စာရှုသူများထံမှမေးခွန်းလွှာ
ဩဂုတ် ၁၅၊ ၁၉၉၆၊ “ကင်းမျှော်စင်” ၌ “ဘေးဒုက္ခ၏နိဂုံးပိုင်းတွင် ယေဟောဝါဘက်တော်သို့ပြေးဝင်သော ‘လူများ’ သည်ကယ်တင်ခံရလိမ့်မည်” ဟုဆိုထားသည်။ ယင်းက ကြီးစွာသောဒုက္ခခြင်းပထမပိုင်းပြီးသည်နှင့်လူသစ်များစွာ ဘုရားသခင်ဘက်တော်သို့ လာကြလိမ့်မည်ဟုဆိုလိုနေခြင်းလော။
ထိုသို့ဆိုလိုနေခြင်းမဟုတ်ပါ။
မဿဲ ၂၄:၂၂ ၌တွေ့ရသော ယေရှု၏စကားများသည် ဘာသာရေးကိုတိုက်ခိုက်သည့် လာမည့်ကြီးစွာသောဒုက္ခ၏ပထမပိုင်းတွင် ကယ်တင်ခံရခြင်းဖြင့် အဓိကပြည့်စုံလာမည်။ ဆောင်းပါးက ဤသို့ဆိုသည်– “ဘိသိက်ခံအကြွင်းအကျန်နှင့် ‘လူအုပ်ကြီး’ တို့ပါဝင်သော ‘လူများ’ သည် ဘေးဒုက္ခကြီး၏ ပထမပိုင်း၌ မဟာဗာဗုလုန် အလျင်အမြန်နှင့် လုံးလုံးကျဆုံးသောအချိန်တွင် ကယ်တင်ခံထားရပြီးဖြစ်မည်ဖြစ်ကြောင်း အမှတ်ရပါ။”
ယေရှုနှင့် ကိုယ်တော်၏ ကောင်းကင်စစ်တပ်တို့လုပ်ဆောင်သော ဘေးဒုက္ခ၏နောက်ဆုံးပိုင်းတွင် ထိုသစ္စာရှိသူများသည် ဘေးအန္တရာယ်ကိုတွေ့ ကြုံရမည်မဟုတ်ပါ။ သို့သော် ထိုဘေးဒုက္ခအပိုင်းကို မည်သူများကပ်ကျော်မည်နည်း။ မြေကြီးမျှော်လင့်ချက်ရှိသော လူအုပ်ကြီးသည် ကယ်တင်ခြင်းခံရမည်ဟု ဗျာဒိတ် ၇:၉၊ ၁၄ ကဖော်ပြသည်။ ဝိညာဉ်တော်ဖြင့် ဘိသိက်ခံရသောခရစ်ယာန်များကော အသို့နည်း။ ဩဂုတ် ၁၅၊ ၁၉၉၀၊ ကင်းမျှော်စင် မှ “စာရှုသူများထံမှမေးခွန်းလွှာ” တွင် ဘိသိက်ခံအကြွင်းအကျန်များ ကောင်းကင်သို့ခေါ်ဆောင်ခံရမည့်အချိန်နှင့်ပတ်သက်၍ အဘယ်ကြောင့် ကျွန်ုပ်တို့တရားသေမယူမှတ်နိုင်ကြောင်း ဆွေးနွေးထားသည်။ ထို့ကြောင့် မကြာသေးမီကဆောင်းပါး (ဩဂုတ် ၁၅၊ ၁၉၉၆) ကထိုကိစ္စကိုအတိအကျမဟုတ်ဘဲ “ထိုနည်းတူ ဘေးဒုက္ခ၏နိဂုံးပိုင်းတွင် ယေဟောဝါဘက်တော်သို့ပြေးဝင်သော ‘လူများ’ သည်ကယ်တင်ခံရလိမ့်မည်” ဟုခြုံငုံ၍ သုံးသပ်ထားသည်။
ကြီးစွာသောဒုက္ခစတင်ပြီးနောက် လူသစ်များသမ္မာတရားကိုသင်ယူ၍ ဘုရားသခင်ဘက်သို့ပြေးဝင်သူရှိမရှိနှင့်ပတ်သက်၍ မဿဲ ၂၄:၂၉-၃၁ ၌ဖော်ပြထားသော ယေရှု၏စကားကိုသတိပြုပါ။ ဘေးဒုက္ခရုတ်တရက်ဖြစ်ပွားပြီးနောက် လူသား၏နိမိတ်လက္ခဏာ ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူမျိုးအပေါင်းတို့သည် ရင်ဘတ်စည်တီးငိုကြွေးမြည်တမ်းကြလိမ့်မည် ဟုယေရှုမိန့်တော်မူခဲ့သည်။ လူတို့သည် အခြေအနေကိုအမြင်မှန်ရလာပြီး နောင်တရကာ ဘုရားသခင်ဘက်ရပ်တည်လာ၍ စစ်မှန်သောတပည့်တော်များ ဖြစ်လာမည့်အကြောင်း ကိုယ်တော်မပြောထားပါ။
အလားတူစွာ၊ သိုးနှင့် ဆိတ်ပုံဥပမာ၌ လူသားပေါ်ထွန်းလာ၍ လူတို့အတိတ်တွင်ပြုလုပ်ခဲ့သည့်အရာ သို့မဟုတ် မပြုခဲ့သည့်အရာများပေါ်မူတည်၍ တရားမျှတစွာခွဲခြားတော်မူမည်။ ကြာမြင့်စွာကပင် ဆိတ်ကဲ့သို့သဘောသဘာဝရှိသူများသည် ရုတ်တရက်ပြောင်းလဲ၍ သိုးကဲ့သို့ဖြစ်လာကြသည်ဟု ကိုယ်တော်မိန့်တော်မမူခဲ့ချေ။ ကိုယ်တော်သည် လူတို့တင်ပြနှင့်ပြီးသား အနေအထားပေါ်မူတည်၍ တရားစီရင်တော်မူမည်။—မဿဲ ၂၅:၃၁-၄၆။
မည်သို့ဆိုစေကာမူ ဤကိစ္စတွင်လည်း တရားသေယူမှတ်စရာ အကြောင်းမရှိချေ။ ဘိသိက်ခံများနှင့် လူအုပ်ကြီးတို့ပါဝင်သည့် ဘုရားသခင့်လူမျိုးတော်သည် ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတည်းဟူသော သူတို့ယခုပြုလုပ်ရမည့်အရာကို သိထားကြသည်။ (မဿဲ ၂၈:၁၉၊ ၂၀; မာကု ၁၃:၁၀) “သင်တို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို အကျိုးမဲ့မခံကြနှင့်ဟု ငါတို့သည်အမှုတော်ကိုဆောင်ရွက်သောသူချင်းဖြစ်၍ သင်တို့ကိုနှိုးဆော်သွေးဆောင်ပါ၏။ ဗျာဒိတ်တော်အချက်ဟူမူကား၊ နှစ်သက်ဖွယ်သောအချိန်၌ သင်၏စကားကိုငါနားထောင်ပြီ။ ကယ်တင်ရာနေ့ရက်ကာလ၌ သင့်ကိုငါမစပြီဟုလာသည်နှင့်အညီ ယခုပင်နှစ်သက်ဖွယ်သောအချိန်ရှိ၏။ ယခုပင် ကယ်တင်ရာနေ့ရက်ကာလရှိ၏” ဟူသည့်တိုက်တွန်းချက်ကို ကျွန်ုပ်တို့နှလုံးသွင်းရမည့်အချိန်မှာ ယခုပင်ဖြစ်သည်။—၂ ကောရိန္သု ၆:၁၊ ၂။