ပေါလု၏လုပ်ဖော်ဆောင်ဖက်များ—သူတို့ကား မည်သူများနည်း
တမန်တော်ကျမ်းနှင့် ပေါလု၏စာများတွင် “တစ်ပါးအမျိုးသားတို့နှင့်ဆိုင်သောတမန်တော်” နှင့်အဆက်အသွယ်ရှိခဲ့ကြသည့် ပထမရာစုရှိခရစ်ယာန်အသင်းသားတစ်ရာခန့်ကို ဖော်ပြထားသည်။ (ရောမ ၁၁:၁၃၊ ၁၄) သူတို့ထဲမှအတော်များများ၏အကြောင်းကို ကျွန်ုပ်တို့သိရှိကြသည်။ အာပေါလု၊ ဗာနဗနှင့် သိလတို့၏ဆောင်ရွက်မှုများကို အသင်သိရှိကောင်းသိရှိပြီဖြစ်မည်။ သို့သော် အာခိပ္ပု၊ ကလောဒိ၊ ဒမာရိ၊ လိနု၊ ပေရသိ၊ ပုဒေနှင့် သောပတရုတို့၏အကြောင်းကိုမူ သင့်အနေနှင့်ပြောဆိုစရာရှိလှမည်မဟုတ်ပေ။
အချိန်နှင့်အခြေအနေအမျိုးမျိုးအောက်တွင် များစွာသောသူတို့သည် ပေါလု၏အမှုဆောင်လုပ်ငန်းကို တက်ကြွလှုပ်ရှားစွာကူညီထောက်ပံ့ခဲ့ကြသည်။ အာရိတ္တာခု၊ လုကာနှင့် တိမောသေကဲ့သို့ အချို့သူများသည် တမန်တော်၏အနားတွင် နှစ်ပေါင်းများစွာအမှုဆောင်ခဲ့ကြသည်။ ပေါလုအကျဉ်းကျချိန် သို့မဟုတ် ခရီးသွားနေစဉ်တွင် ထိုသူအချို့သည် ခရီးသွားအဖော်များအဖြစ်လည်းကောင်း၊ အိမ်ရှင်၊ အိမ်ရှင်မများအဖြစ်လည်းကောင်း သူနှင့်အတူရှိခဲ့သည်။ ဝမ်းနည်းစရာကား၊ အာလေဇန္ဒြု၊ ဒေမ၊ ဟေရမောဂင်နှင့် ဖုဂေလုတို့ကဲ့သို့ အခြားသူများမူ ခရစ်ယာန်ယုံကြည်ခြင်း၌ စွဲမြဲမနေခဲ့ကြချေ။
ပေါလု၏အခြားမိတ်ဆွေများမှ အချို့ဖြစ်သောအသုံကြိတ်၊ ဟေရမ၊ ယုလိ၊ သို့မဟုတ် ဖိလောလုပ်တို့ကဲ့သို့ သူများအကြောင်းကို သူတို့၏အမည်များမှလွဲ၍ ဘာမျှမသိသလောက်ပင်။ နေရု၏နှမ သို့မဟုတ် ရုဖု၏မိခင် သို့မဟုတ် ခလောဣအိမ်သားအချို့၏အကြောင်းမှာမူ ထိုမျှပင် ကျွန်ုပ်တို့မသိရှိကြပါ။ (ရောမ ၁၆:၁၃-၁၅; ၁ ကောရိန္သု ၁:၁၁) သို့ပင်ငြားလည်း၊ အဆိုပါအယောက်တစ်ရာ သို့မဟုတ် တစ်ဦးချင်းစီနှင့်ပတ်သက်၍ ကျွန်ုပ်တို့သိရှိထားသော အချက်အလက်အနည်းငယ်ကို ဆန်းစစ်ခြင်းမှ တမန်တော်ပေါလုလုပ်ဆောင်ခဲ့ပုံကို ကျွန်ုပ်တို့အားသိမြင်စေ၏။ ထို့ပြင် ယုံကြည်သူချင်းများစွာနှင့်ဝိုင်းရံကာ ပူးပေါင်းလုပ်ဆောင်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းကိုလည်း ကျွန်ုပ်တို့အားသိရှိစေသည်။
ခရီးသွားအဖော်များ၊ အိမ်ရှင်များနှင့် အိမ်ရှင်မများ
တမန်တော်ပေါလုအမှုဆောင်ရာတွင် ခရီးများစွာသွားခဲ့ရသည်။ တမန်တော်ကျမ်းတစ်ကျမ်းတည်း၏ဖော်ပြချက်အရ သူ၏ကုန်းကြောင်းနှင့်ရေကြောင်းခရီးစဉ်သည် မိုင်ပေါင်း ၁၀,၀၀၀ ခန့်ရှိမည်ဟု စာရေးဆရာတစ်ဦးကခန့်မှန်းသည်။ ထိုအချိန်က ခရီးသွားလာရေးသည် အလွန်ပင်ပန်းရုံသာမက အန္တရာယ်လည်းများသည်။ သူကြုံတွေ့ခဲ့ရသော အန္တရာယ်အမျိုးမျိုးထဲတွင် သင်္ဘောပျက်ခြင်းဘေး၊ မြစ်ကိုကူးသောဘေး၊ ဓားပြတိုက်သောဘေး၊ တော၌ရောက်သောဘေးနှင့် ပင်လယ်ဘေးတို့ပါဝင်ခဲ့၏။ (၂ ကောရိန္သု ၁၁:၂၅၊ ၂၆) လျောက်ပတ်စွာပင်၊ တစ်နေရာမှတစ်နေရာ ပေါလုသွားလာရာတွင် တစ်ဦးတည်းခရီးသွားခဲသည်။
ပေါလု၏ခရီးဖော်များသည် အမှုဆောင်လုပ်ငန်း၌ ပေါင်းဖော်မှု၊ အားပေးမှုနှင့် လက်တွေ့ကျကျကူညီမှု အမှန်ပေးခဲ့ကြမည်။ တစ်ခါက ယုံကြည်သူလူသစ်များ၏ ဝိညာဉ်ရေးလိုအပ်ရာများကို ကြည့်ရှုပြုစုနိုင်ရန် သူတို့ကို ပေါလုထားရစ်ခဲ့သည်။ (တမန်တော် ၁၇:၁၄; တိတု ၁:၅) သို့ရာတွင် အဖော်များပါခြင်းသည် လုံခြုံရေးအတွက်သာမက ခရီးသွားလာခြင်း၏အခက်အခဲများတွင် ထောက်ပံ့ကူညီမှုဖြစ်ဖို့အတွက် အမှန်လိုအပ်ခဲ့ပေမည်။ ထို့ကြောင့် ပေါလု၏ခရီးသွားဖော်များဖြစ်ခဲ့ကြသည်ဟု ကျွန်ုပ်တို့သိသော သောပတရု၊ သေကုန္ဒု၊ ဂါယုနှင့် တရောဖိမ်အစရှိသူတို့သည် သူ၏ခရစ်ယာန်ဓမ္မအမှုလုပ်ငန်းအောင်မြင်ရေးအတွက် အရေးပါခဲ့ပေမည်။—တမန်တော် ၂၀:၄။
အိမ်ရှင်နှင့်အိမ်ရှင်မများကလည်း ထပ်တူပင် ကူညီပေးခဲ့ကြသည်။ ဟောပြောခြင်းကင်ပိန်းပြုလုပ်ရန် သို့မဟုတ် တစ်ညတာရပ်နားရန်အတွက် မြို့တစ်မြို့သို့ ပေါလုရောက်သောအခါ ပထမဦးစားပေးမှာ တည်းခိုစရာရှာတွေ့ရန်ဖြစ်လိမ့်မည်။ ပေါလုကဲ့သို့ခရီးများစွာလှည့်လည်ရသူ မည်သူမဆိုသည် အိပ်ရာအမျိုးမျိုးတွင် အိပ်ခဲ့ရပေမည်။ ပေါလုသည် တည်းခိုခန်းတွင် တည်းနိုင်သော်လည်း သမိုင်းဆရာများ၏ဖော်ပြချက်အရ ထိုနေရာများသည် “အန္တရာယ်ရှိပြီး နေဖို့မသင့်သောနေရာများ” ဖြစ်လေ့ရှိရာ ဖြစ်နိုင်လျှင် ယုံကြည်သူချင်းများနှင့် ပေါလုတည်းခိုလေ့ရှိသည်။
ပေါလု၏အိမ်ရှင်၊ အိမ်ရှင်မများ၏နာမည်အချို့မှာ အာကုလနှင့်ပြစ်ကိလ၊ ဂါယု၊ ယာသုန်၊ လုဒိ၊ မနာသုန်၊ ဖိလေမုန်၊ ဖိလိပ္ပုတို့ဖြစ်သည်။ (တမန်တော် ၁၆:၁၄၊ ၁၅; ၁၇:၇; ၁၈:၂၊ ၃; ၂၁:၈၊ ၁၆; ရောမ ၁၆:၂၃; ဖိလေမုန် ၁၊ ၂၂) ဖိလိပ္ပိမြို့၊ သက်သာလောနိတ်မြို့နှင့် ကောရိန္သုမြို့တို့၌ ပေါလုတည်းခိုခဲ့သောနေရာများသည် သူ၏သာသနာပြုလုပ်ငန်းဆောင်ရွက်နိုင်မည့် အခရာကျသောနေရာများဖြစ်ခဲ့သည်။ ကောရိန္သုမြို့တွင် ယုတ္တုသည်လည်း တမန်တော်အား မိမိ၏အိမ်ကိုဟောပြောခြင်းလုပ်ငန်းအတွက် အသုံးပြုခွင့်ပေးခဲ့သည်။—တမန်တော် ၁၈:၇။
များစွာသောမိတ်ဆွေများ
မျှော်လင့်ထားမည်ဖြစ်သည့်အတိုင်း ပေါလု၏အသိအကျွမ်းများကို သူတွေ့ဆုံခဲ့ပုံအမျိုးမျိုးကြောင့် နည်းအမျိုးမျိုးဖြင့် သတိရခဲ့သည်။ ဥပမာ၊ မာရိ၊ ပေရသိ၊ ဖိဗေ၊ တရုဖဲနှင့် တရုဖောသတို့သည် သူတို့၏အလုပ်ကြိုးစားမှုကြောင့် ချီးကျူးခံရသော ယုံကြည်သူချင်းအမျိုးသမီးများဖြစ်ခဲ့ကြသည်။ (ရောမ ၁၆:၁၊ ၂၊ ၆၊ ၁၂) ပေါလုသည် ကရိပ္ပု၊ ဂါယုနှင့် သတေဖန်၏အိမ်သူအိမ်သားတို့ကို နှစ်ခြင်းပေးခဲ့သည်။ အာသင်မြို့တွင် ပေါလုထံမှကြားသော အမှန်တရားတို့ကို ဒယောနုသိနှင့် ဒမာရိတို့သည် လက်ခံခဲ့ကြ၏။ (တမန်တော် ၁၇:၃၄; ၁ ကောရိန္သု ၁:၁၄၊ ၁၆) ပေါလုထက်အရင် ယုံကြည်သူချင်းများဖြစ်ခဲ့ကြသည့် “တမန်တော်များတွင် အသရေထင်ရှားသော” အန္ဒြောနိတ်နှင့်ယုနိတို့ကို သူတို့နှင့်အတူ ‘အကျဉ်းချခံသူချင်းများ’ ဟုခေါ်ထားသည်။ သူတို့သည် တစ်ချိန်တစ်ခါက ပေါလုနှင့်အတူ အကျဉ်းချခံခဲ့ရဖွယ်ရှိသည်။ ဟေရောဒျူန်၊ ယာသုန်၊ လုကိ၊ သောသိပတရုနည်းတူ အဆိုပါနှစ်ဦးကိုလည်း သူ၏ “အဆွေအမျိုး” ဟူ၍ ပေါလုခေါ်ခဲ့သည်။ (ရောမ ၁၆:၇၊ ၁၁၊ ၂၁) ဤတွင် အသုံးပြုထားသော ဂရိစကားလုံးမှာ “တစ်ပြည်တည်းသား” ဟုအဓိပ္ပာယ်ရနိုင်သော်လည်း ယင်း၏အဓိကအဓိပ္ပာယ်မှာ “တစ်ခေတ်တည်းသွေးရင်းသားရင်းများ” ဖြစ်သည်။
ပေါလု၏မိတ်ဆွေအများသည် သတင်းကောင်းအတွက် ခရီးထွက်ခဲ့ကြသည်။ သူ၏လူသိများသောအပေါင်းအဖော်များအပြင် မိမိတို့အသင်းတော်၏ ဝိညာဉ်ရေးအခြေအနေကို ပေါလုနှင့်ဆွေးနွေးရန် ကောရိန္သုမြို့မှ ဧဖက်မြို့သို့ ခရီးထွက်လာခဲ့ကြသော အခါယကု၊ ဖော်တုနတ်နှင့် သတေဖန်တို့သည်လည်းရှိသည်။ အာတေမနှင့်တုခိတ်တို့သည် ကရေတေကျွန်းတွင် အမှုဆောင်နေသော တိတုနှင့်တွေ့ဆုံရန် ခရီးထွက်ဖို့အသင့်ရှိခဲ့ကြ၏၊ ဇေနသည် အာပေါလုနှင့်အတူ ခရီးထွက်ခဲ့၏။—၁ ကောရိန္သု ၁၆:၁၇; တိတု ၃:၁၂၊ ၁၃။
အချို့သူများနှင့်ပတ်သက်သည့် အသေးအဖွဲကိစ္စဖြစ်သော်လည်း စိတ်ဝင်စားစရာကောင်းသော အကြောင်းအချက်အချို့ကို ပေါလုဖော်ပြခဲ့သည်။ ဥပမာ၊ ဧပဲနက်သည် “အာရှိပြည်တွင် . . . အဦးသီးသောအသီး” ဖြစ်ကြောင်း၊ ဧရတ္တုသည် ကောရိန္သုမြို့၏ “မြို့စာရေး” ဖြစ်ကြောင်း၊ လုကာသည် ဆရာဝန်တစ်ဦးဖြစ်ကြောင်း၊ လုဒိသည် နီမောင်းသောအထည်အလိပ်ရောင်းသူဖြစ်ကြောင်းနှင့် တေရတိသည် ရောမမြို့သားများထံ ပေါလု၏စာကို ရေးပေးခဲ့သူဖြစ်ကြောင်း ကျွန်ုပ်တို့သိရှိကြရသည်။ (ရောမ ၁၆:၅၊ ၂၂၊ ၂၃; တမန်တော် ၁၆:၁၄; ကောလောသဲ ၄:၁၄) ထိုသူတို့အကြောင်းကို ပို၍သိလိုသူများအတွက် ယင်းအချက်အလက်အသေးအဖွဲများသည် တိုတုတ်လှသဖြင့် သိချင်စဖွယ်အကြောင်းများဖြစ်စေသည်။
ပေါလု၏အခြားအပေါင်းအဖော်များသည် သမ္မာကျမ်းစာတွင် ယခုမှတ်တမ်းတင်ထားသော ကိုယ်ရေးကိုယ်တာအမှာစကားများကို ရရှိခဲ့ကြသည်။ ဥပမာ၊ ကောလောသဲမြို့သားများထံရေးလိုက်သောစာတွင် ပေါလုက “သင်သည် ဘုရားသခင်၏လက်တော်မှခံရပြီးသော ဓမ္မဆရာ၏အမှုအရာကို ပြည့်စုံစေခြင်းငှာ သတိပြုပါ” ဟုအာခိပ္ပုကိုတိုက်တွန်းခဲ့သည်။ (ကောလောသဲ ၄:၁၇) ဧဝေါဒိနှင့်သုန္တုတ်တို့သည် အချင်းချင်းဖြေရှင်းစရာ သဘောထားကွဲလွဲမှုတစ်ခုခုရှိနေကြောင်း ထင်ရှားပါသည်။ ထိုသို့ဖြင့် ဖိလိပ္ပိမြို့မှအမည်မပေါ်သော “လုပ်ဖော်ဆောင်ဖက်” တစ်ဦးအားဖြင့် ပေါလုက “သခင်ဘုရား၌ တညီတညွတ်တည်းဖြစ်ရကြမည်” ဟူ၍ သူတို့ကိုတိုက်တွန်းခဲ့သည်။ (ဖိလိပ္ပိ ၄:၂၊ ၃) ယင်းသည် ကျွန်ုပ်တို့အားလုံးအတွက် ဆုံးမစကားကောင်းဖြစ်သည်မှာ သေချာပါသည်။
ထောင်ချခံရစဉ် သစ္စာစောင့်သိစွာထောက်ပံ့
ပေါလုသည် အကြိမ်ကြိမ်အကျဉ်းချခံခဲ့ရသည်။ (၂ ကောရိန္သု ၁၁:၂၃) ထိုအချိန်အခါမျိုး၌ ဒေသခံခရစ်ယာန်အချို့ရှိခဲ့လျှင် သူ၏အခက်အခဲကိုခံနိုင်ရန် သူတို့တတ်နိုင်သမျှကြိုးစားဆောင်ရွက်ပေးခဲ့ကြပေမည်။ ရောမ၌ ပေါလုပထမဦးဆုံးအကျဉ်းချခံရသောအခါ နှစ်နှစ်တိုင် အိမ်ငှားနေခွင့်ရပြီး မိတ်ဆွေများလည်ပတ်နိုင်ခဲ့ကြသည်။ (တမန်တော် ၂၈:၃၀) ထိုအတောအတွင်း ဧဖက်မြို့၊ ဖိလိပ္ပိမြို့နှင့် ကောလောသဲမြို့တို့ရှိ အသင်းတော်များထံမက ဖိလေမုန်ထံသို့လည်း သူစာရေးခဲ့၏။ ပေါလုအကျဉ်းချခံရစဉ်အတွင်း သူနှင့်ရင်းနှီးချစ်ခင်ခဲ့ကြသူများအကြောင်းအတော်များများကို ၎င်းစာများမှသိရှိကြရသည်။
ဥပမာ၊ ရောမမြို့တွင် ဖိလေမုန်၏ကျွန်ပြေး ဩနေသိမ်နည်းတူ သခင်ဆီသို့အပြန်ခရီးစဉ်တွင် ဩနေသိမ်နှင့်လိုက်ပါသွားမည့် တုခိတ်တို့သည် ပေါလုနှင့်တွေ့ဆုံခဲ့ကြကြောင်း သိရှိရသည်။ (ကောလောသဲ ၄:၇-၉) အသင်းတော်ထံမှလက်ဆောင်ပါလာသည့် ခရီးဝေးဖိလိပ္ပိမြို့မှလာပြီး နာမကျန်းဖြစ်ခဲ့သူ ဧပဖြောဒိတ်အကြောင်းလည်းသိရသည်။ (ဖိလိပ္ပိ ၂:၂၅; ၄:၁၈) ရောမ၌ ပေါလုနှင့်အနီးကပ်အလုပ်လုပ်ခဲ့ကြသော အာရိတ္တာခု၊ မာကုနှင့် ယုတ္တုဟုခေါ်သောယေရှုတို့နှင့်ပတ်သက်၍ ပေါလုဤသို့ပြောခဲ့သည်– “ဤသူတို့သာ ဘုရားသခင်၏နိုင်ငံတော်အဖို့ ငါနှင့်အတူ အမှုဆောင်သောသူဖြစ်၍၊ ငါ့စိတ်ကိုသက်သာစေကြ၏။” (ကောလောသဲ ၄:၁၀၊ ၁၁) အဆိုပါသစ္စာရှိသူအားလုံးနှင့်တကွ လူအများသိသော တိမောသေ၊ လုကာသာမက နောက်ပိုင်းတွင် လောကကိုချစ်သောကြောင့် ပေါလုကိုစွန့်ခွာခဲ့သူဒေမတို့လည်းရှိသေးသည်။—ကောလောသဲ ၁:၁; ၄:၁၄; ၂ တိမောသေ ၄:၁၀; ဖိလေမုန် ၂၄။
ထိုသူတို့တစ်ဦးတစ်ယောက်မျှ ရောမမြို့မှမဟုတ်ကြသော်လည်း သူတို့သည် ပေါလု၏အနားတွင် ရှိခဲ့ကြကြောင်း ထင်ရှားသည်။ အချို့သည် ပေါလုအကျဉ်းချခံနေရစဉ်အတွင်း အကူအညီပေးရန် တမင်တကာသွားခဲ့ပုံရှိသည်။ ထိုသူအချို့တို့သည် ပေါလုအတွက် တောက်တိုမယ်ရလုပ်ပေးခြင်း၊ အခြားသူများမှာမူ ခရီးဝေးတာဝန်များကို ဆောင်ရွက်ပေးခြင်း၊ သူတို့အပြင် အခြားသူတို့ကိုကား ပေါလုနှုတ်တိုက်ချပေးသောစာများကို လိုက်ရေးပေးခြင်းတို့ကို ပြုခဲ့ကြပေမည်။ ဤသူတို့အားလုံးသည် ပေါလုကိုလည်းကောင်း၊ ဘုရားသခင့်လုပ်ငန်းကိုလည်းကောင်း အလွန်မြတ်နိုးပြီး သစ္စာစောင့်သိခဲ့ခြင်း၏ထူးခြားသော အထောက်အထားပါတကား!
ပေါလုသည် ကျွန်ုပ်တို့သိရှိထားသော အမည်အနည်းငယ်ထက်မကသည့် ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မများစွာဖြင့် ဝိုင်းရံလျက်ရှိခဲ့သည်ဟု သူ့စာအချို့၏နိဂုံးပိုင်းများမှ သိရှိရသည်။ “သန့်ရှင်းသောသူအပေါင်းတို့သည် သင်တို့ကိုနှုတ်ဆက်ကြ” သည့်အပြင် “ငါ့ထံမှာရှိသောသူအပေါင်းတို့သည် သင့်ကိုနှုတ်ဆက်ကြ” သည်ဟူ၍ သူအကြိမ်ကြိမ်ရေးခဲ့သည်။—၂ ကောရိန္သု ၁၃:၁၃; တိတု ၃:၁၅; ဖိလိပ္ပိ ၄:၂၂။
ပေါလုအသတ်ခံရတော့မည့်အချိန် ခက်ခဲသောဒုတိယအကြိမ်အကျဉ်းချခံစဉ်အတွင်း သူ၏လုပ်ဖော်ဆောင်ဖက်များကို ပေါလုအလွန်သတိရမှတ်မိနေ၏။ သူသည် အချို့သူတို့၏လုပ်ငန်းကို ကြီးကြပ်ညှိနှိုင်းပေးနေဆဲဖြစ်သည်။ တိတုနှင့်တုခိတ်တို့ကို တာဝန်ဖြင့်စေလွှတ်ထားကာ ကရက္ကေသည် ဂလာတိပြည်သို့သွားနေ၍ ဧရတ္တုသည် ကောရိန္သုမြို့၌နေခဲ့ပြီး တရောဖိမ်သည် မကျန်းမာသောကြောင့် မိလက်မြို့၌ကျန်ရစ်ခဲ့သည်၊ မာကုနှင့်တိမောသေမူကား ပေါလုထံသို့ရောက်လာဖို့ဖြစ်၏။ သို့သော် ပေါလုထံ၌ လုကာရှိခဲ့ပြီး တိမောသေထံ ဒုတိယစာကို တမန်တော်ရေးခဲ့သောအခါ ဥဗုလု၊ ပုဒေ၊ လိနုနှင့် ကလောဒိအပါအဝင် အခြားယုံကြည်သူချင်းများလည်း နှုတ်ဆက်စကားပါးခဲ့ကြသည်။ ပေါလုကိုသူတို့အတတ်နိုင်ဆုံး ကူညီပေးခဲ့ကြမည်မှာသေချာပါသည်။ တစ်ချိန်တည်း၌ပင် ပေါလုကိုယ်တိုင် ပြစ်ကိလနှင့်အာကုလ၊ ဩနေသိဖော်၏မိသားစုထံ နှုတ်ဆက်စကားပို့ခဲ့သည်။ သို့သော် ဝမ်းနည်းစရာကား၊ ဒုက္ခရောက်နေချိန်တွင် ဒေမသည် သူ့ကို စွန့်ပယ်ခဲ့၍ အာလေဇန္ဒြုကမူ သူ့အပေါ်မကောင်းမှုများစွာပြုခဲ့သည်။—၂ တိမောသေ ၄:၉-၂၁။
“ငါတို့သည် ဘုရားသခင့်ထံ၌အလုပ်လုပ်သောသူချင်းဖြစ်ကြ”
ပေါလုသည် သူ၏ဟောပြောခြင်းလုပ်ငန်းကို တစ်ယောက်တည်းဆောင်ရွက်ခဲသည်။ “အပေါင်းအသင်းများစွာနှင့် သာသနာပြုပုံပေါ်သည်။ ပေါလုကို အဖော်မပါဘဲတွေ့ရခဲသည်” ဟုအစီရင်ခံသူ အီး၊ အာလ်အဲလစ္စကဆိုသည်။ ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်၏ ညွှန်ကြားမှုအောက်တွင် ပေါလုသည် လူများစွာကို စည်းရုံးနိုင်ခဲ့ကာ ထိရောက်သောသာသနာပြုကင်ပိန်းများကို ဖွဲ့စည်းနိုင်ခဲ့သည်။ သူ့ကို ရင်းနှီးသောအပေါင်းအဖော်များ၊ အခိုက်အတန့်ထောက်မသူများ၊ စိတ်ဓာတ်ခိုင်မာသူအချို့နှင့် နှိမ့်ချမှုရှိသောကျေးကျွန်များနှင့် အမြဲခြံရံလျက်ရှိခဲ့သည်။ သို့ရာတွင် သူတို့သည် တွဲဖက်လုပ်သားများမျှသာမဟုတ်ချေ။ ပေါလုနှင့်အဘယ်အထိတိုင် တွဲဖက်လုပ်ကိုင်၊ ပေါင်းသင်းခဲ့သည်ဖြစ်ပါစေ ခရစ်ယာန်မေတ္တာနှောင်ကြိုးနှင့် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုရှိခဲ့ကြသည်မှာ သေချာပါသည်။
တမန်တော်ပေါလု၌ “ခင်မင်ရင်းနှီးဖို့အတွက် ထူးခြားသောစွမ်းရည်” ဟုခေါ်သည့်အရည်အချင်းရှိခဲ့သည်။ သူသည် လူမျိုးများထံ သတင်းကောင်းရောက်ရှိရန် များစွာလုပ်ဆောင်ခဲ့သော်လည်း ယင်းကို တစ်ဦးတည်းလုပ်ဆောင်ရန် မကြိုးစားခဲ့ချေ။ ဖွဲ့စည်းထားသောခရစ်ယာန်အသင်းတော်နှင့် ပူးပေါင်းဆောင်ရွက်ကာ ယင်းကို အပြည့်အဝအသုံးချခဲ့သည်။ ပေါလုသည် ရရှိခဲ့သောအောင်မြင်မှုများအတွက် ကိုယ့်ကိုကိုယ်ဂုဏ်မတင်ခဲ့ဘဲ မိမိသည် ကျွန်တစ်ဦးဖြစ်၍ ကြီးပွားစေသူဘုရားသခင်အား ချီးကျူးဂုဏ်ပြုသင့်သည်ဟု နှိမ့်ချစွာဝန်ခံခဲ့၏။—၁ ကောရိန္သု ၃:၅-၇; ၉:၁၆; ဖိလိပ္ပိ ၁:၁။
ပေါလု၏ခေတ်ကာလသည် ကျွန်ုပ်တို့၏ခေတ်ကာလနှင့် မတူသော်လည်း ယနေ့ခရစ်ယာန်အသင်းတော်ရှိ မည်သူကမျှ သီးခြားလုပ်နိုင်သည် သို့မဟုတ် သီးခြားလုပ်ဖို့လိုသည်ဟု မယူမှတ်သင့်ချေ။ ယင်းအစား၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏အဖွဲ့အစည်းနှင့်လည်းကောင်း၊ ဒေသခံအသင်းတော်နှင့်လည်းကောင်း၊ ယုံကြည်သူချင်းများနှင့်လည်းကောင်း အစဉ်လုပ်ဆောင်သွားသင့်သည်။ သာယာချမ်းမြေ့သောအချိန်နှင့် ဒုက္ခရောက်ချိန်တို့တွင် သူတို့၏အကူအညီ၊ ထောက်ပံ့မှုနှင့် နှစ်သိမ့်မှုတို့ကို ကျွန်ုပ်တို့လိုအပ်ကြသည်။ ‘လူပြည်အရပ်ရပ်တို့၌ရှိသော ညီအစ်ကိုအသင်းအပင်း’ ဝင်ဖြစ်ရသည့် တန်ဖိုးမဖြတ်နိုင်သောအခွင့်အရေးကို ကျွန်ုပ်တို့ရရှိထားကြသည်။ (၁ ပေတရု ၅:၉) ပေါလုကဲ့သို့ပင် သူတို့အားလုံးနှင့် သစ္စာရှိစွာ၊ မေတ္တာပါပါနှင့်ရင်ဘောင်တန်းလျက် ပူးပေါင်းဆောင်ရွက်ကြမည်ဆိုလျှင် ကျွန်ုပ်တို့သည်လည်း “ဘုရားသခင့်ထံ၌အလုပ်လုပ်သောသူချင်းဖြစ်ကြ” သည်ဟုဆိုနိုင်ကြပါသည်။—၁ ကောရိန္သု ၃:၉။
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
အာပေါလု
အာရိတ္တာခု
ဗာနဗ
လုဒိ
ဩနေသိဖော်
တေရတိ
တုခိတ်