ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၈/၁၅ စာ. ၁၄-၁၉
  • ဘုရားသခင့်ကတိတော်များ၌ယုံကြည်ခြင်းဖြင့် အသက်ရှင်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်ကတိတော်များ၌ယုံကြည်ခြင်းဖြင့် အသက်ရှင်ခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါသည်လူသားများနှင့်ကိုယ်တော့်ဆက်ဆံမှုကို ကန့်သတ်ထား
  • အလိုတော်ကိုဖြစ်မြောက်စေရန် ဘုရားသခင်စီရင်
  • ဘုရားသခင်သည် အနာဂတ်ကိုကြိုသိ
  • အလွန်ကြီးမားသော ဆောက်လုပ်မှုစီမံချက်တစ်ခု
  • ယေဟောဝါသည် လုပ်ငန်းကို ကျောထောက်နောက်ခံပြု
  • ဘယ်တော့မျှလက်မလျှော့နှင့်!
  • “ဘုရားသခင့်လမ်းစဉ်အတိုင်း လျှောက်လှမ်းသူ”
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • ‘စစ်မှန်သောဘုရားသခင်နှင့်အတူ သွားလာသူ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • “နောဧနှင့် လူခုနစ်ဦးတို့ကို ကယ်တင်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • နောဧ၏ယုံကြည်ခြင်းသည် လောကကို ပြစ်တင်ရှုတ်ချ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၈/၁၅ စာ. ၁၄-၁၉

ဘုရားသခင့်ကတိတော်များ၌ယုံကြည်ခြင်းဖြင့် အသက်ရှင်ခြင်း

“ငါသည်ဘုရားသခင်ဖြစ်၏။ ငါမှတစ်ပါး အခြားသောဘုရားမရှိ။ အဦးမှစ၍အဆုံးတိုင်အောင်လည်းကောင်း၊ ရှေးကာလမှစ၍ မဖြစ်သေးသောအမှုအရာတို့ကိုလည်းကောင်းဖော်ပြလျက် ငါ့အကြံတည်လိမ့်မည်။”—ဟေရှာယ ၄၆:၉၊ ၁၀။

၁၊ ၂။ ကမ္ဘာ့ရေးရာများ၌ ဘုရားသခင်၏ပါဝင်ပတ်သက်မှုအကြောင်း ကွဲပြားသောသဘောထားများကားအဘယ်နည်း။

ဘုရားသခင်သည် ကမ္ဘာ့ရေးရာများ၌ အဘယ်အထိပါဝင်ပတ်သက်သနည်း။ သဘောထားအမျိုးမျိုးရှိ၏။ ယူဆချက်တစ်ခုမှာ ကိုယ်တော်သည် လုံးဝမပတ်သက်ဟူ၍ဖြစ်သည်။ ဖန်ဆင်းခြင်းအားဖြင့် အရာခပ်သိမ်းကို သက်ဝင်လှုပ်ရှားစေပြီးနောက် ကိုယ်တော်သည် ကျွန်ုပ်တို့၏အကျိုးကိုဆောင်ရွက်ပေးလိုစိတ်မရှိချေ သို့မဟုတ် မတတ်နိုင်ဟူ၏။ ဤသဘောထားအရ ဘုရားသခင်သည် သားဖြစ်သူကိုစက်ဘီးအသစ်တစ်စီးပေါ်တင်ပေးပြီး ထိန်းပေးကာ လမ်းပေါ်တွန်းလွှတ်ပေးလိုက်သည့် ဖခင်တစ်ဦးနှင့်တူနေသည်။ ထို့နောက် ၎င်းဖခင်သည် ထွက်သွားလေ၏။ ကလေးမူ မိမိဘာသာရှိနေ၏; သူသည် လဲကောင်းလဲသွားနိုင်ပေသည်၊ မလဲဘဲလည်းနေပေမည်။ မည်သို့ဆိုစေ ဖခင်ဖြစ်သူနှင့်မဆိုင်တော့ပေ။

၂ အခြားသဘောထားတစ်ခုမှာ ဘုရားသခင်သည် ကျွန်ုပ်တို့၏အသက်တာကဏ္ဍတိုင်းကို တက်ကြွလှုပ်ရှားစွာညွှန်ကြားပေးနေ၍ ဖန်ဆင်းစဉ်တစ်လျှောက် ဖြစ်ပျက်သမျှ၌ တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့သည် ဟူ၍ဖြစ်၏။ သို့သော် ဤသို့ဖြစ်မည်ဆိုလျှင် ကောင်းမွန်ရာများသာမက လူသားများကိုထိခိုက်သည့် ရာဇဝတ်မှုနှင့် ဆင်းရဲခြင်းဘေးတို့သည်လည်း ဘုရားသခင်ကြောင့်ဖြစ်သည်ဟု တချို့ကကောက်ချက်ချကြပေမည်။ ဘုရားသခင်၏စီရင်မှုများနှင့်ပတ်သက်၍ အမှန်တရားကိုသိထားခြင်းသည် ကိုယ်တော်အားမည်သို့ရှုမြင်ရမည်ကို သိစေပါလိမ့်မည်။ သို့ဖြင့် ကျိန်းသေပြည့်စုံမည့် ကိုယ်တော့်ကတိတော်များကို ယုံကြည်ခြင်းပိုမိုခိုင်ခံ့လာပါလိမ့်မည်။—ဟေဗြဲ ၁၁:၁။

၃။ (က) ယေဟောဝါသည် ရည်ရွယ်ချက်ရှိသောဘုရားသခင်ဖြစ်ကြောင်း ကျွန်ုပ်တို့မည်သို့သိသနည်း။ (ခ) ယေဟောဝါသည် မိမိ၏ရည်ရွယ်ချက်ကို ‘စီမံပြဋ္ဌာန်း’ ပြီး ‘ပုံပေါ်စေ’ သည်ဟု အဘယ်ကြောင့်ဆိုရသနည်း။

၃ လူ့ရေးရာများ၌ ဘုရားသခင်ပါဝင်ပတ်သက်မှုကိစ္စတွင် အဓိကကျသည့်အချက်မှာ ယေဟောဝါသည် ရည်ရွယ်ချက်ရှိသောဘုရားသခင်ဖြစ်ခြင်းတည်း။ ၎င်းသည် ကိုယ်တော့်နာမတော်၌ပေါ်လွင်ထင်ရှား၏။ “ယေဟောဝါ” ၏အဓိပ္ပာယ်မှာ “ကိုယ်တော်ဖြစ်စေတော်မူသည်” ဟူ၍ဖြစ်၏။ ယေဟောဝါသည် မိမိ၏ကတိတော်အားလုံးကိုပြည့်စုံစေသူဖြစ်ကြောင်း တဖြည်းဖြည်းတိုး၍တိုး၍ ထင်ရှားစေသည်။ ယင်းကြောင့် ယေဟောဝါသည် အနာဂတ်ဖြစ်ရပ်များ သို့မဟုတ် လုပ်ရပ်များနှင့်ပတ်သက်သော မိမိ၏ရည်ရွယ်ချက်ကို “စီမံပြဋ္ဌာန်း” ပြီး ပုံပေါ်စေခြင်းဟုဆိုခြင်းဖြစ်သည်။ (၄ ဓမ္မရာဇဝင် ၁၉:၂၅၊ သမ္မာ; ဟေရှာယ ၄၆:၁၁၊ သမ္မာ) ဤဝေါဟာရများသည် “အိုးထိန်းသမား” ဟုအဓိပ္ပာယ်ရသည့် ဟေဗြဲစကားလုံးယတ်ဆားမှဆင်းသက်၍ ၎င်းနှင့်ဆက်နွှယ်သည်။ (ယေရမိ ၁၈:၄) ကျွမ်းကျင်သောအိုးထိန်းသမားတစ်ဦးသည် ရွှံ့မြေကို လှပသောအိုးအဖြစ်ပုံဖော်နိုင်သကဲ့သို့ပင် ယေဟောဝါသည် မိမိအလိုတော်ဖြစ်မြောက်စေရန် ပုံဖော် သို့မဟုတ် လမ်းကြောင်းပေးနိုင်သည်။—ဧဖက် ၁:၁၁။

၄။ ဘုရားသခင်သည် လူသားများနေထိုင်ဖို့အတွက် မြေကြီးကိုမည်သို့ပြင်ဆင်ခဲ့သနည်း။

၄ ဥပမာ၊ မြေကြီးကို စုံလင်ပြီးနာခံမှုရှိသည့်လူသားများနေထိုင်ရာ အလွန်လှပသည့်နေရာတစ်ခုဖြစ်စေရန် ဘုရားသခင်ရည်ရွယ်ထား၏။ (ဟေရှာယ ၄၅:၁၈) ပထမယောက်ျားနှင့် မိန်းမတို့ကို မဖန်ဆင်းမီ ကြာမြင့်စွာသောအချိန်ကတည်းက ယေဟောဝါသည် သူတို့အတွက် မေတ္တာပါသောပြင်ဆင်မှုပြုခဲ့သည်။ ကမ္ဘာဦးကျမ်းအဖွင့်အခန်းက ယေဟောဝါသည် နေ့နှင့်ည၊ ကုန်းမြေနှင့်ပင်လယ်ကို မည်သို့ဖြစ်စေကြောင်းဖော်ပြသည်။ ထို့နောက် ကိုယ်တော်သည် အပင်နှင့် တိရစ္ဆာန်တို့ကိုဖန်ဆင်းခဲ့သည်။ လူနေထိုင်ဖို့ ကမ္ဘာမြေကြီးကိုပြင်ဆင်ပေးခြင်းသည် နှစ်ထောင်ပေါင်းများစွာကြာခဲ့သည်။ ဤစီမံချက် ပြီးမြောက်အောင်မြင်ခဲ့သည်။ ပထမလူယောက်ျားနှင့် မိန်းမတို့သည် ဘဝကိုပျော်မွေ့နိုင်ကြဖို့ ပြည့်ပြည့်စုံစုံပြင်ဆင်ပေးထားသည့် နှစ်လိုဖွယ်သောပရဒိသု၊ ဧဒင်ဥယျာဉ်တွင် သူတို့၏ဘဝကိုအစပြုခဲ့ကြသည်။ (ကမ္ဘာဦး ၁:၃၁) ထို့ကြောင့် ယေဟောဝါသည် ကမ္ဘာ့ရေးရာများ၌တိုက်ရိုက်ပါဝင်ပတ်သက်၍ ကိုယ်တော်၏မြင့်မြတ်သည့်ရည်ရွယ်ချက်နှင့်အညီ အရာရာကို တိုး၍တိုး၍ပုံဖော်စေလျက်ရှိ၏။ လူ့မိသားစုကျယ်ပြန့်လာခြင်းသည် ကိုယ်တော်ပါဝင်ပတ်သက်မှုကို ပြောင်းလဲခဲ့သလော။

ယေဟောဝါသည်လူသားများနှင့်ကိုယ်တော့်ဆက်ဆံမှုကို ကန့်သတ်ထား

၅၊ ၆။ ဘုရားသခင်သည် လူသားများနှင့် မိမိ၏ဆက်ဆံမှုများကို အဘယ်ကြောင့်ကန့်သတ်ထားသနည်း။

၅ တတ်နိုင်သည့်တန်ခိုးရှိသော်လည်း ယေဟောဝါသည် လူသားတို့၏လုပ်ရပ်အသေးစိတ်မှန်သမျှကို မညွှန်ကြား၊ မထိန်းချုပ်ချေ။ ယင်းသို့ပြုရသည့် အကြောင်းများရှိသည်။ တစ်ခုမှာ လူသားများသည် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိပြီး ဘုရားသခင့်ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခံထားရ၍ဖြစ်သည်။ ယေဟောဝါသည် ကိုယ်တော့်မိန့်မှာချက်အတိုင်းပြုလုပ်ဖို့ ကျွန်ုပ်တို့ကိုအတင်းအကျပ်မပြုချေ; ကျွန်ုပ်တို့သည် ရုပ်သေးရုပ်များလည်း မဟုတ်ကြချေ။ (တရားဟောရာ ၃၀:၁၉၊ ၂၀; ယောရှု ၂၄:၁၅) ဘုရားသခင်သည် ကျွန်ုပ်တို့၏လုပ်ရပ်များအတွက် ကိုယ်တော့်ထံစာရင်းရှင်းရန်တောင်းဆိုသော်လည်း ကျွန်ုပ်တို့၏အသက်တာကို မည်သို့စီမံရကြောင်းဆုံးဖြတ်ဖို့ မေတ္တာပါစွာလွတ်လွတ်လပ်လပ်ရွေးချယ်ခွင့် အတော်အတန်ပေးထားသည်။—ရောမ ၁၄:၁၂; ဟေဗြဲ ၄:၁၃။

၆ အရာရာတိုင်းကို ဘုရားသခင်မညွှန်ကြားရသည့် အခြားအကြောင်းရင်းတစ်ခုမှာ ဧဒင်အရပ်၌ စာတန်ပေါ်ပေါက်စေခဲ့သော အရေးကိစ္စနှင့်ပတ်သက်သည်။ စာတန်သည် ဘုရားသခင့်ပိုင်သအုပ်စိုးမှုကိုစိန်ခေါ်ခဲ့သည်။ သူသည် လွတ်လပ်ရေးအတွက်အခွင့်အရေးတစ်ခုဖြစ်ဟန်ရှိသည့်အရာကို ဧဝအားကမ်းလှမ်းခဲ့သည်။ ယင်းကမ်းလှမ်းချက်ကို နောက်ပိုင်း၌ သူနှင့် သူ၏ခင်ပွန်းအာဒံတို့လက်ခံခဲ့ကြသည်။ (ကမ္ဘာဦး ၃:၁-၆) ယင်းကြောင့် ဘုရားသခင်သည် စာတန်၏စိန်ခေါ်ချက်မှန်မမှန်သက်သေထူစေဖို့ လူသားများကို မိမိတို့ဘာသာတစ်ခဏအုပ်စိုးခွင့်ပြုခဲ့သည်။ ဤအကြောင်းကြောင့် ယနေ့လူတို့ပြုလုပ်သော အမှားများသည် ဘုရားသခင်ကြောင့်ဟု အပြစ်မတင်နိုင်ချေ။ အာခံတတ်သည့်လူတို့နှင့်ပတ်သက်၍ မောရှေက ဤသို့ရေးသားခဲ့သည်– “သူတို့သည်ယိုယွင်းကြပြီ။ ဘုရားသခင်၏သားမဟုတ်။ အညစ်အကြေးကပ်ကြ၏။”—တရားဟောရာ ၃၂:၅။

၇။ ကမ္ဘာမြေကြီးနှင့် လူသားတို့အတွက် ယေဟောဝါ၏ရည်ရွယ်ချက်ကား အဘယ်နည်း။

၇ သို့ရာတွင် ယေဟောဝါသည် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိစေလျက် လွတ်လပ်စွာအုပ်ချုပ်နည်းများကို စမ်းသပ်ကြည့်ရန်ခွင့်ပြုသော်လည်း ကိုယ်တော့်ရည်ရွယ်ချက်များကို ပြည့်စုံစေမည်ဟူသည့် မျှော်လင့်ချက်လုံးဝမရှိစေသည့် ကမ္ဘာ့ရေးရာများနှင့်စပ်လျဉ်း၍ လုံးဝဝင်မစွက်သည့်ပေါ်လစီကို မကျင့်သုံးခဲ့ချေ။ အာဒံနှင့် ဧဝတို့သည် ဘုရားသခင့်ပိုင်သအုပ်စိုးမှုကို ဆန့်ကျင်ပုန်ကန်ခဲ့ကြသော်လည်း ယေဟောဝါသည် မြေကြီးနှင့် လူသားတို့အတွက် မိမိ၏မေတ္တာပါသောရည်ရွယ်ချက်ကို မပြောင်းလဲခဲ့ချေ။ ကိုယ်တော်သည် ကမ္ဘာမြေကြီးကို စုံလင်၍ နာခံမှုရှိပြီး ပျော်ရွှင်သည့်လူမျိုးတို့ နေထိုင်ရာပရဒိသုတစ်ခုအဖြစ်သို့ မပျက်မကွက်ပြောင်းလဲပေးပါလိမ့်မည်။ (လုကာ ၂၃:၄၂၊ ၄၃) ကမ္ဘာဦးကျမ်းမှ ဗျာဒိတ်ကျမ်းအထိ သမ္မာကျမ်းစာမှတ်တမ်းက ထိုရည်ရွယ်ချက်ကို ဖြစ်မြောက်စေရန် ယေဟောဝါသည် မည်သို့အဆင့်ဆင့်လုပ်ဆောင်ခဲ့ကြောင်းဖော်ပြသည်။

အလိုတော်ကိုဖြစ်မြောက်စေရန် ဘုရားသခင်စီရင်

၈။ ဣသရေလလူတို့ကို ကတိထားရာပြည်တော်သို့ ပို့ဆောင်ရာ၌ အဘယ်အရာ ပါဝင်ပတ်သက်သနည်း။

၈ ဣသရေလလူတို့နှင့် ဘုရားသခင်ဆက်ဆံပုံအရ ကိုယ်တော်သည် မိမိရည်ရွယ်ချက်ကိုဖြစ်မြောက်စေမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ဥပမာ၊ ယေဟောဝါသည် ဣသရေလလူတို့ကို အီဂျစ်ပြည်မှကယ်နုတ်ကာ နို့နှင့်ပျားရည်စီးသောကတိထားရာပြည်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း မောရှေအားစိတ်ချစေခဲ့သည်။ (ထွက်မြောက်ရာ ၃:၈) ယင်းသည် အလွန်အရေးကြီးပြီး စိတ်ချစေသည့်ကြွေးကြော်ချက်တစ်ခုဖြစ်၏။ ဤတွင် ထိုဣသရေလလူတို့—၎င်းတို့၏အပေါင်းပါများအပါအဝင် အရေအတွက်သုံးသန်းခန့်—ကိုမထွက်ခွာစေရန် အပြင်းအထန်ဆန့်ကျင်သည့် အင်အားကြီးမားသောနိုင်ငံမှ ထုတ်နုတ်ခေါ်ဆောင်ခြင်းပါဝင်သည်။ (ထွက်မြောက်ရာ ၃:၁၉) သူတို့ပို့ဆောင်ခံရမည့်ပြည်တော်သည် သူတို့ရောက်ရှိလာမှုကိုအပြင်းအထန်ခုခံမည့် အင်အားကြီးသောလူမျိုးတို့နေထိုင်ရာအရပ်ဖြစ်၏။ (တရားဟောရာ ၇:၁) ၎င်းစပ်ကြားတွင် ဣသရေလလူတို့ အစာရေစာလိုအပ်မည့် တောကန္တာရတစ်ခုရှိ၏။ ယင်းသည် ယေဟောဝါ၏ကြီးမြတ်လှသည့်တန်ခိုးတော်နှင့် ဘုရားသခင်ဖြစ်ကြောင်းကိုပြသခွင့်ရသည့် အခြေအနေတစ်ရပ်ဖြစ်ခဲ့သည်။—ဝတ်ပြုရာ ၂၅:၃၈။

၉၊ ၁၀။ (က) ဘုရားသခင့်ကတိတော်များကို ယုံကြည်စိတ်ချနိုင်ကြောင်း ယောရှုအဘယ်ကြောင့် သက်သေခံနိုင်ခဲ့သနည်း။ (ခ) ကိုယ်တော်၏သစ္စာရှိသူတို့အား အကျိုးပေးသည့် ဘုရားသခင့်အစွမ်းသတ္တိကို ယုံကြည်စိတ်ချခြင်းသည် မည်မျှအရေးကြီးသနည်း။

၉ ဘုရားသခင်သည် တန်ခိုးပါသောလုပ်ရပ်များဆက်တိုက်ပြုလုပ်ခဲ့ခြင်းအားဖြင့် ဣသရေလလူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သည်။ ဦးဆုံးအနေနှင့် ကိုယ်တော်သည် အီဂျစ်လူမျိုးအပေါ် ကပ်ဘေးဆယ်ခုကျရောက်စေခဲ့သည်။ တစ်ဖန် လိုက်လံဖမ်းဆီးသည့် အီဂျစ်တပ်၏ရန်မှ ဣသရေလလူတို့လွတ်မြောက်စေရန် ပင်လယ်နီကိုနှစ်ခြမ်းခွဲခဲ့၏။ (ဆာလံ ၇၈:၁၂၊ ၁၃၊ ၄၃-၅၁) ထို့နောက် တောကန္တာရတွင် အနှစ် ၄၀ အတွင်း ဣသရေလလူတို့ကို မန္နနှင့်ကျွေးမွေးကာ ရေပေးလျက် အဝတ်များမဟောင်းနွမ်း၊ ခြေထောက်များပင်မပွန်းမရောင်စေဘဲ စောင့်ရှောက်ခဲ့သည်။ (တရားဟောရာ ၈:၃၊ ၄) ကတိထားရာပြည်တော်သို့ ဣသရေလလူတို့ဝင်ရောက်ပြီးနောက် ယေဟောဝါသည် သူတို့၏ရန်သူများအပေါ် အောင်ပွဲခံစေခဲ့သည်။ ယေဟောဝါ၏ကတိတော်များကို စွဲစွဲမြဲမြဲယုံကြည်ကြောင်း တင်ပြခဲ့သူယောရှုသည် ဤအရာအားလုံး၏မျက်မြင်သက်သေတစ်ဦးဖြစ်ခဲ့သည်။ ထို့ကြောင့် သူ့ခေတ်ရှိအသက်ကြီးသူများကို ဤသို့ယုံကြည်စိတ်ချစွာပြောနိုင်ခဲ့သည်– “သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အဖို့မိန့်တော်မူသောကောင်းကျိုးတစ်စုံတစ်ပါးမျှ မယုတ်မလျော့၊ အကုန်အစင်ပြည့်စုံကြောင်းကို သင်တို့သည် စိတ်နှလုံးထဲမှာသိကြ၏။”—ယောရှု ၂၃:၁၄။

၁၀ ရှေးခေတ်ယောရှုကဲ့သို့ ယနေ့ခရစ်ယာန်များသည် ဘုရားသခင်အားဝတ်ပြုသူတို့၏အကျိုးကို ကိုယ်တော်ဆောင်ရွက်ပေးလိုပြီး တတ်နိုင်တော်မူကြောင်း အပြည့်အဝယုံကြည်စိတ်ချကြသည်။ ဤယုံကြည်စိတ်ချမှုသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်း၏အရေးပါသောကဏ္ဍတစ်ခုဖြစ်၏။ တမန်တော်ပေါလုက ဤသို့ရေးခဲ့သည်– “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား ဘုရားသခင့်အထံတော်သို့ချဉ်းကပ်သောသူသည် . . . ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူသည်ကိုလည်းကောင်း ယုံကြည်ရမည်။”—ဟေဗြဲ ၁၁:၆။

ဘုရားသခင်သည် အနာဂတ်ကိုကြိုသိ

၁၁။ ဘုရားသခင့်ကတိတော်များပြည့်စုံစေရန် အဘယ်အချက်များက အထောက်အကူပြုသနည်း။

၁၁ ဘုရားသခင်သည် စိတ်ကြိုက်လုပ်ဆောင်ခွင့်ပြုပြီး လွတ်လပ်စွာအုပ်ချုပ်ခွင့်ပေးစဉ် ကိုယ်တော်သည် မိမိ၏ရည်ရွယ်ချက်ကိုဖြစ်မြောက်စေနိုင်သည့် တန်ခိုးနှင့် အလိုတော်ရှိကြောင်း ကျွန်ုပ်တို့သိခဲ့ကြရပြီ။ သို့တိုင် ဘုရားသခင့်ကတိတော်ကျိန်းသေပြည့်စုံရန် အထောက်အကူပြုသည့် အခြားအချက်တစ်ခုရှိသည်။ ယေဟောဝါသည် အနာဂတ်ကိုကြိုသိမြင်နိုင်၏။ (ဟေရှာယ ၄၂:၉) မိမိ၏ပရောဖက်အားဖြင့် ဘုရားသခင်က ဤသို့မိန့်ဆိုခဲ့သည်– “ရှေးကာလ၌ဖြစ်ဖူးသောအမှုအရာတို့ကို အောက်မေ့ကြလော့။ ငါသည်ဘုရားသခင်ဖြစ်၏။ ငါမှတစ်ပါး အခြားသောဘုရားမရှိ။ အဦးမှစ၍အဆုံးတိုင်အောင်လည်းကောင်း၊ ရှေးကာလမှစ၍ မဖြစ်သေးသောအမှုအရာတို့ကိုလည်းကောင်း ဖော်ပြလျက် ‘ငါ့အကြံတည်လိမ့်မည်။ ငါ့အလိုရှိသမျှကို ငါပြည့်စုံစေမည်။’” (ဟေရှာယ ၄၆:၉၊ ၁၀) အတွေ့အကြုံရှိသောလယ်သမားတစ်ဦးသည် အဘယ်အချိန်နှင့် အဘယ်နေရာတွင် မျိုးစေ့ကြဲရမည်ကိုသိသော်လည်း မည်သို့ကြီးထွားလာမည်နှင့်ပတ်သက်၍ မသေမချာဖြစ်ဆဲပင်။ သို့ရာတွင် ‘ထာဝရဘုရင်’ မူကား အဘယ်အချိန်နှင့် အဘယ်နေရာတွင် မိမိရည်ရွယ်ချက်ကိုဆောင်ရွက်ရမည်ကို အတိအကျကြိုသိနိုင်ရန် တိကျမှန်ကန်သောအသိပညာရှိသည်။—၁ တိမောသေ ၁:၁၇။

၁၂။ ယေဟောဝါသည် နောဧလက်ထက်၌ ကြိုတင်သိမြင်မှုကို အဘယ်နည်းဖြင့် ကျင့်သုံးခဲ့သနည်း။

၁၂ ဘုရားသခင်သည် နောဧလက်ထက်၌ ကြိုတင်သိမြင်မှုကို မည်သို့တင်ပြခဲ့ကြောင်း သုံးသပ်ကြည့်ပါ။ မြေကြီးတွင် မကောင်းမှုနှံ့ပြားနေသောကြောင့် ဘုရားသခင်သည် မနာခံသောလူသားများကို အဆုံးတိုင်စေဖို့ဆုံးဖြတ်ခဲ့သည်။ ယင်းကို နောင်အနှစ် ၁၂၀ တွင်ပြုရန် ကိုယ်တော်အချိန်သတ်မှတ်ခဲ့သည်။ (ကမ္ဘာဦး ၆:၃) ထိုသတ်သတ်မှတ်မှတ်အချိန်ကို ချမှတ်ရာ၌ ယေဟောဝါသည် အဘယ်အချိန်၌မဆိုပြုလုပ်နိုင်သည့် လူဆိုးကိုဖျက်ဆီးခြင်းထက်မက စဉ်းစားခဲ့သည်။ ယေဟောဝါ၏အချိန်ဇယားတွင် ဖြောင့်မတ်သူများကိုထိန်းသိမ်းစောင့်ရှောက်ရန်အတွက်လည်း အစီအစဉ်ရှိ၏။ (ကမ္ဘာဦး ၅:၂၉ နှိုင်းယှဉ်။) ဘုရားသခင့်ဉာဏ်ပညာအရ ထိုသို့ဖြစ်စေမည့်လုပ်ငန်းကို လုပ်ဆောင်ရမည့်အချိန်ကို ကိုယ်တော်ကြိုသိသည်။ ကိုယ်တော်သည် နောဧကို အသေးစိတ်အချက်အလက်များ လုံလောက်စွာပေးခဲ့သည်။ နောဧသည် “မိမိအိမ်သူအိမ်သားတို့ကို ကယ်တင်ခြင်းငှာ” သင်္ဘောကိုဆောက်ဖို့ဖြစ်ခဲ့ပြီး ဆိုးသွမ်းသူများကို ကမ္ဘာချီရေလွှမ်းမိုးဘေးအားဖြင့် ဖျက်ဆီးဖို့ဖြစ်ခဲ့သည်။—ဟေဗြဲ ၁၁:၇; ကမ္ဘာဦး ၆:၁၃၊ ၁၄၊ ၁၈၊ ၁၉။

အလွန်ကြီးမားသော ဆောက်လုပ်မှုစီမံချက်တစ်ခု

၁၃၊ ၁၄။ သင်္ဘောဆောက်လုပ်ခြင်းသည် စိန်ခေါ်ချက်တာဝန်တစ်ခု အဘယ်ကြောင့်ဖြစ်ရသနည်း။

၁၃ နောဧဘက်မှ ဤတာဝန်ကိုသုံးသပ်ကြည့်ပါ။ နောဧသည် ဘုရားသခင်၏လူဖြစ်သောကြောင့် ဘုရားတရားမဲ့သူတို့ကို ယေဟောဝါဖျက်ဆီးနိုင်ကြောင်း သိရှိထားသည်။ သို့ရာတွင် ထိုသို့မဖြစ်ပျက်မီ လုပ်ဆောင်ရမည့်အလုပ်—ယုံကြည်ခြင်းလိုအပ်သောအလုပ်တစ်ခု—ရှိနေသည်။ သင်္ဘောဆောက်လုပ်ရေးသည် အလွန်ကြီးမားသောစီမံချက်တစ်ခုဖြစ်၏။ ဘုရားသခင်သည် ယင်း၏အတိုင်းအတာများကို သတ်မှတ်ထား၏။ ထိုသင်္ဘောသည် မျက်မှောက်ခေတ်အားကစားကွင်းအချို့ထက်ပိုရှည်လျားပြီး ငါးထပ်တိုက်အမြင့်ရှိ၏။ (ကမ္ဘာဦး ၆:၁၅) ဆောက်လုပ်သူများသည် အတွေ့အကြုံမရှိသည့် လူနည်းစုသာဖြစ်၏။ သူတို့၌ ယနေ့အသုံးပြုကြသည့် ဆန်းသစ်သောပစ္စည်းကိရိယာများ မရှိခဲ့ကြချေ။ ထို့အပြင် သူသည် အနာဂတ်ကိုကြိုသိနိုင်သည့် ယေဟောဝါ၏အစွမ်းမျိုးမရှိသောကြောင့် ဆောက်လုပ်ရေးအစီအစဉ်ကို ထောက်ကူမည့် သို့မဟုတ် တားဆီးမည့် အဘယ်အခြေအနေများ နှစ်များတစ်လျှောက်ဖြစ်ပေါ်လာမည်ကို သိနိုင်သည့်နည်းလမ်းမရှိခဲ့ချေ။ နောဧသည် မေးခွန်းများစွာကို အလေးအနက်စဉ်းစားနိုင်ခဲ့ဖွယ်ရှိသည်။ ဆောက်လုပ်ရေးပစ္စည်းပစ္စယများကို မည်သို့စုဆောင်းမည်နည်း။ တိရစ္ဆာန်များကို သူမည်သို့စုသိမ်းမည်နည်း။ အဘယ်အစားအစာများလိုအပ်ပြီး မည်မျှလိုသနည်း။ ကြိုတင်မိန့်ဆိုခဲ့သည့် ရေလွှမ်းမိုးဘေးသည် အဘယ်အချိန်တွင် အတိအကျဖြစ်ပျက်မည်နည်း။

၁၄ ထို့အပြင် လူမှုရေးအခြေအနေများရှိသေးသည်။ ဆိုးသွမ်းမှုပျံ့နှံ့လျက်ရှိ၏။ ခွန်အားကြီးမားသောနက်ဖလင်များ—ဆိုးသွမ်းသောကောင်းကင်တမန်များနှင့် အမျိုးသမီးများ၏ မျိုးစပ်ထားသောမျိုးဆက်—သည် အကြမ်းဖက်မှုဖြင့် မြေကြီးကိုပြည့်စေခဲ့ကြ၏။ (ကမ္ဘာဦး ၆:၁-၄၊ ၁၃) ထို့အပြင် သင်္ဘောဆောက်လုပ်ခြင်းသည် လျှို့ဝှက်လုပ်ဆောင်နိုင်သည့် စီမံချက်တစ်ခုမဟုတ်ပေ။ နောဧလုပ်ဆောင်နေသည့်အလုပ်ကို လူတို့သိလိုကြမည်ဖြစ်၍ သူတို့ကို ပြောပြရပေလိမ့်မည်။ (၂ ပေတရု ၂:၅) သဘောတူနှစ်သက်ကြပါမည်လော။ ဝေးလေစွ! အစောပိုင်းနှစ်များက သစ္စာရှိသောဧနောက်သည် ဆိုးသွမ်းမှုကိုဖျက်ဆီးလိမ့်မည်ဖြစ်ကြောင်း ကြွေးကြော်ခဲ့သည်။ သူ၏သတင်းကို လူတို့လက်မခံခဲ့ကြ၍ ဘုရားသခင်သည် ‘သူ့ကိုသိမ်းယူ’ သို့မဟုတ် သူ၏အသက်ကိုတိုစေခဲ့ရ၏။ ရန်သူများ၏သတ်ဖြတ်ခြင်းကို မခံရလေအောင် ကာကွယ်ပေးဖို့ဖြစ်ကြောင်း ထင်ရှားသည်။ (ကမ္ဘာဦး ၅:၂၄; ဟေဗြဲ ၁၁:၅; ယုဒ ၁၄၊ ၁၅) နောဧသည် အလားတူလူတို့မကြိုက်သည့်သတင်းကိုကြွေးကြော်ရသည်သာမက သင်္ဘောကိုလည်းတည်ဆောက်ခဲ့ရ၏။ ထိုသင်္ဘောကိုဆောက်လုပ်နေစဉ် ယင်းသည် ဆိုးသွမ်းသောတစ်ခေတ်တည်းသားများ၏ဆန့်ကျင်မှုကြားမှ နောဧ၏သစ္စာရှိမှုကို အကြီးအကျယ်သတိရစေမည်တကား!

၁၅။ နောဧသည် သူ၏တာဝန်ကိုထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း အဘယ်ကြောင့် ယုံကြည်စိတ်ချခဲ့သနည်း။

၁၅ ထိုစီမံချက်သည် အတိုင်းအဆမဲ့တန်ခိုးရှင်ဘုရားသခင်၏ ကျောထောက်နောက်ခံမှုနှင့် ကောင်းချီးရရှိမည်ဖြစ်ကြောင်း နောဧသိခဲ့သည်။ ထိုလုပ်ငန်းကို ယေဟောဝါကိုယ်တော်တိုင် တာဝန်ပေးအပ်ခဲ့သည်မဟုတ်လော။ နောဧနှင့် သူ၏မိသားစုသည် ပြီးပြည့်စုံသောသင်္ဘောထဲသို့ဝင်ပြီး ကမ္ဘာချီရေလွှမ်းမိုးဘေးကို ကပ်ကျော်ရလိမ့်မည်ဖြစ်ကြောင်း နောဧကို ယေဟောဝါစိတ်ချစေခဲ့သည်။ ထိုသို့အမှန်တကယ်ဖြစ်ပျက်မည့်အကြောင်းကို ကျိန်ဆို၍ပင် အလေးအနက်ဖော်ပြခဲ့သည်။ (ကမ္ဘာဦး ၆:၁၈၊ ၁၉) ဖြစ်နိုင်သည်မှာ ယေဟောဝါသည် ထိုတာဝန်ကိုမပေးမီ ပါဝင်ပတ်သက်မည့်အရာအားလုံးကို အမြော်အမြင်ရှိရှိနှင့် အကဲဖြတ်ခဲ့ပြီးကြောင်း နောဧအသိအမှတ်ပြုခဲ့ပေမည်။ ထို့အပြင် လိုအပ်သည့်အခါ ယေဟောဝါသည် သူ့ကိုဝင်စွက်ကူညီပေးနိုင်သည့်တန်ခိုးရှိကြောင်း နောဧသိခဲ့သည်။ ထို့ကြောင့် နောဧ၏ယုံကြည်ခြင်းက သူ့ကိုလုပ်ဆောင်ရန် လှုံ့ဆော်ပေးခဲ့သည်။ သူ၏မျိုးဆက်ဖြစ်သောအာဗြဟံကဲ့သို့ နောဧမှာ “ကတိထားတော်မူသောသူ [ဘုရားသခင်] သည် ကတိတော်အတိုင်း တတ်နိုင်တော်မူသည်ကို စိတ်စွဲလမ်းလေ၏။”—ရောမ ၄:၂၁။

၁၆။ သင်္ဘောဆောက်လုပ်ရေးတိုးတက်အောင်မြင်လာသည်နှင့်အမျှ နောဧ၏ယုံကြည်ခြင်း မည်သို့ခိုင်ခံ့လာခဲ့သနည်း။

၁၆ နှစ်များကုန်လွန်လာပြီး သင်္ဘောပုံပေါ်လာသည်နှင့်အမျှ နောဧ၏ယုံကြည်ခြင်းသည် ပို၍ခိုင်ခံ့လာသည်။ ဆောက်လုပ်ရေးနှင့် စီမံရေးနှင့်ဆိုင်သော ရှုပ်ထွေးသည့်ပြဿနာများကိုဖြေရှင်းခဲ့ရ၏။ စမ်းသပ်မှုများကို ကျော်လွှားခဲ့ရ၏။ ဆန့်ကျင်မှုက ထိုလုပ်ငန်းကိုမတားဆီးနိုင်ခဲ့ပါ။ နောဧ၏မိသားစုသည် ယေဟောဝါ၏ထောက်မမှုနှင့် ကာကွယ်မှုကိုခံခဲ့ရသည်။ အားကြိုးမာန်တက်ဆက်ဆောက်လုပ်စဉ် “နောဧ၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကိုပွား” စေခဲ့သည်။ (ယာကုပ် ၁:၂-၄၊ ကဘ) နောက်ဆုံးတွင် သင်္ဘောကိုဆောက်ပြီး၍ ရေလွှမ်းမိုးဘေးသင့်ခဲ့ရာ နောဧနှင့်သူ၏မိသားစု ကပ်ကျော်ခဲ့ကြသည်။ နောက်ပိုင်း၌ ယောရှုတွေ့ကြုံခဲ့ရသကဲ့သို့ နောဧသည် ယေဟောဝါ၏ကတိတော်များပြည့်စုံမှုကိုတွေ့ကြုံခံစားခဲ့ရသည်။ နောဧ၏ယုံကြည်ခြင်းဆုချခံခဲ့ရသည်။

ယေဟောဝါသည် လုပ်ငန်းကို ကျောထောက်နောက်ခံပြု

၁၇။ ကျွန်ုပ်တို့ခေတ်သည် နောဧခေတ်နှင့် အဘယ်နည်းများဖြင့်ဆင်တူသနည်း။

၁၇ ကျွန်ုပ်တို့ခေတ်သည် နောဧခေတ်နှင့်ဆင်တူမည်ဟု ယေရှုကြိုတင်မိန့်ဆိုခဲ့သည်။ ဘုရားသခင်သည် ဆိုးသွမ်းမှုကို နောက်တစ်ကြိမ်ဖျက်ဆီးရန်ဆုံးဖြတ်ခဲ့ပြီး ယင်းအတွက် အချိန်သတ်မှတ်ထားသည်။ (မဿဲ ၂၄:၃၆-၃၉) ကိုယ်တော်သည် ဖြောင့်မတ်သူတို့ကိုကာကွယ်စောင့်ရှောက်ရန်လည်း စီစဉ်ထားသည်။ နောဧသည် သင်္ဘောဆောက်ခဲ့ရသော်လည်း ယနေ့ ဘုရားသခင်၏ကျေးကျွန်များမှာမူ ယေဟောဝါ၏ရည်ရွယ်ချက်များကိုကြွေးကြော်ကာ ကိုယ်တော့်နှုတ်မြွက်စကားတော်ကိုသွန်သင်ပြီး တပည့်ဖြစ်စေကြရန်ဖြစ်သည်။—မဿဲ ၂၈:၁၉။

၁၈၊ ၁၉။ သတင်းကောင်းဟောပြောခြင်းကို ယေဟောဝါကျောထောက်နောက်ခံကြောင်း ကျွန်ုပ်တို့မည်သို့သိရသနည်း။

၁၈ ယေဟောဝါသည် နောဧကိုထောက်မကူညီပေးခြင်းမရှိခဲ့လျှင် သင်္ဘောဆောက်ပြီးခဲ့မည်မဟုတ်ချေ။ (ဆာလံ ၁၂၇:၁ နှိုင်းယှဉ်။) အလားတူစွာ ယေဟောဝါ၏ကျောထောက်နောက်ခံမှုမပါဘဲ စစ်မှန်သောခရစ်ယာန်ဘာသာသည် ဆက်တည်ရှိဖို့ဝေးလေစွ၊ တိုးတက်အောင်မြင်စရာအကြောင်းမရှိချေ။ ယင်းကို ပထမရာစုရှိ လေးစားခံခဲ့ရသောဖာရိရှဲနှင့် ပညတ်သွန်သင်သူတစ်ဦးဖြစ်သူ ဂါမလျေလက အသိအမှတ်ပြုခဲ့သည်။ ဂျူးဆဲန်ဟီဒရင်က တမန်တော်များကိုမောင်းထုတ်လိုခဲ့ကြသောအခါ ထိုတရားရုံးကို သူကဤသို့သတိပေးခဲ့သည်– “ဤသူတို့ကိုအမှုမထားဘဲ အလိုအလျောက်ရှိကြပါစေ။ . . . ဤအကြံဤအမှုသည် လူ၏အကြံ၊ လူ၏အမှုဖြစ်လျှင် ပျက်စီးခြင်းသို့ရောက်လိမ့်မည်။ ဘုရားသခင်၏အကြံအမှုဖြစ်လျှင်မူကား သင်တို့သည် သူတို့ကိုဖျက်ဆီးနိုင်ကြမည်မဟုတ်။”—တမန်တော် ၅:၃၈၊ ၃၉၊ သမ္မာ။

၁၉ ပထမရာစုနှင့် ယနေ့တွင်ပါ ဟောပြောခြင်းလုပ်ငန်း၏အောင်မြင်မှုက ဤလုပ်ငန်းသည် လူတို့ထံမှမဟုတ်ဘဲ ဘုရားသခင်ထံမှဖြစ်ကြောင်း သက်သေထူခဲ့ပြီ။ နောက်ဆောင်းပါးတွင် ဧရာမအတိုင်းအတာဖြင့် ဤလုပ်ငန်းကိုအောင်မြင်စေသည့် စိတ်လှုပ်ရှားဖွယ်အခြေအနေနှင့် ဖြစ်ရပ်တချို့ကို ဆွေးနွေးပါလိမ့်မည်။

ဘယ်တော့မျှလက်မလျှော့နှင့်!

၂၀။ ကျွန်ုပ်တို့သတင်းကောင်းဟောပြောနေစဉ် မည်သူထောက်မသနည်း။

၂၀ “ခဲယဉ်းသောကာလ” တွင်ကျွန်ုပ်တို့အသက်ရှင်နေထိုင်ကြသော်လည်း ယေဟောဝါသည် အပြည့်အဝချုပ်ကိုင်ထားကြောင်း စိတ်ချနိုင်သည်။ ဤအစီအစဉ်စနစ် အဆုံးတိုင်စေရန် ဘုရားသခင်သတ်မှတ်ထားသည့်အချိန်ရောက်မလာမီ သတင်းကောင်းဟောပြောခြင်းလုပ်ငန်းကို ပြီးစီးဖို့လုပ်ဆောင်နေကြသည့် ကိုယ်တော်သည် မိမိ၏လူတို့ကို ထောက်မကူညီပေးနေပါသည်။ (၂ တိမောသေ ၃:၁; မဿဲ ၂၄:၁၄) ယေဟောဝါသည် ကိုယ်တော်နှင့်အတူ ‘လုပ်ဖော်ဆောင်ဖက်ချင်း’ ဖြစ်ဖို့ ကျွန်ုပ်တို့ကိုဖိတ်ခေါ်လျက်ရှိ၏။ (၁ ကောရိန္သု ၃:၉) ခရစ်တော်ယေရှုသည် ဤလုပ်ငန်းတွင် ကျွန်ုပ်တို့နှင့်အတူရှိကြောင်းနှင့် ကောင်းကင်တမန်များ၏ကျောထောက်နောက်ခံမှုနှင့် ညွှန်ကြားမှုကိုအားထားနိုင်ကြောင်း အာမခံချက်ရရှိထားကြသည်။—မဿဲ ၂၈:၂၀; ဗျာဒိတ် ၁၄:၆။

၂၁။ အဘယ်ယုံကြည်စိတ်ချမှုကို ကျွန်ုပ်တို့ဘယ်တော့မျှမစွန့်လွှတ်သင့်သနည်း။

၂၁ နောဧနှင့် သူ၏မိသားစုသည် ယေဟောဝါ၏ကတိတော်များကို ယုံကြည်ကြောင်းတင်ပြခဲ့ကြသောကြောင့် သူတို့သည် ရေလွှမ်းမိုးဘေးမှကယ်တင်ခံခဲ့ကြရသည်။ အလားတူ ယနေ့ယုံကြည်ခြင်းတင်ပြသူတို့သည် လာမည့် ‘ကြီးစွာသောဆင်းရဲခြင်း’ တွင်ကယ်တင်ခံရကြပါလိမ့်မည်။ (ဗျာဒိတ် ၇:၁၄) ကျွန်ုပ်တို့သည် အမှန်တကယ် စိတ်လှုပ်ရှားဖွယ်ကောင်းသည့်အချိန်၌ အသက်ရှင်နေထိုင်ကြ၏။ ဘုရားသခင်အရေးယူဆောင်ရွက်မည့်နေ့ရက်များမလွန်သေးချေ! များမကြာမီ ဘုရားသခင်သည် ဖြောင့်မတ်ခြင်းတရားတည်နေရာ ဘုန်းရှိသောကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုဆောင်ကြဉ်းပေးရန် လုပ်ဆောင်ပါလိမ့်မည်။ (၂ ပေတရု ၃:၁၃) ဘုရားသခင်မိန့်ဆိုရာမှန်သမျှကို ကိုယ်တော်ဖြစ်စေရန် တတ်လည်းတတ်နိုင်တော်မူကြောင်း သင့်ယုံကြည်စိတ်ချမှုကို ဘယ်သောအခါမှ မစွန့်လွှတ်လိုက်လေနှင့်။—ရောမ ၄:၂၁။

သတိရရန်အချက်များ

◻ ယေဟောဝါသည် လူသားတို့၏လုပ်ဆောင်မှုအသေးစိတ်မှန်သမျှကို အဘယ်ကြောင့်မချုပ်ကိုင်သနည်း။

◻ ယေဟောဝါ၏ရည်ရွယ်ချက်ကိုဆောင်ရွက်ဖို့ ကိုယ်တော်၏အစွမ်းသည် ဣသရေလလူတို့နှင့်ဆက်ဆံရေး၌ မည်သို့သက်သေထင်ရှားခဲ့သနည်း။

◻ အနာဂတ်ကိုသိမြင်နိုင်သည့် ယေဟောဝါ၏အစွမ်းသည် နောဧလက်ထက်၌ မည်သို့ပြသခဲ့သနည်း။

◻ ဘုရားသခင့်ကတိတော်များတွင် ကျွန်ုပ်တို့သည် အဘယ်ယုံကြည်စိတ်ချမှု ရှိနိုင်သနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ