ကမ္ဘာတစ်ဝန်းယေဟောဝါသက်သေများ—ဗဟားမားစ်ကျွန်းစု
ဓနသဟာယအဖွဲ့ဝင်ဖြစ်သည့် ဗဟားမားစ်ကျွန်းစုသည် ကျွန်းငယ်ပေါင်း ၃,၀၀၀ ဖြင့်ဖွဲ့စည်းထားပြီး ဖလော်ရီဒါပြည်နယ်နှင့် ကျူးဘားနိုင်ငံအကြား မိုင် ၅၅၀ မျှရှည်လျားသော စိမ်းပြာရောင်ပင်လယ်ပြင်ကြီးကိုဖြတ်လျက် သန္တာလည်ဆွဲသဖွယ် တည်ရှိပေသည်။ ၎င်း၏ ၂၆၇,၀၀၀ မျှသော နေထိုင်သူများအတွင်း ဘုရားနိုင်ငံတော်ကြွေးကြော်သူများ၏ သံပြိုင်တေးဟစ်ကြွေးသံသည် ပို၍ပို၍ကျယ်လောင်လာနေသည်။ ၎င်းတို့၏ချီးမွမ်းကျူးရင့်သံက ဟေရှာယ ၄၂:၁၀-၁၂ ကိုသတိရစေသည်– “ပင်လယ်ကိုကူးသောသူမှစ၍ ပင်လယ်၌ရှိသမျှတို့နှင့်တကွ တစ်ကျွန်းတစ်နိုင်ငံအရပ်သား၊ ထိုအရပ်၌နေသောသူများတို့၊ ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့။ မြေကြီးစွန်းတို့မှ ဂုဏ်တော်ကိုချီးမွမ်းကြလော့။ တောနှင့်တကွ တော၌ရှိသောမြို့ရွာ၊ ကေဒါအရပ်သားတို့သည် ကြွေးကြော်ကြစေ။ တောင်ထိပ်ပေါ်ကကြွေးကြော်ကြစေ။ ထာဝရဘုရားကိုချီးမြှောက်၍ တစ်ကျွန်းတစ်နိုင်ငံသားတို့၌ ဂုဏ်တော်ကို ထင်ရှားစွာချီးမွမ်းကြစေ။”
ယုံကြည်ခြင်းအသစ်စိန်ခေါ်ခံရ
၁၉၉၂ ခုနှစ်၊ ဇူလိုင်လအတွင်းက မှန်မှန်ရှေ့ဆောင် (အချိန်ပြည့်ဘုရားနိုင်ငံတော်ဟောပြောသူ) ညီအစ်ကိုတစ်ဦးသည် အလုပ်အသိအကျွမ်းတစ်ဦးအား သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် ဟူသော ကျမ်းစာလေ့လာမှုအထောက်အကူပြုစာအုပ်ကို ဝေငှခဲ့သည်။ ထိုသူက ၎င်းကိုဖတ်ရှုပြီးနောက် “ဒီဘာသာတော့ ငါစူးစမ်းလေ့လာရဦးမယ့်ဘာသာပဲ” ဟု မိမိကိုယ်ကိုဆိုခဲ့သည်။ ထိုနောက်ပိုင်း တနင်္ဂနွေနှစ်ရက်တွင် သီးခြားစီတည်ရှိသော ယေဟောဝါသက်သေများ၏ နိုင်ငံတော်ခန်းမများသို့ ဝတ်ပြုစည်းဝေးတက်ရောက်ခဲ့သည်။ ၎င်းနောက် သူ့အားကျမ်းစာစ၍သင်ပေးကြသည်။ သို့သော် ခြောက်လမျှသာရှိသေးသည်။ သူ၏ယုံကြည်ခြင်းအသစ်ကို စမ်းသပ်မည့်စိန်ခေါ်မှုတစ်ခု ပေါ်ပေါက်လာလေသည်။ ယင်းမှာ မွေးနေ့ပွဲကျင်းပရေးကိစ္စပင်တည်း။
ထိုသူ၏မိသားစုမှာ ယင်းသို့သောပွဲများကို လွန်စွာအလေးထားသူများဖြစ်ကြသည်။ သို့ရာတွင် ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို နှစ်သက်မြတ်နိုးသောစိတ်က သူ့အား သမ္မာကျမ်းစာသင်ခန်းစာများကို ဆက်လက်လေ့လာသင်ကြားစေခဲ့သည်။ ကျမ်းစာသမ္မာတရားဆိုင်ရာအသိပညာ တိုးပွားလာသည်နှင့်အမျှ သူသည် မွေးနေ့ပွဲကျင်းပခြင်းအပါအဝင် လောကီအားလပ်ပွဲနေ့များနှင့် ၎င်းတို့အပေါ် ယေဟောဝါရှင်၏ရှုမြင်ပုံတို့ကို တိုး၍သိနားလည်လာလေသည်။
သူ၏ချစ်ဇနီးက ဖခင်များနေ့အတွက် မိတ်ဆုံပွဲစီစဉ်ကျင်းပသည်ကို ပါဝင်ရန် ယဉ်ကျေးစွာငြင်းဆိုခဲ့သည်။ သို့သော်လည်း သူသည် သူမကိုမချစ်တော့ဘဲ သူမနှင့်မိသားစုထက် သူ၏ဘာသာတရားကို ပို၍ဦးစားပေးနေသည်ဟု သူ၏ဇနီးသည်က ထင်မြင်လာသည်။ သူက သမ္မာကျမ်းစာမှ လေ့လာနားလည်ထားသည့်အရာများကို ကျင့်သုံးခြင်းက သူ့အား ပို၍ကောင်းသောခင်ပွန်းနှင့် ပို၍ကောင်းသောဖခင်တစ်ဦးဖြစ်လာစေကြောင်း ကြင်နာစွာရှင်းပြသည်။ နောက်ဆုံး ကျမ်းစာအမှန်တရားအပေါ် သူ၏စွဲလမ်းမြတ်နိုးမှုကို သူ၏ဇနီးသည်က သဘောပေါက်တန်ဖိုးထားလာပြီး ကိုယ်တိုင်လည်းလေ့လာရန် သဘောတူလိုက်လေသည်။ ယခုသူသည် သူ၏မိသားစုကို ကျမ်းစာသင်တန်းပေးနေပါပြီ။ ပြီးခဲ့သည့်နှစ် “မြင့်မြတ်သောသွန်သင်ခြင်း” ခရိုင်စည်းဝေးပွဲကြီးအတွင်းကဆိုလျှင် သူမည်မျှပျော်ရွှင်အားရခဲ့ပါသနည်း။ သူနှစ်ခြင်းခံသည်ကို သူ၏ချစ်ဇနီးနှင့် သမီးတို့က ပါဝင်အားပေးရှုစားခဲ့ကြပေသည်။
ပြောင်းရွှေ့လာသူများ တေးသစ်ကို ကြားကြရခြင်း
ဗဟားမားစ်လူ့အဖွဲ့အစည်းတွင် ဟေတီလူမျိုးလာရောက်ပြောင်းရွှေ့နေထိုင်သူ ထောင်ပေါင်းများစွာ ပါဝင်ရောနှောလျက်ရှိသည်။ သူတို့လည်း ဘုရားနိုင်ငံတော်သမ္မာတရားဆိုင်ရာတေးသစ်ကို ကြားသိရန်လိုအပ်ပါသည်။ ဟေတီ-အမေရိကန်စပ်စုံတွဲများရောက်ရှိလာသည့်အတွက် ဗဟားမားစ်ကျွန်းစုရှိသက်သေခံများ ကျေးဇူးတင်ကြပါသည်။ ဤသူတို့က ဂရင်းဗဟားမားစ်နှင့် အေဘာကိုကျွန်းပေါ်တွင် သစ်သစ်လွင်လွင်တည်ထောင်ထားသော ဟေတီအုပ်စုများကို အားပေးခိုင်ခန့်စေကြပါသည်။
ဘုရားနိုင်ငံတော်သတင်းတရားကို စိတ်ဝင်စားသော ဟေတီလူမျိုးများအတွက် နောက်ထပ်အထောက်အကူတစ်ရပ်အနေနှင့် ဗဟားမားစ်ကျွန်းစုတွင် ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်သော ဟေတီယန်ခရီအိုလ်ခရိုင်စည်းဝေးပွဲကြီးကို ၁၉၉၃ ခုနှစ်၊ ဇူလိုင်လ ၃၁ မှ ဩဂုတ်လ ၁ ရက်နေ့အထိ ကျင်းပခဲ့ပေသည်။ ထိုတွင် အများဆုံးတက်ရောက်သူအရေအတွက် ၂၁၄ ယောက်ရှိပြီး မကြာသေးခင်က မိမိကိုယ်ကိုဆက်ကပ်အပ်နှံသူသုံးယောက် နှစ်ခြင်းခံယူကြလေသည်။ သမ္မာတရားကို ဗဟားမားစ်ကျွန်းစုတွင် ရရှိကြသည့် ဟေတီလူမျိုးများစွာတို့သည် မိမိတို့၏ဇာတိကျွန်းမြေသို့ ပြန်သွားကြသည်။ အချို့မှာ အခြားဒေသတစ်ခုခုသို့ ပြောင်းရွှေ့နေထိုင်ကြသည်။ ဤသို့ဖြင့် ၎င်းတို့သည် ယေဟောဝါရှင်အား အသံလွှင့်လျက်ချီးမွမ်းကျူးဧရာ၌ ဒေသခံသက်သေခံများနှင့် တစ်တပ်တစ်အားပူးပေါင်းပါဝင်ကြလေသည်။
[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]
နိုင်ငံ့စာရင်းဇယား
၁၉၉၃ လုပ်ငန်းတော်နှစ်a
သက်သေခံအများဆုံးအရေအတွက်–၁,၂၉၄
အချိုး–သက်သေခံ ၁ လျှင် ၁၉၇
သတိရအောက်မေ့ပွဲတက်ရောက်သူအရေအတွက်–၃,၇၉၄
ပျမ်းမျှရှေ့ဆောင်ကြေညာသူများ–၁၈၆
ပျမ်းမျှကျမ်းစာသင်အံမှုများ–၁,၇၁၅
နှစ်ခြင်းခံသူအရေအတွက်–၇၉
အသင်းတော်များအရေအတွက်–၂၂
ဌာနခွဲရုံး–နာဆော
[အောက်ခြေမှတ်ချက်များ]
a ပိုမိုသိရှိရန်အတွက် ယေဟောဝါသက်သေများ၏ ၁၉၉၄ ပြက္ခဒိန်ကိုရှု။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ဌာနခွဲရုံးနှင့် သာသနာပြုအိမ်နှင့်အတူ ပထမဆုံးနိုင်ငံတော်ခန်းမ
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
လွန်ခဲ့သော ၄၅ နှစ်ခန့်က နာဆောတွင် မီလ်တင် ဂျီ. ဟင်ရှယ်လ်နှင့် နေသန် အိပ်ချ်. နောရ်၊ သာသနာပြုများနှင့်အတူ
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
သက်သေခံများ သတင်းကောင်းကို ဇွဲနပဲနှင့်ကြေညာကြ
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ဌာနခွဲရုံးအသစ်၊ ၁၉၉၂ ဖေဖော်ဝါရီ ၈ ၌ အပ်နှံခဲ့