“ယုံကြည်ခြင်းကလှုံ့ဆော်သောစရိုက်အားမာန်”
၁၉၉၈ ခုနှစ်တွင် ဂေး ကနော်နချီရေးသားသည့် ပြင်သစ်ဘာသာစကားဖြင့် လေ တဲမ်မွိုင် ဒါ ဇေဟိုဗာ ဖာ့စ် အာ ဟိတလာ (ဟစ်တလာကိုရင်ဆိုင်ခဲ့ကြသည့် ယေဟောဝါသက်သေများ) အမည်ရှိ အလွန်ချီးမွမ်းဝေဖန်ခံရသော စာအုပ်သစ်တစ်အုပ် ထွက်ခဲ့သည်။ ဤစာအုပ်၏နိဒါန်းပိုင်းတွင် အလွန်တရာလေးစားခံရသော ပြင်သစ်သမိုင်းဆရာ ရဲန်စွာ ဗေဒါရီဒါကဤသို့ရေးသားခဲ့၏– “ဤစာအုပ်သည် လက်အခံဆုံးစာအုပ်တစ်အုပ်ဖြစ်သည်။ လိုအပ်ချက်ကိုဖြည့်စွက်ပေးခြင်းကြောင့်သာမဟုတ်ဘဲ အချိန်တန်သောကြောင့်ဖြစ်သည်။ . . . နာဇီခေတ်ရှိ ယေဟောဝါသက်သေများ၏ကြမ္မာဆိုးကို အထူးလေ့လာခဲ့သူများမှအပ မည်သူသိသနည်း။ ထို ၁၂ နှစ်တာ အုပ်စိုးချိန်ကာလတစ်လျှောက် သူတို့ကို ကြမ်းကြုတ်ခက်ထန်စွာ ညှဉ်းပန်းခဲ့ကြသည်။ ချွေးတပ်စခန်းများ၏ ထိတ်လန့်ဖွယ်ရာကို သူတို့လည်းခံခဲ့ကြရသည်။ သူတို့လည်း မိမိတို့၏ယုံကြည်ခြင်းနှင့် ခံယူချက်များအတွက် များစွာအရှုံးခံခဲ့ကြ၏။ ဤခရစ်ယာန်များကို သမိုင်းက အဘယ်ကြောင့်မေ့လျော့ထားသနည်း။ . . .
“လူနည်းစုသာဖြစ်သည့် ပြန့်ကျဲ၍ အန္တရာယ်မပြုသော ဤဂိုဏ်းသည် အဘယ်ကြောင့် ဤမျှရက်ရက်စက်စက်နှင့် စနစ်တကျနှိပ်စက်ညှဉ်းပန်းခံခဲ့ရသနည်း။ ယင်းသည် ခြေမြစ်သော်လည်း ယုတ္တိမရှိခြင်း၏သော့ချက်ဖြစ်သည်။ ဂျာမနီရှိသက်သေခံများသည် လူဦးရေ၏ လူနည်းစုမျှ—စာရင်းအင်းများအရ လူဦးရေ သန်း ၆၀ ကျော်တွင် လူပေါင်း ၂၀,၀၀၀ ခန့်မျှ—ဖြစ်သည့်အပြင် ဥပဒေကိုလေးစား၍ မည်သူ့ကိုမျှအန္တရာယ်မပြုသော၊ အလုပ်လုပ်ကိုင်လို၍ မိမိတို့သားသမီးများကို ကောင်းစွာပြုစုပျိုးထောင်လိုသော အေးဆေးငြိမ်သက်သည့်နိုင်ငံသားများဖြစ်ကြသည်။ . . .
“အာဇာနည်သူရဲကောင်းဖြစ်ရသည်အထိ အာဏာရှင်နိုင်ငံ၏ ကိုယ်ထိလက်ရောက်အဓမ္မပြုမှုကို စတင်ခံခဲ့ရပြီးနောက် ပြင်ပမှလာသော ဖိစီးမှုအဟုန်နှင့်ယှဉ်ဖက်နိုင်သည့် ယေရှုခရစ်အားယုံကြည်ခြင်း အတွင်းခွန်အားဖြင့် ဇွဲနှင့်အောင်ပွဲခံခဲ့ကြသော ဝိညာဉ်ရေးအရတိုက်လှန်သူ ဤယုံကြည်သူများအပေါ် ၎င်းညှဉ်းပန်းနှိပ်စက်မှု ကျရောက်လာခဲ့သည်။”
မိမိတို့၏ခရစ်ယာန်ယုံကြည်ချက်အတွက် ဘာသာရေးသည်းမခံမှုကို အာဇာနည်များအဖြစ် ရင်ဆိုင်တိုက်လှန်ခံရပ်ခဲ့ကြသော ယေဟောဝါသက်သေများအကြောင်းသည် တကယ်တန်ခိုးပါလှသည်။ အဆိုပါစာအုပ်ကို ဝေဖန်သုံးသပ်ရာတွင် ပြင်သစ်ကက်သလစ်သတင်းစာလာခရွိုင်၏ခေါင်းစီးက စိတ်ထိခိုက်လှုပ်ရှားစွာ ဤသို့ထပ်လောင်းပြောဆိုခဲ့သည်– “သူတို့၏လူသိနည်းသောသမိုင်းနှင့်ပတ်သက်၍ အရိုးရှင်းဆုံးဖော်ပြထားသည့် ယုံကြည်ခြင်း၊ ကလေးငယ်များတွင်ပင် မချိုးမဖျက်နိုင်သည့်တိုင်အောင် ယုံကြည်ခြင်းက လှုံ့ဆော်သော စရိုက်အားမာန်ကို တွေ့လိုက်ရသူတစ်ဦးအား မှင်တက်မိစေသည့် သက်သေအထောက်အထားအစုအပုံကို ဂေးဂနော်နချီက ပေါင်းစုတင်ပြခဲ့သည်။ ဤအမှတ်ရစရာအကြောင်းသည် ယေဟောဝါသက်သေများ၏ ခရစ်ယာန်အနေအထားနှင့်ပတ်သက်၍ လတ်တလောအငြင်းပွားဆွေးနွေးမှုတွင် နောက်ခံသမိုင်းတစ်ခုဖြစ်စေသင့်သည်။”