အသက်ပိုရှည်ဖို့ရှာပုံတော်—မည်သို့အောင်မြင်နိုင်သနည်း
အချို့သူတို့က ထောင်စုနှစ်သစ်တွင် အသက်ပိုရှည်ဖို့လူ့ကြိုးပမ်းမှုများ အောင်မြင်လိမ့်မည်ဟူသောမျှော်လင့်ချက်ကို ရင်ဝယ်ပိုက်ထားကြသည်။ သူတို့အထဲမှတစ်ဦးမှာ ဒေါက်တာ ရော်နယ် ကလက်ဇ်ဖြစ်သည်။ သူသည် လူ့သက်တမ်းပိုရှည်စေရေးအတွက် ကြိုးစားနေကြသော သမားတော်ကြီးများနှင့် သိပ္ပံပညာရှင်များဖြင့်ဖွဲ့စည်းထားသည့် အိုမင်းခြင်းတိုက်ဖျက်ရေး အမေရိကန်ဆေးအဖွဲ့၏ဥက္ကဋ္ဌဖြစ်သည်။ သူနှင့်သူ၏လုပ်ဖော်ကိုင်ဖက်များသည် အသက်ရှည်ရှည်နေဖို့မျှော်မှန်းကြသည်။ ဒေါက်တာ ကလက်ဇ်ကဤသို့ဆိုသည်– “အနည်းဆုံး လူ့သက်တမ်း ၁၃၀ ဖြစ်ဖို့ ကျွန်တော်မျှော်မှန်းတယ်။ အိုမင်းခြင်းကို ရှောင်လွှဲနိုင်တယ်လို့ ကျွန်တော်တို့ယုံကြည်တယ်။ အလိုအလျောက်အိုမင်းခြင်းလို့ အခုခေါ်ကြတဲ့ရောဂါကို အရှိန်လျှော့စေ၊ ရပ်စေနိုင်ရုံမက သိသိသာသာကိုပြောင်းလဲပေးနိုင်တဲ့နည်းပညာ အခုရှိပြီ။” အသက်တိုးရှည်ရန် သူ၏ရှာပုံတော်တွင် ဒေါက်တာကလက်ဇ်ကိုယ်တိုင် တစ်နေ့လျှင်ဆေးအလုံး ၆၀ ခန့်သောက်သုံးပါသည်။
ဟော်မုန်းကုထုံးနှင့် မျိုးရိုးပညာ—မျှော်လင့်စရာအကြောင်းရင်းများ
ဟော်မုန်းကုထုံးသည် မျှော်လင့်ချက်လှုံ့ဆော်ပေးသည့် နယ်ပယ်တစ်ခုဖြစ်သည်။ DHEA အဖြစ်သိထားကြသော ဟော်မုန်းနှင့် စမ်းသပ်လေ့လာခဲ့ကြရာ စမ်းသပ်ခန်းရှိတိရစ္ဆာန်များ၏ အိုမင်းခြင်းဖြစ်စဉ်ကို နှေးသွားစေပုံပေါ်သည်။
အပင်ဟော်မုန်း ကိုင်နီတင်နှင့်ပတ်သက်၍ ဆွီဒင်နေ့စဉ်သတင်းစာ အက်ဖ်တန်ဘလက်ဒက် က ဒိန်းမတ်နိုင်ငံ၊ အဲဟတ်စ်တက္ကသိုလ်မှ ပါမောက္ခ ဆူရက်ရှ် ရတ်တန်၏ ဤအဆိုကို ကိုးကားဖော်ပြထားသည်– “ကျွန်ုပ်တို့၏စမ်းသပ်ခန်းမှ စစ်ဆေးချက်များက ကိုင်နီတင်ထဲ မွေးမြူပြုစုသော လူ့အရေပြားဆဲလ်များသည် အိုမင်းခြင်းဆိုင်ရာ နည်းလမ်းအတိုင်း ပြောင်းလဲသွားခြင်းမရှိကြောင်း ဖော်ပြသည်။ ၎င်းတို့ရှင်သန်နေသရွေ့ နုပျိုနေကြသည်။” ဟော်မုန်းကျွေးထားသည့်ပိုးမွှားများသည် သာမန်ထက် ၃၀ မှ ၄၅ ရာခိုင်နှုန်းအထိ အသက်ပိုရှည်သည်ဟုဆိုကြသည်။
မီလာတိုနင်ကုထုံးများသည် ကြွက်၏သက်တမ်းကို ၂၅ ရာခိုင်နှုန်းမျှ တိုးရှည်စေသည်ဟုဆိုကြသည်။ ထို့ပြင် ထိုကြွက်တို့သည် နုပျို၊ ကျန်းမာပြီး ပို၍သန်စွမ်းဟန်ရှိကြသည်။
လူကိုကြီးထွားစေသောဟော်မုန်း (hGH) ကို ထောက်ခံပြောဆိုသူများက ၎င်းသည် အသားအရေကိုဝင်းပစိုပြေစေသည်၊ ကြွက်သားများကိုမာကျစ်စေသည်၊ ကာမဆန္ဒကိုတိုးပွားစေသည်၊ စိတ်ကြည်လင်ရွှင်လန်းစေသည်၊ ဉာဏ်ရည်ပိုထက်မြက်စေ၍ ဆယ်ကျော်သက်တစ်ဦး၏ အစာချေဖျက်နိုင်သောဖြစ်စဉ်ရှိစေသည်ဟုဆိုကြ၏။
မျိုးရိုးပညာကိုလည်း လူအများမျှော်ကိုးကြသည်။ သိပ္ပံပညာရှင်များက မျိုးရိုးဗီဇကို လိုသလိုပြုပြင်ခြင်းဖြင့် မိမိတို့သည် နီမာတိုဒါ သို့မဟုတ် သန်ကောင်လုံး၏သက်တမ်းကို ထိန်းချုပ်နိုင်သည်ဟု ထင်မှတ်ခဲ့ကြသည်။ အမှန်ဆိုလျှင် သူတို့သည် ၎င်းတို့၏သက်တမ်းကို သာမန်ထက် ခြောက်ဆပိုရှည်စေနိုင်ခဲ့ကြသည်။ ယင်းက လူသားတို့၌လည်း အလားတူမျိုးရိုးဗီဇကို ရှာဖွေတွေ့ရှိ၍ လိုသလိုပြုပြင်နိုင်မည်ဟု မျှော်လင့်စေသည်။ တိုင်းမ်မဂ္ဂဇင်းက မွန်ထရီရောလ်မြို့၊ မက်ဂျေးလ်တက္ကသိုလ်မှ ဒေါက်တာ စစ်ဂ်ဖရက်ဒ် ဟစ်ကီမီ၏ ဤအဆိုကို ကိုးကားခဲ့သည်– “လူ့သက်တမ်းကိုသတ်မှတ်သော လူ့မျိုးရိုးဗီဇအားလုံးကို ကျွန်ုပ်တို့တွေ့ရှိကြမည်ဆိုလျှင် ၎င်းတို့ကိုအနည်းငယ်နှေးသွားအောင်ပြုနိုင်ပေမည်၊ အသက်ပိုရှည်စေနိုင်ရန်ဖြစ်သည်။”
ဆဲလ်ထပ်ပွားတိုင်း တယ်လိုမယ်ရီဟုခေါ်ကြသော ခရိုမိုဆုမ်း၏အဆုံးပိုင်း တိုသွားကြောင်းကို ဇီဝဗေဒပညာရှင်များ ကြာမြင့်စွာကပင် သိထားကြသည်။ တယ်လိုမယ်ရီသည် ယင်းအရှည်၏ ၂၀ ရာခိုင်နှုန်းခန့်တိုသွားသောအခါ ဆဲလ်သည် ဆက်မပွားတော့ဘဲ သေသွား၏။ တယ်လိုမီရေ့စ်ဟုခေါ်သော အင်ဇိုင်းတစ်မျိုးသည် တယ်လိုမယ်ရီကို အပြည့်အဝပြန်ရှည်စေနိုင်သဖြင့် ဆဲလ်ကိုဆက်၍ကွဲပွားစေသည်။ ၎င်းအင်ဇိုင်းသည် ဆဲလ်အများစုတွင် ငုပ်နေလျက် လှုပ်ရှားမှုမရှိသော်လည်း လှုပ်ရှားမှုရှိသောတယ်လိုမီရေ့စ်ကို တစ်စုံတစ်ရာသောဆဲလ်များထဲ အောင်မြင်စွာထည့်သွင်းနိုင်ခဲ့ရာ ၎င်းတို့ကိုရှင်သန်စေကာ သာမန်ထက်အကြိမ်ပေါင်းများစွာ ကွဲပွားစေခဲ့ပြီ။
သုတေသီများ၏အဆိုအရ ယင်းသည် အိုမင်းခြင်းနှင့်ဆိုင်သောရောဂါများကို တိုက်လှန်ရာ၌ စိတ်လှုပ်ရှားဖွယ်အလားအလာကို လမ်းဖွင့်ပေးသည်။ ကိုယ်ခန္ဓာ၏ပင်မဆဲလ် (ခန္ဓာကိုယ်တစ်ရှူး ပြန်လည်ရှင်သန်ရန်အတွက် ထောက်မသည့်ဆဲလ်များ) ကိုလှုပ်ရှားသော တယ်လိုမီရေ့စ်နှင့် “အစဉ်ရှင်သန်အောင်ပြုထား” သည့်ပင်မဆဲလ်များဖြင့် အစားထိုးခြင်းကော အသို့နည်း။ ဒေါက်တာ ဝီလျံ အေ. ဟယ်စယ်လ်တင်းက ဤသို့ဆိုသည်– “၎င်းသည် တဖြည်းဖြည်းနှင့် နောင်လာမည့်အနှစ် ၅၀ ကျော်တွင်တွေ့ရှိကြရမည့် လူမသေနိုင်သည့်အဖြစ်၏ ပီပြင်သည့်အကြိုမြင်ကွင်းတစ်ခုဖြစ်သည်။”—နယူးယောက်တိုင်းမ်။
နာနိုစက်မှုပညာနှင့် ခရိုင်ယိုနစ်တို့မှအဖြေရနိုင်သလော
နာနိုမီတာ (တစ်မီတာ၏သန်းတစ်ထောင်ပုံတစ်ပုံ) အဆင့်တွင်ဖြစ်သော အင်ဂျင်နီယာသိပ္ပံဖြစ်သည့် နာနိုနည်းပညာသည်လည်း လှုံ့ဆော်ပေးသောမျှော်လင့်ချက်ဖြစ်သည်။ ထိုနယ်ပယ်မှ အတွေးသမားများက အိုမင်းလာသည့်ဆဲလ်များ၊ တစ်ရှူးများနှင့် အင်္ဂါများကို မော်လီကျူးအဆင့်တွင်ပြုပြင်၍ ပြန်လည်နုပျိုလာစေရန် အနာဂတ်တွင် ဆဲလ်များထက် အလွန့်အလွန်သေးငယ်သော၊ ကွန်ပျူတာဖြင့်ထိန်းချုပ်ထားသည့်စက်များက လုပ်ဆောင်ပေးနိုင်လိမ့်မည်ဟုဆိုကြသည်။ အိုမင်းခြင်းတိုက်ဖျက်ရေး ညီလာခံတစ်ခုတွင် သုတေသီတစ်ဦးက ၂၁ ရာစုသမားတော်ကြီးများသည် လူကို မသေသည့်အဖြစ်ရောက်စေရန် နာနိုနည်းပညာကို အသုံးပြုပေမည်ဟု အကြံပြုခဲ့၏။
ခရိုင်ယိုနစ်ဆိုသည်မှာ သိပ္ပံပညာသည် ဆဲလ်အသေများကို ပြန်လည်ရှင်သန်စေကာ အသက်ပြန်ရှင်စေမည့်မျှော်လင့်ချက်ဖြင့် လူ့ရုပ်ကလာပ်များကို အေးခဲစေခြင်းလုပ်ထုံးဖြစ်သည်။ တစ်ကိုယ်လုံး သို့မဟုတ် ဦးနှောက်လောက်ကိုသာ အေးခဲစေနိုင်သည်။ လူတစ်ဦးဆိုလျှင် အိပ်ရာခင်းကိုပင် အေးခဲစေခဲ့၏။ အဘယ်ကြောင့်အိပ်ရာခင်းကိုမှ အေးခဲစေရသနည်း။ ၎င်းမှာ ပျောက်ဆုံးနေသောမိတ်ဆွေတစ်ဦး၏အခင်းဖြစ်ပြီး ထိုတွင် အရေပြားဆဲလ်အချို့နှင့် အမွေးအမှင်အနည်းငယ်ရှိသည်။ ၎င်းကိုသူအေးခဲစေလိုရခြင်းမှာ သိပ္ပံပညာသည် လူ၏ဆဲလ်အနည်းငယ်မျှ သို့မဟုတ် တစ်ခုတည်းမှပင် လူကိုပြန်လည်တည်ဆောက်နိုင်မည့် အချိန်ရောက်သည့်အခါ သူ၏မိတ်ဆွေအား အသက်ပြန်ရှင်ရန် အခွင့်အလမ်းရရှိစေဖို့ဖြစ်သည်။
အဘယ်တွင် ယုံကြည်ကိုးစားသင့်သနည်း
လူတွင် သေဖို့မဟုတ်ဘဲ အသက်ရှင်ဖို့ ပင်ကိုဆန္ဒရှိသည်။ ထို့ကြောင့် ဤနယ်ပယ်တွင် သိပ္ပံပညာတိုးတက်မှုကို လိုလိုလားလားကြိုဆိုကြပြီး အကြီးအကျယ်မျှော်လင့်ကြသည်။ သို့ရာတွင် DHEA၊ ကိုင်နီတင်၊ မီလာတိုနင်၊ hGH၊ သို့မဟုတ် အခြားအရာတစ်မျိုးမျိုးက အိုမင်းခြင်းကို အမှန်တကယ်ပင်နှေးကွေးစေနိုင်သည်ဟူသော ခိုင်လုံသည့်အထောက်အထား ယခုအချိန်အထိမရှိသေးပါ။ သံသယဖြစ်သူများက ဆဲလ်များတွင်ရှိသော တယ်လိုမီရေ့စ်ကိုပြုပြင်ခြင်းသည် ကင်ဆာဖြစ်ဖို့အလားအလာရှိသောဆဲလ်များကို ဖြစ်ပေါ်စေရုံကလွဲ၍ အချည်းနှီးဖြစ်မည်ကို စိုးရိမ်ကြသည်။ နာနိုနည်းပညာနှင့် ခရိုင်ယိုနစ်နည်းတို့ကို အသုံးပြုခြင်းသည်လည်း တကယ့်ဖြစ်ရပ်ထက် သိပ္ပံယုံတမ်းစကားသာဖြစ်ဆဲရှိသည်။
သိပ္ပံပညာသည် အချို့သူတို့ကို အသက်ပိုရှည်စေခဲ့ပြီး ကျန်းမာရေးပိုကောင်းစေခဲ့၍ ထောက်ကူပေးဆဲဖြစ်နိုင်သော်လည်း မည်သူ့ကိုမျှ ထာဝရအသက်ပေးနိုင်မည်မဟုတ်ချေ။ အဘယ်ကြောင့်မပေးနိုင်သနည်း။ ရိုးရိုးပြောရလျှင်၊ အိုမင်းခြင်းနှင့်သေခြင်းရှိရသည့် အရင်းခံအကြောင်းသည် လူ့သိပ္ပံလက်လှမ်းမမီနိုင်ရာတွင် တည်ရှိသောကြောင့်ပင်။
အိုခြင်းနှင့်သေခြင်းတို့၏အရင်းခံအကြောင်း
ကျွန်ုပ်တို့၏မျိုးရိုးဗီဇတွင် အိုခြင်းနှင့်သေခြင်းကို တစ်နည်းနည်းဖြင့် စီစဉ်ပြုထားဟန်ရှိကြောင်း သိပ္ပံပညာရှင်အများစုက သဘောတူကြသည်။ မေးခွန်းမှာဤသို့– ၎င်းတို့သည် ကျွန်ုပ်တို့၏ဗီဇနိယာမအတွင်းသို့ အဘယ်အချိန်တွင် အဘယ်နည်းဖြင့် အဘယ်ကြောင့်ဝင်ရောက်လာဘိသကဲ့သို့ဖြစ်သနည်း။
သမ္မာကျမ်းစာက မျိုးရိုးဗီဇ သို့မဟုတ် DNA ဟူသည့် ဝေါဟာရများဖြင့် ဖော်ပြမထားသော်လည်း ရိုးရှင်းသည့်အဖြေကိုပေးသည်။ ရောမ ၅:၁၂ တွင်ဤသို့ဖတ်ရသည်– “ဤအကြောင်းအရာဟူမူကား၊ အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။”
ပထမလူသားအာဒံသည် ထာဝစဉ်အသက်ရှင်ဖို့အလားအလာရှိခဲ့၏။ သူ့ကိုယ်ခန္ဓာသည် ထာဝစဉ်အသက်ရှင်၍ ပျော်မွေ့နိုင်သော လိုအပ်သည့်စွမ်းရည်များဖြင့် ပုံစံပြုခံထားရသည်။ သို့သော် ထာဝရအသက်သည် အခြေအနေအရဖြစ်သည်။ အာဒံသည် ထာဝစဉ်သက်ရှင်နိုင်ရန် အသက်၏ရင်းမြစ်ဖြစ်သော သူ၏ဖန်ဆင်းရှင်နှင့် ပူးပေါင်းလုပ်ဆောင်၍ ကိုယ်တော်အား နာခံမှုရှိရမည်ဖြစ်သည်။—ကမ္ဘာဦး ၁:၃၁; ၂:၁၅-၁၇။
အာဒံသည် ဖန်ဆင်းရှင်အား မနာခံဖို့ရွေးချယ်ခဲ့သည်။ ဤနည်းဖြင့် အာဒံက ဘုရားသခင်မပါဘဲ မိမိကိုယ်ကို သာ၍ကောင်းစွာအုပ်ချုပ်နိုင်သည်ဟု ဆိုရာရောက်သည်။ သို့ဖြင့်သူအပြစ်ပြုခဲ့သည်။ ထိုအချိန်မှစ၍ သူ၏ဗီဇနိယာမ ပြောင်းလဲခံခဲ့ရသည့်အလားဖြစ်သည်။ ထိုအခါ အာဒံသည် ထာဝရအသက်ကိုအမွေအဖြစ် မိမိ၏သားစဉ်မြေးဆက်များအားပေးမည့်အစား အပြစ်နှင့်သေခြင်းကို လက်ဆင့်ကမ်းခဲ့သည်။—ကမ္ဘာဦး ၃:၆၊ ၁၉; ရောမ ၆:၂၃။
စစ်မှန်သောမျှော်လင့်ချက်
သို့သော် ထိုသို့ထာဝစဉ်ဖြစ်ဖို့မဟုတ်ပါ။ “ဖန်ဆင်းတော်မူရာများသည် [အချည်းနှီး] အောက်တွင် အလျောက်ဘာသာကြောင့်မဟုတ်၊ ထားခဲ့တော်မူသောအရှင်ကြောင့် နေရလျက်ပင် . . . မျှော်လင့်ခြင်းရှိကြသတည်း” ဟုရောမ ၈:၂၀၊ ၂၁ (သမ) ကဆိုသည်။ လူ့ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်သည် မိမိအား လူတို့ပြစ်မှားကြသောကြောင့် လူကိုသေခြင်းသို့ရောက်စေသော်လည်း တစ်ကြိမ်တည်းတွင် မျှော်လင့်ခြင်းရှိနိုင်ဖို့အကြောင်းကိုလည်း စီစဉ်ပေးခဲ့သည်။
ဤအကြောင်းကို ယေရှုမြေကြီးပေါ်ကြွလာစဉ်က ရှင်းလင်းစွာဖော်ပြခဲ့သည်။ ယောဟန် ၃:၁၆ ကဤသို့ဆိုသည်– “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။” သို့သော် ယေရှုခရစ်တော်၌ယုံကြည်ခြင်းက ကျွန်ုပ်တို့ကိုသေခြင်းမှ မည်သို့ကယ်လွှတ်နိုင်မည်နည်း။
အပြစ်တရားသည် သေခြင်း၏အကြောင်းရင်းဖြစ်မည်ဆိုလျှင် သေခြင်းကိုအဆုံးတိုင်စေနိုင်ဖို့ အပြစ်ကိုအရင်ဖယ်ရှားပစ်ရမည်။ ခရစ်တော်အဖြစ် ယေရှု၏အစောပိုင်းအမှုဆောင်ချိန်တွင် နှစ်ခြင်းဆရာယောဟန်က “ဤလောက၏အပြစ်ကိုဆောင်သွားသော ဘုရားသခင်၏သိုးသငယ်ကိုကြည့်လော့” ဟုဆိုခဲ့သည်။ (ယောဟန် ၁:၂၉) ယေရှုခရစ်၌ အပြစ်လုံးဝမရှိပါ။ ထို့ကြောင့် အပြစ်တရား၏စီရင်ချက်ဖြစ်သော သေခြင်းကို ကိုယ်တော်ခံရဖို့မလိုပါ။ သို့ရာတွင် ကိုယ်တော်အသေခံခဲ့သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ထိုသို့ပြုခြင်းဖြင့် ကျွန်ုပ်တို့အတွက် အပြစ်၏အခကို ကိုယ်တော်ပေးဆပ်ခဲ့သည်။—မဿဲ ၂၀:၂၈; ၁ ပေတရု ၃:၁၈။
ထိုအခကိုပေးခြင်းဖြင့် ယေရှုအားယုံကြည်သူအပေါင်းသည် မသေတော့ဘဲအသက်ရှင်ဖို့ အလားအလာရှိလာလေသည်။ သိပ္ပံပညာသည် ကျွန်ုပ်တို့ကို အသက်အနည်းငယ်တိုးရှည်စေနိုင်မည်ဖြစ်သော်လည်း ယေရှုအားယုံကြည်ခြင်းကသာ ထာဝရအသက်ရစေသည့်လမ်းမှန်ဖြစ်သည်။ ယေရှုသည် ထိုသို့သောအသက်တာကို ကောင်းကင်၌ရရှိခဲ့ပြီး ကိုယ်တော်၏သစ္စာရှိတမန်တော်များနှင့် အချို့သောအခြားသူများလည်း ရရှိကြပါလိမ့်မည်။ သို့တိုင် ယေရှုအားယုံကြည်ကြသူ ကျွန်ုပ်တို့အများစုသည် မြေကြီးပရဒိသုကို ယေဟောဝါဘုရားသခင် ပြန်လည်တည်ထောင်သောအခါ မြေကြီးပေါ်တွင် ထာဝရအသက်ရကြလိမ့်မည်။—ဟေရှာယ ၂၅:၈; ၁ ကောရိန္သု ၁၅:၄၈၊ ၄၉; ၂ ကောရိန္သု ၅:၁။
မြေကြီးပရဒိသုတွင် ထာဝရအသက်
“မသေရတော့ဘဲအသက်ရှင်ရကျိုးနပ်မည့်သူ မည်မျှရှိမည်နည်း” ဟုလူတစ်ဦးမေးခဲ့သည်။ မသေတော့သည့်အသက်တာသည် ငြီးငွေ့ဖွယ်ကောင်းမည်လော။ ထိုသို့ဖြစ်မည်မဟုတ်ဟု သမ္မာကျမ်းစာက ကျွန်ုပ်တို့ကိုစိတ်ချစေသည်။ “ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ လျောက်ပတ်စွာဖန်ဆင်းတော်မူပြီ။ လူစိတ်နှလုံးကိုလည်း [အဆုံးမရှိသော] ကာလ၌စွဲလမ်းစေတော်မူပြီ။ သို့ရာတွင် ဘုရားသခင်စီရင်တော်မူသောအမှုကို အစမှအဆုံးတိုင်အောင် လူသည်စစ်၍မကုန်နိုင်။” (ဒေ. ၃:၁၁) ယေဟောဝါဘုရားသခင်၏ ဖန်ဆင်းရာများသည် အလွန်များပြား၍ ရှုပ်ထွေးနက်နဲသည်ဖြစ်ရာ ကျွန်ုပ်တို့စိတ်ဝင်စားစရာ အမြဲဖြစ်ပြီး စိတ်နှိုးဆွလှုပ်ရှားစေ၍ အသက်ရှင်သမျှကာလပတ်လုံး—ထာဝစဉ်အထိပင်—ပျော်ရွှင်စေပါလိမ့်မည်။
ဆိုင်ဘီးရီးယန်းဂျေးဟု သိထားကြသောငှက်ကို လေ့လာသူတစ်ဦးက ၎င်းကို “ထူးဆန်းသည့် စွဲမက်စရာအဆွေ” ဟူ၍ခေါ်ဆိုခဲ့ပြီး ထိုငှက်ကလေးကိုရှုစားနေရခြင်းသည် သူ့အတွက် ပျော်ရွှင်စရာအကောင်းဆုံးအတွေ့အကြုံတစ်ခုဖြစ်သည်ဟုဆိုသည်။ ထိုငှက်ကိုလေ့လာလေလေ စိတ်ဝင်စားလေလေဖြစ်သည်ဟုသူပြောပြသည်။ ယင်းကိုလေ့လာခဲ့သည်မှာ ၁၈ နှစ်ကြာပြီဖြစ်သော်လည်း မကုန်မခန်းနိုင်သေးဟုဆိုသည်။ ငှက်မျိုးစိတ်တစ်မျိုးတည်းကို ၁၈ နှစ်ကြာ အာရုံစူးစိုက်လေ့လာခြင်းသည် ပညာတတ်တစ်ဦးကို ဤမျှစိတ်ဝင်စားစရာ၊ စိတ်နှိုးဆွ၍ ပျော်ရွှင်မှုပေးနိုင်သည်ဆိုလျှင် မြေကြီးဖန်ဆင်းရာအားလုံးကို လေ့လာရာတွင် မည်မျှပျော်ရွှင်ကျေနပ်ဖွယ်ဖြစ်နိုင်လိမ့်မည်ကို မြင်ယောင်ကြည့်လိုက်ပါ။
အချိန်၏ကန့်သတ်မှုမခံရသူတစ်ဦးလေ့လာစရာ စိတ်ဝင်စားဖွယ်သိပ္ပံနယ်ပယ်ရှိသမျှတို့ကို ပုံဖော်ကြည့်လိုက်ပါ။ စူးစမ်းလေ့လာရမည့် သာယာကြည်နူးဖွယ်နေရာများနှင့် တွေ့ဆုံရမည့်စိတ်ဝင်စားဖွယ်လူများကို စိတ်ကူးကြည့်ပါလေ။ စိတ်ကူးရန်၊ ဖန်တီးရန်၊ တည်ဆောက်ရန် မကုန်မခန်းနိုင်သည့် ဖြစ်နိုင်ရာများကို သဘောပေါက်ဖို့ကြိုးစားကြည့်ပါ။ ကျွန်ုပ်တို့၏ဖန်တီးနိုင်စွမ်းကို အကောင်အထည်ဖော်အသုံးပြုဖို့ အခွင့်အရေးများ အကန့်အသတ်လုံးဝရှိမည်မဟုတ်။ များပြားလှသည့်ဖန်ဆင်းရာများကို ကျွန်ုပ်တို့သုံးသပ်ကြည့်သောအခါ အသက်တာ၏ဖြစ်နိုင်ခြေများကို ဖြည့်ဆည်းဖို့ ထာဝရရှင်မှသာ အချိန်လုံလောက်မည်ဖြစ်ကြောင်း ထင်ရှားသည်။
ရှင်ပြန်ထမြောက်စေခြင်းဖြင့် သေလွန်ခဲ့သူများသည်လည်း ထာဝစဉ်အသက်ရှင်ခွင့်ရမည်အကြောင်း သမ္မာကျမ်းစာကဖော်ပြသည်။ (ယောဟန် ၅:၂၈၊ ၂၉) မသိရသေးသည့် သမိုင်းဖြစ်ရပ်များစွာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက အသေးစိတ်ပြောပြနိုင်လိမ့်မည်ဖြစ်ပြီး ကျွန်ုပ်တို့၏မေးခွန်းများစွာကိုဖြေဆိုပေးသည့်အခါ ရှင်းလင်းသွားပေလိမ့်မည်။ ရှင်ပြန်ထမြောက်လာသူများသိရှိစေမည့် သမိုင်းအဆက်ဆက်နှင့်ပတ်သက်သော ထိုးထွင်းသိမြင်စရာမှန်သမျှတို့ကို စဉ်းစားကြည့်ပါ။—တမန်တော် ၂၄:၁၅။
ထိုအချိန်ကိုစဉ်းစားဆင်ခြင်ကြည့်သောအခါ ရှင်ပြန်ထမြောက်လာမည့် ယောဘသည် ယောဘ ၁၄:၁ ပါဖော်ပြချက်ကို ပြန်လည်ပြုပြင်လိုပေလိမ့်မည်ဟု သင်ခံယူနိုင်သည်။ ထိုသို့ဆိုမည့်အစားသူက ‘မိန်းမဖွားသောသူ၊ လူသည် ယခုထာဝစဉ်အသက်ရှင်၍ ကျေနပ်ရောင့်ရဲလျက်ရှိ၏’ ဟုဆိုကောင်းဆိုပေလိမ့်မည်။
ယေဟောဝါအားယုံကြည်စိတ်ချ၍ ယေရှုအားယုံကြည်ကြောင်းတင်ပြသူတို့အတွက် အချိန်အကန့်အသတ်မရှိ အသက်ရှည်ရှည်နေခြင်းသည် စိတ်ကူးယဉ်အိပ်မက်မျှသာမဟုတ်ပါ။ မကြာမီ အမှန်တကယ်ဖြစ်လာတော့မည်။ အိုခြင်းနှင့်သေခြင်းတို့ အဆုံးတိုင်ရလိမ့်မည်။ ယင်းကား “ဘုရားရှင် ထာဝရဘုရားသည် သေခြင်းသို့ရောက်သောလမ်းကိုလည်း အစိုးပိုင်တော်မူ၏” ဟုဆိုသော ဆာလံ ၆၈:၂၀ နှင့်ကိုက်ညီပါသည်။—ဗျာဒိတ် ၂၁:၃၊ ၄။
[စာမျက်နှာ ၅ ပါ ပုံစာ]
သိပ္ပံပညာတိုးတက်မှုကအသက်ပို၍ရှည်စွာနေရဖို့ မျှော်လင့်ချက်ကိုဖြစ်စေခဲ့
[စာမျက်နှာ ၇ ပါ ပုံစာ]
အသက်တာ၏ဖြစ်နိုင်ခြေများကိုဖြည့်ဆည်းဖို့ထာဝစဉ်ရှင်မှသာ အချိန်လုံလောက်မည်