ကမ္ဘာတစ်လွှားယေဟောဝါသက်သေများ—နယူးဇီလန်
ကျွန်းများ ယေဟောဝါကို ချီးမွမ်းနိုင်မည်လော။ ဟေရှာယ ၄၂:၁၀ (သမ) အရ ချီးမွမ်းနိုင်ပါသည်– “ကျွန်းကြီးကျွန်းငယ်နှင့်တကွ နေထိုင်သူအပေါင်းတို့ ထာဝရဘုရားအား သီချင်းသစ်ကိုဆိုကြလော့။ မြေကြီးအစွန်းအဖျားမှပင် ဂုဏ်တော်ကို ချီးမွမ်းကြလော့။” ကျွန်းများဖြင့်ဖွဲ့စည်းထားသည့် နယူးဇီလန်နိုင်ငံသည် ယေဟောဝါအား အမှန်ပင်ချီးမွမ်းနေသည်။ ကန်များ၊ မြစ်ချောင်းမြစ်ဆွယ်များ၊ မိုးထိုးနေသော တောင်ကြီးများ၊ ရေခဲမြစ်များ၊ ပင်လယ်ကမ်းခြေများ၊ ငှက်ကြီးတောင်ပင်များနှင့်ပြည့်နေသည့်မိုးသစ်တောများ၊ စိမ်းလန်းစိုပြေသော တောတောင်ရေမြေရှုခင်းများကြောင့် ကမ္ဘာပေါ်တွင်ကျော်ကြားသော နယူးဇီလန်သည် ကောင်းကင်မြေကြီးကိုဖန်ဆင်းသောအရှင်၏ ကြီးကျယ်ခမ်းနားရင်သပ်ရှုမောဖွယ်ဖြစ်မှုကို ကောင်းစွာပြောဆိုနေပါသည်။
ရာစုနှစ် ကူးပြောင်းစကတည်းက များသည်ထက်များစွာသောနယူးဇီလန်နိုင်ငံသား များသည် စစ်မှန်သောဝတ်ပြုရေး၌ ကိုယ်တော်ထံသို့လှည့်လာကြခြင်းအားဖြင့် ယေဟောဝါကိုချီးမွမ်းရန် သူတို့အသံကိုမြှင့်တင်နေကြပြီး ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို အခြားသူများအားမျှဝေနေကြသည်။ မကြာသေးမီက ဆွေမျိုးများအားသက်သေခံခြင်းနှင့်ပတ်သက်သည့် တွေ့ကြုံမှုကောင်းတစ်ခုကိုကြားရ၍ သက်သေခံတစ်ဦးသည် သူ၏မိသားစုကို ကြိုးစားကြည့်ရန် စိတ်ပိုင်းဖြတ်ခဲ့သည်။ မိသားစုဝင်အချို့ကို သင်သည် ကမ္ဘာ့ပရဒိသု၌ ထာဝစဉ်အသက်ရှင်နိုင်သည် ဟူသည့်စာအုပ်များကို လက်ဆောင်ပေးသည်။ ယခုအချိန်ထိ အဘယ်အကျိုးကျေးဇူး ဖြစ်ထွန်းခဲ့ပြီနည်း။ သူက ညီမတစ်ယောက်နှင့် ညီလေးတစ်ယောက် ယခုကျမ်းစာသင်နေပြီဖြစ်ကြောင်း၊ တူလေးတစ်ယောက် ယေဟောဝါသက်သေတစ်ဦးအဖြစ် နှစ်ခြင်းခံပြီးဖြစ်ကြောင်းနှင့် အခြားသူတို့ ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာတရားကို ပို၍နားလည်လက်ခံလာကြပြီဖြစ်ကြောင်း သတင်းပို့သည်။ သူ့အတွက် လုပ်စရာ ကြီးမားသောလယ်ကွင်းကြီးရှိနေတုန်းပင်; မိဘများအပြင် သူ့၌ ညီအစ်ကိုခြောက်ယောက်နှင့် ညီမကိုးယောက်ရှိသည်!
ဘုရားသခင့်နိုင်ငံတော်ခန်းမဆောက်လုပ်ရာ၌ သက်သေခံများသည် သူတို့၏ခွန်အားဖြင့်ပါဝင်လုပ်ဆောင်ကြသောအခါတွင် ယေဟောဝါကိုချီးမွမ်းခြင်းတည်းဟူသော အကျိုးများလည်းဖြစ်ထွန်းသည်။ ဥပမာအနေနှင့် သတင်းစာဆောင်းပါးရှင် လွိုင် ပါကင်းစ်က ၁၉၉၄၊ မေ ၁၇ ရက်ထုတ် အိုပိုတီကီ နယူးစ်တွင် ဤသို့ရေးသားထားသည်– “ဘုရားသခင်ကိုချစ်သောကြောင့် စီမံကိန်းတွင် ဤမျှများစွာသောအချိန်နှင့် ခွန်အားကိုထည့်သွင်းကြသည့် ဆက်ကပ်အပ်နှံလုပ်သားများ၏ခွန်အားနှင့် လုပ်ဆောင်ချက်များက မယုံကြည်သူတစ်ဦးဖြစ်သော ကျွန်ုပ်စိတ်ကို အလွန်စွဲမှတ်သွားစေသည်။
“သီတင်းပတ်ကုန်ပိုင်းတွင် လုပ်ဆောင်ချိန်များ၌ အလုပ်ဖော်များမှတစ်ဦးတစ်ယောက် အငြင်းပွားသည်ကို ကျွန်ုပ်လုံးလုံးမမြင်မကြားခဲ့ရပါ . . . အမျိုးသားများနှင့် ဘေးချင်းယှဉ်လျက် အမျိုးသမီးများသည် ငြမ်းများပေါ်တွင် အလုပ်လုပ်ကြ၊ အင်္ဂတေလောင်းကြ၊ မကြသယ်ကြနှင့် အားလုံးတို့သည် စိတ်သက်သာစရာနှင့် ပျော်ရွှင်စရာပင်ဖြစ်နေသည်။
“တစ်ယောက်ယောက်ဆေးလိပ်သောက်နေရ၍ တစ်မိနစ်မျှဆုံးရှုံးသွားခြင်းမျိုးမရှိပါ။ ထိုသူများအားလုံးသည် မည်သည့်အနေအထားတွင်မဆို လုပ်နေကြပါစေ ဆေးငွေ့နှင့် အုတ်မှုန့်များအချို့မှလွဲလျှင် လေသည် စင်ကြယ်သန့်ရှင်းနေသည်။”
အိုပိုတီကီအသင်းတော်အကြီးအကဲအဖွဲ့က ဤသို့စာရေးခဲ့သည်– “စီမံကိန်းတစ်ခုလုံးသည် မြို့နေလူတို့ကို ရုတ်ခြည်းအာရုံကပ်ငြိသွားအောင် ညှို့ယူခဲ့သည်။ လူတိုင်း ယင်းအကြောင်းကိုပြောဆိုနေကြသကဲ့သို့ပင် ထင်ရ၏။ ကျမ်းစာသင်အံမှုအချို့ စတင်ခဲ့သည်။ ကျွန်တော်တို့ အလွန်စိတ်လှုပ်ရှားရသည့်အရာတစ်ခုမှာ သူတို့ထံသို့မလာရန် နှစ်ပေါင်းများစွာ တောင်းဆိုခဲ့သော ဘာသာရေးထက်သန်သည့်မောင်နှံတစ်စုံပင်ဖြစ်သည်။ သူတို့သည် နေ့တိုင်း မြေနေရာသို့လာသည်။ ထို့နောက် စည်းဝေးသို့လာသည်။ နောက်ပိုင်း လင်သားဖြစ်သူက ‘ခင်ဗျားတို့ဟာ ဘုရားသခင်ရဲ့လူမျိုးတွေဆိုတာ ကျွန်တော်မြင်နိုင်ပါပြီ။ အတွင်းစိတ်သဘောမှာတော့ ကျွန်တော့်ဘဝအသက်တာတစ်လျှောက်လုံး ဒီလိုလူမျိုးနဲ့ပေါင်းသင်းသွားဖို့ ဆန္ဒပြင်းပြနေပါတယ်’ ဟု ပြောခဲ့ပါသည်။”
လွန်ခဲ့သည့်နှစ်က ဒူးနီဒင်မြို့တွင် လျင်မြန်စွာဆောက်လုပ်ခဲ့သော ဘုရားသခင့်နိုင်ငံတော်ခန်းမနှင့်ပတ်သက်၍ အိုတာကို ဒေးလီး တိုင်းစ်သတင်းဆောင်းပါးရှင်က အောက်ပါအတိုင်းပြောကြားခဲ့သည်– “ယင်းသည် မှတ်သားဖွယ်လုပ်ဆောင်ချက်၊ ရည်ရွယ်ချက်နှင့် ကိုယ့်အားကိုယ်ကိုးမှုအတွက် မှတ်သားဖွယ်ပုံသက်သေဖြစ်သည်။” ထိုသတင်းစာကပင် ဤသို့မှတ်ချက်ချသည်– “မြို့နေလူထုသည် သူတို့၏မျက်စိရှေ့၌ အဆောက်အအုံကြီးတစ်ခုဖြစ်ပေါ်လာနေခြင်းကို အံ့သြခြင်းကြီးစွာကြည့်နေမိကြသည်။ အလားတူသော စေတနာ့ဝန်ထမ်းထုကြီးနှင့် ပူးပေါင်းဆောင်ရွက်လိုသောစိတ်ဓာတ်ကိုသာရရှိနိုင်ပါက အခြားအဘယ်ပြောင်းလဲမှုနှင့် အပြုသဘောဆောင်သောစီမံကိန်းများ ဖြစ်မြောက်လာနိုင်ဦးမည်နည်းဟု များစွာသောသူတို့ စဉ်းစားနေကြပေမည်။ ဘုရားသခင့်နိုင်ငံတော်ခန်းမသည် အကျိုးရလဒ်များကိုရရှိခဲ့သော အပြုသဘောပါသည့်အားထုတ်မှု၏ ဂုဏ်ယူဖွယ်သင်္ကေတတစ်ရပ်ပင်ဖြစ်သည်။”
ဆောက်လုပ်ရေးမြေနေရာသို့ လာရောက်လည်ပတ်ကြသည့် ရာပေါင်းများစွာသောသူတို့မှ အမျိုးသားတစ်ဦးက သူ၏ဘာသာရေးအသင်းသည် အသင်းသားများလျော့နည်းလာသည့်အတွက်ကြောင့် “ချာ့ချ်” တို့ကို ရောင်းနေရချိန်၌ သက်သေခံများက ယင်းတို့ကိုတည်ဆောက်နေကြသည်ဟု ထင်မြင်ချက်ပေးသည်။ “ခင်ဗျားတို့ နောက်ဆယ့်နှစ်လလောက်စောင့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ချာ့ချ်တစ်ခုကိုတောင် ဝယ်နိုင်လောက်ပြီ” ဟု သူပြောဆိုဝံ့သည်။ “ငွေဆက်မပေးနိုင်တော့လို ကျွန်တော်တို့ တစ်ခုတောင် ရောင်းရဦးမယ်။ ဒါပေမဲ့ ခင်ဗျားတို့ကတော့ ဓမ္မဆရာတွေကို လခမှမပေးရတာ။ . . . ဒါ့အပြင် ခင်ဗျားတို့ရဲ့အဆောက်အအုံတွေက ထိန်းသိမ်းရခက်တဲ့ မြင့်မြင့်သွန်းသွန်းအထွတ်တွေနဲ့ အဆောက်အအုံတွေမဟုတ်ဘဲ ထိန်းသိမ်းရလွယ်တဲ့ အနိမ့်တွေပဲ။”
ကျွန်းများ ဘုရားသခင်ကို အမှန်ပင်ချီးမွမ်းနိုင်သည်မှာ ရှင်းနေပါသည်။ ဤလှပသည့် ပစိဖိတ်သမုဒ္ဒရာကျွန်းလေး—နှင့် ကမ္ဘာတစ်ဝန်း—တွင် ယေဟောဝါအားချီးမွမ်းသံများ ဆက်၍ပဲ့တင်ထပ်နိုင်ပါစေ!
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
နိုင်ငံအချက်အလက်များ–
၁၉၉၄ လုပ်ငန်းတော်နှစ်
အများဆုံးသက်သေခံဦးရေ–၁၂,၈၆၇
အချိုး–သက်သေခံ ၁ လျှင် ၂၇၁
အောက်မေ့ပွဲတက်ရောက်သူဦးရေ–၂၄,၄၃၆
ပျမ်းမျှရှေ့ဆောင်ကြေညာသူများ–၁,၃၈၆
ပျမ်းမျှကျမ်းစာသင်အံမှုများ–၇,၅၁၉
နှစ်ခြင်းခံသူဦးရေ–၅၆၈
အသင်းတော်များအရေအတွက်–၁၅၈
ဌာနခွဲရုံး–မာနူးရီဝါး
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
၁၉၃၀ ခုနှစ်ခန့်က ရှေ့ဆောင်များ လယ်ကွင်းသို့အထွက်
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
မာနူးရီဝါးရှိ ဌာနခွဲအဆောက်အအုံများ
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ဩလန်မြို့ ဒဲဗင်ဆိပ်ကမ်းတွင် ဘုရားသခင့်နိုင်ငံတော်သတင်းပြောဟောခြင်း