သင့်ကလေးများအတွက် အဘယ်အနာဂတ် ရရှိစေလိုသနည်း
သင်၏ကလေးများကို တန်ဖိုးကြီးမားသည့်အမွေတစ်ခုအဖြစ် ယူမှတ်ပါသလော။ (ဆာလံ ၁၂၇:၃) သို့မဟုတ် သူတို့ကိုကျွေးမွေးပြုစုရခြင်းသည် အောင်မြင်ရန်အာမခံချက်မရှိသည့် ငွေကြေးဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ် ရှုမြင်ပါသလော။ သားသမီးများသည် သူတို့ကိုယ်ကိုသူတို့ထောက်ပံ့နိုင်သည်အထိ သူတို့ကိုမွေးမြူရခြင်းသည် အမြတ်ထွက်မည့်အစား အကုန်အကျများပါသည်။ အမွေရသောဥစ္စာကို ကောင်းစွာစီမံကွပ်ကဲရန်လိုသကဲ့သို့ အောင်မြင်သောမိဘဖြစ်ဖို့ ထပ်တူပြုရန် လိုအပ်ပါသည်။
ဂရုစိုက်သောမိဘများသည် သားသမီးများ၏ဘဝကို အစကောင်းစေလိုကြသည်။ ဤလောကတွင် ဆိုးသွမ်းမိုက်မဲပြီး ဝမ်းနည်းဖွယ်ရာများစွာ ဖြစ်ပျက်မည်ဖြစ်သော်လည်း မိဘများသည် ကလေးငယ်များကိုကာကွယ်ရန် များစွာပြုလုပ်နိုင်သည်။ ရှေ့ဆောင်းပါးတွင်ဖော်ပြခဲ့သော ဝယ်နာနှင့် အီဗာတို့၏အဖြစ်အပျက်ကို ပြန်သုံးသပ်ကြည့်ပါ။a
မိဘများ အမှန်တကယ်ဂရုစိုက်သည့်အခါ
ကျောင်းတွင်ဖြစ်ပျက်သမျှကို မိဘများသည် ဥပေက္ခာပြုမည့်အစား တကယ်စိတ်ဝင်စားခဲ့ကြောင်း ဝယ်နာကပြောပြသည်။ “ကျွန်တော့်ကို သူတို့ပေးခဲ့တဲ့ လက်တွေ့ကျအကြံဉာဏ်တွေကို ကျွန်တော်အရမ်းတန်ဖိုးထားတယ်။ ကျွန်တော့်ကို သူတို့ဂရုစိုက်ပြီးအားပေးတယ်လို့ ခံစားရတယ်။ မိဘများအနေနဲ့ စည်းကမ်းကြီးပေမဲ့ သူတို့ဟာ ကျွန်တော့်မိတ်ဆွေစစ်တွေဖြစ်မှန်း ကျွန်တော်သိတယ်။” ထို့အပြင် အီဗာသည် ကျောင်းစာအတွက်နှင့် အလွန်စိတ်ဓာတ်ကျပြီး မအိပ်နိုင်ဘဲဖြစ်သည့်အခါ သူ၏မိဘဖြစ်သူ ဖရန်စစ်ကိုနှင့် အင်နက်ဇ်တို့သည် သူမနှင့်အချိန်ကုန်ခံစကားပြောဆိုပြီး သူမ၏စိတ်ပိုင်းနှင့် ဝိညာဉ်ရေးပိုင်းဆိုင်ရာတည်ငြိမ်မှု ပြန်ရရှိလာစေရန် ကူညီပေးခဲ့သည်။
ဖရန်စစ်ကိုနှင့် အင်နက်ဇ်တို့သည် သူတို့၏သားသမီးကို မည်သို့ကာကွယ်ပေးပြီး လူကြီးဘဝအတွက် ပြင်ဆင်ပေးခဲ့ကြသနည်း။ သူတို့၏ကလေးများသည် နို့စို့အရွယ်ရှိစဉ်ကတည်းက မေတ္တာရှိသော ဤမိဘများသည် သူတို့၏နေ့စဉ်လုပ်ငန်းများတွင် ကလေးများကို ပါဝင်စေခဲ့သည်။ သူတို့၏လူကြီးအပေါင်းအသင်းများနှင့်သာ ပေါင်းသင်းဆက်ဆံနေမည့်အစား အင်နက်ဇ်နှင့် ဖရန်စစ်ကိုတို့သည် သူတို့သွားလေရာရာသို့ ကလေးများကိုခေါ်သွားခဲ့သည်။ မေတ္တာပြည့်ဝသည့်မိဘများအနေနှင့် သားနှင့်သမီးကို သင့်လျော်စွာလမ်းပြညွှန်ကြားပေးခဲ့သည်။ အင်နက်ဇ်က ဤသို့ပြောပြသည်– “အိမ်ကိုထိန်းသိမ်းတတ်ဖို့၊ ချွေတာတတ်ဖို့၊ ကိုယ့်အဝတ်အစားကိုယ်ဂရုစိုက်တတ်ဖို့ ကျွန်မတို့သင်ပေးခဲ့တယ်။ ဒါ့အပြင် သူတို့တစ်ယောက်စီကို အလုပ်အကိုင်ရွေးချယ်ဖို့နဲ့ သူတို့ရဲ့တာဝန်တွေကို ဝိညာဉ်ရေးနဲ့တွဲဆောင်ရွက်တတ်ဖို့ ကျွန်မတို့ကူညီပေးခဲ့တယ်။”
သင်၏ကလေးများနှင့် အကျွမ်းတဝင်ရှိပြီး မိဘလမ်းညွှန်မှုပေးရန် အရေးကြီးလှပေသည်! ယင်းကိုသင်ပြုလုပ်နိုင်သည့် ကဏ္ဍသုံးခုကို ဆန်းစစ်ကြည့်ကြစို့– (၁) သင့်လျော်သည့်အလုပ်အကိုင်ကိုရွေးချယ်ရန် သင်၏သားသမီးများကိုကူညီပေးပါ; (၂) ကျောင်းနှင့်အလုပ်ခွင်မှ စိတ်ပိုင်းဆိုင်ရာဖိစီးမှုကို ဖြေရှင်းတတ်ရန် သူတို့ကိုပြင်ဆင်ပေးပါ; (၃) သူတို့၏ဝိညာဉ်ရေးလိုအပ်ရာများကို မည်သို့ဖြည့်စွက်ပေးနိုင်ကြောင်း ပြသပါ။
သင့်လျော်သည့်အလုပ်ရွေးချယ်တတ်ရန် သူတို့ကိုကူညီ
လူတစ်ဦး၏လောကီအလုပ်သည် သူ၏ငွေရေးကြေးရေးအခြေအနေကိုသာ အကျိုးသက်ရောက်သည်မက သူ၏အချိန်လည်း များစွာကုန်သည့်အတွက် သားသမီးများကို ကောင်းစွာမွေးမြူရေးတွင် ကလေးတစ်ဦးစီ၏စိတ်ဝင်စားရာများနှင့် အရည်အချင်းများကို ထည့်သွင်းစဉ်းစားခြင်းပါဝင်သည်။ အသိစိတ်ရှိသူမည်သူမျှ အခြားသူများအပေါ် ဝန်ထုပ်မတင်လိုသည့်အတွက် မိမိတို့၏ကလေးသည် မိမိကိုယ်ကိုနှင့် မိသားစုကိုထောက်ပံ့ကျွေးမွေးတတ်ရန် သူတို့အားမည်သို့ပြင်ဆင်ပေးနိုင်မည့်အကြောင်း မိဘများက လေးလေးနက်နက်စဉ်းစားသင့်သည်။ သင်၏သား သို့မဟုတ် သမီးသည် တော်သင့်စွာနေထိုင်နိုင်ရန် အလုပ်အကိုင်တစ်ခုကိုသင်ယူရန် လိုမည်လော။ အမှန်ဂရုစိုက်သည့်မိဘတစ်ဦးအနေနှင့် သင့်ကလေးသည် လုံ့လဝီရိယနှင့်လုပ်ဆောင်လိုစိတ်ရှိရန်၊ သင်ယူလိုရန်၊ အခြားသူများနှင့်သင့်မြတ်စွာနေထိုင်တတ်ရန် အစရှိသည့်အရည်အချင်းများရှိရန် ကျိုးကြောင်းညီညွတ်စွာ ကြိုးစားကူညီပေးပါ။
နီကိုလ်ကို သုံးသပ်ကြည့်ပါ။ သူမ ဤသို့ဆိုသည်– “ကျွန်မမိဘတွေက သူတို့ရဲ့သန့်ရှင်းရေးလုပ်ငန်းမှာ သူတို့နဲ့အတူ ကျွန်မကိုလုပ်ခိုင်းတယ်။ ကျွန်မရဲ့ဝင်ငွေကနေ အိမ်သုံးစရိတ်ထဲ နည်းနည်းထည့်ဖို့နဲ့ ကျန်တာကို ကျွန်မကိုယ်ပိုင်အသုံးစရိတ်၊ ဒါမှမဟုတ် စုဖို့အကြံပေးခဲ့တယ်။ အဲ့ဒါကနောက်ပိုင်းမှာ ကျွန်မအတွက်တကယ်အသုံးဝင်တဲ့ တာဝန်သိတတ်တဲ့စိတ်ကို အတော်ပဲဖြစ်စေခဲ့တယ်။”
ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာက လူတစ်ဦးရွေးချယ်သင့်သည့် လောကီအလုပ်အကိုင်ကို အတိအကျမဖော်ပြပါ။ သို့သော် လမ်းညွှန်ချက်ကောင်းများကိုမူကား ဖော်ပြထားသည်။ ဥပမာ၊ တမန်တော်ပေါလု ဤသို့ပြောခဲ့သည်– “အလုပ်မလုပ်ချင်သောသူမည်သည်ကား၊ အစာကိုလည်းမစားစေနှင့်။” သက်သာလောနိတ်မြို့တွင်ရှိသော ခရစ်ယာန်များထံစာရေးစဉ် သူဤသို့ထပ်ပြောခဲ့သည်– “မတရားစွာပြု၍ အဘယ်အလုပ်ကိုမျှမလုပ်ဘဲ၊ ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောသောသူအချို့တို့သည် သင်တို့တွင်ရှိကြောင်းကို ငါတို့ကြားရ၏။ ထိုသို့သောသူတို့သည် ငြိမ်ဝပ်စွာလုပ်ဆောင်၍၊ ကိုယ်အစာကိုစားမည်အကြောင်း၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ငါတို့သည်ပညတ်ထား၍၊ တိုက်တွန်းသွေးဆောင်ကြ၏။”—၂ သက်သာလောနိတ် ၃:၁၀-၁၂။
သို့ရာတွင် လူ့ဘဝသည် အလုပ်လုပ်ပြီး ငွေရှာခြင်းမျှသာလော။ နောက်ဆုံးတွင် ရည်မှန်းချက်ကြီးလွန်းသူများသည် မကျေမနပ်ဖြစ်လာပြီး “လေကိုကျက်စား” နေကြသည်ကို တွေ့ရှိပေမည်။ (ဒေသနာ ၁:၁၄) သားသမီးများကို ကျော်ကြားထင်ရှားရန်နှင့် ကြီးပွားချမ်းသာရန် ကြိုးစားဖို့တိုက်တွန်းမည့်အစား ဝိညာဉ်တော်တန်ခိုးဖြင့် တမန်တော်ယောဟန်ရေးသားခဲ့သော ဤပညာရှိစကားများကိုသဘောပေါက်ရန် မိဘများအကူအညီပေးသင့်သည်– “လောကကိုလည်းကောင်း၊ လောက၌ရှိသောအရာကိုလည်းကောင်း မချစ်ကြနှင့်။ လောကကိုချစ်သောသူမည်သည်ကား၊ ခမည်းတော်ကိုချစ်ခြင်းမေတ္တာမရှိ။ လောက၌ရှိသမျှသောအရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။ လောကနှင့်လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရတည်၏။”—၁ ယောဟန် ၂:၁၅-၁၇။
သူတို့၏စိတ်လှုပ်ရှားမှုဆိုင်ရာ လိုအပ်ရာများကို မည်သို့ဖြည့်ဆည်းပေးနိုင်သနည်း
မိဘတစ်ဦးအနေဖြင့် အားကစားသမားများကိုလေ့ကျင့်ပေးသူတစ်ဦးနှင့် တူပါလေ။ ထိုသူသည် သူ၏လက်အောက်ရှိအားကစားသမားများ အပြေးပိုမြန်လာရန် သို့မဟုတ် ပိုဝေးဝေးခုန်နိုင်ရန် ကာယအစွမ်းကိုသာ သူအာရုံစိုက်သည်မဟုတ်ပါ။ အပြုသဘောမဆောင်သည့် မည်သည့်သဘောထားကိုမဆို ဖျောက်ဖျက်ရန်အကူအညီပေးခြင်းဖြင့်လည်း သူတို့၏စိတ်ဓာတ်ကြံ့ခိုင်မှုကို မြှင့်တင်ပေးခဲ့ပေမည်။ သင့်အနေနှင့် သင်၏ကလေးများကို မည်သို့အားပေး၊ တည်ဆောက်၊ လှုံ့ဆော်ပေးနိုင်မည်နည်း။
၁၃ နှစ်အရွယ်ရှိ လူငယ်လေး ရိုဇဲရီရိုကို သုံးသပ်ကြည့်စို့။ ကိုယ်ခန္ဓာပြောင်းလဲမှုများကြောင့် စိတ်ဆင်းရဲနေရသည့်အပြင် မိဘများ၏စိတ်ဝမ်းကွဲပြားမှုနှင့် ဂရုစိုက်မခံရခြင်းတို့ကြောင့် စိတ်ဖိစီးမှုခံနေရသည်။ သူကဲ့သို့သောလူငယ်များအတွက် အဘယ်အရာပြုလုပ်ပေးနိုင်သနည်း။ သင်၏သားသမီးများကို စိုးရိမ်ပူပန်မှုများနှင့် မကောင်းသည့်သြဇာလွှမ်းမိုးမှုအားလုံးတို့မှ ကာကွယ်ပေးရန် မဖြစ်နိုင်သော်လည်း မိဘတစ်ဦး၏တာဝန်ကိုမဆောင်ရွက်ဘဲ ဘယ်တော့မျှမနေပါနှင့်။ စောင့်ရှောက်ကာကွယ်လွန်းခြင်းမဖြစ်ဘဲ သင်၏ကလေးတစ်ဦးစီသည် ထူးခြားကြောင်းအစဉ်မှတ်ထားကာ နားလည်မှုရှိရှိနှင့် ကလေးများကိုဆုံးမပဲ့ပြင်ပေးပါ။ ကြင်နာမှုနှင့် မေတ္တာတင်ပြခြင်းအားဖြင့် လူငယ်တစ်ဦး၌ လုံခြုံမှုရှိသည်ဟုခံစားစေနိုင်ပါသည်။ ယင်းက ယုံကြည်စိတ်ချမှုမဲ့ခြင်းနှင့် မိမိကိုယ်ကိုလေးစားမှုမဲ့ခြင်းဖြင့် ကြီးပြင်းလာခြင်းမှလည်း ကာကွယ်ပေးမည်။
သင်၏မိဘများသည် သင်၏စိတ်ပိုင်းဆိုင်ရာလိုအပ်ရာများကို ဖြည့်ပေးခြင်းတွင် အောင်မြင်မှုမည်မျှရှိစေကာမူ အမှန်အကူအညီဖြစ်သောမိဘတစ်ဦးအနေနှင့် အသင်အောင်မြင်ရန် ဤနည်းသုံးနည်းက အကူအညီပေးနိုင်သည်– (၁) သင့်ကလေးများ၏ သေးငယ်ပုံရှိသည့်ပြဿနာများကို လျစ်လျူရှုသည်အထိ မိမိ၏ကိုယ်ပိုင်အခက်အခဲများကို အရေးစိုက်လွန်းခြင်းကိုရှောင်ပါ; (၂) သူတို့နှင့်ပျော်ပျော်ရွှင်ရွှင် အဓိပ္ပာယ်ရှိရှိ နေ့စဉ်ပြောဆိုဆက်ဆံမှုရှိရန် ကြိုးစားပါ; (၃) ပြဿနာများကိုမည်သို့ဖြေရှင်းခြင်း၊ လူတို့နှင့်ဆက်ဆံခြင်းနှင့်စပ်လျဉ်း၍ အပြုသဘောကို တိုးပွားစေပါ။
ဆယ်ကျော်သက်အရွယ်ကို ပြန်သတိရလျက် ဘေရ်ဂစ်က ဤသို့ပြောပြသည်– “လူတွေကို ကိုယ်ဖြစ်စေချင်သလို ပြုပြင်ပြောင်းလဲလို့မရကြောင်း ကျွန်မသင်ယူခဲ့ရတယ်။ သူများမှာ ကျွန်မမကြိုက်တာတစ်ခုခုတွေ့ခဲ့ရင် ကျွန်မလုပ်နိုင်တာက သူတို့နဲ့မတူဖို့ဖြစ်တယ်လို့ ကျွန်မအမေက ကျွန်မကို ဖျောင်းဖျတယ်။ ကျွန်မရဲ့အကျင့်တွေကိုပြောင်းလဲဖို့ အကောင်းဆုံးအချိန်ဟာ ငယ်ရွယ်စဉ်အချိန်ဖြစ်တယ်လို့လည်း ပြောပြခဲ့တယ်။”
သို့သော် သင်၏ကလေးများသည် အလုပ်အကိုင်တစ်ခုနှင့် စိတ်တည်ငြိမ်မှုရှိခြင်းထက်မက လိုပါသည်။ သင့်ကိုသင်မေးကြည့်ပါ၊ ‘ကျွန်ုပ်သည် သားသမီးပြုစုပျိုးထောင်ခြင်းကို ဘုရားသခင်ပေးတာဝန်အဖြစ် ယူမှတ်ပါသလော။’ ထိုသို့ယူမှတ်ပါက သင့်ကလေးများ၏ ဝိညာဉ်ရေးလိုအပ်ရာများကို ဖြည့်ဆည်းပေးလိုလိမ့်မည်။
သူတို့၏ ဝိညာဉ်ရေးလိုအပ်ရာများကို ဖြည့်ဆည်းပေးနိုင်သည့်နည်းလမ်းများ
တောင်ပေါ်ဒေသနာတွင် ယေရှုခရစ်တော် ဤသို့မိန့်မြွက်တော်မူသည်– “ဝိညာဉ်ရေးတွင် မိမိတို့လိုလျက်နေကြောင်း သတိပြုသူများသည် ဝမ်းမြောက်စရာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် သူတို့ပိုင်ဆိုင်ရာဖြစ်သတည်း။” (မဿဲ ၅:၃၊ ကဘ) ဝိညာဉ်ရေးလိုအပ်ရာများကို ဖြည့်ဆည်းပေးခြင်းတွင် အဘယ်အရာပါဝင်သနည်း။ မိဘများသည် ယေဟောဝါဘုရားသခင်ကိုယုံကြည်ခြင်းတင်ပြရာတွင် ပုံသက်သေကောင်းပြသည့်အခါ ကလေးများသည် အကျိုးများစွာခံစားရသည်။ တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်– “ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိတော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူသည်ကိုလည်းကောင်း ယုံကြည်ရမည်။” (ဟေဗြဲ ၁၁:၆) သို့ရာတွင် တကယ်အဓိပ္ပာယ်ရှိသည့်ယုံကြည်ခြင်းဖြစ်ဖို့ရန် ဆုတောင်းဖို့လိုသည်။ (ရောမ ၁၂:၁၂) သင်၏ဝိညာဉ်ရေးလိုအပ်ရာကို သင်အသိအမှတ်ပြုလျှင် ဣသရေလလူမျိုး၏ နာမည်ကျော်ကြားသောတရားသူကြီးဖြစ်ခဲ့သူ ရှံဆုန်၏ဖခင်ပြုခဲ့သကဲ့သို့ သင်သည် ဘုရားသခင့်လမ်းညွှန်မှုကို တောင်းဆိုရပါမည်။ (တရားသူကြီး ၁၃:၈) သင်သည် ဆုတောင်းမည်သာမက ဘုရားသခင့်မှုတ်သွင်းခံနှုတ်ကပါဌ်တော်ဖြစ်သည့် သမ္မာကျမ်းစာမှ အကူအညီယူမည်ဖြစ်သည်။—၂ တိမောသေ ၃:၁၆၊ ၁၇။b
လျောက်ပတ်သည့်လမ်းညွှန်မှု၊ စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုနှင့် ဝိညာဉ်ရေးအကူအညီပေးရာတွင် အပင်ပန်းခံကြိုးစားရလင့်ကစား သားသမီးမွေးမြူခြင်းသည် အထူးကျေးဇူးတစ်ရပ်ဖြစ်နိုင်သည်။ ဘရာဇီးမှ ကလေးနှစ်ယောက်ဖခင်တစ်ဦးက ဤသို့ဆိုသည်– “ကျွန်တော့်ကလေးတွေမရှိတဲ့အဖြစ်ကို စဉ်းစားလို့တောင်မရနိုင်ဘူး။ သူတို့နဲ့အတူ ဝေမျှခံစားနိုင်တဲ့ အကောင်းတွေအများကြီးပဲရှိတယ်။” သူတို့၏ကလေးများ လိမ္မာသည့်အကြောင်းကိုရှင်းပြရာတွင် မိခင်ဖြစ်သူက ဤသို့ထပ်ဆင့်ပြောပြသည်– “ကျွန်မတို့ အမြဲတမ်းအတူတူရှိကြပြီး အရာတွေကိုပျော်ရွှင်စရာဖြစ်အောင် ကြိုးစားလုပ်ဆောင်တယ်။ ဒါ့အပြင် အရေးအကြီးဆုံးက ကလေးတွေအတွက် အမြဲဆုတောင်းပေးတယ်။”
ပြဿနာပေါ်လာတိုင်း မိမိကို မိဘများပြသခဲ့သည့်မေတ္တာနှင့် သည်းခံမှုကို ပရစ္စလာပြန်ပြောင်းသတိရသည်။ “သူတို့ဟာ ကျွန်မရဲ့မိတ်ဆွေစစ်တွေဖြစ်ခဲ့ကြပြီး အစစအရာရာမှာ ကျွန်မကို ကူညီပေးခဲ့ကြတယ်” ဟုသူမပြောပြသည်။ “ကလေးတစ်ယောက်အနေနဲ့ ကျွန်မဟာ‘ယေဟောဝါ ပေးသနားတော်မူသော အမွေဥစ္စာတစ်ခု’ အဖြစ်ခံစားရအောင် ဆက်ဆံခံခဲ့ရတယ်။” (ဆာလံ ၁၂၇:၃) အခြားမိဘများစွာကဲ့သို့ သင်၏သားသမီးများနှင့်အတူ သမ္မာကျမ်းစာနှင့် ခရစ်ယာန်စာပေစာတမ်းများကိုဖတ်ဖို့ အချိန်ဇယားရေးဆွဲထားပါလေ။ နှစ်လိုဖွယ်အခြေအနေတွင် ကျမ်းစာမှတ်တမ်းများနှင့် စည်းမျဉ်းမူများကို ဆင်ခြင်သုံးသပ်ခြင်းဖြင့် သင်၏ကလေးများကို ယုံကြည်စိတ်ချမှုရှိစေရန်နှင့် အနာဂတ်အတွက် စစ်မှန်သည့်မျှော်လင့်ချက်ရှိရန် ကူညီပေးနိုင်ပါသည်။
ကလေးအားလုံး လုံခြုံကြမည့်အခါ
ယနေ့ ကလေးများစွာအတွက်အနာဂတ်သည် ရင်လေးဖွယ်ဖြစ်ပုံရသော်လည်း မကြာမီမြေကြီးသည် လူသားများအတွက် လုံခြုံမည့်ရိပ်မြုံဖြစ်လာမည်ဟု ဘုရားသခင့်နှုတ်ကပါဌ်တော်က အာမခံသည်။ မိဘများသည် သူတို့သားသမီးများ၏လုံခြုံမှုအတွက် စိုးရိမ်စရာမလိုတော့မည့် ဘုရားသခင်ကတိထားရာ ကမ္ဘာသစ်ကိုမြင်ယောင်ကြည့်ပါ! (၂ ပေတရု ၃:၁၃) ကြီးကျယ်ခမ်းနားစွာပြည့်စုံလာမည့် ဤပရောဖက်ပြုချက်ကို စဉ်းစားမြင်ယောင်ကြည့်ပါ– “တောခွေးသည် သိုးသငယ်နှင့်အတူနေလိမ့်မည်။ ကျားသစ်သည် ဆိတ်သငယ်နှင့်အတူအိပ်လိမ့်မည်။ နွားသငယ်၊ ခြင်္သေ့သငယ်၊ ဆူအောင်ကျွေးသောအကောင်တို့သည် အတူသွားလာကြ၍၊ လူသူငယ်သည် သူတို့ကိုပို့ဆောင်လိမ့်မည်။” (ဟေရှာယ ၁၁:၆) ယနေ့ပင်လျှင် ဤစကားများတွင်ဖော်ပြထားသည့် ဝိညာဉ်ရေးလုံခြုံမှုသည် ယေဟောဝါ၏အမှုတော်ကိုဆောင်သူများကြားတွင် ပုံဆောင်သဘောအရ ပြည့်စုံနေသည်။ သူတို့အလယ်တွင် ဘုရားသခင်၏ မေတ္တာပါဂရုစိုက်မှုကို သင်ခံစားရမည်။ ဘုရားသခင်ကိုချစ်ကြောင်း သင်တင်ပြမည်ဆိုလျှင် မိဘတစ်ဦးအနေနှင့် သင်၏ခံစားချက်များကို ကိုယ်တော်နားလည်ပြီး သင်တွေ့ကြုံကောင်းတွေ့ကြုံရမည့် စိုးရိမ်ပူပန်မှုများနှင့် စမ်းသပ်မှုများကို ဖြေရှင်းနိုင်ရန် ကူညီပေးမည်ဟု ယုံကြည်စိတ်ချနိုင်ပါသည်။ ကိုယ်တော်၏နှုတ်ကပါဌ်တော်ကိုလေ့လာပြီး ကိုယ်တော်၏နိုင်ငံတော်ကို မျှော်လင့်လျက်နေပါ။
သင်၏ကလေးများရှေ့ ပုံသက်သေကောင်းတင်ပြခြင်းဖြင့် ထာဝရအသက်လမ်းပေါ်တွင်ရှိရန် ကူညီပေးပါ။ သင်သည် ယေဟောဝါဘုရားသခင်၌ ခိုလှုံမည်ဆိုလျှင် သင်နှင့် သင့်ကလေးများ၏အနာဂတ်သည် သင်မျှော်လင့်ထားရာအားလုံးတို့ထက် သာပေမည်။ ဤသို့စပ်ဆိုခဲ့သည့် ဆာလံဆရာကဲ့သို့ သင်သည် ထပ်တူပင်ယုံကြည်စိတ်ချနိုင်ပါမည်– “ထာဝရဘုရားကို မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင် စိတ်နှလုံးအလိုပြည့်စုံရသောအခွင့်ကို ပေးတော်မူမည်။”—ဆာလံ ၃၇:၄။
[အောက်ခြေမှတ်ချက်များ]
a ဤဆောင်းပါးတွင် အစားထိုးနာမည်များကို အသုံးပြုထားသည်။
b ကင်းမျှော်စင်သမ္မာကျမ်းစာဝေစာအသင်း နယူးယောက်မှထုတ်ဝေသည့် မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက် [လိပ်] စာအုပ်အခန်း ၅ မှ ၇ ကိုရှု။