သင်သည် အခြားသူများကို ယုံကြည်အားထားရန် စိုးရိမ်ကြောက်ရွံ့သလော
‘ကျွန်တော် သွားစကားပြောနိုင်တဲ့သူ တစ်ယောက်မှမရှိဘူး။ လူတွေကနားလည်မှာမဟုတ်ပါဘူး။ သူတို့အခက်အခဲနဲ့သူတို့အလုပ်ရှုပ်နေကြတာ၊ သူတို့မှာ ကျွန်တော့်အတွက်အချိန်မရှိဘူး။’ လူအများစုမှာ ထိုသို့ခံစားရသည့်အတွက် ယင်းတို့ကို သူတို့စိတ်ထဲတွင် မျိုသိပ်ထားလိုက်ကြသည်။ အခြားသူများက သူတို့ကိုမေးသည့်အခါ သူတို့ပြောပြလိုသော်လည်း မပြောကြပေ။ သူတို့စိတ်ထဲရှိသည့်အရာကို ဖွင့်မပြောနိုင်ခြင်းပင်ဖြစ်သည်။
အခြားသူများထံမှ အကူအညီမလိုချင်သူများရှိသည်မှာ မှန်ပါသည်။ သို့တိုင် မျှော်လင့်ချက်မဲ့၍ ကြံရာမရဖြစ်နေသည့် များစွာသောသူတို့သည် အကူအညီလိုချင်ကြသော်လည်း သူတို့၏ကိုယ်ပိုင်အတွေးအခေါ်၊ ခံစားချက်နှင့် အတွေ့အကြုံများကိုဖော်ပြရန် ကြောက်ရွံ့ကြသည်။ သင်သည် သူတို့အထဲမှတစ်ဦးအဝင်ဖြစ်ပါသလော။ အမှန်တကယ်ပင် သင်ယုံကြည်အားထားနိုင်သောသူ တစ်ယောက်မျှမရှိပြီလော။
စိုးရိမ်ကြောက်ရွံ့မှုကိုနားလည်ခြင်း
ယနေ့ကမ္ဘာပေါ်တွင် အယုံအကြည်ကင်းမဲ့သည့်အခြေအနေ ဖြစ်ပေါ်နေသည်။ လူငယ်များသည် သူတို့၏မိဘများနှင့် စကားလက်ဆုံပြောဆိုခြင်းမရှိကြချေ။ မိဘများမှာလည်း တစ်ဦးနှင့်တစ်ဦး တိုင်ပင်ဆွေးနွေးခြင်းမပြုနိုင်ကြပေ။ အချို့သောသူတို့မှာ အခွင့်အာဏာရှိသောသူတို့နှင့် စကားပြောဆိုလိုကြသည်။ အခြားသူများကို ယုံကြည်အားထား၍မရနိုင်သောကြောင့် အချို့သူတို့သည် သူတို့၏အခက်အခဲမှ လွတ်မြောက်ဖို့ကြိုးစားသည့်အနေနှင့် အရက်၊ မူးယစ်ဆေးဝါး သို့မဟုတ် စည်းလွတ်ဝါးလွတ်ဘဝပုံစံသို့ လှည့်သွားကြသည်။—သု. ၂၃:၂၉-၃၅; ဟေရှာယ ၅၆:၁၂။
သူတို့၏မရိုးသားမှုနှင့်စာရိတ္တယိုယွင်းမှုကိုအဆက်မပြတ်ထုတ်ဖော်ခံရခြင်းကြောင့် ဓမ္မဆရာများ၊ ပါရဂူ၊ ကုထုံးပညာရှင်များနှင့် ကျောင်းဆရာ၊ ဆရာမများကဲ့သို့သော အခွင့်အာဏာရှိသောပုဂ္ဂိုလ်များကိုယုံကြည်စိတ်ချခြင်းသည်ယိမ်းယိုင်လာပြီ။ ဥပမာအနေနှင့် အကဲဖြတ်သူတစ်ဦးက ဓမ္မဆရာ ၁၀ ရာခိုင်နှုန်းကျော်တို့သည် လိင်ဆိုင်ရာဖောက်ပြန်မှုတွင် ပါဝင်ပတ်သက်ကြသည်ဟုဆိုသည်။ ဤ “ယုံကြည်အားထားမှုကိုဖျက်ဆီးသူများ” သည် “လူသားချင်းဆက်ဆံရေးကိုပြိုကွဲပျက်စီးစေသည်” ဟုစာရေးသူတစ်ဦးကဆိုသည်။ ယင်းသည် သူတို့၏အသိုင်းအဝိုင်းကို မည်သို့အကျိုးသက်ရောက်စေသနည်း။ ယင်းသည် ယုံကြည်အားထားမှုကို ပျက်စီးစေသည်။
နေရာအနှံ့အကျင့်စာရိတ္တယိုယွင်းမှုက သာမန်လှုပ်ရှားလည်ပတ်မှုမရှိသော အိမ်ထောင်စုများကို ခြွင်းချက်ဖြင့်မဟုတ်ဘဲ ဖြစ်ရိုးဖြစ်စဉ်ဖြစ်သည့်အထိ မိသားစုများကိုအကျပ်ရိုက်စေသည်။ တစ်ချိန်တစ်ခါက အိမ်ဆိုသည်မှာ ပြုစုပျိုးထောင်ပေးရာရိပ်မြုံဖြစ်သည်။ ယနေ့ အိမ်ဆိုသည်မှာ စားချိန်တန်မှ ပြန်လာသည့်နေရာကဲ့သို့ဖြစ်နေသည်။ ကလေးတစ်ဦးသည် “ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသော” မိသားစုတွင်ကြီးပြင်းလာ၍ လူကြီးတစ်ဦးဖြစ်လာသည့်အခါ အခြားသူများကိုမယုံကြည်နိုင်သည့် အကျိုးရလဒ်ဖြစ်ပေါ်တတ်သည်။—၂ တိမောသေ ၃:၃။
ထို့အပြင် ကမ္ဘာ့အခြေအနေဆိုးရွားလာသည်နှင့်အမျှ ကျွန်ုပ်တို့သည်စိတ်ထိခိုက်စရာတွေ့ကြုံမှုများကို တွေ့ကြုံဖို့အကြောင်းပိုများလာသည်။ ထပ်တူအခြေအနေမျိုးတွင် ပရောဖက်မိက္ခာက ဤသို့ရေးသားခဲ့သည်– “အဆွေခင်ပွန်းကိုမယုံနှင့်။” (မိက္ခာ ၇:၅) သာမန်စိတ်ပျက်လက်ပျက်ဖြစ်ခြင်း၊ ယုံကြည်ချက်ပျက်ပြားခြင်း သို့မဟုတ် ဘဝကိုအကြီးအကျယ်ခြိမ်းခြောက်သည့် အဖြစ်အပျက်မျိုးကိုတွေ့ကြုံသည့်အခါမျိုးတွင် သင်လည်းထိုနည်းတူခံစားရပေမည်။ နောက်တစ်ကြိမ်အခြားသူများကို ယုံကြည်ရန်ခက်ခဲ၍ စိတ်လှုပ်ရှားမှုထုံထိုင်းကာ နေ့စဉ်နေ့တိုင်း စိတ်ပိုင်းဆိုင်ရာတံတိုင်းကြီးနောက်ကွယ်၌သာနေရပေမည်။ (ဆာလံ ၁၀၂:၁-၇ နှိုင်းယှဉ်။) ဤသို့သောသဘောထားက သင့်အားဆက်လက်လှုပ်ရှားဖို့ ကူညီနိုင်သည်မှန်သော်လည်း ‘ညှိုးငယ်သည့်နှလုံး’ က သင့်ဘဝမှစစ်မှန်သောပျော်ရွှင်မှုကို လုယူသွားနိုင်သည်။ (သု. ၁၅:၁၃) အမှန်မှာ ဝိညာဉ်ဏရေးရေးရာ၊ စိတ်လှုပ်ရှားမှုဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ကာယပိုင်းဆိုင်ရာကျန်းမာမှုအတွက် ထိုတံတိုင်းကိုဖြို၍ လူများကိုယုံကြည်ဖို့သင်ယူရမည်။ ယင်းသို့ဖြစ်နိုင်သည့်အလားအလာရှိပါသလော။ ရှိပါသည်။
ထိုတံတိုင်းကို အဘယ့်ကြောင့်ဖြိုချရမည်နည်း
အခြားသူများထံရင်ဖွင့်ခြင်းက ပူပန်သောကရောက်နေသောနှလုံးကို သက်သာမှုရရှိစေနိုင်သည်။ ဟန္နယင်းသို့တွေ့ကြုံခဲ့ရသည်။ သူမ၌ကောင်းသောအိမ်ထောင်ဖက်ရှိပြီး လုံခြုံသောအိမ်ရှိသော်လည်း သူမအကြီးအကျယ်စိတ်ဒုက္ခရောက်နေသည်။ သူမသည် “ညှိုးငယ်သောစိတ်” ရှိသော်လည်း ပညာရှိစွာဖြင့် အသံမထွက်ဘဲနှုတ်ခမ်းလှုပ်သည်အထိ လှိုက်လှဲစွာ ‘ယေဟောဝါထံဆုတောင်း’ ခဲ့သည်။ သူမသည်ယေဟောဝါကိုယုံကြည်ကိုးစားခဲ့သည်။ ထို့နောက် သူမသည် ဘုရားသခင်၏ကိုယ်စားလှယ်ဧလိကို ရင်ဖွင့်ပြောဆိုခဲ့သည်။ မည်သည့်အကျိုးဖြစ်ထွန်းသနည်း။ “[ဟန္န]သည် . . . ခြားနားသောမျက်နှာနှင့်သွား၍ အစာစားလေ၏။”—၁ ဓမ္မရာဇဝင် ၁:၁-၁၈။
ယဉ်ကျေးမှုအများစုမှာ အတွင်းရေးထုတ်ဖော်ပြောဆိုခြင်း၏အကျိုးကို သိထားကြသည်။ ဥပမာအနေနှင့် အလားတူအခြေအနေမျိုး၌ရှိသောသူများနှင့်အတူ ယူဆချက်နှင့် အတွေ့အကြုံများကို ဝေမျှခြင်းသည် အကျိုးဖြစ်ထွန်းသည်ကိုတွေ့ရှိနိုင်သည်။ “စိတ်ပိုင်းဆိုင်ရာအထီးကျန်ဖြစ်ခြင်းသည် ဖျားနာမှုကိုဖြစ်ပေါ်စေနိုင်ပြီး—ပုံမှန်စိတ်အခြေအနေတွင်ရှိဖို့ ရင်ဖွင့်ပြောဆိုဖို့လိုအပ်သည်” ဟုသုတေသီများက ကောက်ချက်ချကြသည်။ သိပ္ပံပညာဆိုင်ရာ စူးစမ်းရှာဖွေမှုအစုအပြုံက မှုတ်သွင်းခံနယပုံပြင်ကျမ်းမှ ဤအဆိုမှန်ကန်ကြောင်းထောက်ခံသည်– “သူတစ်ပါးနှင့်မရောနှောသောသူသည် မိမိအလိုဆန္ဒပြည့်စုံစေရန်သာရှာဖွေ၍ ပညာလမ်းအတိုင်းမလိုက်ဘဲ မကောင်းကြံစည်ပြုလုပ်တတ်၏။”—သု. ၁၈:၁၊ သမ္မာ။
အခြားသူများကို သင်ရင်ဖွင့်ပြောဆိုခြင်းမရှိပါက သင့်အားမည်သို့ကူညီနိုင်မည်နည်း။ ယေဟောဝါရှင်သည် နှလုံးကိုသိမြင်နိုင်စွမ်းရှိသော်လည်း သင်၏အတွင်းအကျဆုံးအယူအဆနှင့် ခံစားချက်များကို သင်မပြောပြပါက သင့်မိသားစုနှင့် မိတ်ဆွေများသိနိုင်မည်မဟုတ်။ (၁ ရာဇဝင်ချုပ် ၂၈:၉) ဘုရားသခင့်ဥပဒေကို ကျူးလွန်ခြင်းနှင့်ဆိုင်သော ပြဿနာဖြစ်သည့်အခါ ဝန်ခံဖို့ရွှေ့ဆိုင်းပါက အခြေအနေကိုပို၍ဆိုးစေနိုင်သည်။—သု. ၂၈:၁၃။
အမှန်ဆိုရလျှင် နာကျင်မှုခံစားနေခြင်းထက် အခြားသူများထံရင်ဖွင့်ပြောဆိုခြင်းက ပို၍အကျိုးရှိပေသည်။ ယင်းက ကျွန်ုပ်တို့သည် ပိုင်းခြားဝေဖန်ခြင်းမရှိဘဲ မိမိ၏အတွင်းရေးအသေးစိတ်ကို ဖွင့်ဟပြောသင့်သည်ဟူ၍မဆိုလိုပေ။ (တရားသူကြီး ၁၆:၁၈; ယေရမိ ၉:၄; လုကာ ၂၁:၁၆ နှိုင်းယှဉ်။) “အပေါင်းအဖော်များသောသူသည် အကျိုးနည်းရှိတတ်၏” ဟု နယပုံပြင် ၁၈:၂၄ ကသတိပေးပြီးနောက် ဤသို့ထပ်ဆိုထားသည်– “မိတ်ဆွေမူကား ညီအစ်ကိုစွဲကပ်သည်ထက် သာ၍စွဲကပ်တတ်၏။” ဤသို့သောမိတ်ဆွေမျိုးကို သင်အဘယ်မှာရှာတွေ့နိုင်မည်နည်း။
သင့်မိသားစုကိုယုံကြည်အားထားပါ
သင်၌ပြဿနာတစ်စုံတစ်ခုရှိလျှင် ယင်းကို သင့်အိမ်ထောင်ဖက် သို့မဟုတ် သင့်မိဘများနှင့်ဆွေးနွေးဖို့ ကြိုးစားပါသလော။ “ပြဿနာအများစုတွင် လိုအပ်သည့်အရာမှာ ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်” ဟုအတွေ့အကြုံရှိသော အကြံပေးပုဂ္ဂိုလ်တစ်ဦးက ဝန်ခံထားသည်။ (သု. ၂၇:၉) ‘ကိုယ်ကိုကိုယ်ချစ်သကဲ့သို့ ကိုယ်ခင်ပွန်းကိုချစ်’ သောခရစ်ယာန်လင်ယောက်ျားများ၊ ‘ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြ’ သည့်ဇနီးသည်များနှင့် ‘ယေဟောဝါ၏အလိုတော်နှင့်ညီသော ဆုံးမသွန်သင်ခြင်းကိုပြုလျက် ကျွေးမွေး’ ရမည့် မိမိတို့၏ဘုရားပေးတာဝန်ကို အလေးအနက်ထားသည့်မိဘများသည် သူတစ်ပါး၏ခံစားချက်ကို ထပ်တူခွဲဝေခံစားတတ်သောနားထောင်သူများနှင့် အကူအညီပေးတတ်သည့်အကြံပေးသူများ ဖြစ်လာဖို့ကြိုးစားကြရမည်။ (ဧဖက် ၅:၂၂၊ ၃၃; ၆:၄) ဇာတိသဘောအရ ကိုယ်တော်၌ဇနီးရောကလေးပါ မရှိသော်ငြားလည်း ဤကိစ္စနှင့်စပ်လျဉ်း၍ အကောင်းဆုံးပုံသက်သေကို ယေရှုပြသခဲ့ပါသည်တကား!—မာကု ၁၀:၁၃-၁၆; ဧဖက် ၅:၂၅-၂၇။
မိသားစုအတွင်းကိုင်တွယ်ဖို့ ခက်ခဲသည့်ပြဿနာဆိုလျှင်ကော အသို့နည်း။ ကျွန်ုပ်တို့သည် ခရစ်ယာန်အသင်းတော်အတွင်း လျစ်လျူရှုထားခြင်းခံရသည်မဟုတ်ပါ။ “ငါမနွမ်းရိဘဲ အဘယ်သူနွမ်းရိသနည်း” ဟုတမန်တော်ပေါလုဆိုခဲ့သည်။ (၂ ကောရိန္သု ၁၁:၂၉) သူဤသို့တိုက်တွန်းခဲ့သည်– “ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ ထမ်းရွက် . . . ကြလော့။” (ဂလာတိ ၆:၂; ရောမ ၁၅:၁) ကျွန်ုပ်တို့၏ဝိညာဉ်ဏရေးညီအစ်ကို၊ ညီအစ်မများအလယ်တွင် ‘ဒုက္ခကာလအဖို့ မွေးဖွားလျက်ရှိသောညီအစ်ကို’ တစ်ဦးထက်မက ဧကန်တွေ့ရှိနိုင်ပေသည်။—သု. ၁၇:၁၇။
အသင်းတော်၌ ယုံကြည်အားထားခြင်း
ကမ္ဘာချီယေဟောဝါသက်သေတို့၏ အသင်းတော် ၈၀,၀၀၀ ကျော်၌ “သင်တို့၏ရွှင်လန်းဝမ်းမြောက်မှုအတွက် သင်တို့နှင့်အတူလုပ်ဆောင်” သူများအဖြစ် နှိမ့်ချစွာအမှုထမ်းနေသူများရှိသည်။ (၂ ကောရိန္သု ၁:၂၄၊ သတင်းကောင်း) ထိုသူတို့မှာ အကြီးအကဲများပင်ဖြစ်သည်။ ဟေရှာယဤသို့ဖော်ပြထားသည်– “ထိုမင်းတို့သည် လေလုံ၍မိုးသက်မုန်တိုင်းကွယ်ရာအရပ်ကဲ့သို့လည်းကောင်း၊ သွေ့ခြောက်သောမြေ၌စီးသော ချောင်းရေကဲ့သို့လည်းကောင်း၊ နေပူသောအရပ်၌ ကျောက်လုံးကြီးအရိပ်ကဲ့သို့လည်းကောင်းဖြစ်ကြလိမ့်မည်။” အကြီးအကဲများသည် ဤသို့ဖြစ်ရန် ကြိုးပမ်းအားထုတ်သင့်သည်။—ဟေရှာယ ၃၂:၂; ၅၀:၄; ၁ သက်သာလောနိတ် ၅:၁၄။
အကြီးအကဲများသည် ‘သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ခန့်အပ်ခြင်း’မခံရမီ ကျမ်းစာနှင့်ညီညွတ်သော တောင်းဆိုချက်များကို ပြည့်မီကြရသည်။ ယင်းကိုသိထားခြင်းက သူတို့အားယုံကြည်စိတ်ချမှုကို တိုးပွားစေပါလိမ့်မည်။ (တမန်တော် ၂၀:၂၈; ၁ တိမောသေ ၃:၂-၇; တိတု ၁:၅-၉) အကြီးအကဲတစ်ဦးနှင့် သင်ဆွေးနွေးသည့်အရာသည် အခြားသူများထံလုံးဝပေါက်ကြားသွားမည်မဟုတ်ပါ။ ယုံကြည်အားထားနိုင်ခြင်းသည် သူ၏အရည်အချင်းတစ်ခုဖြစ်သည်။—ထွက်မြောက်ရာ ၁၈:၂၁; နေဟမိ ၇:၂ နှိုင်းယှဉ်။
အသင်းတော်မှအကြီးအကဲများသည် “ကိုယ်တိုင်စစ်ကြောခြင်းကိုခံရသောသူကဲ့သို့၊ သင်တို့စိတ်ဝိညာဉ်၏အကျိုးအလို့ငှာ စောင့်နေကြ၏။” (ဟေဗြဲ ၁၃:၁၇) ယင်းက ထိုသူများကိုယုံကြည်အားထားရန် သင့်အားတွန်းအားမဖြစ်စေပေလော။ ပင်ကိုအားဖြင့် အကြီးအကဲအားလုံး ထပ်တူအရည်အသွေးတွင် ပြောင်မြောက်ထူးချွန်ကြသည်မဟုတ်ပါ။ အချို့သူတို့သည် ချဉ်းကပ်ရန်လွယ်ကူသော၊ ကြင်နာတတ်သော သို့မဟုတ် အခြားသူများထက်ပို၍ နားလည်မှုရှိသည့်ပုံပေါ်ပေမည်။ (၂ ကောရိန္သု ၁၂:၁၅; ၁ သက်သာလောနိတ် ၂:၇၊ ၈၊ ၁၁) ချဉ်းကပ်ရန်သာ၍လွယ်ကူသည်ဟု သင်ယူဆသောအကြီးအကဲထံ ရင်ဖွင့်ပြောဆိုပါလေ။
ဤလူများသည် အခကြေးငွေယူ၍ အလုပ်လုပ်သူများမဟုတ်ကြပါ။ ယင်းအစား သူတို့သည် သင့်အားအကူအညီပေးဖို့ ယေဟောဝါပေးသနားတော်မူသည့် “လူတို့တွင်ဆုလာဘ်များ” ဖြစ်ကြသည်။ (ဧဖက် ၄:၈၊ ကဘ၊ ၁၁-၁၃; ဂလာတိ ၆:၁) မည်သို့အားဖြင့်နည်း။ သူတို့သည် သမ္မာကျမ်းစာကို ကျွမ်းကျင်စွာအသုံးပြုခြင်းအားဖြင့် သင့်ကိုယ်ရေးကိုယ်တာအခြေအနေအတွက် ယင်း၏ကုသနိုင်သောတန်ခိုးကို အသုံးပြုကြပါလိမ့်မည်။ (ဆာလံ ၁၀၇:၂၀; သု. ၁၂:၁၈; ဟေဗြဲ ၄:၁၂၊ ၁၃) သူတို့သည် သင့်အတွက် သင်နှင့်အတူဆုတောင်းကြပါမည်။ (ဖိလိပ္ပိ ၁:၉; ယာကုပ် ၅:၁၃-၁၈) ဤကဲ့သို့မေတ္တာရှိသော အကြံပေးသူများထံမှအကူအညီသည် ပူပန်သောကရောက်နေသောစိတ်ဝိညာဉ်ကို ကုသပေးနိုင်ပြီး စိတ်တည်ငြိမ်မှုကိုပြန်လည်ရရှိစေနိုင်သည်။
ယုံကြည်အားထားမှုရှိဆက်ဆံရေးကို တည်ဆောက်နိုင်ပုံ
အကူအညီ၊ အကြံဉာဏ် သို့မဟုတ် နားထောင်ပေးဖို့တောင်းဆိုခြင်းသည် ပျော့ညံ့ခြင်း သို့မဟုတ် ရှုံးနိမ့်ခြင်းလက္ခဏာမဟုတ်ပါ။ ယင်းက ကျွန်ုပ်တို့အားလုံးမစုံလင်သူများဖြစ်ကြောင်းနှင့် မည်သူတစ်ဦးတစ်ယောက်မျှ အဖြေအားလုံးမပေးနိုင်ကြောင်းကို အမှန်အတိုင်းအသိအမှတ်ပြုခြင်းသာလျှင်ဖြစ်သည်။ အကြီးမြတ်ဆုံးအကြံပေးသူနှင့် ကျွန်ုပ်တို့ယုံကြည်အားထားထိုက်သောသူမှာ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော် ယေဟောဝါဘုရားသခင်သာလျှင် အမှန်ဖြစ်ပေသည်။ ‘ထာဝရဘုရားသည် ငါ၏ခွန်အားဗလ၊ ငါ၏အကွယ်အကာဖြစ်တော်မူ၏။ ငါ့နှလုံးသည် ထိုဘုရားကိုကိုးစား၍၊ ငါ့ကိုစောင့်မတော်မူ . . . ၏” ဟုရေးသားခဲ့သည့် ဆာလံဆရာနှင့် ကျွန်ုပ်တို့သဘောထားတူညီကြသည်။ (ဆာလံ ၂၈:၇) ဆုတောင်းချက်ကို ကိုယ်တော်နားညောင်းတော်မူ၍ ကျွန်ုပ်တို့ကိုဂရုစိုက်တော်မူမည်ကိုယုံကြည်လျက် မည်သည့်အချိန်၌မဆို ကိုယ်တော်ထံ ‘စိတ်နှလုံးကိုအပြည့်အဝဖွင့်ပြ’ နိုင်သည်။—ဆာလံ ၆၂:၇၊ ၈; ၁ ပေတရု ၅:၇။
သို့သော် အသင်းတော်ထဲမှ အကြီးအကဲများနှင့် အခြားသူများကိုယုံကြည်အားထားဖို့ မည်သို့သင်ယူနိုင်မည်နည်း။ ဦးဆုံးအနေနှင့် သင့်ကိုယ်သင်ပြန်ဆန်းစစ်ပါလေ။ သင့်စိုးရိမ်ကြောက်ရွံ့မှုသည် ကျိုးကြောင်းခိုင်လုံသလော။ အခြားသူများ၏စိတ်ရင်းကို သင်သံသယဖြစ်သလော။ (၁ ကောရိန္သု ၁၃:၄၊ ၇) ထိခိုက်စေနိုင်သောအန္တရာယ်ကို အတတ်နိုင်ဆုံးလျော့နည်းစေသည့် နည်းလမ်းရှိပါသလော။ ရှိပါသည်။ မည်သို့အားဖြင့်နည်း။ ဝိညာဉ်ဏရေးအခြေအနေတွင် အခြားသူများနှင့် ရင်းနှီးကျွမ်းဝင်ရန်ကြိုးစားပါ။ အသင်းတော်အစည်းအဝေးများ၌ သူတို့နှင့်စကားလက်ဆုံပြောဆိုပါ။ တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် အတူတကွပါဝင်ပါ။ လေးစားမှုကို ကြိုးစားရယူသကဲ့သို့ပင် ယုံကြည်အားထားမှုကိုလည်း ထိုနည်းတူရယူရမည်။ ထို့ကြောင့် စိတ်ရှည်ပါ။ ဥပမာအနေနှင့် ဝိညာဉ်ဏရေးသိုးထိန်းတစ်ဦးကို သင်သိရှိလာသည်နှင့်အမျှ သူ့အားယုံကြည်အားထားမှုလည်း တိုးပွားလာပါလိမ့်မည်။ တဖြည်းဖြည်း သင့်စိုးရိမ်မှုများကို ထုတ်ဖော်ပြောပြပါလေ။ အကယ်၍ သူသည်သင့်တော်၍ ထောက်ထားစာနာတတ်ပြီး လိမ္မာသောနည်းဖြင့်တုံ့ပြန်မည်ဆိုလျှင် ဆက်၍ရင်ဖွင့်ဖို့သင်ကြိုးစားပေမည်။
ယေဟောဝါကိုဝတ်ပြုသူချင်း၊ အထူးသဖြင့်ခရစ်ယာန်အကြီးအကဲများသည် တစ်ဦးနှင့်တစ်ဦးဆက်ဆံရာတွင် ဘုရားသခင်၏မြတ်နိုးဖွယ်အရည်အသွေးကို တုပကာကြိုးစားကြသည်။ (မဿဲ ၅:၄၈) ယင်းက အသင်းတော်ထဲ၌ ယုံကြည်စိတ်ချရသောအသိုင်းအဝိုင်းကိုဖြစ်ပေါ်စေသည်။ လုပ်သက်ကြာအကြီးအကဲတစ်ဦးက ဤသို့ဆိုသည်– “ညီအစ်ကိုများ သိထားသင့်သည့်အချက်တစ်ခုရှိသည်– လူတစ်ဦးအနေနှင့် မည်သည့်အရာကိုပြုလုပ်ခဲ့စေကာမူ အကြီးအကဲများသည် သူ့အပေါ်ခရစ်ယာန်မေတ္တာမပျက်ကြပါ။ ပြုလုပ်ခဲ့သည့်အရာကို သူနှစ်သက်ချင်မှနှစ်သက်မည်ဖြစ်သော်လည်း မိမိညီအစ်ကိုကိုချစ်မြဲချစ်လျက် သူ့အားအကူအညီပေးလိုဆဲဖြစ်သည်။”
ထို့ကြောင့် ပြဿနာများနှင့် တစ်ဦးတည်းလုံးပန်းနေဖို့မလိုပါ။ သင့်ဝန်ထုပ်ဝန်ပိုးကို ကူထမ်းနိုင်သည့် ‘ဝိညာဉ်ဏရေးအရည်အချင်း’ ရှိသူတစ်စုံတစ်ဦးနှင့် စကားပြောဆိုပါ။ (ဂလာတိ ၆:၁) “ဝမ်းနည်းခြင်းအကြောင်းသည် ညှိုးငယ်စေတတ်” သော်လည်း “သာယာသောစကားတို့သည် ပျားလပို့ကဲ့သို့ဖြစ်၍၊ စိတ်ဝိညာဉ်၌ချိုမြိန်လျက်၊ ကိုယ်အရိုးကိုကျန်းမာစေလျက်ရှိကြ၏” ဟုဆိုထားသည်ကို အမှတ်ရပါလေ။—သု. ၁၂:၂၅; ၁၆:၂၄။
[စာမျက်နှာ ၂၆ ပါ လေးထောင့်ကွက်]
မည်သည့်ခရစ်ယာန်မဆို ဆွေမျိုး၊ မိတ်ဆွေ သို့မဟုတ် ဝိညာဉ်ဏရေးညီအစ်ကိုတစ်ဦး၏ ကိုယ်ရေးကိုယ်တာပြဿနာနှင့်ပတ်သက်၍ အချိန်မရွေးအကူအညီအတောင်းခံရနိုင်ပေသည်။ မည်သို့အကူအညီပေးရမည်ကို သင်သိပါသလော။
ထိရောက်သည့်အကြံပေးသူတစ်ဦး
ချဉ်းကပ်ရန်လွယ်ကူသည်– မဿဲ ၁၁:၂၈၊ ၂၉; ၁ ပေတရု ၁:၂၂; ၅:၂၊ ၃
မှန်ကန်သည့်အခြေအနေကိုရွေးချယ်သည်– မာကု ၉:၃၃-၃၇
ပြဿနာကိုနားလည်ရန်ကြိုးစားသည်– လုကာ ၈:၁၈; ယာကုပ် ၁:၁၉
အစွန်းမရောက်– ကောလောသဲ ၃:၁၂-၁၄
နာကျင်သည့်စိတ်ကိုကူညီပေးသည်– ၁ သက်သာလောနိတ် ၅:၁၄; ၁ ပေတရု ၃:၈
မိမိ၏အကန့်အသတ်ဖြစ်မှုကို အသိအမှတ်ပြုသည်– ဂလာတိ ၆:၃; ၁ ပေတရု ၅:၅
တိကျသောအကြံဉာဏ်ကိုပေးသည်– ဆာလံ ၁၉:၇-၉; သု. ၂၄:၂၆
နှုတ်လုံပါသည်– သု. ၁၀:၁၉; ၂၅:၉