သမ္မာကျမ်းစာကို ဘုရားသခင် မည်သို့မှုတ်သွင်းတော်မူသနည်း
သမိုင်းတွင် တစ်ကြိမ်တစ်ခါနှင့်မျှမတူအောင် ယနေ့ ဆက်သွယ်ရေးသည် အလွန်ပင်စိတ်ဝင်စားဖွယ်ကောင်းလှသည်။ တယ်လီဖုန်း၊ ဖက်စ်စက်၊ ကွန်ပျူတာ—လွန်ခဲ့သောနှစ်များက ကမ္ဘာတစ်ဝန်းမည်သည့်နေရာဒေသကိုမဆို သတင်းများ ချက်ချင်းပေးပို့နိုင်မည့်အချိန်တစ်ချိန်ရောက်လာမည်ဟု မည်သူထင်မည်နည်း။
သို့သော် စိတ်ဝင်စားစရာအကောင်းဆုံးသော ဆက်သွယ်ရေးတစ်ခုမှာ လူတို့မစွမ်းဆောင်နိုင်သော ဘုရားသခင်၏မှုတ်သွင်းတော်မူခြင်းဖြစ်သည်။ ယေဟောဝါသည် မိမိ၏နှုတ်တော်ထွက်ဖြစ်သည့် သန့်ရှင်းသောသမ္မာကျမ်းစာကို ရေးသားဖို့ သမ္မာကျမ်းရေးသူ ၄၀ ခန့်ကို မှုတ်သွင်းတော်မူခဲ့သည်။ လူသားတို့သည် မိမိတို့အချင်းချင်း ဆက်သွယ်သည့်နည်းလမ်းတစ်ခုထက်မက အသုံးပြုကြသကဲ့သို့ပင် ယေဟောဝါသည် သမ္မာကျမ်းစောင်များကိုမှုတ်သွင်းရန် ဆက်သွယ်ရေးနည်းလမ်းအမျိုးမျိုးကို အသုံးပြုတော်မူခဲ့သည်။
နှုတ်တိုက်ဆင့်ဆိုတော်မူခြင်း။ ဘုရားသခင်သည် တိကျသောသတင်းစကားများဖြင့် ဆက်သွယ်မှုပြုပြီး နောက်ပိုင်းတွင် ယင်းကို သမ္မာကျမ်းစာမှတ်တမ်း၌ ထည့်သွင်းခဲ့သည်။a ဥပမာ၊ ပညတ်ပဋိညာဉ်တွင်ပါသောစည်းမျဉ်းများကို သုံးသပ်ကြည့်ကြစို့။ ယေဟောဝါက “ဤစကားများကို ရေးထားလော့။ ဤစကားများလာသည်အတိုင်း သင်မှစ၍ ဣသရေလအမျိုးနှင့် ငါပဋိညာဉ်ပြုသည်” ဟုမောရှေအားမိန့်တော်မူ၏။ (ထွက်မြောက်ရာ ၃၄:၂၇) “ကောင်းကင်တမန်များမှတစ်ဆင့်ပေးအပ်တော်မူသည့် ပညတ်တော်” ကိုမောရှေကူးယူခဲ့ကာ ယခုတွင် ထွက်မြောက်ရာ၊ ဝတ်ပြုရာ၊ တောလည်ရာနှင့်တရားဟောရာ ကျမ်းစောင်များ၌ တွေ့ရှိနိုင်ပါသည်။—တမန်တော် ၇:၅၃၊ သတင်းကောင်း။
ဟေရှာယ၊ ယေရမိ၊ ယေဇကျေလ၊ အာမုတ်၊ နာဟုံနှင့် မိက္ခာအပါအဝင် ပရောဖက်များစွာတို့သည် ဘုရားသခင်ထံတော်မှ တိကျသောသတင်းစကားများကို ကောင်းကင်တမန်များမှတစ်ဆင့် ရရှိခဲ့ကြသည်။ ရံဖန်ရံခါ ဤသူများသည် မိမိတို့၏ကြေညာချက်များတွင် “ထာဝရဘုရားမိန့်တော်မူသည်ကား” ဟူသော စကားစုဖြင့်အစချီထားကြသည်။ (ဟေရှာယ ၃၇:၆; ယေရမိ ၂:၂; ယေဇကျေလ ၁၁:၅; အာမုတ် ၁:၃; မိက္ခာ ၂:၃; နာဟုံ ၁:၁၂) ထို့နောက်တွင် သူတို့သည် ဘုရားသခင်မိန့်တော်မူချက်ကို ရေးချကြသည်။
ရူပါရုံများ၊ အိပ်မက်များနှင့် ဘဝင်ကျမှုများ။ ရူပါရုံဟူသည် လူတစ်ဦးနိုးထနေစဉ် သာမန်ထက်ထူးကဲသောနည်းဖြင့်ဖြစ်လေ့ရှိသည့် သူ၏စိတ်တွင်ထင်ဟပ်သော သဏ္ဌာန်၊ မြင်ကွင်း သို့မဟုတ် သတင်းစကားဖြစ်သည်။ ဥပမာ ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့သည် “နိုးသောအခါ” တွင် ယေရှု၏ကိုယ်ယောင်ထွန်းလင်းခြင်းရူပါရုံကို မြင်တွေ့ခဲ့ကြသည်။ (လုကာ ၉:၂၈-၃၆; ၂ ပေတရု ၁:၁၆-၂၁) အချို့ကိစ္စရပ်များတွင် သတင်းစကားကို အိပ်မက် သို့မဟုတ် ညရူပါရုံထဲသို့လွှဲပြောင်းပေးကာ လက်ခံသူအိပ်ပျော်နေစဉ် ထိုသူ၏ဘဝင်တွင် စွဲမှတ်သွားစေသည်။ သို့ဖြင့် ဒံယေလက “ငါအိပ်ပျော်စဉ်တွင်မြင်မက်သည်” သို့မဟုတ် ယင်းကိုဘာသာပြန်သူ ရောနယ်လ် အေ. နောစ် ပြန်ဆိုထားသကဲ့သို့ “အိပ်မက်တွင် ကျွန်ုပ်ကြည့်ရှုစဉ်” ဟုရေးသားခဲ့သည်။—ဒံယေလ ၄:၁၀။
ယေဟောဝါကြောင့် ဘဝင်ကျသူတစ်ဦးသည် မနိုးတစ်ဝက်နိုးတစ်ဝက်ဖြင့် အာရုံနစ်မျောမိန်းမောသွားကြောင်း သိသာထင်ရှားသည်။ (တမန်တော် ၁၀:၉-၁၆ နှိုင်းယှဉ်။) သမ္မာကျမ်းစာတွင် “ဘဝင်ကျမှု” ဟုပြန်ဆိုထားသော ဂရိစကားလုံး (အက်ခ်စတာစစ်) သည် ‘ဖယ်ပစ်ခြင်း သို့မဟုတ် အစားဝင်ရောက်ခြင်း’ ဟူသော အဓိပ္ပာယ်ရှိသည်။ ယင်းက စိတ်၏သာမန်အခြေအနေ မရှိစေတော့သည့်သဘောကို သက်ရောက်စေသည်။ သို့ဖြစ်၍ ဘဝင်ကျသူတစ်ဦးသည် ရူပါရုံကိုအပြည့်အဝခံယူနေစဉ် မိမိ၏ဝန်းကျင်ကို သတိမမူမိဘဲရှိချေမည်။ တမန်တော်ပေါလုသည် “ပရဒိသုဘုံသို့ ချီဆောင်ခြင်းကိုခံရ၍၊ လူမပြောအပ် မပြောနိုင်သောစကားကိုကြား” ခဲ့သောအခါ ထိုသို့ဘဝင်ကျနေခြင်းဖြစ်နိုင်သည်။—၂ ကောရိန္သု ၁၂:၂-၄။
ဘုရားသခင်ထံမှ နှုတ်တိုက်ဆင့်ဆိုတော်မူချက်သတင်းစကားကို ကူးရေးသူများနှင့်နှိုင်းယှဉ်ကြည့်က ရူပါရုံကိုဖြစ်စေ၊ အိပ်မက်ကိုဖြစ်စေရရှိသော သို့မဟုတ် ဘဝင်ကျမှုကိုတွေ့ကြုံသော ကျမ်းရေးသူများသည် မိမိတို့မြင်တွေ့ခဲ့ရာတို့ကို အခါအားလျော်စွာ ကိုယ်ပိုင်စကားများဖြင့် လွတ်လပ်စွာဖော်ပြခွင့်ရလေ့ရှိသည်။ ဟဗက္ကုတ်အား “ဖတ်သောသူသည် ပြေးလျက်ဖတ်နိုင်အောင်၊ ဗျာဒိတ်ရူပါရုံကို သင်ပုန်းပေါ်မှာအက္ခရာတင်၍ရေးမှတ်လော့” ဟုမိန့်တော်မူခဲ့သည်။—ဟဗက္ကုတ် ၂:၂။
ယင်းကြောင့် သမ္မာကျမ်းစာ၏ဤအပိုင်းများသည် နှုတ်တိုက်ဆင့်ဆိုတော်မူခြင်းခံရသည့်အပိုင်းများလောက် မှုတ်သွင်းခြင်းမခံရပါဟု ဆိုလိုပါသလော။ လုံးဝမဆိုနိုင်ပါ။ လူ့အကြံအစည်မဟုတ်ဘဲ ဘုရားသခင်၏ကြံရွယ်တော်မူချက်များ ပေးပို့ခံရရန် ယေဟောဝါသည် သန့်ရှင်းသောဝိညာဉ်တော်မှတစ်ဆင့် မိမိ၏သတင်းစကားကို သမ္မာကျမ်းရေးသူ၏စိတ်ထဲတွင် ခိုင်ခိုင်မြဲမြဲစွဲလမ်းစေသည်။ ယေဟောဝါသည် သမ္မာကျမ်းရေးသူအား သင့်လျော်သောစကားလုံးများကိုရွေးချယ်ရန် ခွင့်ပြုသော်လည်း မပါမဖြစ်သည့်အကြောင်းတစ်ချက်မျှ မကျန်ရစ်စေဘဲ အပြီးသတ်ရလဒ်အနေနှင့် ဘုရားသခင်၏နှုတ်တော်ထွက်များအဖြစ် လျော်ကန်စွာရှုမြင်ခြင်းခံရစေရန်အတွက် ကိုယ်တော်သည် သမ္မာကျမ်းရေးသူများ၏စိတ်နှလုံးကို လမ်းညွှန်ပဲ့ပြင်ပေးတော်မူသည်။—၁ သက်သာလောနိတ် ၂:၁၃။
မြင့်မြတ်သောဖော်ပြချက်။ သမ္မာကျမ်းစာတွင် လူ့ဉာဏ်စွမ်းထက်သာလွန်ထူးကဲလှသော ပရောဖက်ပြုချက်—ကြိုတင်ရေးသားဖော်ပြထားသည့် သမိုင်း—ပါဝင်သည်။ ဥပမာတစ်ခုကား “ဟေလသရှင်ဘုရင်” ဖြစ်သောမဟာအလက်ဇန္ဒား၏ ကြီးထွားခြင်းနှင့် ကျရှုံးခြင်းကို နှစ်ပေါင်း ၂၀၀ ခန့်တင်ကူး၍ ဟောကြားခဲ့လေသည်တကား! (ဒံယေလ ၈:၁-၈၊ ၂၀-၂၂) သမ္မာကျမ်းစာက လူသားတို့၏မျက်စိနှင့် လုံးဝမမြင်ရသည့်အဖြစ်အပျက်များကိုလည်း ဖော်ပြထားပါသည်။ ဥပမာတစ်ခုကား ကောင်းကင်နှင့် မြေကြီးကိုဖန်ဆင်းခြင်းဖြစ်သည်။ (ကမ္ဘာဦး ၁:၁-၂၇; ၂:၇၊ ၈) ထို့အပြင် ယောဘစာစောင်တွင် မှတ်တမ်းတင်ထားသကဲ့သို့ ကောင်းကင်တွင်ဖြစ်ပျက်သည့် အပြန်အလှန်စကားပြောဆိုမှုများကိုဖော်ပြထားသည်။—ယောဘ ၁:၆-၁၂; ၂:၁-၆။
အကယ်၍ ဘုရားသခင်သည် ကျမ်းရေးသူကို တိုက်ရိုက်မဖော်ပြခဲ့လျှင် နှုတ်ပြော သို့မဟုတ် သမိုင်းကိုရေးသားသည့် အပိုင်းဖြစ်လာရန်အလို့ငှာ ထိုသို့သောအဖြစ်အပျက်များကို တစ်ဦးတစ်ယောက်အားဖြင့် ဘုရားသခင်ကသိရှိစေရာ၊ ယင်းတို့သည် မှတ်တမ်းတင်သမ္မာကျမ်းစာ၏အစိတ်အပိုင်း ဖြစ်လာသည့်အထိ လူမျိုးဆက်တစ်ဆက်မှ နောက်တစ်ဆက်တိုင် လက်ဆင့်ကမ်းခြင်းခံရကြသည်။ (စာမျက်နှာ ၇ ရှိလေးထောင့်ကွက်ကိုရှု) မည်သို့ပင်ဖြစ်စေ ယေဟောဝါသည် ထိုသို့သော အကြောင်းအချက်အားလုံး၏ပင်ရင်းဖြစ်သည်ဟု ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပြီး ကိုယ်တော်သည် သမ္မာကျမ်းရေးသူများ၏မှတ်တမ်းများကို မတိကျခြင်း၊ ချဲ့ကားခြင်း သို့မဟုတ် ဒဏ္ဍာရီတို့ဖြင့် စွန်းထင်းမှုမရှိစေရန် သူတို့ကို လမ်းညွှန်ပဲ့ပြင်တော်မူသည်။ ပရောဖက်ပြုချက်နှင့်ပတ်သက်၍ ပေတရုက “သန့်ရှင်းသောဝိညာဉ်တော် နှိုးဆော်တော်မူသည့်အတိုင်းသာလျှင် လူတို့သည် ထာဝရဘုရား၏ဗျာဒိတ်တော်ကို မြွက်ဟကြေညာကြရခြင်းဖြစ်သည်” ဟုရေးသားခဲ့သည်။b—၂ ပေတရု ၁:၂၁၊ သတင်းကောင်း။
ကြိုးစားပမ်းစားလုံ့လစိုက်ထုတ်မှု လိုအပ်ခြင်း
ကျမ်းရေးသူများသည် ‘သန့်ရှင်းသောဝိညာဉ်တော် နှိုးဆော်တော်မူခြင်း’ ခံရလင့်ကစား သူတို့ဘက်မှလည်း အကြောင်းအချက်ကို ဂရုတစိုက်စဉ်းစားဖို့လိုပေသည်။ ဥပမာ ရှောလမုန်သည် “လုံ့လဝီရိယပြုလျက် များစွာသော . . . စကားတို့ကို ရှာဖွေ၍စီစဉ်၏။ [သူ] သည် နားထောင်ဖွယ်သောစကားကိုရှာ၍၊ ရေးထားချက်စကားသည် ဖြောင့်မတ်သောစကား၊ သမ္မာတရားဖြစ်၏။”—ဒေသနာ ၁၂:၉၊ ၁၀။
ကျမ်းရေးသူအချို့သည် မိမိတို့ရေးသားရမည့်အကြောင်းအရာနှင့်စပ်လျဉ်းပြီး များစွာသုတေသနပြုလုပ်ကြရသည်။ ဥပမာ၊ လုကာက “ငါသည်လည်းထိုအတ္ထုပ္ပတ္တိအလုံးစုံတို့ကို ရှေ့ဦးစွာမှစ၍ စေ့စေ့ဖွေရှာလိုက်စစ်ပြီးလျှင်၊ ကိုယ်တော်သင်ပြီးသောအကြောင်းအရာတို့သည် ဧကန်အမှန်ဖြစ်ကြောင်းကို ကိုယ်တော်သိစေခြင်းငှာ အစဉ်အတိုင်းရေးထား” သည်ဟု မိမိ၏ခရစ်ဝင်မှတ်တမ်းနှင့်စပ်လျဉ်း၍ရေးသားခဲ့သည်။ မှန်ပါသည်၊ လုကာ၏ကြိုးစားအားထုတ်မှုကို ဘုရားသခင့်ဝိညာဉ်တော်ကကောင်းချီးပေးကာ ယုံကြည်စိတ်ချရသည့် သမိုင်းကြောင်းအချက်အလက်များကို ရှာဖွေရန်နှင့် အသက်ထင်ရှားရှိနေသေးသောတပည့်တော်များ၊ ယေရှု၏မိခင်မာရိတို့ကဲ့သို့သော စိတ်ချရသည့်မျက်မြင်သက်သေများကို မေးမြန်းရန်လှုံ့ဆော်မည်မှာ သံသယဖြစ်စရာမလိုပေ။ ထို့နောက် ဘုရားသခင်၏ဝိညာဉ်တော်က သတင်းအချက်အလက်ကို တိကျစွာမှတ်တမ်းတင်ရန် လုကာအားလမ်းညွှန်ပေမည်။—လုကာ ၁:၁-၄။
လုကာ၏ခရစ်ဝင်ကျမ်းနှင့်ခြားနားစွာပင် ယောဟန်ခရစ်ဝင်ကျမ်းသည် မျက်မြင်သက်သေတစ်ဦး၏မှတ်တမ်းဖြစ်ပြီး ယေရှုသေပြီးနောက် ၆၅ နှစ်ခန့်အကြာတွင်ရေးသားခဲ့သည်။ အသက်အရွယ်ကြီးရင့်လာသောကြောင့် မှတ်ဉာဏ်ချို့ယွင်းသွားခြင်းမရှိရလေအောင် ယေဟောဝါ၏ဝိညာဉ်တော်က ယောဟန်၏မှတ်ဉာဏ်ကို ထက်မြက်စေခဲ့မည်မှာသေချာသည်။ ယင်းက “ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသောဥပဇ္စျယ်တည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အားခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသောစကားတို့ကိုမှတ်မိသောဉာဏ်ကို သင်တို့အားပေးတော်မူမည်” ဟူသော မိမိ၏နောက်တော်လိုက်များအား ယေရှုကတိပြုထားတော်မူချက်နှင့် ကိုက်ညီပေသည်။—ယောဟန် ၁၄:၂၆။
အချို့ကိစ္စများတွင်ကျမ်းရေးသူများသည် အားလုံးမှုတ်သွင်းခံရသူများမဟုတ်သော အစောပိုင်းအချိန်က သမိုင်းရေးသူများ၏ မျက်မြင်သက်သေမှတ်တမ်းမှတ်ရာများမှ စုစည်းပြုစုထားရာတို့ကို ထည့်သွင်းထားသည်။ ယေရမိသည် ဓမ္မရာဇဝင်တတိယစောင်နှင့် စတုတ္ထစောင်တို့ကို များသောအားဖြင့် ဤနည်းနှင့်ပြုစုခဲ့သည်။ (၄ ဓမ္မရာဇဝင် ၁:၁၈) ဧဇရသည် ရာဇဝင်ချုပ်ပထမစောင်နှင့် ဒုတိယစောင်တို့ကိုရေးသားရန် “ဒါဝိဒ်မင်းကြီး၏မှတ်စာ” နှင့် “ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်” အပါအဝင် မှုတ်သွင်းခြင်းမခံရသော ကိုးကားရင်းမြစ်များမှ အနည်းဆုံး ၁၄ ခုကိုကိုးကားခဲ့သည်။ (၁ ရာဇဝင်ချုပ် ၂၇:၂၄; ၂ ရာဇဝင်ချုပ် ၁၆:၁၁) မောရှေသည် ဘုရားသခင်လူမျိုးများ၏စစ်ပွဲဆိုင်ရာ စိတ်ချရသောမှတ်တမ်းတစ်ခုဖြစ်နိုင်သည့် “ထာဝရဘုရားစစ်တိုက်စာ” မှပင်ကိုးကားခဲ့ပေသည်။—တောလည်ရာ ၂၁:၁၄၊ ၁၅။
ထိုသို့သောကိစ္စများတွင် သန့်ရှင်းသောဝိညာဉ်တော်က တက်ကြွစွာလှုပ်ရှားဆောင်ရွက်ကာ ကျမ်းရေးသူများအား စိတ်ချလောက်သောအကြောင်းအချက်များကိုသာလျှင် ရွေးချယ်စေရန်လှုံ့ဆော်ပေးပြီး နောက်ပိုင်းတွင် ယင်းတို့သည် မှုတ်သွင်းခံကျမ်းစာမှတ်တမ်း၏ အစိတ်အပိုင်းဖြစ်လာကြသည်။
လက်တွေ့ကျဆုံးမစကား—မည်သူထံမှနည်း
ကျမ်းစာထဲတွင် တစ်ဦးစီ၏အာရုံစိုက်လေ့လာတွေ့ရှိချက်ပေါ်အခြေခံပြီး လက်တွေ့ကျဆုံးမစကားများစွာ ပါရှိသည်။ ဥပမာ ရှောလမုန်က “စားသောက်ခြင်းငှာလည်းကောင်း၊ ကြိုးစားအားထုတ်ရာ၌ စိတ်နှလုံးပျော်မွေ့ခြင်းငှာလည်းကောင်း လူ၌ကောင်းသောအခွင့်မရှိ။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ၊ ထိုသို့သောအခွင့်ကိုရနိုင်သည်ဟု ငါသိမြင်၏” ဟုရေးသားခဲ့သည်။ (ဒေသနာ ၂:၂၄) အိမ်ထောင်နှင့်ပတ်သက်၍ ပေါလုက သူ၏အကြံပေးချက်၌ “[မိမိ] သဘောရှိ၏” ဟုပြောသော်လည်းထပ်ဆင့်၍ “ငါ၌လည်း ဘုရားသခင်၏ဝိညာဉ်တော်ရှိတော်မူသည်ဟု ငါစွဲလမ်းခြင်းရှိ၏” ဟူ၍ဖော်ပြသည်။ (၁ ကောရိန္သု ၇:၂၅၊ ၃၉၊ ၄၀) တမန်တော်ပေတရုက ပေါလုရေးသားထားသမျှသည် “မိမိခံရသောဉာဏ်ပညာအတိုင်း” ဖြစ်သည်ဟု ရှင်းပြခဲ့သောကြောင့် ပေါလုသည် ဘုရားသခင့်ထံတော်မှဝိညာဉ်တော်ရခဲ့သည်မှာ သေချာပါသည်။ (၂ ပေတရု ၃:၁၅၊ ၁၆) သို့ဖြစ်၍ ဘုရားသခင့်ဝိညာဉ်တော်၏လမ်းပြမှုဖြင့် သူသည် မိမိ၏စိတ်သဘောထားကိုတင်ပြခဲ့သည်။
ကျမ်းရေးသူများသည် ထိုကဲ့သို့မိမိတို့၏ကိုယ်ပိုင်ယုံကြည်ချက်များကို ဖော်ပြသောအခါ သူတို့သည် ရရှိနိုင်သောကျမ်းစာစောင်များကို လေ့လာကျင့်သုံးနှင့်ပြီးသားဖြစ်သည်။ သူတို့၏ရေးသားချက်များမှာ ဘုရားသခင်၏ကြံစည်တော်မူချက်များနှင့် ညီညွတ်သည်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပါသည်။ သူတို့၏မှတ်တမ်းတင်ရာများသည် ဘုရားသခင့်နှုတ်ကပါဌ်တော်၏အစိတ်အပိုင်း ဖြစ်လာသည်။
သမ္မာကျမ်းစာ၌ အတွေးအခေါ်လွဲချော်ခဲ့သူတို့၏ အဆိုပြုချက်အချို့ ပါဝင်သည်တော့မှန်ပါသည်။ (ယောဘ ၁၅:၁၅ ကို ၄၂:၇ နှင့်နှိုင်းယှဉ်။) ယင်း၌ ဘုရားသခင့်ကျေးကျွန်များ၏ ပြင်းထန်သောစိတ်ဒုက္ခကို ဖော်ပြခြင်းအနည်းငယ်ပါဝင်သော်လည်း ယင်းသို့ဖြစ်ရခြင်း၏ အကြောင်းအရာအားလုံးကို အသေးစိတ်မဖော်ကျူးထားပါ။c ထိုသို့ ကိုယ်ပိုင်အဆိုပြုချက်များကို ဖော်ပြကြသော်လည်း ကျမ်းရေးသူသည် တိကျသောမှတ်တမ်းကိုရေးသားရန် ဘုရားသခင့်ဝိညာဉ်တော်၏လမ်းပြမှုကို ခံရလျက်ပင်ရှိပြီး၊ ယင်းက ကျိုးကြောင်းဆင်ခြင်မှုမှားနေကြောင်းကို သိမြင်ရန်ဖော်ထုတ်ပေးလေသည်။ ထိုမျှမက ထိုသို့သောကိစ္စတစ်ခုစီတွင် ကျိုးကြောင်းဆင်ခြင်တတ်သော စာဖတ်သူမည်သူမဆို ရှေ့နောက်အစီအစဉ်ကို ဖတ်ရှုကြည့်ခြင်းဖြင့် စာရေးသူ၏စဉ်းစားမှုသည် အခြေအမြစ်ရှိသည်၊ မရှိသည်ကို သိပေမည်။
အချုပ်အားဖြင့်ဆိုလျှင် သမ္မာကျမ်းစာတစ်အုပ်လုံးသည် ဘုရားသခင်၏သတင်းစကားဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပါသည်။ အမှန်ပင် ယင်းတွင်ပါရှိသည့်အကြောင်းအရာအားလုံးကို ယေဟောဝါသည် မိမိ၏ရည်ရွယ်တော်မူချက်နှင့်အံဝင်စေပြီး ကိုယ်တော့်အမှုတော်ကို ထမ်းဆောင်လိုသူများအတွက် လိုအပ်သောသွန်သင်ညွှန်ကြားချက်ကိုရဖို့ စီမံပေးထားတော်မူသည်။—ရောမ ၁၅:၄။
လူသားသမ္မာကျမ်းစာရေးသူများ—အဘယ်ကြောင့်နည်း
သမ္မာကျမ်းစာကိုရေးသားရန် လူသားများအား ယေဟောဝါအသုံးပြုခြင်းက ကိုယ်တော်၏ကြီးမားတော်မူသောဉာဏ်ပညာတော်ကို ထင်ရှားပြသသည်။ ဤအချက်ကို သုံးသပ်ကြည့်ပါ– အကယ်၍ ဘုရားသခင်သည် အဆိုပါကိစ္စကို ကောင်းကင်တမန်များအားအပ်နှင်းခဲ့လျှင် သမ္မာကျမ်းစာ၌ အလားတူဆွဲဆောင်မှုမျိုးရှိမည်လော။ မှန်ပါသည်၊ ဘုရားသခင်၏အရည်အချင်းများနှင့် ကူးလူးဆက်သွယ်မှုများကို ကောင်းကင်တမန်တစ်ပါး၏ရှုထောင့်မှ ဖတ်ရပါက ကျွန်ုပ်တို့သည် သည်းထိတ်ရင်ဖိုခံစားရပေမည်။ သို့သော် လူသား၏ဝိသေသလက္ခဏာတစ်ခုမျှမပါခဲ့လျှင် ကျွန်ုပ်တို့သည် သမ္မာကျမ်းစာ၏သတင်းစကားကို နားလည်ရန်အလွန်ခက်ခဲပေမည်။
ဥပမာအနေဖြင့်– သမ္မာကျမ်းစာက ဘုရင်ဒါဝိဒ်သည် သူ့မယားပြစ်မှားခြင်းနှင့် လူသတ်မှုကိုကျူးလွန်ခဲ့ပြီး၊ နောက်ပိုင်းတွင် သူနောင်တရခဲ့ကြောင်း ရိုးရိုးကလေးမှတ်တမ်းတင်ထားနိုင်သည်။ သို့သော် ဒါဝိဒ်သည် သူ၏လုပ်ရပ်များကြောင့် ပြင်းထန်သောဝမ်းနည်းကြေကွဲမှုကို ဖော်ပြခြင်းနှင့် ယေဟောဝါ၏ခွင့်လွှတ်မှုတောင်းခံခြင်းတို့ကို သူ၏ကိုယ်ပိုင်စကားများဖြင့်ရေးသားစေခြင်းသည် မည်မျှသာ၍ကောင်းလှပါသည်တကား! သူက “ကိုယ်အပြစ်ကို အစဉ်မပြတ်အောက်မေ့လျက်နေပါ၏ . . . အိုဘုရားသခင်၊ ကိုယ်တော်သည် ကျိုးပဲ့ကြေမွသောနှလုံးကို ငြင်းပယ်တော်မမူတတ်ပါ” ဟုရေးသားခဲ့သည်။ (ဆာလံ ၅၁:၃၊ ၁၇) ထို့ကြောင့်သမ္မာကျမ်းစာတွင် လူသား၏ဝိသေသလက္ခဏာများဖြစ်သော တက်ကြွလှိုက်လှဲမှုနှင့် ဆွဲဆောင်မှုတို့ပါဝင်နေသည်။
မှန်ပါသည်၊ ယေဟောဝါသည် ကျွန်ုပ်တို့အား မိမိ၏နှုတ်တော်ထွက်တို့ကိုပေးရန် အကောင်းဆုံးနည်းလမ်းကို ရွေးချယ်တော်မူခဲ့သည်။ အားနည်းချက်နှင့်ချွတ်ယွင်းချက်များရှိသောလူသားများကို အသုံးပြုသည်မှန်သော်လည်း သူတို့၏အရေးအသားများတွင် အမှားမပါစေရန် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် နှိုးဆော်ခံရကြသည်။ ထို့ကြောင့် သမ္မာကျမ်းစာသည် တန်ဖိုးကြီးမြတ်လွန်းလှသည်။ ယင်း၏အကြံပြုချက်သည် ကျိုးကြောင်းခိုင်လုံမှုရှိပြီး မြေကြီးပေါ်ပရဒိသုအနာဂတ်နှင့်ပတ်သက်သော ပရောဖက်ပြုချက်များသည် မှီခိုအားထားလောက်ပေသည်။—ဆာလံ ၁၁၉:၁၀၅; ၂ ပေတရု ၃:၁၃။
နေ့စဉ် ဘုရားသခင့်နှုတ်ကပါဌ်တော်မှ ကျမ်းပိုဒ်တစ်ခုကိုဖတ်ရှုသည့်အကျင့် မပြုလုပ်သင့်ပေလော။ ပေတရုက “ကယ်တင်ခြင်းအလိုငှာ နှုတ်ကပါဌ်တရား၏နို့စစ်အားဖြင့်ကြီးပွားမည်အကြောင်း၊ ဖွားစသူငယ်ကဲ့သို့၊ ထိုတရားနို့ကိုအလွန်လိုချင်သောစိတ်ရှိကြလော့” ဟုရေးသားခဲ့သည်။ (၁ ပေတရု ၂:၃) ယင်းကို ဘုရားသခင်မှုတ်သွင်းတော်မူသောကြောင့် သမ္မာကျမ်းစာရှိသမျှသည် “ဘုရားသခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်းကျေးဇူးများကို ပြုတတ်” ကြောင်း သင်တွေ့ရှိပေလိမ့်မည်။—၂ တိမောသေ ၃:၁၆၊ ၁၇။
[အောက်ခြေမှတ်ချက်များ]
a ယုတ်စွအဆုံး အနည်းဆုံးအဖြစ်အပျက်တစ်ခုဖြစ်သည့် ပညတ်တော်ဆယ်ပါးရေးသားခြင်း၌ ထိုအကြောင်းအရာကို တိုက်ရိုက်ပင် ‘ဘုရားသခင့်လက်ညှိုးတော်နှင့် အက္ခရာတင်တော်မူခဲ့သည်။’ ထိုနောက် မောရှေသည် ထိုစကားများကို စာလိပ်များ သို့မဟုတ် အခြားကိရိယာများပေါ်တွင် ကူးချရုံမျှသာပြုလုပ်ခဲ့သည်။—ထွက်မြောက်ရာ ၃၁:၁၈; တရားဟောရာ ၁၀:၁-၅။
b ဤတွင် ‘နှိုးဆော်တော်မူသည်’ ဟုဘာသာပြန်ထားသော ဂရိစကားလုံး ဖီရို ကို တမန်တော် ၂၇:၁၅၊ ၁၇ တွင် အခြားပုံစံတစ်မျိုးဖြင့်ဖြစ်သည့် လေ၏သယ်ဆောင်သွားခြင်းခံရသော သင်္ဘောကိုဖော်ပြရန် အသုံးပြုထားသည်။ ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်သည် ကျမ်းရေးသူများ၏ ‘လုပ်ဆောင်မှုကို ထိန်းကျောင်းပေးသည်။’ ယင်းက မမှန်ကန်သော မည်သည့်သတင်းအချက်အလက်ကိုမဆို ငြင်းပယ်ရန် သူတို့ကိုလှုံ့ဆော်ပေးပြီး အမှန်တကယ်ဖြစ်ရာတို့ကိုသာ ထည့်သွင်းရေးသားစေသည်။
c ဥပမာ ၃ ဓမ္မရာဇဝင် ၁၉:၄ ကို အခန်းငယ် ၁၄၊ ၁၈ နှင့်နှိုင်းယှဉ်; ယောဘ ၁၀:၁-၃; ဆာလံ ၇၃:၁၂၊ ၁၃၊ ၂၁; ယောန ၄:၁-၃၊ ၉; ဟဗက္ကုတ် ၁:၁-၄၊ ၁၃။
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
မောရှေသည်သတင်းအချက်အလက်ကိုအဘယ်မှရရှိသနည်း
မောရှေသည် ကမ္ဘာဦးကျမ်းကိုရေးသားခဲ့သည်။ သို့သော် သူမှတ်တမ်းတင်ထားသည့်အရာအားလုံးသည် သူမမွေးဖွားမီအချိန်က ဖြစ်ပျက်ခဲ့သည်။ သို့ဖြစ်လျှင် မောရှေသည် ထိုသို့သော သတင်းအချက်အလက်ကို အဘယ်မှရရှိခဲ့သနည်း။ ဘုရားသခင်က သူအား တိုက်ရိုက်ဖော်ပြခြင်း သို့မဟုတ် အဖြစ်အပျက်အချို့ကို လူမျိုးတစ်ဆက်မှ နောက်တစ်ဆက်သို့ နှုတ်တိုက်လက်ဆင့်ကမ်းလာကြခြင်းဖြင့် ဖြစ်နိုင်ပေသည်။ ရှေးအချိန်က လူတို့၏သက်တမ်းသည် ရှည်လျားသောကြောင့် မောရှေမှတ်တမ်းတင်ထားသည့် ကမ္ဘာဦးကျမ်းပါအဖြစ်အပျက်အများစုသည် အာဒံမှမောရှေအထိ ကျော်ဖြတ်လာခဲ့ကြသော လူသားမျိုးဆက်ငါးဆက်—မသုရှလ၊ ရှေမ၊ ဣဇာက်၊ လေဝိ၊ အာမရံတို့ထံမှဖြစ်နိုင်သည်။
ထို့အပြင် မောရှေသည် ရေးထားနှင့်ပြီးသောမှတ်တမ်းများကို ရှာဖွေလေ့လာခဲ့ပေမည်။ ယင်းနှင့်စပ်လျဉ်း၍ မောရှေက ပုဂ္ဂိုလ်တစ်ဦးအကြောင်းမဆွေးနွေးမီ “အတ္ထုပ္ပတ္တိဟူမူကား” ဟူသော စကားစုကိုအသုံးပြုလေ့ရှိခြင်းက ထူးခြားပါသည်။ (ကမ္ဘာဦး ၆:၉; ၁၀:၁; ၁၁:၁၀၊ ၂၇; ၂၅:၁၂၊ ၁၉; ၃၆:၁၊ ၉; ၃၇:၂) အချို့ကျမ်းပညာရှင်များက ဤနေရာတွင် “သမိုင်း” ဟုပြန်ဆိုထားသောဟေဗြဲစကားလုံး တိုလီဒေါ့သ် သည် ရေးသားနှင့်ပြီးသားသမိုင်းဝင်မှတ်တမ်းကို ရည်ညွှန်းပြီး၊ မောရှေသည် ယင်းမှတ်တမ်းကို သူ၏ကျမ်းစောင်များရေးသားဖို့အတွက် အကြောင်းအရာမူရင်းအဖြစ် အသုံးပြုခဲ့သည်ဟုဆိုကြသည်။ အမှန်မှာ ယင်းအဆိုမှန်သည်ဟု တပ်အပ်မပြောနိုင်ပါ။
ကမ္ဘာဦးကျမ်းတွင်ပါသောအကြောင်းအချက်များကို အထက်တွင်ဖော်ပြခဲ့သော—တိုက်ရိုက်ဖော်ပြခြင်းဖြင့်ဖြစ်စေ၊ နှုတ်တိုက်လက်ဆင့်ကမ်းခြင်းဖြင့်ဖြစ်စေ၊ ရေးထားနှင့်ပြီးသားမှတ်တမ်းများမှဖြစ်စေ—နည်းသုံးနည်းစလုံးဖြင့် ရရှိခဲ့ခြင်းဖြစ်နိုင်ပေသည်။ အရေးကြီးသောအချက်ကား ယေဟောဝါ၏ဝိညာဉ်တော်သည် မောရှေအား မှုတ်သွင်းတော်မူခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ သူ၏ရေးသားချက်သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ဖြစ်သည်ဟု မှန်ကန်စွာယူမှတ်နိုင်ပါသည်။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာကို လူသားတို့ရေးသားရန် နည်းလမ်းအမျိုးမျိုးဖြင့် ဘုရားသခင်မှုတ်သွင်းတော်မူခဲ့