မြဲမြံသောခရစ်ယာန်အမွေအနှစ်အတွက် ကျေးဇူးတင်ခြင်း
ဂဝဲန်းဂုချ်ပြောပြသည်
‘ကြီးမြတ်တော်မူသောယေဟောဝါ ဘုန်းတော်ဖြင့်နန်းထိုင်’ ဆိုတဲ့စာသားနဲ့ဓမ္မသီချင်းကို ကျွန်မကျောင်းမှာသီဆိုခဲ့ပါတယ်။ ‘ဒီယေဟောဝါဆိုတာ ဘယ်သူပါလိမ့်’ ဆိုပြီး ကျွန်မမကြာခဏမေးမိတယ်။
ကျွန်မရဲ့ဘိုးဘွားတွေက ဘုရားသခင်ကိုကြောက်ရွံ့သူတွေပါ။ ဒီရာစုနှစ်အစောပိုင်းမှာ အဲဒီတုန်းက ကျမ်းစာကျောင်းသားတွေလို့လူသိများတဲ့ ယေဟောဝါသက်သေတွေနဲ့ သူတို့ပေါင်းသင်းခဲ့ကြပါတယ်။ ကျွန်မအဖေက စီးပွားရေးလုပ်ငန်းမှာအောင်မြင်ပေမဲ့ အစပိုင်းမှာ သူရရှိထားတဲ့ခရစ်ယာန်အမွေအနှစ်ကို သူ့ကလေးသုံးယောက်ကိုမပေးခဲ့ဘူး။
ကျွန်မအစ်ကို ဒဂလပ်စ်၊ ညီမလေး အဲန်းနဲ့ကျွန်မကို ကိုယ်တော်၏လက်ရာတော်များ နဲ့ ဘုရားသခင်သည်မည်သူနည်းဆိုတဲ့ စာအုပ်ကလေးတွေကို အဖေပေးတဲ့အခါကျမှ ယေဟောဝါဆိုတာ စစ်မှန်တဲ့ဘုရားသခင့်နာမည်ဖြစ်တာကို ကျွန်မသိခဲ့ရတယ်။ (ဆာလံ ၈၃:၁၈) ကျွန်မဝမ်းသာလိုက်တာ မပြောနဲ့တော့! ဒါပေမဲ့ အဖေ ဘာကြောင့်ပြန်စိတ်ဝင်စားလာတာလဲ။
၁၉၃၈ မှာ နိုင်ငံတစ်ခုပြီးတစ်ခု တိုက်ပွဲဝင်ဖို့အသင့်ဖြစ်နေကြတာကို သူမြင်တဲ့အခါ ကမ္ဘာ့ပြဿနာတွေကိုဖြေရှင်းဖို့ လူ့ကြိုးစားမှုထက်မကလိုမယ်ဆိုတာကို အဖေသိလာတယ်။ အဘွားက အဖေ့ကို ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ ရန်သူများ ဆိုတဲ့စာအုပ်ကိုပေးတယ်။ အဲဒီစာအုပ်ကိုဖတ်ကြည့်တော့ လူသားတွေရဲ့ရန်သူအစစ်အမှန်ဟာ စာတန်ဖြစ်ပြီး ဘုရားသခင့်နိုင်ငံတော်သာ ကမ္ဘာ့ငြိမ်းချမ်းရေးပေးနိုင်မယ်လို့ သူသိလာတယ်။a—ဒံယေလ ၂:၄၄; ၂ ကောရိန္သု ၄:၄။
စစ်ဖြစ်ခါနီးအချိန်မှာ ကျွန်မတို့မိသားစုဟာ မြောက်လန်ဒန် ဝပ်ဒ်ဂရင်းရပ်ကွက်မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့နိုင်ငံတော်ခန်းမမှာ အစည်းအဝေးတွေစတက်ကြပါတယ်။ ၁၉၃၉ ဇွန်လမှာ အဲဒီအချိန်တုန်းက ကင်းမျှော်စင်အသင်းရဲ့ဥက္ကဋ္ဌ ဂျိုးဇက် အက်ဖ်. ရပ်သဖော့ဒ်ရဲ့ “အစိုးရနှင့်ငြိမ်သက်ခြင်း” ဆိုတဲ့ လူထုဟောပြောချက်ကိုနားထောင်ဖို့ အနီးအနားမှာရှိတဲ့ အလက်ဇန္ဒရားပဲလေ့စ်ကို ကျွန်မတို့သွားကြတယ်။ နယူးယောက်မြို့ရဲ့ မယ်ဒီစင်စကွဲဂါဒင်မှာဟောတဲ့ ရပ်သဖော့ဒ်ရဲ့ဟောပြောချက်ကို လန်ဒန်နဲ့ တခြားမြို့တော်တွေကို ရေဒီယိုကထုတ်လွှင့်ပေးခဲ့တယ်။ ဟောပြောချက်ကို ဘယ်လောက်ပီပီသသကြားနိုင်သလဲဆိုရင် နယူးယောက်မြို့မှာ ဆူပူသောင်းကျန်းတဲ့လူတစ်စုက အနှောင့်အယှက်ပေးတဲ့အခါ ကျွန်မတို့နားထောင်နေတဲ့ ခန်းမထဲမှာဖြစ်နေသလားဆိုပြီး ဘေးပတ်ပတ်လည်ကိုကြည့်မိတဲ့အထိပါပဲ!
ကျမ်းစာအမှန်တရားအတွက် ဖခင်၏စိတ်ထက်သန်မှု
ကျွန်မတို့တစ်မိသားစုလုံး စနေနေ့ညတိုင်း ကျမ်းစာသင်အံမှုမှာပါဝင်ကြဖို့ အဖေကတိုက်တွန်းတယ်။ နောက်တစ်နေ့မှာဆွေးနွေးမယ့် ကင်းမျှော်စင်ထဲက ကျမ်းစာအကြောင်းကို ကျွန်မတို့အဓိကထားလေ့လာကြတယ်။ ဒီလေ့လာမှုတွေရဲ့အကျိုးသက်ရောက်မှုကို ပုံဖော်ကြည့်ရင် ၁၉၃၉ မေ ၁ ရက်ထုတ် ကင်းမျှော်စင်မှာဆွေးနွေးထားတဲ့ ယောရှုနဲ့ အာဣမြို့ကိုသိမ်းပိုက်တဲ့မှတ်တမ်းဟာ ဒီနေ့အထိကျွန်မစိတ်ထဲမှာ ကွင်းကွင်းကွက်ကွက်ပေါ်နေဆဲပါပဲ။ အဲဒီမှတ်တမ်းကို ကျွန်မဘယ်လောက်သိချင်စိတ်ပြင်းပြသလဲဆိုရင် ကိုးကားချက်အားလုံးကို ကျွန်မရဲ့ကိုယ်ပိုင်ကျမ်းစာနဲ့ စစ်ဆေးကြည့်တဲ့အထိပါပဲ။ အဲလိုရှာဖွေမှုလုပ်ရတာကို အခုအချိန်အထိ ကျွန်မစိတ်ဝင်စားနှစ်သက်ပါတယ်။
ကျွန်မတို့တတ်သိလာတဲ့အကြောင်းတွေ တခြားသူများကိုပြောပြခဲ့တဲ့အတွက် ကျမ်းစာသွန်သင်ချက်တွေ ကျွန်မနှလုံးထဲစိမ့်ဝင်စေခဲ့ပါတယ်။ တစ်နေ့ကျတော့ အဖေက ကျမ်းစာဟောပြောချက်တစ်ပုဒ်သွင်းထားတဲ့ ဓာတ်စက်တစ်လုံး၊ ကျမ်းစာသင်အံမှုမှာ ကျွန်မတို့အသုံးပြုတဲ့စာအုပ်ကလေးတစ်အုပ်နဲ့ အဘွားအိုတစ်ယောက်ရဲ့လိပ်စာကိုပေးတယ်။ ပြီးတော့ အဲဒီအမျိုးသမီးဆီသွားခိုင်းတယ်။
“ကျွန်မဘာတွေသွားပြောပြီး ဘာလုပ်ရမလဲ” လို့မေးလိုက်တယ်။
“အဲဒီထဲမှာအကုန်ပါတယ်။ ဓာတ်စက်ကိုဖွင့်၊ မေးခွန်းတွေမေး၊ အဖြေကိုအိမ်ရှင်ဖတ်ပြီးတဲ့နောက် ကျမ်းချက်တွေကိုဖတ်ရုံပဲ” လို့အဖေကဖြေတယ်။
သူပြောတဲ့အတိုင်း ကျွန်မလုပ်ခဲ့တယ်၊ ဒီနည်းနဲ့ ကျွန်မကျမ်းစာသင်အံမှု လုပ်တတ်လာတယ်။ ဓမ္မအမှုမှာကျမ်းစာကို အဲဒီနည်းတွေနဲ့အသုံးပြုလို့ ကျမ်းစာကိုပိုပြီးနားလည်လာပါတယ်။
စစ်ဖြစ်သောနှစ်များအတွင်း စိန်ခေါ်မှု
၁၉၃၉ မှာဒုတိယကမ္ဘာစစ်ဖြစ်ခဲ့ပြီး နောက်တစ်နှစ်မှာ ယေဟောဝါကိုအမှုထမ်းဖို့ ဆက်ကပ်အပ်နှံတဲ့အနေနဲ့ ကျွန်မနှစ်ခြင်းခံခဲ့တယ်။ ကျွန်မအသက် ၁၃ နှစ်ပဲရှိသေးတယ်။ အဲဒီအချိန်မှာ ရှေ့ဆောင်လို့ခေါ်တဲ့ အချိန်ပြည့်ဓမ္မအမှုဆောင်တစ်ယောက်ဖြစ်ဖို့ ကျွန်မစိတ်ဆုံးဖြတ်ခဲ့တယ်။ ၁၉၄၁ မှာကျောင်းကထွက်ပြီး လက်စတာမြို့မှာကျင်းပတဲ့အစည်းအဝေးကြီးမှာ ဒဂလပ်စ်နဲ့အတူ အချိန်ပြည့်ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ခဲ့ပါတယ်။
စစ်ထဲဝင်ဖို့ငြင်းဆိုတဲ့အတွက် နောက်တစ်နှစ်မှာ အဖေထောင်ချခံရပါတယ်။ စစ်ဖြစ်ချိန်ခက်ခဲတဲ့ကာလအတွင်း အိမ်မှာအမေ့ကိုကူညီပေးဖို့ ကျွန်မတို့အားလုံးပြန်လာကြပါတယ်။ ဒါနဲ့ အဖေထောင်ကလွတ်လွတ်ချင်း ဒဂလပ်စ်ဟာ စစ်ထဲဝင်ဖို့ဆင့်ခေါ်ခံရပါတယ်။ ဒေသခံသတင်းစာခေါင်းစီးတစ်ခုက “သားကအဖေကဲ့သို့အကျဉ်းထောင်ကိုရွေးရသည့်အကြောင်း” လို့ဆိုတယ်။ စစ်မှန်တဲ့ခရစ်ယာန်တွေဟာ လူလူချင်းကိုဘာကြောင့်မသတ်ကြတဲ့အကြောင်း ရှင်းပြဖို့အခွင့်အရေးကြုံလာတဲ့အခါမှာ ကောင်းကောင်းသက်သေခံလိုက်ရတယ်။—ယောဟန် ၁၃:၃၅; ၁ ယောဟန် ၃:၁၀-၁၂။
စစ်ဖြစ်ချိန်အတောအတွင်း အချိန်ပြည့်အမှုဆောင် သက်သေခံအတော်များများဟာ ကျွန်မတို့အိမ်ကိုမှန်မှန်လာလည်ပတ်ကြပြီး တည်ဆောက်မှုဖြစ်စေတဲ့ သူတို့ရဲ့ကျမ်းစာအခြေပြုဆွေးနွေးချက်တွေဟာ စွဲမှတ်စရာဖြစ်ခဲ့ပါတယ်။ အဲဒီသစ္စာရှိခရစ်ယာန်ညီအစ်ကိုတွေထဲမှာ အခုယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်တဲ့ ဂျွန် ဘားရ်နဲ့ အဲလ်ဘတ် ရှရိုးဒါတို့လည်းပါတယ်။ ကျွန်မမိဘတွေက တကယ်ဧည့်ဝတ်ကျေပွန်ကြပြီး ကျွန်မတို့ကိုလည်း အဲလိုဖြစ်ဖို့သင်ပေးထားတယ်။—ဟေဗြဲ ၁၃:၂။
အဖြေပေးရန်အဆင်သင့်ဖြစ်ခြင်း
ရှေ့ဆောင်စလုပ်ပြီးသိပ်မကြာခင်မှာ တစ်အိမ်ကတစ်အိမ်သွားနေရင်း ဟေလ်ဒါနဲ့ဆုံတွေ့ခဲ့တယ်။ စိတ်ဆိုးမာန်ဆိုးနဲ့ သူမဒီလိုပြောတယ်– “ရှင်တို့လိုလူမျိုးအတွက် ကျုပ်ယောက်ျားကစစ်သွားတိုက်နေရတယ်! ရှင်တို့ စစ်အတွက် ဘာဖြစ်လို့တစ်ခုခုလုပ်မနေတာလဲ။”
“ကျွန်မဘာလုပ်နေတယ်ဆိုတာ ရှင်ဘယ်လောက်သိပါသလဲ။ ရှင့်ဆီကိုကျွန်မ ဘာကြောင့်လာတယ်ဆိုတာကိုသိလား” ဆိုပြီးကျွန်မမေးလိုက်တယ်။
“ကောင်းပြီလေ၊ အထဲဝင်လာပြောပြ” လို့သူမကဖြေတယ်။
အများအားဖြင့် ဘုရားသခင့်နာမည်တပ်ပြီးလုပ်နေကြတဲ့ ထိတ်လန့်တုန်လှုပ်စရာတွေကြောင့် ဆင်းရဲခံနေရတဲ့လူတွေကို စစ်မှန်တဲ့မျှော်လင့်ချက်ပေးနေတဲ့အကြောင်း ကျွန်မရှင်းပြနိုင်ခဲ့တယ်။ ကျွန်မရှင်းပြတာကို ဟေလ်ဒါကောင်းကောင်းနားထောင်ပြီး ကျွန်မနဲ့ကျမ်းစာလေ့လာတဲ့ ပထမဆုံးသင်သားဖြစ်လာပါတယ်။ သူမဟာ တက်ကြွတဲ့သက်သေခံတစ်ဦးဖြစ်လာတာ အခုဆိုရင် ၅၅ နှစ်ကျော်ရှိနေပါပြီ။
စစ်ပြီးဆုံးသွားတဲ့အခါ အင်္ဂလန်အနောက်မြောက်ဘက် ဒေါ်ချက်စတာမြို့မှာ ရှေ့ဆောင်တာဝန်သစ်ကိုရရှိခဲ့ပါတယ်။ အဲဒါက ပထမဦးဆုံးအကြိမ် အိမ်ကခွဲနေခဲ့တာဖြစ်တယ်။ ကျွန်မတို့အသင်းတော်လေးဟာ ၁၆ ရာစုကအဆောက်အအုံတစ်ခုဖြစ်ပြီး “မူလလက်ဖက်ရည်ဆိုင်” လို့ခေါ်တဲ့ စားသောက်ဆိုင်တစ်ခုမှာ စည်းဝေးကြတယ်။ စည်းဝေးလုပ်တိုင်း စားပွဲနဲ့ကုလားထိုင်တွေကို ပြန်စီစဉ်ရတယ်။ ကျွန်မတက်ရောက်နေကျ ဘုရားသခင့်နိုင်ငံတော်ခန်းမနဲ့ အရမ်းကွာပါတယ်။ ဒါပေမဲ့ ဝိညာဏအစာနဲ့ ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မတွေရဲ့ မေတ္တာပါတဲ့ပေါင်းသင်းဆက်ဆံမှုတွေကတော့ အတူတူပါပဲ။
အဲဒီအတောအတွင်း ကျွန်မမိဘတွေက လန်ဒန်တောင်ပိုင်း ထမ်းဘရိတ်ဂ်ျဝဲလ်စ်ကို ပြောင်းရွှေ့သွားကြတယ်။ အဖေရယ် အဲန်းရယ် ကျွန်မရယ် အတူတူရှေ့ဆောင်လုပ်နိုင်ဖို့အတွက် ကျွန်မအိမ်ပြန်သွားလိုက်တယ်။ သိပ်မကြာခင် ကျွန်မတို့အသင်းတော်လေးဟာ သက်သေခံ ၁၂ ယောက်ကနေ ၇၀ အထိတိုးတက်လာတယ်၊ ဒါနဲ့ ကျွန်မတို့မိသားစုကို ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူတွေ အကြီးအကျယ်လိုအပ်နေတဲ့ တောင်ပိုင်းကမ်းရိုးတန်းက ဘရိုက်တန်မြို့ကိုပြောင်းရွှေ့ဖို့ ဖိတ်ခေါ်ခံရတယ်။ အတော်များများဟာ ဟောပြောခြင်းမှာ ကျွန်မတို့ရှေ့ဆောင်မိသားစုနဲ့အတူ ထက်သန်စွာပါဝင်ကြပြီး ကျွန်မတို့လုပ်ငန်းကို ယေဟောဝါကြွယ်ဝစွာ ကောင်းချီးသွန်းလောင်းပေးတာကို တွေ့ခဲ့ရပါတယ်။ မကြာခင် အသင်းတော်တစ်ခုကနေ သုံးခုတောင်ဖြစ်လာရော!
မမျှော်လင့်သောဖိတ်ခေါ်ချက်
၁၉၅၀ နွေရာသီမှာ နယူးယောက်မြို့ ရန်ကီးအားကစားကွင်းမှာကျင်းပတဲ့ သီအိုကရေစီတိုးပွားမှု အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးကို တက်ရောက်ကြတဲ့ ဗြိတိန်နိုင်ငံကကိုယ်စားလှယ် ၈၅၀ ထဲမှာ ကျွန်မတို့မိသားစုလည်းပါတယ်။ အဲဒီစည်းဝေးကြီးကိုလာကြမယ့် နိုင်ငံခြားကရှေ့ဆောင်အတော်များများဆီကို နယူးယောက်ပြည်နယ် တောင်လဲန်စင်းမြို့အနီးမှာရှိတဲ့ ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်းတက်ဖို့ လျှောက်လွှာကြိုတင်ပို့ပေးခဲ့တယ်။ သူတို့ထဲမှာ ဒဂလပ်စ်၊ အဲန်းနဲ့ ကျွန်မလည်းပါတာပေါ့! လျှောက်လွှာကိုဖြည့်ပြီး စာတိုက်ပုံးထဲထည့်လိုက်တဲ့အခါ ‘အခုတော့ငါလုပ်ကိုလုပ်လိုက်ပြီ! ငါ့ဘဝဘယ်လိုဖြစ်လာဦးမလဲ’ လို့တွေးမိတာကို ကျွန်မသတိရပါသေးတယ်။ ဒါပေမဲ့ “အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကိုစေလွှတ်တော်မူပါ” လို့ကျွန်မဆုံးဖြတ်ချက်ချတယ်။ (ဟေရှာယ ၆:၈) ဒဂလပ်စ်၊ အဲန်းတို့နဲ့အတူ ၁၆ ကြိမ်မြောက် ဂိလဒ်သင်တန်းကျောင်းကိုတက်ဖို့ စည်းဝေးကြီးပြီးရင်နေရစ်ခဲ့ဖို့ ဖိတ်ခေါ်ချက်ရရှိတဲ့အခါ ကျွန်မဝမ်းသာလိုက်တာ။ သာသနာပြုတွေအဖြစ် ကမ္ဘာ့ဘယ်ဒေသကိုမဆို အပို့ခံရနိုင်တယ်ဆိုတာကို ကျွန်မတို့အားလုံးနားလည်ထားကြပါတယ်။
မိသားစုလိုက်စည်းဝေးကြီးကို တက်ပြီးတဲ့နောက် ကျွန်မတို့မိဘတွေဟာ အင်္ဂလန်ကိုသူတို့ချည်းပဲ ပြန်ဖို့အချိန်ရောက်လာပါတယ်။ မော်ရီတေနီယာသင်္ဘောကိုစီးပြီး သူတို့အိမ်ပြန်ကြတဲ့အခါ ကျွန်မတို့သုံးယောက်က လက်ဝှေ့ယမ်းနှုတ်ဆက်ရင်း ငိုကြွေးပြီးခွဲခွာခဲ့ကြရော!
သာသနာပြုတာဝန်များ
၁၆ ကြိမ်မြောက် ဂိလဒ်သင်တန်းကျောင်းမှာ နာဇီချွေးတပ်စခန်းထဲ ဆင်းရဲခံခဲ့ကြရတဲ့သူတွေအပါအဝင် ကမ္ဘာ့ဒေသအားလုံးက ကျောင်းသူကျောင်းသား ၁၂၀ ရှိပါတယ်။ ကျွန်မတို့သင်တန်းမှာ စပိန်ဘာသာစကားပို့ချပေးတဲ့အတွက် တောင်အမေရိကမှာရှိတဲ့ စပိန်စကားပြောနိုင်ငံတွေမှာ တာဝန်ကျမယ်လို့မျှော်လင့်ခဲ့ကြပါတယ်။ သင်တန်းဆင်းတဲ့နေ့ကျတော့ ဒဂလပ်စ်က ဂျပန်နိုင်ငံ၊ အဲန်းနဲ့ကျွန်မက ဆီးရီးယားနိုင်ငံမှာတာဝန်ကျတာကို သိလိုက်ရတဲ့အခါ ဘယ်လောက်အံ့သြသွားကြမယ်ဆိုတာကို စဉ်းစားကြည့်ပါ။ ဒါကြောင့် ကျွန်မတို့ညီအစ်မဟာ အာရဘစ်စကားကိုသင်ယူကြရတော့တယ်၊ လက်ဘနွန်ကို တာဝန်ပြောင်းလိုက်တဲ့အခါမှာတောင် ဆက်သင်နေကြရသေးတယ်။ ကျွန်မတို့ဗီဇာစောင့်နေရင်း အာရဘစ်ကင်းမျှော်စင်ကိုစာစီသူ ကင်းမျှော်စင်အသင်းဝင် ဂျော့ဂ်ျရှာခ်ရှီရီဆီမှာ အာရဘစ်စကားကို တစ်ပတ်နှစ်ခါသင်ယူကြပါတယ်။
သင်တန်းမှာလေ့လာခဲ့တဲ့ ကျမ်းစာနယ်မြေတစ်ခုကိုသွားရမှာ စိတ်လှုပ်ရှားစရာပဲ! ကိသ်နဲ့ ဂျွိုက်စ်ချူး၊ အက်ဒ်နာ စတက်ခ်ဟောက်စ်၊ အောလစ်ဖ်တယ်နယ်၊ ဒိုရင်း ဝေါ်ဘယ်တန်နဲ့ ဒေါရစ္စ ဝတ်ဒ်တို့လည်း အဲဒီနိုင်ငံကို ကျွန်မတို့နဲ့အတူလိုက်ပါကြတယ်။ တကယ်ပျော်စရာကောင်းတဲ့ ခရစ်ယာန်သာသနာပြုမိသားစုဖြစ်လာတယ်! ဘာသာစကားဆက်သင်ပေးဖို့ ကျွန်မတို့သာသနာပြုအိမ်ကို ဒေသခံသက်သေခံတစ်ယောက်လာတယ်။ ကျွန်မတို့ရဲ့နေ့စဉ်သင်ကြားပို့ချချိန်အတွင်း တင်ဆက်ပုံအတိုလေးကိုလေ့ကျင့်ပြီး ဟောပြောခြင်းလုပ်ငန်းမှာ အသုံးပြုကြပါတယ်။
အစောပိုင်းနှစ်တွေမှာ အသင်းတော်ထူထောင်ပြီးသားဖြစ်တဲ့ ထရီပိုလီမြို့မှာ ကျွန်မတို့နေထိုင်ကြတယ်။ ဂျွိုက်စ်၊ အက်ဒ်နာ၊ အောလစ်ဖ်၊ ဒိုရင်း၊ ဒေါရစ္စ၊ အဲန်းနဲ့ကျွန်မတို့ဟာ အစည်းအဝေးနဲ့ ဟောပြောခြင်းလုပ်ငန်းမှာပါဝင်ဖို့ ဒေသခံသက်သေခံတွေရဲ့ ဇနီးတွေနဲ့သမီးတွေကို ကူညီပေးခဲ့ကြပါတယ်။ ဒေသထုံးစံတွေကိုလိုက်ပြီး ကျွန်မတို့ရဲ့ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မတွေဟာ အဲဒီအချိန်အထိ အစည်းအဝေးတွေမှာအတူတူမထိုင်ကြတဲ့အပြင် ခရစ်ယာန်ညီအစ်မတွေကလည်း တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းမှာ တော်ရုံတန်ရုံမပါဝင်ကြပါဘူး။ ဟောပြောခြင်းလုပ်ငန်းမှာ စကားပြောဆိုဖို့ သူတို့ရဲ့အကူအညီကို ကျွန်မတို့လိုအပ်တာနဲ့ ဒီလုပ်ငန်းမှာ သူတို့ကိုယ်တိုင်လည်းပါဝင်ကြဖို့ ကျွန်မတို့အားပေးပါတယ်။
အဲဒီနောက် အဲန်းနဲ့ကျွန်မဟာ ရှေးခေတ်ဇိဒုန်မြို့မှာရှိတဲ့ သက်သေခံအုပ်စုလေးကို ကူညီပေးဖို့တာဝန်ရပါတယ်။ သိပ်မကြာခင် ဘေရွတ်မြို့တော်ကိုပြန်သွားဖို့ ဖိတ်ခေါ်ခံရတယ်။ အာမေးနီးယန်းစကားပြောတဲ့ အသိုင်းအဝိုင်းကြားမှာ ကျမ်းစာသမ္မာတရားမျိုးစေ့ ရောက်ရှိခဲ့ပြီးဖြစ်တဲ့အတွက် သူတို့ကိုကူညီပေးဖို့ အဲဒီဘာသာစကားကို ကျွန်မတို့သင်ယူကြတယ်။
တာဝန်အပြောင်းအလဲများ
အင်္ဂလန်ကမထွက်ခွာခင် ဝီလ်ဖရက်ဒ် ဂုချ်နဲ့ကျွန်မတွေ့ဆုံခဲ့ဖူးတယ်။ သူဟာ လန်ဒန်ဗေသလမှာအမှုထမ်းတဲ့ ဇွဲရှိပြီးစာနာတတ်တဲ့ ညီအစ်ကိုတစ်ဦးဖြစ်တယ်။ ဝီလ်ဖ်ဟာ ၁၉၅၀ ရန်ကီးအားကစားကွင်းမှာကျင်းပတဲ့ စည်းဝေးကြီးအတွင်းကျောင်းဆင်းခဲ့တဲ့ ၁၅ ကြိမ်မြောက်ဂိလဒ်ကျောင်းသားတစ်ယောက်ဖြစ်တယ်။ သူ့ရဲ့သာသနာပြုတာဝန်က နိုင်ဂျီးရီးယားမှာရှိတဲ့ ကင်းမျှော်စင်အသင်းရဲ့ဌာနခွဲရုံးမှာဖြစ်ပြီး အတော်ကြာကြာလေး ကျွန်မတို့စာရေးဆက်သွယ်ခဲ့ကြတယ်။ ၁၉၅၅ မှာ လန်ဒန်မြို့မှာကျင်းပတဲ့ “အောင်ပွဲရဘုရားသခင့်နိုင်ငံတော်” စည်းဝေးကြီးကို ကျွန်မတို့တက်ရောက်ခဲ့ကြပြီးတဲ့နောက် သိပ်မကြာခင် ကျွန်မတို့စေ့စပ်ကြောင်းလမ်းလိုက်ကြတယ်။ နောက်တစ်နှစ်ကျတော့ ဂါနာမှာကျွန်မတို့လက်ထပ်လိုက်ကြပြီး ဝီလ်ဖ်တာဝန်ကျတဲ့ နိုင်ဂျီးရီးယားနိုင်ငံ၊ လေးဂေါစ်မြို့ကို ကျွန်မလိုက်သွားတယ်။
လက်ဘနွန်မှာ အဲန်းကိုကျွန်မထားခဲ့ပြီးနောက် သူမဟာ ဂျေရုဆလင်မြို့မှာ ကျမ်းစာသမ္မာတရားသင်ယူခဲ့တဲ့ ခရစ်ယာန်ညီအစ်ကိုကောင်းတစ်ယောက်နဲ့ အိမ်ထောင်ပြုလိုက်ပါတယ်။ ဒဂလပ်စ်၊ အဲန်းနဲ့ကျွန်မတို့ဟာ ကမ္ဘာ့ဒေသအသီးသီးမှာ အိမ်ထောင်ကျတဲ့အတွက်ကြောင့် ကျွန်မတို့ရဲ့လက်ထပ်ပွဲကို မိဘတွေမတက်ရောက်နိုင်ခဲ့ကြပါဘူး။ ဒါပေမဲ့ ကျွန်မတို့အားလုံး ယေဟောဝါဘုရားသခင်ကို ပျော်ရွှင်စွာအမှုဆောင်နေကြတာကိုသိရလို့ သူတို့ကျေနပ်ကြပါတယ်။
နိုင်ဂျီးရီးယားတွင်လုပ်ငန်း
လေးဂေါစ်မြို့ဌာနခွဲရုံးမှာ ကျွန်မရဲ့တာဝန်ကတော့ ဌာနခွဲမိသားစုရှစ်ယောက်ရဲ့ အခန်းတွေကိုသန့်ရှင်းရေးလုပ်၊ အစားအသောက်ပြင်ဆင်ပေးပြီး၊ အဝတ်တွေလျှော်ပေးရတယ်။ ကျွန်မအဖြစ်က ခင်ပွန်းသည်တစ်ယောက်ရရုံမကဘူး မိသားစုပါရုတ်ခြည်းရသလိုပါပဲ!
ဝီလ်ဖ်နဲ့ကျွန်မဟာ ယိုရူဘာစကားနဲ့ ကျမ်းစာတင်ဆက်ပုံ အတိုလေးတွေကိုသင်ယူကြပြီး ကျွန်မတို့ရဲ့ကြိုးစားအားထုတ်မှုတွေအတွက် ဆုချခံခဲ့ရတယ်။ ကျွန်မတို့တွေ့ဆုံခဲ့တဲ့ လူငယ်ကျောင်းသားတစ်ယောက်ဟာ အခုသားတစ်ယောက်နဲ့ သမီးတစ်ယောက်ရနေပြီး သူတို့ဟာမိသားစုဝင် ၄၀၀ လောက်ရှိတဲ့ နိုင်ဂျီးရီးယားဗေသလမိသားစုကြီးမှာ အမှုထမ်းနေကြပါတယ်။
၁၉၆၃ မှာနယူးယောက်၊ ဘရွတ်ကလင်မှာ ဆယ်လကြာအထူးသင်တန်းကိုတက်ဖို့ ဝီလ်ဖ်ဖိတ်ခေါ်ခံရတယ်။ သင်တန်းတက်ပြီးနောက် မမျှော်လင့်ဘဲအင်္ဂလန်မှာ တာဝန်ပြန်ကျပါတယ်။ နိုင်ဂျီးရီးယားမှာကျန်ရစ်ခဲ့တဲ့ကျွန်မကို လန်ဒန်မှာရှိတဲ့ဝီလ်ဖ်ဆီလိုက်သွားဖို့ ၁၄ ရက်ပဲအချိန်ပေးတယ်။ နိုင်ဂျီးရီးယားမှာ နေရတာပျော်နေပြီဖြစ်လို့ ငိုရမလိုလို ရယ်ရမလိုလိုဖြစ်မိတယ်။ တိုင်းတစ်ပါးမှာ ၁၄ နှစ်လောက်အမှုဆောင်ခဲ့ပြီးတဲ့နောက် အင်္ဂလန်မှာတစ်ခါပြန်ပြီး နေသားကျဖို့အချိန်အတော်လေးကြာတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့အသက်ကြီးလာတဲ့မိဘတွေအနား တစ်ခါပြန်နေပြီး သူတို့ကိုပြုစုစောင့်ရှောက်ပေးနိုင်ခဲ့တဲ့အတွက် ကျေးဇူးတင်မိပါတယ်။
မျှော်လင့်ချက်ဖြင့်ထောက်မခံရခြင်း
၁၉၈၀ ကစပြီး ဇုန်ကြီးကြပ်မှူးအဖြစ် နိုင်ငံအတော်များများကို ဝီလ်ဖ်ခရီးထွက်တဲ့အခါ သူ့နောက်လိုက်ခွင့်ရရှိခဲ့တယ်။ အထူးသဖြင့် နိုင်ဂျီးရီးယားနိုင်ငံကို ပြန်လည်ပတ်ဖို့ ကျွန်မစောင့်မျှော်မိပါတယ်။ ဒီနောက်ပိုင်း စကင်ဒီနေဗီးယား၊ ဝက်စ်အင်ဒီးစ်နဲ့ အရှေ့အလယ်ပိုင်း—လက်ဘနွန်အပါအဝင်—ကိုလည်း သွားခဲ့ရပါတယ်။ ပျော်ရွှင်စရာအဖြစ်အပျက်တွေကို ပြန်သတိရပြီး ကျွန်မသိခဲ့တဲ့ ဆယ်ကျော်သက်လူငယ်တွေက ခရစ်ယာန်အကြီးအကဲတွေအဖြစ် အမှုထမ်းနေကြတာကိုတွေ့မြင်ရတာ အထူးစိတ်လှုပ်ရှားစရာပါပဲ။
ဝမ်းနည်းကြေကွဲစရာကတော့ ကျွန်မချစ်ရတဲ့ခင်ပွန်းသည်ဟာ ၁၉၉၂ နွေရာသီမှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူက ၆၉ နှစ်ပဲရှိသေးတယ်။ ရုတ်တရက်ချက်ချင်းဖြစ်သွားတဲ့အတွက် အထူးဆုံးရှုံးမှုကြီးတစ်ခုပါပဲ။ အိမ်ထောင်သက် ၃၅ နှစ်ကြာပြီးနောက် နေသားတကျပြန်ဖြစ်ဖို့ အချိန်အတော်ကြာခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာချီခရစ်ယာန်မိသားစုဆီက ကူညီပံ့ပိုးမှုနဲ့ မေတ္တာတွေကိုကျွန်မရရှိခဲ့ပါတယ်။ ကျွန်မမှာပြန်ပြောင်းသတိရစရာ ပျော်ရွှင်မှုတွေ အများကြီးပါပဲ။
ကျွန်မရဲ့မိဘနှစ်ပါးစလုံးတို့ဟာ ခရစ်ယာန်သစ္စာစောင့်သိမှုနဲ့ပတ်သက်ပြီး အကောင်းဆုံးပုံနမူနာတင်ပြခဲ့ကြတယ်။ အမေဟာ ၁၉၈၁ မှာကွယ်လွန်သွားပြီး အဖေကတော့ ၁၉၈၆ မှာကွယ်လွန်သွားပါတယ်။ ဒဂလပ်စ်နဲ့ အဲန်းတို့ဟာ ယေဟောဝါကို သစ္စာရှိစွာ ဆက်အမှုဆောင်နေကြပါတယ်။ ဒဂလပ်စ်နဲ့ သူ့ဇနီးကဲမ်တို့ဟာ လန်ဒန်ကိုပြန်လာကြပြီး အဖေ့ကိုပြုစုစောင့်ရှောက်ပြီးနောက် အဲဒီမှာပဲဆက်နေထိုင်ကြတယ်။ အဲန်းနဲ့သူ့မိသားစုကတော့ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ကြပါတယ်။ ကျွန်မတို့အားလုံး ဘုရားပေးမျှော်လင့်ချက်နဲ့ အမွေအနှစ်တွေအတွက် ကျေးဇူးအရမ်းတင်မိတယ်။ ယေဟောဝါရဲ့မြေကြီးအိမ်တော်သူ၊ အိမ်တော်သားတွေအနေနဲ့ အသက်ရှင်နေသူတွေရော ရှင်ပြန်ထမြောက်လာမယ့် ချစ်မြတ်နိုးရတဲ့သူတွေပါ အတူတူထာဝစဉ်အမှုထမ်းရမယ့်အချိန်ကို ရှုမျှော်နေရင်း ‘စောင့်ဆိုင်းတတ်တဲ့ သဘောထားကိုဆက်တင်ပြ’ နေကြပါတယ်။—မြည်တမ်းစကား ၃:၂၄၊ ကဘ။
[အောက်ခြေမှတ်ချက်များ]
a ကျွန်မ၏ဖခင် အားနက်စ်ဘီဗာ၏ ဘဝအတ္ထုပ္ပတ္တိအကြောင်းကို ၁၉၈၀၊ မတ် ၁၅ [လိပ်] ကင်းမျှော်စင်၌ဖော်ပြထားပါသည်။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ဘယ်ဘက်ထိပ်မှစ၍လက်ယာရစ်–
အသက် ၁၃ နှစ်တွင် အဲန်ဖီးလ်ဘုရားသခင့် နိုင်ငံတော်ခန်းမတွင် စံပြသင်အံမှုတစ်ခုကို ဂဝဲန်းတင်ဆက်နေစဉ်
၁၉၅၁၊ လက်ဘနွန်နိုင်ငံ၊ ထရီပိုလီမြို့ရှိ ခရစ်ယာန်သာသနာပြုမိသားစု
ဂဝဲန်းနှင့် မကြာသေးမီကကွယ်လွန်ခဲ့သော သူမ၏ခင်ပွန်းသည်ဝီလ်ဖ်