စွာတိုးတက်လာ၏။ “သမ္မာတရားက ကျွန်တော့်ကို ဝမ်းသာမျက်ရည်တွေကျစေတယ်။ လွတ်မြောက်စေတယ်” ဟူ၍ အဲလင်ပြန်အမှတ်ရမိ၏။ တစ်နှစ်ကြာပြီးနောက် သူနှစ်ခြင်းခံခဲ့သည်။ ယခုဆိုလျှင် ဒေသခံအသင်းတော်၌ ဓမ္မအမှုထမ်းအဖြစ် ပျော်ရွှင်စွာအမှုထမ်းနေပြီဖြစ်သည်။
အဲလစ်ဇဘက်သ်သည် နိုင်ဂျီးရီးယားနိုင်ငံမှဖြစ်ပြီး ထိုတွင် ဘုရားသခင်အား ချာ့ချ်အသီးသီး၌ရှာဖွေခဲ့သော်လည်း ကျေနပ်မှုမရခဲ့ပေ။ သူမအလွန်စက်ဆုပ်ရွံရှာသည့်အရာမှာ မီးငရဲ၌ထာဝရညှဉ်းပန်းနှိပ်စက်ခြင်းဟူသည့် သွန်သင်ချက်ပင်ဖြစ်သည်။ သူမ၏မိသားစုနှင့်အတူ အေသင်မြို့တော်သို့ရောက်လာသောအခါ သက်သေခံနှစ်ဦး သူမအိမ်သို့လည်ပတ်ခဲ့ပြီး ကျမ်းစာသင်အံမှုစတင်ခဲ့လေသည်။ ဘုရားသခင်သည် လူတို့ကိုမညှဉ်းဆဲကြောင်း၊ ပရဒိသုကမ္ဘာမြေပေါ်တွင် ထာဝရအသက်ရှင်ရန်မျှော်လင့်ချက်ကို ပြင်ဆင်ပေးထားကြောင်း သိလာရသောအခါ အဲလစ်ဇဘက်သ် ကျေနပ်အားရပီတိဖြာမိသည်။ သူမ၌လေးယောက်မြောက်ဖြစ်မည့် ကိုယ်ဝန်လွယ်ထားရပြီး ယင်းကိုဖျက်ပစ်ချင်ခဲ့၏။ ထိုအချိန်၌ပင် အသက်၏မြင့်မြတ်မှုနှင့်ပတ်သက်၍ ယေဟောဝါ၏အမြင်ကို ကျမ်းစာထဲမှသိရှိရ၏။ ယခုဆိုလျှင် သမီးချောလေးတစ်ဦး သူမရရှိထားပေပြီ။ အဲလစ်ဇဘက်သ်သည် လျင်မြန်စွာတိုးတက်လာပြီး မကြာမီပင် နှစ်ခြင်းခံလိုက်သည်။ သူမ၌ကလေး လေးယောက်နှင့် အချိန်ပြည့်အလုပ်တစ်ခုရှိသော်လည်း လတိုင်းနီးပါးဆိုရမလောက် အရန်ရှေ့ဆောင်လုပ်နိုင်ခဲ့သည်။ သူမယောက်ျား ကျမ်းစာစလေ့လာသည်ကို တွေ့ရခြင်းတည်းဟူသော ကောင်းချီးကို သူမရရှိခဲ့၏။ သူမဤသို့ပြောသည်– “နောက်ဆုံးတော့ စစ်မှန်တဲ့ဘုရားသခင်နဲ့ စစ်မှန်တဲ့ဝတ်ပြုမှုကို ကျွန်မရှာတွေ့ပါပြီ။ ယေဟောဝါနဲ့ ကိုယ်တော်ရဲ့ မြတ်နိုးဖွယ်ကောင်းတဲ့အဖွဲ့အစည်းကို ကျေးဇူးတင်ပါတယ်။”
ဤအသွင်အမျိုးမျိုးရှိသောနယ်မြေရှိ လူများစွာတို့ကို လမ်းပေါ်သက်သေခံခြင်းလုပ်ငန်း၌ ဆက်သွယ်မိခဲ့ကြသည်။ သို့သော် သူတို့၏စိတ်ဝင်စားမှုကို တိုးပွားအောင်လုပ်ဖို့ မဆုတ်မနစ်သောဇွဲလိုအပ်၏။ ယင်းအချက်မှာ ဆီအယ်ရာလီအုန်းမှ စယ်လီအမည်ရှိသောမိန်းမငယ်လေးနှင့် သက်ဆိုင်သည်။ သက်သေခံတစ်ဦးက သူမအား ဝေစာတစ်စောင်ဝေငှပြီး လိပ်စာယူကာ သူမထံပြန်လည်ပတ်ဖို့စီစဉ်ခဲ့သည်။ စယ်လီသည် စိတ်ဝင်စားမှုရှိ၍ ကျမ်းစာသင်အံမှုကိုလက်ခံခဲ့သော်လည်း အလုပ်နှင့် အခြားအခက်အခဲများ၏ဖိစီးမှုကြောင့် ပုံမှန်မကျင်းပနိုင်ခဲ့ပေ။ ထို့နောက်သူမသည် လိပ်စာသစ်မပေးမိဘဲ ရုတ်တရက်ပြောင်းရွှေ့သွား၏။ သက်သေခံလည်း မဆုတ်မနစ်သောဇွဲဖြင့် လိပ်စာဟောင်းသို့ ဆက်သွားနေခဲ့ရာ နောက်ဆုံး စယ်လီသည် သူမ၏အိမ်သစ်သို့လာရန် သက်သေခံအတွက်သတင်းပို့ခဲ့သည်။
စယ်လီသည် သူမ၏ကိုယ်ဝန်နောက်ဆုံးလသို့ရောက်နေပြီဖြစ်သော်လည်း သင်အံမှုမှာ ယခင်ကထက်ပင်ပိုမှန်လာသည်။ ကလေးမွေးပြီးနောက် စယ်လီသည် နှစ်ခြင်းမခံသေးသောကြေညာသူဖြစ်လာ၏။ ယင်းတို့အားလုံးမှာ လွယ်ကူသည်ဟုထင်ရသော်လည်း လွယ်ကူမှုမရှိလှပါ။ နံနက် ၆:၃၀ တွင် သူမ၏ကလေးအား မူကြိုကျောင်းသို့ခေါ်သွားရန် နာရီဝက်ကြာစီးရမည့်ဘတ်စကားအတွက် အသင့်ပြင်ထားရသည်။ ထို့နောက် အလုပ်သို့ တစ်နာရီကြာဘတ်စကားကို စီးရ၏။ သူမ၏သန့်ရှင်းရေးအလုပ် လုပ်ပြီးနောက် အိမ်အပြန်ခရီးကို ဆက်ရသည်။ စည်းဝေးရှိသောညများ သို့မဟုတ် လယ်ကွင်းအမှုဆောင်သွားသောအခါများ၌ လင်သား၏ဆန့်ကျင်မှုကြားမှ ဘတ်စကားဖြင့် နောက်ထပ်အသွားအပြန်တစ်နာရီစီကြာသည့်ခရီးကို ဆက်ရ၏။ သူ့အား မေတ္တာနှင့် သည်းခံမှုကိုတင်ပြရင်း သူမသည် ဆက်ကပ်အပ်နှံနှစ်ခြင်းခံသည့်အဆင့်အထိ တိုးတက်လာ၏။ သူမ၏လင်ယောက်ျားကော အသို့နည်း။ ခရစ်တော်၏သေခြင်းအောက်မေ့ရာပွဲကို သူတက်ရောက်ပြီး ကျမ်းစာသင်အံဖို့ သဘောတူခဲ့သည်။
ကျေနပ်ဖွယ်သောရလဒ်ဖြင့် ကောင်းချီးပေးခံရ
ဤလူအများစု အေသင်မြို့တွင်သူတို့နေထိုင်ခြင်းသည် ယာယီသာဖြစ်၏။ အများစုမှာ ဆွေမျိုးမိတ်သင်္ဂဟများအား သတင်းကောင်းကိုဝေမျှပေးရန် သူတို့၏နေရင်းနိုင်ငံသို့ ပြန်သွားကြ၏။ အခြားသူများမူ အခြားအခြားသောအနောက်တိုင်းနိုင်ငံများသို့ပြောင်းရွှေ့သွားကာ ယေဟောဝါအား ဆက်လက်အမှုဆောင်ကြ၏။ ဂရိတွင်ဆက်လက်နေထိုင်သူများသည် ထိုဒေသသို့ဝင်ရောက်လာခဲ့သောတစ်နိုင်ငံတည်းသားချင်းတို့ကို သက်သေခံရသော ရလဒ်ကောင်းများ၌ မွေ့လျော်နေကြသည်။ အခြားသောအဖြစ်အပျက်များတွင်မူ ဧည့်သည်များသည် နောက်နိုင်ငံတစ်နိုင်ငံသို့ပြောင်းရွှေ့သွားပြီး သက်သေခံများနှင့် ဆက်သွယ်မိတော့မှသာ သမ္မာတရားမျိုးစေ့ အသီးသီးတော့သည်။
ဤအရာအားလုံးတို့က ယေဟောဝါသည် မျက်နှာလိုက်တော်မမူကြောင်း သက်သေထူ၏။ ကိုယ်တော့်ကို ကြောက်ရွံ့၍ ဖြောင့်မတ်မှုကိုနှစ်သက်သော လူမျိုးမျိုးတို့မှလူများအား ကိုယ်တော်လက်ခံတော်မူ၏။ (တမန်တော် ၁၀:၃၄၊ ၃၅) သိုးကဲ့သို့သော ဤသူများအတွက်၊ အခြားနိုင်ငံတစ်နိုင်ငံသို့ ရုပ်ပစ္စည်းအကျိုးအမြတ်အတွက် သူတို့၏ပြောင်းရွှေ့ခြင်းက သူတို့မျှော်လင့်ထားသည်ထက် ပို၍ကြီးမားသောကောင်းချီးများဖြစ်သည့် စစ်မှန်သောဘုရားသခင်ယေဟောဝါနှင့်ဆိုင်သောအသိပညာနှင့် ဖြောင့်မတ်သောကမ္ဘာသစ်တွင် ထာဝရအသက်ဆိုင်ရာ ကိုယ်တော်၏ကတိတော်တို့ကို ရရှိစေခဲ့ကြ၏။ မှန်ပါသည်၊ ခေတ်သစ်အေသင်မြို့တော်၌ တိုင်းတစ်ပါးစကားပြောသောလူတို့ထံရောက်ရှိဖို့အတွက် ကြိုးစားအားထုတ်မှုအပေါ် ယေဟောဝါ ကြွယ်ဝစွာကောင်းချီးပေးခဲ့သည်မှာအမှန်ပင်!
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
နိုင်ငံပေါင်းများစွာမှလူများ အေသင်မြို့တော်တွင် သတင်းကောင်းကိုကြားနေကြရသည်