‘ထိုအရာတို့ အဘယ်အချိန်တွင်ဖြစ်မည်ကို ကျွန်ုပ်တို့အားမိန့်တော်မူပါ’
“အသစ်သောအရာတို့ကို ယခုငါဟော၏။ မပေါ်လာမီ သင်တို့အား ငါပြနှင့်၏။” —ဟေရှာယ ၄၂:၉။
၁၊ ၂။ (က) အနာဂတ်အကြောင်း ယေရှု၏တမန်တော်များ အဘယ်အရာကိုမေးမြန်းခဲ့သနည်း။ (ခ) စုပေါင်းနိမိတ်တစ်ခုနှင့်ပတ်သက်သည့် ယေရှု၏အဖြေသည် မည်သို့ပြည့်စုံခဲ့သနည်း။
‘အ ဦးမှစ၍ အဆုံးတိုင်အောင် ဖော်ပြတော်မူသောအရှင်’ ယေဟောဝါဘုရားသခင်ထံတော်မှ မြင့်မြတ်သောသွန်သင်ခြင်း ပေါ်ထွက်လာသည်။ (ဟေရှာယ ၄၆:၁၀) ရှေ့ဆောင်းပါးမှ တင်ပြသည့်အတိုင်း တမန်တော်များသည် ထိုသွန်သင်ခြင်းမျိုးကို ယေရှုထံတွင် တောင်းဆိုသည့်အနေနှင့် ကိုယ်တော်အားဤသို့မေးသည်– “ထိုအမှုအရာတို့သည် အဘယ်ကာလမှဖြစ်မည်ကိုလည်းကောင်း၊ ထိုအမှုအရာရှိသမျှတို့သည် ပြည့်စုံချိန်နီးသောအခါ အဘယ်ပုဗ္ဗနိမိတ်ပေါ်ထွန်းမည်ကိုလည်းကောင်း အမိန့်ရှိတော်မူပါ။”—မာကု ၁၃:၄။
၂ ဖြေကြားရာတွင် ဂျူးအစီအစဉ်စနစ် မကြာမီကုန်ဆုံးတော့မည်ကို သက်သေပြုသည့်အဖြစ်အပျက်များပါဝင်သော စုပေါင်း “နိမိတ်” တစ်ခုကို ယေရှုဖော်ပြခဲ့သည်။ ယင်းသည် စီ.အီး. ၇၀ ယေရုရှလင်မြို့ပျက်စီးခြင်းအားဖြင့် ပြည့်စုံခဲ့သည်။ သို့သော် ယေရှု၏ပရောဖက်ပြုချက်သည် အချိန်ကာလကြာရှည်ပြီးနောက်မှ အကြီးစားပြည့်စုံမည်ဖြစ်သည်။ “တစ်ပါးအမျိုးသားတို့၏အချိန်ကာလ” သည် ၁၉၁၄ ခုနှစ်တွင် ကုန်ဆုံးသည်နှင့်တစ်ပြိုင်နက် လက်ရှိဆိုးသွမ်းသည့်အစီအစဉ်စနစ် မကြာမီ “ကြီးစွာသောဒုက္ခ” တွင် နိဂုံးချုပ်မည်ကို တင်ပြသောနိမိတ်တစ်ခုသည် ကြီးမားသည့်အတိုင်းအတာဖြင့် ထင်ရှားလာမည်။a(လုကာ ၂၁:၂၄) ဤနိမိတ်သည် ၂၀ ရာစုအတွင်းဖြစ်ပွားသော ကမ္ဘာစစ်များနှင့် အခြားထူးကဲသည့် အဖြစ်အပျက်များအားဖြင့် ပြည့်စုံကြောင်းကို ယနေ့အသက်ရှင်သော လူသန်းပေါင်းများစွာတို့က အခိုင်အမာပြောဆိုနိုင်ကြသည်။ ယင်းတို့သည် ယေရှုပရောဖက်ပြုချက်၏ အဓိကပြည့်စုံခြင်းကိုလည်း မှတ်သားဖော်ပြ၍ ဤမျက်မှောက်ခေတ်ပြည့်စုံချက်ကို စီ.အီး. ၃၃ မှ ၇၀ ခုနှစ်များအတွင်း ဖြစ်ပျက်သည့်အဖြစ်အပျက်များက ပုံတင်ပြခဲ့သည်။
၃။ အခြားနိမိတ်တစ်ခုအကြောင်း ပြောဆိုရာတွင် အဘယ်ထပ်ဆင့်ဖြစ်စဉ်များအကြောင်း ယေရှုကြိုတင်ဟောသနည်း။
၃ လုကာက တစ်ပါးအမျိုးသားကာလ ကုန်ဆုံးချိန်ကို ဖော်ပြပြီးနောက် မဿဲ၊ မာကု နှင့် လုကာ၏ အပြိုင်မှတ်တမ်းများတွင် ‘ဤအစီအစဉ်စနစ်ဆုံးခန်း’ ၏ စုပေါင်းနိမိတ်၌ ထပ်ဆင့် “နိမိတ်” ပါဝင်သောဖြစ်စဉ်တန်းကို ဆက်လက်ဖော်ပြသည်။ (မ. ၂၄:၃၊ ကဘ) (စာမျက်နှာ ၁၅ တွင် မှတ်တမ်းပါ ဤအချက်ကို နှစ်ကြောင်းမျဉ်းဖြင့် ဖော်ပြထား၏။) မဿဲက ဤသို့ဆိုသည်– “ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက် ရုတ်ခနဲ နေသည်မိုက်လိမ့်မည်။ လသည်အရောင်ကိုမပေး။ ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ၍ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက် မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။ လူသားသည် မိမိတမန်တို့ကိုစေလွှတ်၍ တံပိုးခရာကို ပြင်းစွာမှုတ်စေတော်မူသဖြင့် သူတို့သည် ရွေးချယ်တော်မူသောသူတို့ကို အရပ်လေးမျက်နှာ၊ ကောင်းကင်အောက် ထက်ဝန်းကျင်တို့မှ ခေါ်၍ စုရုံးကြလတ္တံ့။”—မဿဲ ၂၄:၂၉-၃၁။
ဒုက္ခဆင်းရဲခြင်းနှင့် ကောင်းကင်ဆိုင်ရာ အမှတ်လက္ခဏာ
၄။ ယေရှုဖော်ပြသည့် ကောင်းကင်ဆိုင်ရာအမှတ်လက္ခဏာနှင့်စပ်လျဉ်း၍ အဘယ်မေးခွန်းများ ပေါ်ပေါက်လာသနည်း။
၄ ဤစကားများ မည်သည့်အချိန်တွင် ပြည့်စုံမည်နည်း။ ခရစ်ဝင်ကျမ်းမှတ်တမ်း သုံးခုစလုံးက ကောင်းကင်ဆိုင်ရာအမှတ်လက္ခဏာဟု ဆိုနိုင်သည့်အရာများကို ဖော်ပြထားသည်– နေနှင့်လတို့သည် မှောင်ကျပြီး ကြယ်များကြွေကျမည်။ ယင်းသည် “ဒုက္ခဆင်းရဲခြင်း” နောက် ဆက်၍ ဖြစ်ပျက်မည်ဟု ယေရှုပြောခဲ့သည်။ ယေရှုသည် စီ.အီး. ၇၀ ခုနှစ်တွင် အထွတ်အထိပ်ရောက်သော ဒုက္ခဆင်းရဲခြင်းကို ရည်မှတ်ပြောဆိုနေခြင်းလော၊ သို့မဟုတ် ကျွန်ုပ်တို့ခေတ်အထိတိုင်အနာဂတ်တွင် ဖြစ်မည့်ကြီးစွာသောဒုက္ခကို ကိုယ်တော်ပြောဆိုနေခြင်းလော။—မဿဲ ၂၄:၂၉; မာကု ၁၃:၂၄။
၅။ မျက်မှောက်ခေတ် ဒုက္ခဆင်းရဲခြင်းနှင့်စပ်လျဉ်း၍ တစ်ချိန်က အဘယ်သဘောထားပိုက်ခဲ့သနည်း။
၅ တစ်ပါးအမျိုးသားတို့၏အချိန်ကာလသည် ၁၉၁၄ ခုနှစ်တွင်ကုန်ဆုံးကတည်းက ဘုရားသခင့်လူများသည် “ကြီးစွာသောဒုက္ခ” ကို ထက်သန်စွာ စိတ်ဝင်စားလာခဲ့ကြသည်။ (ဗျာဒိတ် ၇:၁၄၊ ကဘ) မျက်မှောက်ခေတ် ကြီးစွာသောဒုက္ခသည် ပထမကမ္ဘာစစ်ကြီးဖြစ်ချိန်နှင့်အတူ စတင်ပြီးနောက် ဝင်ဖြတ်တောက်သည့် စပ်ကြားကာလ ပေါ်လာ၍ နောက်ဆုံး နိဂုံးချုပ်အပိုင်းသည် “အနန္တတန်ခိုးရှင်ဘုရားသခင်၏ နေ့ကြီး၌ တိုက်သောစစ်ပွဲ” (ကဘ) တွင် ဖြစ်မည်ဟု နှစ်ချီ၍ ယူမှတ်ခဲ့ကြပါသည်။ ထိုသို့သာဖြစ်မည်ဆိုလျှင် “ဤစနစ်ဆုံးခန်း” (ကဘ) ၏ကြားကာလ နှစ်ရာစုများအတွင်း အဘယ်အမှုများ ဖြစ်ပျက်မည်နည်း။—ဗျာဒိတ် ၁၆:၁၄; မဿဲ ၁၃:၃၉; ၂၄:၃; ၂၈:၂၀။
၆။ ကောင်းကင်ဆိုင်ရာအမှတ်လက္ခဏာနှင့်စပ်လျဉ်းသည့် ယေရှုပရောဖက်ပြုချက်၏ပြည့်စုံခြင်းကား မည်သို့ဖြစ်သည်ဟု ယူမှတ်ခဲ့သနည်း။
၆ ဤကြားကာလအတွင်း စုသိမ်းခံရသော ဘုရားသခင့်လူမျိုး၏ ဟောပြောခြင်းလုပ်ငန်းအပါအဝင် စုပေါင်းနိမိတ်ကို တွေ့မြင်ရလိမ့်မည်ဟု ယူမှတ်ခဲ့ကြသည်။ ၁၉၁၄-၁၉၁၈ တွင် စတင်ဖြစ်ပျက်ခဲ့သည့်အမှုပြီးနောက် ကြားကာလအတွင်း ကြိုတင်ဟောထားသည့် ကောင်းကင်ဆိုင်ရာအမှတ်လက္ခဏာကို ကြုံတွေ့ရမည်ဟူ၍လည်း ထင်မှတ်စရာအကြောင်းရှိသည်။ (မဿဲ ၂၄:၂၉; မာကု ၁၃:၂၄၊ ၂၅; လုကာ ၂၁:၂၅) ကောင်းကင်ရှိ ပကတိအရာများ—အာကာသ စူးစမ်းရေးဂြိုဟ်တုများ၊ ဒုံးပျံများ၊ ကောစ္စမစ်ခ် သို့မဟုတ် ဂါမာရောင်ခြည်များ၊ လပေါ်သို့ ဆင်းသက်ခြင်း သို့မဟုတ် အခြေချစခန်းများ တည်ထောင်ခြင်း—ကိုအာရုံစူးစိုက်ခဲ့ကြသည်။
၇။ ကြီးစွာသောဒုက္ခနှင့်စပ်လျဉ်းသည့် အဘယ်နောက်ဆုံးနားလည်ချက်ကို တင်ပြထားခဲ့ပြီနည်း။
၇ သို့သော် ၁၉၇၀၊ ဇန်နဝါရီ ၁၅ ကင်းမျှော်စင်က အထူးသဖြင့် လာလတ္တံ့သော ကြီးစွာသောဒုက္ခဆိုင်ရာ ယေရှု၏ပရောဖက်ပြုချက်ကို ပြန်စစ်ဆေးလေ့လာခဲ့ပါသည်။ ပထမရာစု၌ ဖြစ်ပျက်ခဲ့သည့်အမှုကိုထောက်၍ ၁၉၁၄-၁၉၁၈ တွင် စတင်ဖြစ်ပျက်သည့်အပိုင်းကဏ္ဍ၊ ရာစုနှစ်ကြာ ကြားကာလ၊ ပြီးနောက် များမကြာမီက ပြန်ဖြစ်ပေါ်လာသည့်အဖြစ်အပျက် ဟူသည့်အပိုင်းများ မျက်မှောက်ခေတ် ဒုက္ခဆင်းရဲခြင်း၌ မရှိနိုင်ကြောင်း ဖော်ပြပါသည်။ ထိုမဂ္ဂဇင်းက အဆုံးတွင် ဤသို့တင်ပြသည်– “နောက်၌လည်း မဖြစ်လတ္တံ့သော ‘ကြီးစွာသောဒုက္ခ’ သည် ဖြစ်လတ္တံ့ကြောင်း၊ အကြောင်းမူကား ယင်းသည် (ခရစ်ယာန်ဘောင်အပါအဝင်) ဗာဗုလုန်ဘာသာရေးဆိုင်ရာ ကမ္ဘာ့အင်ပါယာ ပျက်စီးပြီးနောက် ‘အာမဂေဒုန်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏နေ့ကြီး၌တိုက်သော စစ်ပွဲ’ ဖြစ်သောကြောင့်တည်း။”
၈။ မျက်မှောက်ခေတ် ကြီးစွာသောဒုက္ခနှင့်စပ်လျဉ်းသည့် နောက်ဆုံးနားလည်ထားရသည့်အချက် ရရှိထားရာ မဿဲ ၂၄:၂၉ ကိုမည်သို့ရှင်းပြခဲ့သနည်း။
၈ သို့သော် မဿဲ ၂၄:၂၉ တွင် ကောင်းကင်ဆိုင်ရာအမှတ်လက္ခဏာတို့သည် “ဒုက္ခဆင်းရဲခြင်းပြီးသည်နှင့်တစ်ပြိုင်နက်” ရောက်ရှိလာမည်ဟု ဖော်ပြထားသည်။ ယင်းသည်မည်သို့ဖြစ်နိုင်မည်နည်း။ ဤတွင်ဖော်ပြသည့်ဒုက္ခဆင်းရဲခြင်းသည် စီ. အီး. ၇၀ တွင်အထွတ်အထိပ်ရောက်သောဒုက္ခဆင်းရဲခြင်းကို ဆိုလိုနေခြင်းဖြစ်သည်ဟု ၁၉၇၅ ခု၊ မေလ ၁ ရက်ထုတ် ကင်းမျှော်စင် (လိပ်) ကဆိုထားသည်။ သို့သော် စီ. အီး. ၇၀ အဖြစ်အပျက်ပြီးသည်နှင့် “တစ်ပြိုင်နက်” ကျွန်ုပ်တို့ခေတ်ရှိ ကောင်းကင်ဆိုင်ရာအမှတ်လက္ခဏာဆက်ဖြစ်သည်ဟု မည်သည့်သဘောဖြင့် ပြောနိုင်သနည်း။ ဘုရားသခင့်မျက်မှောက်တော်တွင် ဤအတောအတွင်း ကြာညောင်းသည့် နှစ်ရာစုများသည် အလွန်တိုတောင်းသောအချိန်ဖြစ်သည်ဟု ဆင်ခြင်သုံးသပ်နိုင်သည်။ (ရောမ ၁၆:၂၀; ၂ ပေတရု ၃:၈) မည်သို့ဆိုစေ ဤပရောဖက်ပြုချက်၊ အထူးသဖြင့် မဿဲ ၂၄:၂၉-၃၁ ကို သာ၍လေးလေးနက်နက်စစ်ဆေးကြည့်လျှင် ခြားနားသည့်ရှင်းလင်းချက်ကို ထောက်ပြသည်။ အလင်းသည် “နေ့ခင်းတိုင်အောင် တိုးတက်၍ ထွန်းတောက်” ကြောင်းကို ယင်းက သရုပ်ပေါ်စေသည်။ (သု. ၄:၁၈၊ သမ)bဤတွင် ရှင်းလင်းချက်အသစ် သို့မဟုတ် ပြုပြင်ထားသောရှင်းပြချက်သည် အဘယ်ကြောင့် လျောက်ပတ်ကြောင်းကို သုံးသပ်ကြည့်ကြစို့။
၉။ ကောင်းကင်၌ဖြစ်စဉ်များနှင့်စပ်လျဉ်းသည့် ယေရှု၏စကားများအတွက် ဟေဗြဲကျမ်းစာစောင်များက နောက်ခံအကြောင်းကို မည်သို့တင်ပြပေးသနည်း။
၉ ‘နေသည်မိုက်၍ လသည်အရောင်ကိုမပေး၊ ကြယ်များကျမည့်’ အကြောင်း ပရောဖက်ပြုချက်ကို ယေရှုက မိမိ၏တမန်တော်လေးပါးအား ပေးခဲ့သည်။ ဂျူးများအနေနှင့် ထိုအသုံးအနှုန်းကို ဟေဗြဲ ကျမ်းစာစောင်များတွင်၊ ဥပမာ၊ ဇေဖနိ ၁:၁၅ ၌ ဘုရားသခင်တရားစီရင်ရာနေ့ရက်ကို “ထိုနေ့သည် အမျက်ထွက်သောနေ့၊ ဆင်းရဲပူပန်ခြင်းကို ခံရသောနေ့၊ သုတ်သင်ပယ်ရှင်း ဖျက်ဆီးရာနေ့၊ အလင်းကွယ်၍ မှောင်မိုက်သောနေ့၊ မိုးအုံ့၍ ထူထပ်သောမှောင်မိုက် ဖုံးလွှမ်းသောနေ့” ဟုဖော်ပြထားကြောင်း မှတ်မိကြပေမည်။ ဟေဗြဲပရောဖက်အသီးသီးတို့ကလည်း နေသည်မိုက်မည်၊ လသည်မလင်း၊ ကြယ်များသည် အရောင်မပေးဟု အလားတူဖော်ပြခဲ့ကြဖူးသည်။ ဗာဗုလုန်၊ ဧဒုံ၊ အီဂျစ်နှင့် မြောက်ပိုင်းဣသရေလနိုင်ငံတို့ကို ဆန့်ကျင်သည့် ဘုရားသခင့်ဆင့်ဆိုချက်များတွင် ထိုအသုံးအနှုန်းမျိုးကိုတွေ့ရှိနိုင်သည်။—ဟေရှာယ ၁၃:၉၊ ၁၀; ၃၄:၄၊ ၅; ယေရမိ ၄:၂၈: ယေဇကျေလ ၃၂:၂၊ ၆-၈; အာမုတ် ၅:၂၀; ၈:၂၊ ၉။
၁၀၊ ၁၁။ (က) ကောင်းကင်မှအရာများနှင့်စပ်လျဉ်း၍ ယောလ မည်သို့ပရောဖက်ပြုသနည်း။ (ခ) စီ.အီး. ၃၃ တွင်ယောလပရောဖက်ပြုချက်၏ အဘယ်အသွင်အပြင်များ ပြည့်စုံခဲ့သနည်း။ မပြည့်စုံသည့်အရာများကား အဘယ်နည်း။
၁၀ ယေရှုပြောသည့်စကားကို ကြားသောအခါ ပေတရုနှင့် အခြားတပည့်တော်သုံးဦးတို့သည် ယောလ ၂:၂၈-၃၁ နှင့် ၃:၁၅ တို့တွင်ပါဝင်သော ယောလ၏ပရောဖက်ပြုချက်ကို ပြန်သတိရခဲ့ဟန်ရှိသည်– “ထိုနောက်မှ လူမျိုးတကာတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ . . . မိုးကောင်းကင်၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း အံ့ဖွယ်သောအရာတည်းဟူသော သွေး၊ မီးလျှံ၊ မီးခိုးတိုင်တို့ကို ငါပြမည်။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏ ကြောက်မက်ဖွယ်သောနေ့ကြီးမတိုင်မီ နေသည် မှောင်မိုက်အတိဖြစ်လိမ့်မည်။ လသည်လည်း သွေးဖြစ်လိမ့်မည်။” “နေနှင့်လသည် မိုက်လိမ့်မည်။ ကြယ်တို့သည်လည်း မထွန်းလင်းဘဲနေကြလိမ့်မည်။”
၁၁ တမန်တော် ၂:၁-၄ နှင့် ၁၄-၂၁ တွင် ကျွန်ုပ်တို့ဖတ်ရသည့်အတိုင်း စီ. အီး. ၃၃ ခုနှစ်ပင်တေကုတ္တေပွဲနေ့တွင် ဘုရားသခင်သည် ယောက်ျားမိန်းမပါဝင်သော တပည့်တော် ၁၂၀ အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်းခဲ့သည်။ ယင်းသည် ယောလကြိုတင်ပြောထားသည့်အချက်ဖြစ်ကြောင်း တမန်တော်ပေတရုက အသိပေးဖော်ပြခဲ့သည်။ သို့သော် ‘နေသည်မိုက်မည်၊ လသည်အသွေးဖြစ်မည်၊ ကြယ်များအရောင်မပေး’ ဟူသော ယောလ၏စကားများကော အသို့နည်း။ ယင်းသည် စီ.အီး. ၃၃ တွင် သို့မဟုတ် နှစ်ပေါင်း ၃၀ ကျော်ကြာသည့် ဂျူးအစီအစဉ်စနစ် ဆုံးခန်းကာလအတောအတွင်း ပြည့်စုံခဲ့သည့်အထောက်အထား တစ်စုံတစ်ရာမျှမရှိခဲ့ပါ။
၁၂၊ ၁၃။ ယောလတင်ကြိုဟောခဲ့သည့် ကောင်းကင်ဆိုင်ရာအမှတ်လက္ခဏာ မည်သို့ပြည့်စုံခဲ့သနည်း။
၁၂ ယောလပရောဖက်ပြုချက်၏ နောက်အပိုင်းသည် “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏ ကြောက်မက်ဖွယ်သောနေ့ကြီးရောက်ရှိခြင်း”—ယေရုရှလင်ဖျက်ဆီးခြင်းနှင့် ပို၍အနီးကပ်ဆက်စပ်နေကြောင်း ထင်ရှားသည်။ ၁၉၆၆ ခု၊ နိုဝင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင် (လိပ်) က စီ. အီး. ၇၀ တွင် ယေရုရှလင်အပေါ်ကျရောက်ခဲ့သော ဒုက္ခဆင်းရဲခြင်းအကြောင်း ဤသို့ပြောထားသည်– “ယင်းသည် ယေရုရှလင်နှင့် သူမ၏သားသမီးများအတွက် ‘ယေဟောဝါ၏နေ့’ အမှန်ဖြစ်ခဲ့သည်။ ထိုနေ့နှင့်ပတ်သက်၍ ‘သွေးများ၊ မီးများနှင့် မီးခိုးထုများ’ များစွာဖြစ်ခဲ့သည်။ မြို့တော်တွင် နေ့အချိန်၌ နေ၏အလင်းရောင်ကိုမမြင်ရ၊ ညအချိန်တွင် လသည်လည်း သွေးရောင်လွှမ်းသကဲ့သို့ဖြစ်နေပြီး ကြည်လင်တောက်ပသည့်အလင်းရောင်ကိုမပေးနိုင်ခဲ့ချေ။”c
၁၃ မှန်ပါသည်။ ကျွန်ုပ်တို့မှတ်သားခဲ့ရသော အခြားပရောဖက်ပြုချက်များနှင့်အတူ ယောလကြိုဟောခဲ့သည့် ကောင်းကင်ဆိုင်ရာ အမှတ်လက္ခဏာသည်လည်း ယေဟောဝါတရားစီရင်သည့်အချိန်တွင် ပြည့်စုံရမည်ဖြစ်သည်။ နေ၊ လ၊ ကြယ်များ အမှောင်ကျခြင်းသည် ဂျူးအစီအစဉ်စနစ် နိဂုံးချုပ်သည့်ကာလတစ်လျှောက်လုံးအတွင်း ဖြစ်ပျက်ခြင်းမဟုတ်ဘဲ ယေရုရှလင်မြို့ကို သုတ်သင်ဖျက်ဆီးမည့် စစ်တပ်ရောက်ရှိလာသည့်အချိန်တွင် ဖြစ်ပျက်ခဲ့သည်။ ဆင်ခြင်တုံတရားအရ ယောလပရောဖက်ပြုချက်၏ ထိုအပိုင်းသည် လက်ရှိအစီအစဉ်စနစ်ကို ယေဟောဝါတရားစီရင်သည့်အချိန်တွင် အကြီးစားပြည့်စုံလာဦးမည်ကို ကျွန်ုပ်တို့မျှော်လင့်နိုင်သည်။
ကောင်းကင်ဆိုင်ရာ အမှတ်လက္ခဏာ မပေါ်မီ အဘယ်ဒုက္ခဆင်းရဲခြင်း ဖြစ်သနည်း
၁၄၊ ၁၅။ မဿဲ ၂၄:၂၉ ကိုနားလည်ရန် ယောလပရောဖက်ပြုချက်က မည်သို့အကျိုးသက်ရောက်သနည်း။
၁၄ (အလားတူအသုံးအနှုန်းများပါဝင်သော အခြားပရောဖက်ပြုချက်များနှင့်အညီ) ယောလပရောဖက်ပြုချက်၏ပြည့်စုံချက်က မဿဲ ၂၄:၂၉ ပါစကားများကို သဘောပေါက်စေသည်။ ယေရှုပြောခဲ့သည့် ‘နေသည်မိုက်မည်၊ လသည်အရောင်ကိုမပေး၊ ကြယ်များကျမည်’ ဟူသောအကြောင်းအရာများသည် လက်ရှိအစီအစဉ်စနစ်အဆုံးပိုင်းကာလ၊ ဆယ်စုနှစ်များတစ်လျှောက် ဖြစ်ပျက်သည့် အာကာသသို့ ဒုံးပျံများပစ်လွှတ်ခြင်း၊ လပေါ်သို့ဆင်းသက်ခြင်း စသည့်ကိစ္စများကို ရည်ညွှန်းနေခြင်းမဟုတ်ပါ။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏ ကြောက်မက်ဖွယ်သောနေ့ကြီး” ဖြစ်သည့် ရောက်ရှိလာမည့် ဖျက်ဆီးခြင်းနှင့်ပတ်သက်နေသည့် အဖြစ်အပျက်များကို ကိုယ်တော်ရည်ညွှန်းနေခြင်းဖြစ်သည်။
၁၅ ကောင်းကင်ဆိုင်ရာအမှတ်လက္ခဏာသည် “ဒုက္ခဆင်းရဲခြင်း ပြီးသည်နှင့်တစ်ပြိုင်နက်” ရောက်ရှိလာမည်ဖြစ်ကြောင်း ကျွန်ုပ်တို့နားလည်ရန် ယင်းက အကူအညီပေးသည်။ စီ.အီး. ၇၀ ခုနှစ်တွင် အဆုံးတိုင်ခဲ့သည့် ဒုက္ခဆင်းရဲခြင်းကို ယေရှုရည်ညွှန်းခဲ့ခြင်းမဟုတ်ပါ။ ယင်းအစား ဝေးလံသည့်ကာလတွင် ကမ္ဘာ့အစီအစဉ်စနစ်ပေါ်ကျရောက်မည့်၊ ကတိထားရာ ကိုယ်တော့် “ရောက်ရှိနေခြင်း” ကို အထွတ်အထိပ်ရောက်စေသော ကြီးစွာသောဒုက္ခ၏အစကို ကိုယ်တော်ညွှန်ပြနေခဲ့ခြင်းဖြစ်သည်။ (မဿဲ ၂၄:၃၊ ကဘ) ထိုဒုက္ခဆင်းရဲခြင်းသည် ကျွန်ုပ်တို့ရှေ့နား၌ ရှိနေတုန်းပင်။
၁၆။ မာကု ၁၃:၂၄ က အဘယ်ဒုက္ခဆင်းရဲခြင်းအကြောင်း ညွှန်ပြနေသနည်း။ ထိုသို့ အဘယ်ကြောင့်ဆိုရသနည်း။
၁၆ မာကု ၁၃:၂၄ တွင်ပါရှိသည့် “ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက်မှ နေသည်မိုက်လိမ့်မည်။ လသည်အရောင်မပေး” ဟူသည့်စကားများကော အဘယ်သို့နည်း။ ဤတွင် “ထို” ဟူသောစကားလုံးသည် ဂရိစကားလုံး အက်ကေးနော့စ် မှပြန်ဆိုထားခြင်းဖြစ်ပြီး ယင်းသည် အချိန်နှင့်ပတ်သက်၍ကွာလှမ်းမှုရှိကြောင်း ထင်ရှားသိသာစေသော နာမ်စားတစ်ခုဖြစ်သည်။ အက်ကေးနော့စ် ကို ကြာခဲ့ပြီးသော (သို့မဟုတ် ယခင်ကဖော်ပြခဲ့သည့်) အရာကို ပြသရန်၊ သို့မဟုတ် ဝေးလံသည့်အနာဂတ်တွင်ရှိသော အရာတစ်ခုကို ဖော်ပြရန် အသုံးပြုသည်။ (မဿဲ ၃:၁; ၇:၂၂; ၁၀:၁၉; ၂၄:၃၈; မာကု ၁၃:၁၁၊ ၁၇၊ ၃၂; ၁၄:၂၅; လုကာ ၁၀:၁၂; ၂ သက်သာလောနိတ် ၁:၁၀) သို့နှင့် မာကု ၁၃:၂၄ တွင်ညွှန်ပြသည့် “ထိုကာလ၏ဒုက္ခဆင်းရဲခြင်း” သည် ရောမများအားဖြင့်ဖြစ်ခဲ့သည့်ဒုက္ခဆင်းရဲခြင်းကို ရည်ညွှန်းနေခြင်းမဟုတ်ဘဲ လက်ရှိစနစ်၏ဆုံးခန်းတွင် ယေဟောဝါ၏တန်ခိုးကြီးသောလုပ်ရပ်များကို ရည်ညွှန်းနေခြင်းဖြစ်သည်။
၁၇၊ ၁၈။ ကြီးစွာသောဒုက္ခ မည်သို့ဖြစ်ပျက်မည်အကြောင်း ဗျာဒိတ်ကျမ်းက အဘယ်သို့ နားလည်စေသနည်း။
၁၇ ဗျာဒိတ်ကျမ်းအခန်းကြီး ၁၇ မှ ၁၉ တို့သည် မဿဲ ၂၄:၂၉-၃၁၊ မာကု ၁၃:၂၄-၂၇ နှင့် လုကာ ၂၁:၂၅-၂၈ တို့၏ နောက်ဆုံးနားလည်ထားရသည့်အချက်များနှင့် ကိုက်ညီပြီး ယင်းတို့ကို အခိုင်အမာထောက်ခံပါသည်။ မည်သည့်နည်းအားဖြင့်နည်း။ ကြီးစွာသောဒုက္ခ၏ အစနှင့်အဆုံးသည် တစ်ပြိုင်နက်တည်း ဖြစ်မည်မဟုတ်။ ယင်းအစပြုပြီးနောက်ပိုင်း နာခံမှုမရှိသောလောကီသားအချို့တို့သည် “လူသား၏နိမိတ်လက္ခဏာ” ကိုမြင်ပြီး တုံ့ပြန်ရန်—ငိုကြွေးမြည်တမ်းကြပြီး လုကာ ၂၁:၂၆ တွင်ဖော်ပြထားသည့်အတိုင်း “မြေကြီးပေါ်မှာ ဖြစ်လတ္တံ့သောဘေးများကို မျှော်၍ကြောက်လန့်သဖြင့် လူများတို့၏ အသက်ဆုံးခြင်း (မူးမေ့ခြင်း၊ ကဘ)” ဖြစ်ရန် အသက်ရှင်နေကြဦးမည်ဖြစ်သည်။ ထိုယောက်ယက်ခတ်ကြောက်ရွံ့ခြင်းသည် မကြာမီရောက်ရှိလာတော့မည့် သူတို့၏ဖျက်ဆီးခြင်းကို ညွှန်ပြသည့် “နိမိတ်” ကို တွေ့မြင်ရသောကြောင့်ဖြစ်သည်။
၁၈ အပြည်ပြည်ဆိုင်ရာ “သားရဲ” ၏ စစ်မှုဆိုင်ရာ “ဦးချိုများ” က “ပြည့်တန်ဆာကြီး” မဟာဗာဗုလုန်ကို စတင်တိုက်ခိုက်ပြီး သူမကိုဖျက်ဆီးသည့်အခါ အနာဂတ်ကြီးစွာသောဒုက္ခ စတင်မည်ဖြစ်ကြောင်း ဗျာဒိတ်ကျမ်းပါမှတ်တမ်းက ဖော်ပြသည်။d(ဗျာဒိတ် ၁၇:၁၊ ၁၀-၁၆) သို့ရာတွင် လူများစွာ ကျန်ခဲ့ဦးမည်ဖြစ်သည်၊ အကြောင်းမှာ ဘုရင်များ၊ ကုန်သည်များ၊ သင်္ဘောဦးစီးများနှင့် အခြားသောသူများတို့က ဗာဗုလုန်ဘာသာ နိဂုံးချုပ်ခြင်းအတွက် ပူဆွေးကြသောကြောင့်ဖြစ်သည်။ ယင်းနောက်သူတို့ တရားစီရင်ခံရလိမ့်မည်အကြောင်း သဘောပေါက်သူ များစွာ ရှိမည်မှာမလွဲချေ။—ဗျာဒိတ် ၁၈:၉-၁၉။
အဘယ်အရာဖြစ်ပျက်လာမည်နည်း
၁၉။ ကြီးစွာသောဒုက္ခ စတင်သည့်အခါ အဘယ်အမှုများဖြစ်ပျက်မည်ကို စောင့်မျှော်နိုင်သနည်း။
၁၉ မဿဲ၊ မာကုနှင့် လုကာ ခရစ်ဝင်ကျမ်းများပါ စာပိုဒ်များကို ဗျာဒိတ် အခန်းကြီး ၁၇–၁၉ တို့နှင့် ပေါင်းစပ်ခြင်းအားဖြင့် မကြာမီဖြစ်ပျက်လာမည့်အရာများကို နားလည်ရန် များစွာအလင်းထွန်းလင်းပေးသည်။ ဘုရားသခင်သတ်မှတ်ထားသည့်အချိန်တွင် ကြီးစွာသောဒုက္ခသည် ဗာဗုလုန်ကမ္ဘာ့ဘာသာရေးအင်ပါယာ (မဟာဗာဗုလုန်) ကို တိုက်ခိုက်ခြင်းအားဖြင့် အစပြုမည်။ ယင်းသည် သစ္စာမဲ့ယေရုရှလင်နှင့်ထပ်တူဖြစ်သော ခရစ်ယာန်ဘောင်အတွက် အထူးသဖြင့်အထိနာလိမ့်မည်။ ဤဒုက္ခဆင်းရဲခြင်း ‘ပြီးသည်နှင့်တစ်ပြိုင်နက်’ “နေ၊ လ၊ ကြယ်နက္ခတ်တို့၌ ပုဗ္ဗနိမိတ်ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလည်း [တစ်ကြိမ်တစ်ခါနှင့်မျှမတူ] လူအမျိုးမျိုး မငြိမ်မသက် စိုးရိမ်ကြောင့်ကြ” လိမ့်မည်။—မဿဲ ၂၄:၂၉; လုကာ ၂၁:၂၅။
၂၀။ အဘယ်ကောင်းကင်ဆိုင်ရာအမှတ်လက္ခဏာကို ကျွန်ုပ်တို့မျှော်လင့်နိုင်သေးသနည်း။
၂၀ မည်သည့်နည်းဖြင့် ‘နေသည်မှောင်ကျ၍ လသည်အရောင်မပေးဘဲ ကြယ်များ ကောင်းကင်မှကျကာ ကောင်းကင်တန်ခိုးတို့တုန်လှုပ်ကြ’ လိမ့်မည်နည်း။ ကြီးစွာသောဒုက္ခ၏ အစောပိုင်းတွင် များစွာသော ထွန်းလင်းတောက်ပသူများ—ဘာသာရေးလောကရှိ ထင်ရှားကျော်ကြားသောဓမ္မဆရာများ—သည် ဖော်ထုတ်ခံခဲ့ရကြပြီး ဗျာဒိတ် ၁၇:၁၆ ပါ “ချိုဆယ်ချောင်း” အားဖြင့် သုတ်သင်ဖျက်ဆီးခြင်းခံခဲ့ရကြပြီးသည်မှာ မလွဲဧကန်ဖြစ်သည်။ နိုင်ငံရေးအာဏာစက်များသည်လည်း လှုပ်ခါခြင်းခံခဲ့ရကြမည်မှာမလွဲ။ ပကတိကောင်းကင်တွင် ကြောက်မက်ဖွယ်ရာအဖြစ်အပျက်များလည်း ဖြစ်ပျက်နိုင်မည်လော။ အမှန်ဖြစ်နိုင်သည်။ ဂျူးအစီအစဉ်စနစ် ဆုံးခန်းတိုင်ခါနီးအချိန် အဖြစ်အပျက်များအကြောင်း ဂျိုစီဖတ်စ် ဖော်ပြသည့်အရာများထက်ပို၍ အံ့သြထိတ်လန့်ဖွယ်ကောင်းလိမ့်မည်။ လွန်ခဲ့သည့်အတိတ်ကာလက ဘုရားသခင်သည် ယင်းကဲ့သို့သော ကြီးမားပြင်းထန်သည့် သဘာဝအပြောင်းအလဲများကို ဖြစ်စေတော်မူ၍ တန်ခိုးတော်ပြခဲ့ကြောင်း၊ ယင်းတို့ကို တစ်ဖန်ပြန်ပြုလုပ်နိုင်တော်မူကြောင်း ကျွန်ုပ်တို့သိကြပါသည်။—ထွက်မြောက်ရာ ၁၀:၂၁-၂၃; ယောရှု ၁၀:၁၂-၁၄; တရားသူကြီး ၅:၂၀; လုကာ ၂၃:၄၄၊ ၄၅။
၂၁။ အနာဂတ် “နိမိတ်လက္ခဏာ” တစ်ခု မည်သို့ဖြစ်ပျက်မည်နည်း။
၂၁ ဤအချက်တွင် ခရစ်ဝင်ကျမ်းရေးသူသုံးဦးစလုံးက ရှေ့ဆက်ဖြစ်ပျက်မည့်အခြင်းအရာကို ဖော်ပြရန် ဂရိစကားလုံး တိုးတယ် (ထိုအခါ) ကိုအသုံးပြုကြသည်။ “ထိုအခါ (ထို့နောက်၊ ကဘ) လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။” (မဿဲ ၂၄:၃၀; မာကု ၁၃:၂၆; လုကာ ၂၁:၂၇) မျက်မြင်မရနည်းဖြင့် ကိုယ်တော်ရောက်ရှိနေခြင်း၏ စုပေါင်းနိမိတ်ကို ပထမကမ္ဘာစစ်အချိန်မှစ၍ လူအများသတိမထားမိသော်လည်း ယေရှု၏တပည့်စစ်များသည် ယင်းကို ပိုင်းခြားသိမြင်ခဲ့ကြသည်။ သို့သော် “လူသား” နှင့်ဆိုင်သည့် အနာဂတ်တွင်ထင်ရှား၍ လူမျိုးအားလုံးတို့ သတိပြုကိုပြုမိမည်ဖြစ်သော ထပ်ဆင့် “နိမိတ်လက္ခဏာ” တစ်ခုကို မဿဲ ၂၄:၃၀ က ကြိုတင်ဖော်ပြပါသည်။ မျက်မြင်မရနည်းဖြင့် မိုးတိမ်နှင့်တကွ ယေရှုကြွလာတော်မူသောအခါ သာမန်ထက်ထူးကဲသော ဘုရင့်အာဏာတော်ကို ထင်ရှားပြသခြင်းကြောင့် ကမ္ဘာအရပ်ရပ်ရှိ ဆန့်ကျင်ဘက်ပြုသော လူသားတစ်ရပ်လုံး ထို “ကြွလာခြင်း” (ဂရိ၊ အဲရ်ခိုမီနောန်) ကို သတိပြုမိကြမည်ဖြစ်သည်။—ဗျာဒိတ် ၁:၇။
၂၂။ မဿဲ ၂၄:၃၀ ပါ “နိမိတ်လက္ခဏာ” ကို တွေ့မြင်ရခြင်း၏ အကျိုးသက်ရောက်မှုကား အဘယ်နည်း။
၂၂ မဿဲ ၂၄:၃၀ က နောက်ဆက်ဖြစ်မည့်အရာများကို ဆက်ဖော်ပြရန် တိုးတယ် ကို ထပ်၍အသုံးပြုပြန်သည်။ ထိုအခါ လူမျိုးများသည် မိမိတို့အခြေအနေ၏အကျိုးရလဒ်၊ သူတို့၏ပျက်စီးခြင်းသည် အလွန်နီးကပ်နေကြောင်း သတိပြုမိကြ၍ ရင်ဘတ်စည်တီး ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ကယ်တင်ခြင်းနီးကြောင်းကိုသိခြင်းကြောင့် မိမိတို့ခေါင်းကိုကြွနိုင်ကြသည့် ဘုရားသခင့်ကျေးကျွန်များ၏အခြေအနေနှင့် မည်မျှကွာခြားလိုက်လေခြင်း! (လုကာ ၂၁:၂၈) ဗျာဒိတ် ၁၉:၁-၆ ကလည်း ပြည့်တန်ဆာကြီး နိဂုံးချုပ်သွားခြင်းကြောင့် ကောင်းကင်နှင့်မြေကြီးပေါ်ရှိ စစ်မှန်သောဝတ်ပြုသူများ ရွှင်လန်းနေကြကြောင်းကို ဖော်ပြထားသည်။
၂၃။ (က) ရွေးချယ်ခံရသူများနှင့်စပ်လျဉ်း၍ ယေရှု မည်သို့ပြုမူဆောင်ရွက်မည်နည်း။ (ခ) အကြွင်းအကျန်များ ကောင်းကင်သို့ဆောင်ယူခြင်းအကြောင်း မည်သို့ဆိုစရာရှိသနည်း။
၂၃ မာကု ၁၃:၂၇ တွင် ယေရှု၏ပရောဖက်ပြုချက်က ဤသို့ဆက်လက်ပြောထားသည်– “ထိုအခါ [တိုးတယ်] လူသားသည် မိမိတမန်တို့ကိုစေလွှတ်သဖြင့် မိမိရွေးချယ်သောသူတို့ကို အရပ်လေးမျက်နှာကောင်းကင်အောက် ထက်ဝန်းကျင်တို့မှခေါ်၍ စုရုံးစေတော်မူလတ္တံ့။” ဤတွင် ယေရှုက မြေကြီးပေါ်တွင် အသက်ရှင်လျက်ရှိနေသေးသည့် “ရွေးချယ်သောသူများ” ၁၄၄,၀၀၀ မှ အကြွင်းအကျန်များကို အာရုံစိုက်နေခြင်းဖြစ်သည်။ အစီအစဉ်စနစ်ဆုံးခန်း၏အစောပိုင်းတွင် ယေရှု၏ ဤဘိသိက်ခံတပည့်တော်များသည် ဘုရားရေးရာစည်းလုံးမှုဖြင့် စုစည်းခံရကြသည်။ သို့ရာတွင် စဉ်ဆက်ဖြစ်စဉ်အရ မာကု ၁၃:၂၇ နှင့် မဿဲ ၂၄:၃၁ တို့က နောက်ထပ်အကြောင်းအရာတစ်ခုကို ဖော်ပြပါသည်။ “တံပိုးခရာကိုပြင်းစွာမှုတ်” သံအားဖြင့် မြေကြီးစွန်းမှ “ရွေးချယ်တော်မူသောသူ” အကြွင်းအကျန်တို့ စုသိမ်းခြင်းခံရကြမည်။ မည်သည့်နည်းဖြင့် စုသိမ်းခံရမည်နည်း။ သူတို့သည် “တံဆိပ်ခတ်ခြင်း” ခံရကြပြီး “ခေါ်တော်မူသောသူ၊ ရွေးချယ်တော်မူသောသူ၊ သစ္စာရှိသောသူ” များတွင်ပါဝင်သူများအဖြစ် ယေဟောဝါသတ်မှတ်ခြင်းကို ခံရကြမည်မှာ ရှင်းနေပါသည်။ ဘုရားသခင်သတ်မှတ်ထားသည့်အချိန်တွင် သူတို့သည် ဘုရင်နှင့်ယဇ်ပုရောဟိတ်များအဖြစ် ထမ်းဆောင်ရန် ကောင်းကင်သို့စုသိမ်းခြင်းကိုခံရကြမည်။eယင်းသည် သူတို့နှင့် သူတို့၏သစ္စာရှိအပေါင်းအဖော်၊ မြေကြီးပရဒိသုတွင် ကောင်းချီးခံစားရန် ‘ကြီးစွာသောဆင်းရဲဒုက္ခအထဲက ထွက်မြောက်’ လာသဖြင့် မှတ်သားခံကြရသော “လူအုပ်ကြီး” (ကဘ) အတွက်လည်း ရွှင်လန်းစရာဖြစ်မည်။—မဿဲ ၂၄:၂၂; ဗျာဒိတ် ၇:၃၊ ၄၊ ၉-၁၇; ၁၇:၁၄; ၂၀:၆; ယေဇကျေလ ၉:၄၊ ၆။
၂၄။ ဖြစ်ပျက်လာမည့်အဆင့်ဆင့်ကို မဿဲ ၂၄:၂၉-၃၁ ကမည်သို့ဖော်ပြသနည်း။
၂၄ တမန်တော်များက “ကျွန်ုပ်တို့အားမိန့်တော်မူပါ” ဟုဆိုသောအခါ သူတို့သဘောပေါက်နိုင်သည်ထက်ပို၍ ယေရှုမိန့်တော်မူခဲ့သည်။ သို့သော် သူတို့၏အသက်တာအတွင်း ကိုယ်တော့်ပရောဖက်ပြုချက် အကြိုပြည့်စုံခြင်းကို သူတို့တွေ့မြင်ခဲ့ကြရ၍ ရွှင်လန်းခဲ့သည်။ ကိုယ်တော့်ပြန်လည်ဖြေကြားချက်ကို ကျွန်ုပ်တို့လေ့လာခဲ့ကြသည့်အတွက် မဝေးတော့သော အနာဂတ်တွင် ကြုံတွေ့ရမည့် ထိုပရောဖက်ပြုချက်၏ အစိတ်အပိုင်းတစ်ခုကို အာရုံပြုကြရပြီ။ (မဿဲ ၂၄:၂၉-၃၁; မာကု ၁၃:၂၄-၂၇; လုကာ ၂၁:၂၅-၂၈) ကျွန်ုပ်တို့၏ကယ်တင်ခြင်း အလွန်နီးကြောင်းကို တွေ့မြင်နိုင်ပြီဖြစ်သည်။ ကြီးစွာသောဒုက္ခ၏အစ၊ ထို့နောက် လူသားနှင့်ဆိုင်သောနိမိတ်လက္ခဏာ၊ ထို့နောက် ရွေးချယ်တော်မူသောသူတို့ကို ဘုရားသခင်စုသိမ်းခြင်းတို့ကို ကျွန်ုပ်တို့စောင့်မျှော်နေနိုင်သည်။ နောက်ဆုံးတွင် ကျွန်ုပ်တို့၏စစ်သူကြီးဘုရင် နန်းထိုင်တော်မူသောယေရှုသည် အာမဂေဒုန်တွင် ယေဟောဝါ၏ စီရင်ပိုင်ခွင့်ရှိသူအဖြစ် “အောင်မြင်မှုကိုပြီးစီးစေ” မည်။ (ဗျာဒိတ် ၆:၂၊ ကဘ) ကိုယ်တော်ကလဲ့စားချေသော ယေဟောဝါ၏ထိုနေ့ရက်သည် သခင်ယေရှု၏နေ့ရက်ကိုအမှတ်သညာပြုသည့် ၁၉၁၄ ခုနှစ်နောက်ပိုင်း “အစီအစဉ်စနစ်၏ဆုံးခန်းကာလ” အတွက် အထွတ်အထိပ်နိဂုံး ဖြစ်လိမ့်မည်။
၂၅။ လုကာ ၂၁:၂၈ ၏ဖြစ်လတ္တံ့သောပြည့်စုံချက်တွင် ကျွန်ုပ်တို့မည်သို့ပါဝင်နိုင်သနည်း။
၂၅ “ဤအမှုအရာတို့သည် ဖြစ်စရှိသောအခါ သင်တို့ကိုရွေးနှုတ်သောအချိန်ကာလ ရောက်လုနီးသည်ကိုထောက်သဖြင့် မျှော်ကြည့်၍ ခေါင်းကိုကြွကြလော့” ဟူသည့် အနာဂတ်တွင်ပြည့်စုံမည့် ယေရှု၏စကားကို တုံ့ပြန်နိုင်ရန် မြင့်မြတ်သောသွန်သင်ခြင်းမှ သင်ဆက်၍အကျိုးရယူနိုင်ပါစေ။ (လုကာ ၂၁:၂၈) ယေဟောဝါသည် မိမိ၏နာမတော်သန့်ရှင်းစေရန်အလို့ငှာ အရေးယူဆောင်ရွက်ရာတွင် ရွေးချယ်ခံရသူများနှင့် လူအုပ်ကြီးတို့အတွက် ကြီးမြတ်တော်မူသောအနာဂတ် ပြင်ဆင်ထားပါသည်တကား!
[အောက်ခြေမှတ်ချက်များ]
a ကျွန်ုပ်တို့ခေတ် အဖြစ်အပျက်များက ကျမ်းစာပရောဖက်ပြုချက်ကို မည်သို့ပြည့်စုံစေကြောင်း လိုအပ်သောသက်သေအထောက်အထားများကို ယေဟောဝါသက်သေများ တင်ပြပေးလိုကြပါသည်။
b ၁၉၇၃ ခုနှစ်တွင် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း ထုတ်ဝေသော အနှစ်တစ်ထောင် ဘုရားသခင့်နိုင်ငံတော် ရောက်လုနီးပြီစာအုပ်၏ စာမျက်နှာ ၂၉၆-၃၂၃ [လိပ်] နှင့် ၁၉၈၂၊ စက်တင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၁၇-၂၂ [လိပ်] တွင်ထပ်ဆင့်အကြောင်းများကို ဖော်ပြထားပါသည်။
c ဂျိုစီဖတ်စ်က ယေရုရှလင်မြို့သို့ ရောမများ ပထမအကြိမ် (စီ.အီး. ၆၆) ဝင်ရောက်တိုက်ခိုက်၍ ဖျက်ဆီးခဲ့ခြင်းအကြောင်းကို ဤသို့ပြောသည်– “ညအချိန်တွင် အားလုံး သိမ်းကျုံးဖျက်ဆီးသည့် လေပြင်းမုန်တိုင်းကြီးတစ်ခု တိုက်ခတ်ခဲ့သည်; ဟာရီကိန်းတစ်ခု ဝင်မွှေခဲ့ပြီး မိုးသည်းထန်စွာ ရွာခဲ့သည်။ အဆက်မပြတ် လျှပ်စစ်များလက်ကာ ကြောက်မက်ဖွယ်ရာ မိုးခြိမ်းသံများနှင့် ငလျင်လှုပ်ခြင်းကြောင့် နားကွဲမတတ်အသံများ ကြားခဲ့ရသည်။ လူသားတစ်ရပ်လုံး တွေ့ကြုံရမည့် ဘေးအန္တရာယ်ကို ဤလက်စတုံး ဖျက်ဆီးခြင်းက သရုပ်ဖော်ပြီး ယင်းသည် ပြိုင်ဘက်မရှိ ကြီးကျယ်သည့် ဘေးဒုက္ခကြီးတစ်ခုအတွက် ရှေ့ပြေးနိမိတ်ဖြစ်သည်ကို မည်သူတစ်ဦးတစ်ယောက်မျှ သံသယမဖြစ်နိုင်ချေ။”
d “ကြီးစွာသောဒုက္ခ” နှင့် “ဒုက္ခဆင်းရဲခြင်း” အဖြစ် ယေရှုမိန့်တော်မူခဲ့သော အဖြစ်အပျက်၏ ပထမသက်ဆိုင်ပုံသည် ဂျူးအစီအစဉ်စနစ် ပျက်စီးခြင်းနှင့်ပတ်သက်သည်။ သို့သော် ကျွန်ုပ်တို့ခေတ်နှင့်သာသက်ဆိုင်သည့် အခန်းငယ်များတွင် “ဒုက္ခဆင်းရဲခြင်း” နှင့်တွဲ၍ နာမ်ကိုအထူးပြုဖော်ပြသောတိကျသည့်စကားလုံး “the” ကိုကိုယ်တော်အသုံးပြုပါသည်။ (မဿဲ ၂၄:၂၁၊ ၂၉; မာကု ၁၃:၁၉၊ ၂၄) ဗျာဒိတ် ၇:၁၄ ကဤအနာဂတ်အဖြစ်အပျက်ကို “ကြီးစွာသောဆင်းရဲဒုက္ခ” ဟူ၍ ခေါ်ဝေါ်ထားသည်။
e ၁၉၉၀၊ ဩဂုတ် ၁၅ ရက်ထုတ် ကင်းမျှော်စင်[လိပ်] ၌ “စာရှုသူများထံမှ မေးခွန်းလွှာ” ကိုရှု။
သင်မှတ်မိသလော
◻ ယောလ ၂:၂၈-၃၁ နှင့် ၃:၁၅ ၏အသွင်အပြင်များသည် ပထမရာစုတွင် မည်သို့ပြည့်စုံခဲ့သနည်း။
◻ မဿဲ ၂၄:၂၉ က အဘယ်ဒုက္ခဆင်းရဲခြင်းကို ရည်ညွှန်းနေခြင်းဖြစ်သနည်း။ ထိုသို့ အဘယ်ကြောင့်ယူမှတ်ကြရသနည်း။
◻ မဿဲ ၂၄:၂၉ သည် အဘယ်ကောင်းကင်ဆိုင်ရာအမှတ်လက္ခဏာကို ညွှန်ပြသနည်း၊ ယင်းသည် အဘယ်နည်းဖြင့် ဒုက္ခဆင်းရဲခြင်းပြီးသည်နှင့်တစ်ပြိုင်နက် ဖြစ်နိုင်သနည်း။
◻ လုကာ ၂၁:၂၆၊ ၂၈ သည်အနာဂတ်တွင် မည်သို့ပြည့်စုံမည်နည်း။
[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]
ဗိမာန်တော်ဝင်း
[Credit Line]
Pictoral Archive (Near Eastern History) Est.