ကျန်းခံ့သောဆက်သွယ်မှု—သာယာသောအိမ်ထောင်ရေး၏သော့ချက်
၁၇၇၈ ခုနှစ်တွင် ရောဘတ်ဘာရွန်သည် မျက်မှောက်ခေတ် သော့ခလောက်များ၏အခြေခံဖြစ်သောနှစ်ဆင့်ဖွင့်မောင်းတံပါသည့် သော့တစ်မျိုးကို မူပိုင်မှတ်ပုံတင်ခဲ့သည်။ သူ၏တီထွင်မှုကသော့တစ်ချောင်းတည်းနှင့် မောင်းတံနှစ်ခုကို တစ်ပြိုင်တည်းဆွဲတင်နိုင်စေသည်။
အလားတူ၊ အောင်မြင်သောအိမ်ထောင်ရေးသည် လင်နှင့်မယားစည်းလုံးစွာ အတူတကွလုပ်ဆောင်ခြင်းပေါ်မူတည်သည်။ သော့နှင့်ဖွင့်သည့်အလား သာယာသောအိမ်ထောင်ရေး၏ ထူးကဲသောပျော်ရွှင်မှုကို တွေ့ကြုံခံစားရဖို့ မရှိမဖြစ်လိုအပ်သောအရာတစ်ခုမှာ ကျန်းခံ့သောဆက်သွယ်မှုဖြစ်၏။
ကျန်းခံ့သောဆက်သွယ်မှုတွင် အဘယ်အရာပါဝင်
ကျန်းခံ့သောဆက်သွယ်မှုတွင် အဘယ်အရာပါဝင်သနည်း။ အဘိဓာန်တစ်အုပ်က ဆက်သွယ်မှုကို “အပြောအဆို၊ အရေးအသား သို့မဟုတ် အရိပ်အကဲများဖြင့် အတွေးအခေါ်၊ အယူအဆ သို့မဟုတ် အကြောင်းအချက်များကို အသိပေးခြင်း သို့မဟုတ် ဖလှယ်ခြင်း” ဟုအနက်ဖွင့်ထားသည်။ ထို့ကြောင့် ဆက်သွယ်မှုတွင် ခံစားချက်များနှင့် စိတ်ကူးများကိုဝေမျှခြင်းပါဝင်သည်။ ကျန်းခံ့သောဆက်သွယ်မှုသည် တည်ဆောက်မှုဖြစ်စေသော၊ လန်းဆန်းစေသော၊ ဣန္ဒြေရှိသော၊ ချီးမွမ်းဖွယ်ကောင်း၍ နှစ်သိမ့်မှုဖြစ်စေသောအရာများကို ဖြစ်ပေါ်စေသည်။—ဧဖက် ၄:၂၉-၃၂; ဖိလိပ္ပိ ၄:၈။
ယုံကြည်စိတ်ချမှု၊ အားထားမှုနှင့် အပြန်အလှန်နားလည်မှုတို့ဖြင့် ကျန်းခံ့သည့်ဆက်သွယ်မှုဖြစ်လာသည်။ အိမ်ထောင်ရေးကို ရာသက်ပန်ပေါင်းဖော်မှုအဖြစ်ရှုမြင်ကာ အောင်မြင်ရန်ကြိုးစားမည်ဟု စိတ်ပိုင်းဖြတ်သည့်အခါ ဤအရည်အချင်းများရှိလာသည်။ ယင်းသို့သောဆက်ဆံရေးနှင့်ပတ်သက်၍ ၁၈ ရာစုမှအက်ဆေးဆရာ ဂျိုးဇက်အက်ဒီဆင်က ဤသို့မှတ်ချက်ချရေးသားခဲ့သည်– “လူသားအားလုံးထဲမှ လူနှစ်ဦးသည် တစ်ဦးကိုတစ်ဦးရွေးချယ်ပြီး အချင်းချင်း၏ အားနည်းချက်များ၊ စုံလင်မှုများနှင့်ပတ်သက်၍ ကြည်ကြည်သာသာရှိမည်၊ ဖော်ရွေပြေပြစ်မည်၊ အမြော်အမြင်ရှိမည်၊ ခွင့်လွှတ်မည်၊ စိတ်ရှည်၍ ပျော်ရွှင်စွာနေကြမည်ဟု စိတ်ပိုင်းဖြတ်ကာ တစ်ဦးကိုတစ်ဦး အပြန်အလှန်နှစ်သိမ့်ပေးပြီး ပျော်မွေ့စေမည်ဟူသည့် ရည်ရွယ်ချက်နှင့် သက်ဆုံးတိုင် ချည်နှောင်လိုက်ခြင်းဖြစ်သည်။” ယင်းသည် တကယ်ပျော်ရွှင်ဖွယ်ကောင်းလှသည့် ပေါင်းစည်းမှုပါတကား! ဤအဖိုးတန်အရည်အချင်းများကို ကျန်းခံ့သောဆက်သွယ်မှုမှတစ်ဆင့် သင်ရရှိနိုင်သည်ဖြစ်ရာ ၎င်းတို့သည် သင့်အိမ်ထောင်ရေးကို အသရေရှိစေနိုင်သည်။
အကျိုးဖြစ်စေသောဆက်သွယ်မှုကိုဟန့်တားသည့်အရာများ
မောင်နှံစုံအများစုမှာ အပြုသဘောဖြင့်၊ အားရဝမ်းသာကျေနပ်မှုများစွာဖြင့် အိမ်ထောင်ပြုကြသည်။ သို့ရာတွင် လူအများ၏ ဝမ်းသာကြည်နူးသည့်အခြေအနေမှာ မကြာမီအသွင်ပြောင်းသွားကာ အပြုသဘောထားလည်း ပျောက်ကွယ်သွားသည်။ စိတ်ချခြင်းအစား အကြီးအကျယ်စိတ်ပျက်ခြင်း၊ အမျက်ဒေါသ၊ ရန်လိုခြင်းနှင့် ခါးခါးသီးသီးမုန်းတီးခြင်းပင် ရှိလာနိုင်သည်။ ထိုအခါ အိမ်ထောင်ရေးသည် “သေတစ်ပန်သက်တစ်ဆုံး” တိုင်သည်းခံရသည့်အခြေအနေဖြစ်လာလေတော့သည်။ ထို့ကြောင့် သာယာသောအိမ်ထောင်ရေးတွင်လိုအပ်သည့် ကျန်းခံ့သောဆက်သွယ်မှုကို ပိုကောင်းစေရန် သို့မဟုတ် ဆက်ထိန်းသိမ်းထားရန် အချို့သောအဟန့်အတားများကို ကျော်လွှားရပေမည်။
ကျန်းခံ့သောဆက်သွယ်မှု၏ တကယ့်အဟန့်အတားတစ်ခုမှာ အိမ်ထောင်ဖက်တစ်ဦးက သတင်းတစ်ခုခုကိုဖြစ်စေ၊ ဖော်ပြလိုက်သည့်ဆန္ဒကိုဖြစ်စေ မည်သို့တုံ့ပြန်မည်ကို စိုးရိမ်ခြင်းဖြစ်နိုင်သည်။ ဥပမာ၊ စိုးရိမ်ဖွယ်မသန်မစွမ်းမှုတစ်ခုဖြစ်ပေါ်လာသည်ကို သိရှိပြီးနောက် ပစ်ပယ်ခံရမည်ကိုစိုးရိမ်ပေမည်။ ခံယူရမည့်ခွဲစိတ်ကုသမှုက လူတစ်ဦး၏ပုံပန်းနှင့် လုပ်ရည်ကိုင်ရည်ကို အကြီးအကျယ်ပြောင်းလဲစေမည့်အကြောင်း အိမ်ထောင်ဖက်တစ်ဦးကို မည်သို့ရှင်းပြရမည်နည်း။ ယင်းသို့သောကိစ္စမျိုးတွင် ရိုးသားပွင့်လင်းသည့် ဆက်သွယ်မှုနှင့် အနာဂတ်အတွက် စဉ်းစားစီစဉ်ထားဖို့ ယခင်ကထက်လိုအပ်လာပေသည်။ ကြင်နာသည့်အပြုအမူများမကြာခဏပြကာ ချစ်မြတ်နိုးကြောင်း အမြဲပြောဆိုခြင်းသည် အမှန်ကျေနပ်ဖွယ်ကောင်းသော အိမ်ထောင်ရေးကိုဖြစ်စေမည့် စိတ်ဝင်စားမှုကိုဖော်ပြသည်။ အိမ်ထောင်ရေးတွင် ဤပညာရှိစကားသည် အထင်ရှားဆုံးဖြစ်သင့်သည်– “အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလအဖို့ မွေးဖွားလျက်ရှိ၏။”—သု. ၁၇:၁၇။
ကျန်းခံ့သောဆက်သွယ်မှု၏ အဟန့်အတားနောက်တစ်ခုမှာ စိတ်ခုနေခြင်းဖြစ်သည်။ ပျော်ရွှင်သောအိမ်ထောင်ရေးဟူသည် ခွင့်လွှတ်တတ်သူနှစ်ဦးစုံဖက်ခြင်းဖြစ်သည်ဟု လျောက်ပတ်စွာဆိုကြသည်။ ထိုဖော်ပြချက်နှင့်အညီ အိမ်ထောင်သည်မောင်နှံစုံသည် “အမျက်မပြေဘဲ နေမဝင်စေနှင့်” ဟူသော တမန်တော်ပေါလု၏ လက်တွေ့ကျသည့် အကြံပေးချက်ကိုလိုက်နာရန် အစွမ်းကုန်ကြိုးစားကြရပေမည်။ (ဧဖက် ၄:၂၇) ဒေါသဖြစ်နေမည် သို့မဟုတ် စိတ်ခုနေမည့်အစား ဤအကြံပေးချက်ကိုလိုက်နာရန် နှိမ့်ချစွာဆက်သွယ်ရန် အမှန်လိုအပ်ပေသည်။ သာယာသည့်အိမ်ထောင်များမှ တွဲဖက်များသည် အမျက်ဒေါသ၊ ရန်ဖြစ်ခြင်းနှင့် အငြိုးထားခြင်းတို့ကို ပြုမြဲပြုနေကြမည်မဟုတ်ချေ။ (သု. ၃၀:၃၃) နာကြည်းမှုကိုတေးမထားသည့် ဘုရားသခင်အားတုပရန် သူတို့ကြိုးစားကြသည်။ (ယေရမိ ၃:၁၂) သူတို့သည် နှလုံးပါလျက်တစ်ဦးကိုတစ်ဦး အမှန်ခွင့်လွှတ်ကြသည်။—မဿဲ ၁၈:၃၅။
နှုတ်ဆိတ်နေခြင်းသည် မည်သည့်ဆက်သွယ်မှုမဆို၏ အဟန့်အတားတစ်ခုဖြစ်သည်မှာအမှန်။ ဤတွင် သုန်မှုန်သည့်မျက်နှာထား၊ လေးလံသည့်သက်ပြင်းချခြင်း၊ စက်ရုပ်ဆန်သည့်အပြုအမူများနှင့် တစ်ဦးတည်းဒိုင်ခံစကားပြောခြင်းတို့ပါဝင်သည်။ ဤသို့ပြုမူသည့်အိမ်ထောင်ဖက်တစ်ဦးသည် မကျေနပ်မှုကို တစ်နည်းနည်းဖြင့်တင်ပြနေခြင်းဖြစ်သည်။ သို့ပြုမည့်အစား မိမိ၏ခံစားချက်များကို ပွင့်ပွင့်လင်းလင်း၊ နားဝင်အောင်ထုတ်ဖော်ပြောခြင်းသည် စကားမပြောသုန်မှုန်နေခြင်းထက် အိမ်ထောင်ရေးကို ပို၍သာယာစေသည်။
ရင်းနှီးသောအိမ်ထောင်ရေးတွင် ကောင်းသောဆက်သွယ်မှုရှိရန် ကျော်လွှားရမည့်အခက်အခဲနောက်တစ်ခုမှာ အိမ်ထောင်ဖက်တစ်ဦး စကားပြောသည့်အခါ ကောင်းစွာနားမထောင်ခြင်း သို့မဟုတ် လုံးဝနားမထောင်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် တစ်ဦးကိုတစ်ဦး ဂရုတစိုက်နားထောင်ပေးရန် လိုအပ်သည့်စိတ်ဓာတ်အင်အား မစိုက်ထုတ်နိုင်လောက်အောင် အလွန်ပင်ပန်း သို့မဟုတ် အလွန်အလုပ်များနေပေမည်။ အိမ်ထောင်ဖက်တစ်ဦးက ရှင်းလင်းစွာပြောပြပြီးပြီဟု ယူဆသည့်အရာကို အခြားတစ်ဦးက ပထမဦးဆုံးကြားဖူးခြင်းဟုဆိုသည့် နားလည်မှုလွဲခြင်းတို့မှ အငြင်းပွားမှုများ ပေါ်လာပေမည်။ ဤသို့သောအခက်အခဲများသည် ဆက်သွယ်မှုညံ့ခြင်းကြောင့်ဖြစ်ရသည်မှာ ထင်ရှား၏။
အကျိုးဖြစ်စေသောဆက်သွယ်မှုကို တိုးတက်စေနိုင်ပုံ
မေတ္တာပါ၍ ကျန်းခံ့သောဆက်သွယ်မှုရှိဖို့ အချိန်ပေးရန် အရေးကြီးလှသည်တကား! အချို့သူတို့သည် တီဗွီရှေ့တွင် အချိန်များစွာအကုန်ခံပြီး အခြားသူတို့၏ဘဝကို ရှုစားကြရာ ကိုယ်တိုင်အတွက် အချိန်မရှိသလောက်ဖြစ်ကြသည်။။ ထို့ကြောင့် ရုပ်မြင်သံကြားစက်ကို ပိတ်လိုက်ခြင်းသည် ကျန်းခံ့သောဆက်သွယ်မှုရရှိရန်အတွက် လိုအပ်သောခြေလှမ်းတစ်လှမ်းဖြစ်လေ့ရှိသည်။
သို့သော် စကားပြောရမည့်အချိန်ရှိသကဲ့သို့ တိတ်ဆိတ်စွာနေရသည့်အချိန်လည်းရှိ၏။ ပညာရှိတစ်ဦးက ဤသို့ဆိုသည်– “ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ . . . တိတ်ဆိတ်စွာနေရသောအချိန်နှင့်၊ စကားပြောရသောအချိန်လည်းရှိ၏။” အမှန်ဆိုလျှင်၊ ပြောဖို့သင့်လျော်သောစကားလည်းရှိသည်။ “အချိန်တန်၍ပြောသောစကားသည်လည်း အလွန်လျောက်ပတ်ပေ၏” ဟုနယပုံပြင်ကျမ်းမှကျမ်းတစ်ချက်ကဖော်ပြသည်။ (ဒေ. ၃:၁၊ ၇; သု. ၁၅:၂၃) ထို့ကြောင့် မည်သည့်အချိန်၌ သင်၏လိုရင်းအချက်ကိုပြောဆိုရန် သို့မဟုတ် သင့်စိုးရိမ်ပူပန်မှုကိုဖော်ပြရန် အကောင်းဆုံးဖြစ်မည်ကို သတ်မှတ်ပါ။ သင့်ကိုယ်ကိုဤသို့မေးပါ– ‘ကျွန်ုပ်၏အိမ်ထောင်ဖက် ပင်ပန်းနေသလော သို့မဟုတ် စိတ်လက်ပေါ့ပါးလန်းဆန်းနေသလော။ ကျွန်ုပ်ဖွင့်ဟဆွေးနွေးလိုသောအကြောင်းသည် ပေါက်ကွဲစရာဖြစ်မည်လော။ ဤကိစ္စကိုနောက်ဆုံးအကြိမ်ပြောဆိုစဉ်က ကျွန်ုပ်ပြောဆိုခဲ့သည့် အဘယ်စကားကို ကျွန်ုပ်ခင်ပွန်းကန့်ကွက်ခဲ့သနည်း။’
တောင်းဆိုချက်တစ်ခုကို မည်သို့ပူးပေါင်းဆောင်ရွက်ခြင်း သို့မဟုတ် လိုက်လျောခြင်းက သူတို့ကိုအကျိုးပြုနိုင်ကြောင်း သိမြင်သည့်အခါ လူတို့သည်အကောင်းဆုံးတုံ့ပြန်တတ်ကြကြောင်း သတိရလျှင်ကောင်းသည်။ အိမ်ထောင်ဖက်များကြား တင်းမာမှုတစ်မျိုးမျိုးရှိနေလျှင် တစ်ဦးမဟုတ်တစ်ဦးက “ကိုယ့်ကိုအနှောင့်အယှက်ဖြစ်နေတာရှိလို့ အခုချက်ချင်းရှင်းရအောင်!” ဟုဆိုနိုင်သည်။ အခြေအနေပေါ်မူတည်၍ စကားပြောဆိုမည်ဖြစ်သော်လည်း ဤသို့ပြောလျှင်ပိုကောင်းပေမည်။ “ချစ်ရေ၊ စောစောကကိုယ်တို့ဆွေးနွေးခဲ့တဲ့အကြောင်း ပြေလည်အောင် ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ ကိုယ်စဉ်းစားနေတာ။” မည်သည့်ချဉ်းကပ်မှုကို သင့်အိမ်ထောင်ဖက်ပိုနှစ်သက်မည်နည်း။
မှန်ပါသည်၊ စကားတစ်ခွန်းကိုမည်သို့ပြောဆိုခြင်းသည် အလွန်အရေးကြီးသည်။ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့၏– “သင်တို့စကားသည် ဆားအားဖြင့်ငန်သောအရသာနှင့်ပြည့်စုံလျက်၊ အစဉ်မပြတ်တင့်တယ်လျောက်ပတ်ပါစေ။” (ကောလောသဲ ၄:၆) သင်၏အသံနေအသံထားနှင့် ရွေးချယ်သည့်စကားများ သင့်တင့်လျောက်ပတ်ဖို့ကြိုးစားပါ။ “သာယာသောစကားတို့သည် ပျားလပို့ကဲ့သို့ဖြစ်၍၊ စိတ်ဝိညာဉ်ကိုချိုမြိန်လျက်၊ ကိုယ်အရိုးကိုကျန်းမာစေ” ကြောင်းစိတ်တွင်စွဲမှတ်ထားပါ။—သု. ၁၆:၂၄။
မောင်နှံစုံအချို့မူ အိမ်တွင်အတူတကွလုပ်ဆောင်ခြင်းက ဆက်သွယ်မှုပြုရန် ကောင်းသောအခြေအနေကိုဖြစ်ပေါ်စေနိုင်သည်။ ယင်းသို့ပူးပေါင်းလုပ်ဆောင်ခြင်းက ဝေမျှတတ်သည့်သဘောထားကို ဖြစ်ပေါ်စေနိုင်ပြီး အကျိုးပြုသည့်စကားလက်ဆုံပြောဆိုရန် အချိန်ရှိစေသည်။ အခြားအိမ်ထောင်ဖက်များအတွက်မူ အဘယ်အရာကိုမျှမပြုလုပ်ဘဲ အတူတကွငြိမ်ဆိမ်စွာနေခြင်းသည် ပိုကောင်းပြီး ကျန်းခံ့သောဆက်သွယ်မှုရှိစေသည်။
လိုက်ဖက်သောအိမ်ထောင်ဖက်များ တစ်ဦးကိုတစ်ဦး မည်သို့ဆက်သွယ်ကြကြောင်း သတိထားခြင်းမှ များစွာသင်ယူနိုင်သည်။ အဘယ်အရာက သူတို့ကိုထိုသို့ဖြစ်စေခဲ့သနည်း။ အများအားဖြင့် သူတို့၏ကြိုးပမ်းမှု၊ စိတ်ရှည်မှုနှင့် မေတ္တာပါသည့်ထောက်ထားစာနာမှုတို့ကြောင့် အဆင်ပြေကြပြီး လွယ်ကူစွာ ဆက်သွယ်နိုင်ကြခြင်းဖြစ်မည်။ သာယာသောအိမ်ထောင်များသည် အလိုအလျောက်ဖြစ်ပေါ်လာသည်မဟုတ်သောကြောင့် သူတို့ကိုယ်တိုင်လည်း များစွာသင်ယူခဲ့ကြရမည်ဖြစ်ကြောင်း ထင်ရှားသည်။ သို့ဖြစ်လျှင် သင့်ခင်ပွန်း၏ရှုမြင်ပုံကို ထည့်သွင်းစဉ်းစားရန်၊ သူ့လိုအပ်ရာများကိုနားလည်ရန်နှင့် အပြောအဆိုလိမ္မာခြင်းဖြင့် တင်းမာလာနိုင်သည့်အခြေအနေများကို ထိန်းသိမ်းရန် အရေးကြီးလှသည်။ (သု. ၁၆:၂၃) အသင်သည် အိမ်ထောင်ပြုပြီးဖြစ်လျှင် အတူနေပျော်စရာဖြစ်၍ တောင်းပန်ရလွယ်ကူသူဖြစ်ရန် ကြိုးစားပါ။ ဤသို့ပြုခြင်းက သာယာသောအိမ်ထောင်ရေးဖြစ်စေရန် သင့်အတွက်အမှန်ထောက်ကူပေးပါလိမ့်မည်။
ယေဟောဝါဘုရားသခင်သည် ပျော်ရွှင်တည်တံ့သောအိမ်ထောင်ရေးကို လူတို့အားရရှိစေလိုတော်မူ၏။ (ကမ္ဘာဦး ၂:၁၈၊ ၂၁) သို့သော် သော့ချက်မှာ အိမ်ထောင်ပြုထားသူများလက်၌သာရှိသည်။ ကျန်းခံ့သောဆက်သွယ်မှု အတတ်ပညာကို ပိုင်ပိုင်နိုင်နိုင်တတ်ထားခြင်းအားဖြင့် အောင်မြင်သောအိမ်ထောင်ရေးတံခါးကိုဖွင့်ရန် အမှန်တကယ်အတူတကွ ကြိုးစားလုပ်ဆောင်သော မေတ္တာရှိသူနှစ်ဦးလိုပါသည်။
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
တီဗွီကိုပိတ်လိုက်ခြင်းက ဆက်သွယ်မှုပြုရန်အချိန်ပိုရစေ
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ကျန်းခံ့သောဆက်သွယ်မှုကတည်မြဲသောမေတ္တာနှောင်ကြိုးကိုခိုင်မြဲစေ