ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၃/၁၅ စာ. ၁၀-၁၄
  • ကျွန်ုပ်၏ကလေး ကျောင်းနေသင့်သလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်၏ကလေး ကျောင်းနေသင့်သလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာတတ်မြောက်ခြင်းဆိုင်ရာ ကျမ်းစာပုံနမူနာများ
  • ပညာရေးသည် ခရစ်ယာန်များအတွက် အရေးပါ
  • အသင်းတော်အခွင့်အရေးများ
  • ဆင်းရဲနွမ်းပါးမှုနှင့် အယူသီးမှု
  • ပညာရေးသည် အလုပ်အကိုင်ရဖို့အတွက်သာမဟုတ်
  • သမီးများကော ပညာတတ်ထားသင့်သလော
  • အရေးအဖတ်သင်တန်းများနှင့် လုံလောက်ပြီလော
  • မိဘဝတ္တရား
  • ရည်ရွယ်ချက်တစ်ခုရှိသောပညာရေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ပညာရေးကို ယေဟောဝါသက်သေတွေ ဘယ်လို ရှုမြင်ကြသလဲ
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ပညာရေး—ယင်းကို ယေဟောဝါရှင်အားချီးမွမ်းရန် အသုံးပြုပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • သမ္မာကျမ်းစာခေတ်ပညာရေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၃/၁၅ စာ. ၁၀-၁၄

ကျွန်ုပ်၏ကလေး ကျောင်းနေသင့်သလော

ဤစာမျက်နှာပေါ်ရှိ စကားလုံးများကို မဖတ်နိုင်သည့်အဖြစ်မျိုး သင်မှန်းဆကြည့်နိုင်သလော။ သင့်နိုင်ငံ၏ ရုံးသုံးဘာသာစကားကို သင်မပြောနိုင်လျှင်ကော။ ကမ္ဘာ့မြေပုံပေါ်တွင် သင်၏မွေးရပ်မြေကို မထောက်ပြနိုင်လျှင်ကော။ အဆိုပါအခြေအနေမျိုးတွင် ကလေးမြောက်မြားစွာ ကြီးပြင်းလာကြလိမ့်မည်။ သင့်ကလေးကော။

သင်၏ကလေး ကျောင်းနေသင့်သလော။ နိုင်ငံများစွာတွင် မူလတန်းနှင့် အလယ်တန်းအဆင့်ပညာရေးသည် မသင်မနေရဖြစ်ပြီး အခမဲ့ဖြစ်လေ့ရှိသည်။ ကျောင်းပညာရေးကို အခြေခံ ရပိုင်ခွင့်အဖြစ် ကလေးသူငယ်အခွင့်အရေးညီလာခံက ယူဆသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကလည်း အလားတူ ခံယူထားသည်။ သို့သော် နိုင်ငံအချို့တွင် ကျောင်းပညာသင်ကြားမှုသည် အခမဲ့မဟုတ်သဖြင့် မိဘများအတွက် ငွေကြေးဝန်ထုပ်ဝန်ပိုးဖြစ်နိုင်သည်။ ကျောင်းတက်ခြင်းဖြင့်ဖြစ်စေ၊ အခြားနည်းများဖြင့်ဖြစ်စေ မိမိတို့သားသမီးများကို စာတတ်မြောက်စေလိုသော ခရစ်ယာန်မိဘများရှုထောင့်မှ ဤကိစ္စကိုသုံးသပ်ကြည့်ကြစို့။

စာတတ်မြောက်ခြင်းဆိုင်ရာ ကျမ်းစာပုံနမူနာများ

သမ္မာကျမ်းစာတွင်ဖော်ပြထားသော ဘုရားသခင့်ကျေးကျွန်အများစုသည် စာရေးတတ်၊ ဖတ်တတ်ကြသည်။ ယေရှု၏တမန်တော်များဖြစ်သူ ပေတရုနှင့် ယောဟန်တို့သည် ဂျူးတံငါသည်များဖြစ်ကြသော်လည်း မိမိတို့ဒေသသုံး ဂါလိလဲဘာသာစကားဖြင့်မဟုတ်ဘဲ ဂရိဘာသာစကားဖြင့် ကျမ်းစာစောင်များကို ရေးသားခဲ့ကြသည်။a သူတို့၏မိဘများသည် သားသမီးများကို အခြေခံပညာရရှိစေခဲ့ကြောင်း ထင်ရှားပါသည်။ သိုးထိန်းဒါဝိဒ်၊ လယ်လုပ်သားအာမုတ်နှင့် ယေရှု၏မိတူဖကွဲညီ လက်သမားတစ်ဦးဖြစ်နိုင်သူ ယုဒအပါအဝင် အခြားကျမ်းရေးသူများလည်း အလားတူအခြေအနေမျိုးတွင် ရှိခဲ့ကြသည်။

ယောဘသည် စာရေးတတ် ဖတ်တတ်သူတစ်ဦးဖြစ်ပြီး သိပ္ပံအတတ်ပညာ အနည်းအကျဉ်းရှိကြောင်း သူ၏အမည်တပ်ထားသော ကျမ်းစာစောင်ကဖော်ပြသည်။ ထို့ပြင် ယောဘစာစောင်၌ပါသော သူ၏ဖော်ပြချက်များသည် ကဗျာဆန်သောကြောင့် သူသည် စာဖွဲ့တတ်သူတစ်ဦးလည်း ဖြစ်နိုင်သည်။ ထို့အပြင် အစောပိုင်းခရစ်ယာန်များ၏ ကျမ်းစာမှတ်ချက်များဖြစ်နိုင်သော ရေးသားချက်များကို အိုးခြမ်းပဲ့များ၊ မြေထည်အပိုင်းအစများပေါ် တွေ့ရှိခဲ့ရသောကြောင့် သူတို့သည်လည်း စာတတ်မြောက်သူများဖြစ်ကြောင်း ကျွန်ုပ်တို့သိရသည်။

ပညာရေးသည် ခရစ်ယာန်များအတွက် အရေးပါ

ဘုရားသခင်၏နှစ်သက်မှုရလိုသူ ခရစ်ယာန်အားလုံး ကျမ်းစာအသိပညာတိုးပွားဖို့လိုသည်။ (ဖိလိပ္ပိ ၁:၉-၁၁; ၁ သက်သာလောနိတ် ၄:၁) သမ္မာကျမ်းစာနှင့် ကျမ်းစာအခြေပြုစာစောင်များကို ဝီရိယစိုက်ထုတ်အသုံးပြုခြင်းက ဝိညာဉ်ရေးဘက် တိုးတက်စေနိုင်သည်။ ဘုရားသခင်သည် ကိုယ်တော်၏နှုတ်မြွက်စကားတော်ကို မှတ်တမ်းတင်၍ ပေးအပ်ထားသည်ဖြစ်ရာ မိမိအား ဝတ်ပြုသူများကို တတ်နိုင်သမျှ စာတတ်မြောက်စေလိုသည်။ သမ္မာကျမ်းစာကိုဖတ်ရှုသည့်အခါ သဘောပေါက်နားလည်လျှင် ယင်း၏ဆုံးမစကားကို လက်တွေ့ကျင့်သုံးဖို့ လွယ်ကူစေသည်။ အချက်အလက်များကို သဘောပေါက်နားလည်ပြီး တွေးတောဆင်ခြင်နိုင်ရန် ကျမ်းပိုဒ်အချို့ကို တစ်ကြိမ်ထက်မက ဖတ်ရပေမည်။—ဆာလံ ၁၁၉:၁၀၄; ၁၄၃:၅; သု. ၄:၇။

ယေဟောဝါ၏လူမျိုးတော်သည် “သစ္စာနှင့်သတိပညာရှိသောကျွန်” ၏ညွှန်ကြားမှုအတိုင်း ပြင်ဆင်ရေးသားထားသော စာမျက်နှာရာနှင့်ချီသည့် အထောက်အကူပြုအကြောင်းအရာများကို နှစ်စဉ်ဖတ်ရှုရကြသည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ) ၎င်းတို့သည် မိသားစုဘဝ၊ ထုံးတမ်းစဉ်လာများ၊ ဘာသာတရား၊ သိပ္ပံနှင့် အခြားအကြောင်းအရာမြောက်မြားစွာကို ဆွေးနွေးသုံးသပ်တင်ပြသည်။ အရေးအကြီးဆုံးမှာ ထိုတွင် ဝိညာဉ်ရေးရာများနှင့်ဆိုင်သော ကျမ်းစာသွန်သင်ချက်ပါရှိသည်။ သင်၏သားသမီးများသည် စာမတတ်လျှင် အရေးပါသောအချက်အလက်များစွာကို သိရလိမ့်မည်မဟုတ်ပါ။

သမိုင်းကိုသင်ယူလေ့လာခြင်းက ဘုရားသခင့်နိုင်ငံတော် လိုအပ်ရသည့်အကြောင်းရင်းကို သိနားလည်စေသောကြောင့် အရေးပါသည်။ ပထဝီကို အခြေခံသဘော သိထားခြင်းသည်လည်း ကောင်း၏။ သမ္မာကျမ်းစာက အစ္စရေးနိုင်ငံ၊ အီဂျစ်နိုင်ငံနှင့် ဂရိနိုင်ငံစသည့် နိုင်ငံများစွာအကြောင်း ဖော်ပြသည်။ ထိုနေရာများကို သင်၏ကလေးသည် ကမ္ဘာ့မြေပုံပေါ်တွင် ထောက်ပြနိုင်ပါသလော။ သူနေထိုင်သောနိုင်ငံကို ရှာတွေ့နိုင်သလော။ မြေပုံကိုမကြည့်တတ်လျှင် ခန့်အပ်ခံရသောဒေသတွင် ဓမ္မအမှုပြီးမြောက်နိုင်စွမ်းကို အကန့်အသတ်ဖြစ်စေပေမည်။—၂ တိမောသေ ၄:၅။

အသင်းတော်အခွင့်အရေးများ

ခရစ်ယာန်အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများသည် စာဖတ်ဖို့လိုသော တာဝန်များစွာရှိ၏။ ဥပမာ၊ အသင်းတော်အစည်းအဝေးများအတွက် ပြင်ဆင်ရသည့်တာဝန်များရှိသည်။ စာအုပ်စာတမ်းအရေအတွက်နှင့် အလှူငွေတို့ကို စာရင်းပြုစုရ၏။ အခြေခံပညာမရှိပါက ဤတာဝန်များကို ထိရောက်စွာကိုင်တွယ်ဖို့ လွယ်ကူမည်မဟုတ်။

ကမ္ဘာတစ်ဝန်းရှိ ဗေသလအိမ်များတွင် စေတနာ့ဝန်ထမ်းများရှိသည်။ ဤစေတနာ့ဝန်ထမ်းများသည် အချင်းချင်းကောင်းစွာ ဆက်သွယ်ရန်နှင့် သူတို့၏တာဝန်များဖြစ်သော စာအုပ်စာတမ်းများကိုဘာသာပြန်ခြင်း၊ စက်ပစ္စည်းများပြုပြင်ခြင်းတို့ကို ကျေပွန်စွာဆောင်ရွက်နိုင်ဖို့ သူတို့နေထိုင်သောနိုင်ငံ၏ ရုံးသုံးဘာသာစကားကို ရေးတတ်ဖတ်တတ်ဖို့လိုသည်။ ဤအခွင့်ထူးများကို သင်၏သားသမီးများ တစ်ချိန်ချိန်တွင် ရရှိခံစားနိုင်ဖို့ အခြေခံပညာ မရှိမဖြစ်ပါ။ သင့်ကလေးကျောင်းနေရန် လက်တွေ့ကျသောအကြောင်းရင်းအချို့ကား အဘယ်နည်း။

ဆင်းရဲနွမ်းပါးမှုနှင့် အယူသီးမှု

အချို့သောအခြေအနေများတွင် ဆင်းရဲနွမ်းပါးသူများသည် လုံးလုံးခိုကိုးရာမဲ့ဖြစ်နေပေမည်။ သို့သော် အချို့ကိစ္စများတွင် ပညာအသင့်အတင့်ရှိခြင်းက ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏သားသမီးများ ဆင်းရဲနွမ်းပါးဖို့အကြောင်းမရှိစေပါ။ စာမတတ်သူများတွင် အခြေခိုင်သူ အလွန်ရှားသည်။ ဝင်ငွေနည်းသဖြင့် ဆေးဘက်ဆိုင်ရာအကူအညီ မရနိုင်သည့်အတွက် ကလေးငယ်များနှင့် တစ်ခါတစ်ရံ မိဘများပင်လျှင် သေဆုံးရကြသည်။ ကျောင်းပညာနည်းသော သို့မဟုတ် ကျောင်းပညာမရှိသောသူများသည် အာဟာရချို့တဲ့၍ အနေချို့တဲ့လေ့ရှိသည်။ ဤအခြေအနေမျိုးတွင် ပညာသင်ကြားထားခြင်း သို့မဟုတ် အနည်းဆုံး အရေးအဖတ်တတ်ခြင်းက အနည်းငယ် အထောက်အကူပြုပေမည်။

စာတတ်မြောက်ထားခြင်းက အယူသီးမှုကိုလည်း လျော့နည်းစေသည်။ ပညာတတ်သူကော မတတ်သူများပါ အယူသီးတတ်ကြသည်မှာ မှန်ပါ၏။ သို့တိုင် ပညာမတတ်သူများသည် အခြားသူများထက် ပို၍လှည့်ဖြားခံရပြီး အမြတ်ထုတ်ခံရနိုင်သည်၊ အကြောင်းမှာ ၎င်းပရိယာယ်များ ဖော်ထုတ်သောစာစောင်ကို သူတို့မဖတ်နိုင်ကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ပို၍အယူသီးတတ်ကြပြီး နတ်ဆရာတစ်ဦးသည် အံ့ဖွယ်နည်းဖြင့် အနာပျောက်စေနိုင်သည်ဟု ယုံကြည်တတ်ကြသည်။—တရားဟောရာ ၁၈:၁၀-၁၂; ဗျာ. ၂၁:၈။

ပညာရေးသည် အလုပ်အကိုင်ရဖို့အတွက်သာမဟုတ်

ပညာသင်ရသော အဓိကရည်ရွယ်ချက်မှာ ငွေရှာဖို့ဖြစ်သည်ဟု လူအများယူမှတ်ကြသည်။ သို့တိုင် ပညာတတ်အချို့မှာ အလုပ်လက်မဲ့ဖြစ်နေကြသည်၊ သို့မဟုတ် သူတို့၏ဝင်ငွေမှာ အခြေခံလိုအပ်ရာများအတွက်ပင် မလောက်ချေ။ ထို့ကြောင့် ကလေးကို ကျောင်းပို့၍ အကျိုးမရှိဟု မိဘအချို့ယူမှတ်ကြပေမည်။ သို့တိုင် ကျောင်းနေခြင်းသည် လူတစ်ဦးကို ငွေရှာတတ်ဖို့ ပြင်ဆင်ပေးရုံမက ကလေးများအား ဘဝကိုရင်ဆိုင်တတ်စေသည်။ (ဒေ. ၇:၁၂) လူတစ်ဦးသည် မိမိနိုင်ငံ၏ ရုံးသုံးဘာသာစကားကို ပြောတတ်၊ ဖတ်တတ်၊ ရေးတတ်မည်ဆိုလျှင် ဆေးဘက်ဆိုင်ရာဝန်ထမ်း၊ မြို့ပြအာဏာပိုင်များ၊ ဘဏ်ဝန်ထမ်းများနှင့် ဆက်ဆံရလွယ်ကူစေပြီး ကြောက်လန့်နေမည့်အစား ရိုးရိုးကိစ္စကဲ့သို့ယူမှတ်လိမ့်မည်။

အချို့ဒေသများတွင် စာမတတ်သောကလေးများကို ပန်းရံလုပ်ခြင်း၊ ငါးဖမ်းခြင်း၊ စက်ချုပ်ခြင်း သို့မဟုတ် အခြားသော အသက်မွေးမှုလုပ်ငန်းတတ်မြောက်ဖို့ အလုပ်သင်အဖြစ် တစ်ဦးတစ်ယောက်ထံ လွှဲအပ်ကြပေမည်။ သက်မွေးမှုလုပ်ငန်းတစ်ခုခု တတ်ထားခြင်းသည် အကျိုးရှိ၏၊ သို့သော် အဆိုပါကလေးများသည် ကျောင်းမနေဖူးပါက မှန်ကန်စွာဖတ်တတ် ရေးတတ်နိုင်လိမ့်မည်မဟုတ်ပါ။ ထို့ကြောင့် အခြေခံပညာရေးကို ဦးဆုံးရထားပြီးနောက်မှ သက်မွေးမှုလုပ်ငန်းကို သင်ယူမည်ဆိုလျှင် ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရစရာအကြောင်းမရှိဘဲ ကျေနပ်ရောင့်ရဲဖွယ်ဘဝ၌ ပျော်မွေ့နိုင်ကြပေမည်။

နာဇရက်မြို့သားယေရှုသည် လက်သမားတစ်ဦးဖြစ်ပြီး မွေးစားဖခင်ယောသပ်ထံ၌ အလုပ်သင်တစ်ဦးဖြစ်ခဲ့ပေမည်။ (မဿဲ ၁၃:၅၅; မာကု ၆:၃) ယေရှုသည် စာတတ်မြောက်သူတစ်ဦးလည်း ဖြစ်ခဲ့သည်၊ အကြောင်းမှာ အသက် ၁၂ နှစ်အရွယ်၌ပင် သူသည် ဝတ်ပြုရာအိမ်တော်၌ ပညာတတ်များနှင့် အဓိပ္ပာယ်ရှိရှိ စကားပြောဆိုဆွေးနွေးနိုင်ခဲ့သည်။ (လုကာ ၂:၄၆၊ ၄၇) ယေရှု၏အဖြစ်တွင် သက်မွေးမှုလုပ်ငန်းသင်ယူခြင်းသည် အခြားပညာသင်ကြားမှုကို အနှောင့်အယှက်မပေးခဲ့ချေ။

သမီးများကော ပညာတတ်ထားသင့်သလော

တစ်ခါတစ်ရံ မိဘများသည် သားများကို ကျောင်းထားသော်လည်း သမီးများကိုကား ပညာမသင်ယူစေကြချေ။ မိဘအချို့က သမီးများကို ပညာသင်ပေးခြင်းသည် အကုန်အကျများလွန်းသည်ဟုယူဆပြီး တစ်နေကုန် အိမ်တွင် မိခင်များကို ကူညီစေသည်။ သို့သော် စာမတတ်ခြင်းသည် သမီးတစ်ဦးကို တစ်ပန်းရှုံးစေပါလိမ့်မည်။ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) စာစောင်တစ်ခုက ဤသို့ဆိုသည်– “မိန်းကလေးများကို ပညာဆည်းပူးစေခြင်းသည် ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ရာတွင် အကောင်းဆုံးနည်းဗျူဟာဖြစ်ကြောင်း လေ့လာမှုများစွာက ဖော်ပြခဲ့ပြီ။” (ဆင်းရဲနွမ်းပါးမှုနှင့် ကလေးငယ်များ– အဆင်းရဲဆုံးနိုင်ငံများအတွက် ၉၀ ပြည့်လွန်နှစ်များမှ သင်ခန်းစာများ) ပညာတတ်မိန်းကလေးများသည် ဘဝပြဿနာများကို ရင်ဆိုင်ဖြေရှင်းတတ်ပြီး ပညာရှိရှိဆုံးဖြတ်ကြသဖြင့် မိသားစုအကျိုး တိုးပွားစေသည်။

အနောက်အာဖရိက၊ ဘီနင်နိုင်ငံတွင် နို့စို့ကလေးသေဆုံးနှုန်း လေ့လာချက်တစ်ခုက စာမတတ်သောမိခင်များသည် အုပ်စုအနေနှင့် အသက်ငါးနှစ်အောက်ကလေး ၁,၀၀၀ လျှင် ၁၆၇ ဦးဆုံးရှုံးကြောင်း၊ အလယ်တန်းကျောင်းပညာရှိသော အမျိုးသမီးများမူ ကလေး ၃၈ ဦးဆုံးရှုံးကြောင်း ဖော်ပြခဲ့သည်။ ယူနီဆက်ဖ်က ဤသို့ကောက်ချက်ချသည်– “ကမ္ဘာတစ်ဝန်းလုံးမှာကဲ့သို့၊ ဘီနင်နိုင်ငံတွင် နို့စို့ကလေးများသေဆုံးနှုန်းကို အဆုံးအဖြတ်ပေးသည့်အချက်မှာ ပညာအဆင့်အတန်းဖြစ်သည်။” သို့ဖြစ်၍ သမီးများကို ပညာသင်ကြားပေးခြင်းသည် အကျိုးများစွာရှိနိုင်သည်။

အရေးအဖတ်သင်တန်းများနှင့် လုံလောက်ပြီလော

ယေဟောဝါသက်သေများသည် လိုအပ်သောနေရာများတွင် စာမတတ်သော အသင်းတော်သားများအတွက် အရေးအဖတ်သင်တန်းများ ဖွင့်ပေးထားသည်။b အကျိုးပြုသော ဤအစီအစဉ်သည် အများအားဖြင့် မိမိတို့ဒေသခံဘာသာစကားဖြင့် လူတို့ကို စာဖတ်တတ်စေသည်။ ကျောင်းပညာသင်ကြားခြင်းကို ယင်းနှင့် အစားထိုးသင့်သလော။ စာသင်ကျောင်းများရှိလျက်နှင့် သင့်ကလေးများကို အသင်းတော်က ပညာသင်ကြားပေးဖို့ မျှော်လင့်သင့်သလော။

အရေးအဖတ်သင်တန်းများသည် ယေဟောဝါသက်သေအသင်းတော်များ၏ ထောက်ထားစာနာသော အစီအစဉ်တစ်ခုဖြစ်သော်လည်း ၎င်း၏ရည်ရွယ်ချက်မှာ ကလေးဘဝက ကျောင်းတစ်ခါမျှမနေခဲ့ဖူးသော ပညာချို့ငဲ့သည့်လူကြီးများ စာဖတ်တတ်ဖို့ဖြစ်သည်။ စာတတ်ခြင်း၏အရေးပါမှုကို သူတို့၏မိဘများ မသိခဲ့ကြ၍ဖြစ်မည်၊ သို့မဟုတ် ကျောင်းများမရှိခဲ့၍ဖြစ်နိုင်သည်။ ဤသို့သောသူများသည် အသင်းတော်များတွင်ဖွင့်ထားသော အရေးအဖတ်သင်တန်းများကို တက်နိုင်ကြသည်။ သို့သော် ၎င်းတို့သည် စာသင်ကျောင်းကို အစားထိုးသောသင်တန်းများမဟုတ်ပါ၊ မူလတန်းကျောင်းပညာ သင်ကြားပေးဖို့လည်းမဟုတ်ပါ။ ဤအရေးအဖတ်သင်တန်းများတွင် သိပ္ပံ၊ သင်္ချာနှင့် သမိုင်းဘာသာရပ်စသည်တို့ကို မသင်ပေးပါ။ သို့သော် စာသင်ကျောင်း၏သင်ရိုးညွှန်းတမ်း၌ ၎င်းဘာသာရပ်များပါရှိသည်။

အာဖရိကတိုက်တွင် ဤအရေးအဖတ်သင်တန်းများကို မျိုးနွယ်စုဘာသာစကားများဖြင့် သင်ကြားပို့ချလေ့ရှိသည်၊ ဒေသခံနိုင်ငံ၏ရုံးသုံးဘာသာစကားဖြင့် သင်ကြားပို့ချလေ့မရှိချေ။ သို့သော် အစိုးရကျောင်းများတွင် ရုံးသုံးဘာသာစကားဖြင့် သင်ကြားပို့ချပေးလေ့ရှိသည်။ ယင်းက ကလေးများကို ထပ်ဆင့်အကျိုးပြုသည်၊ အကြောင်းမှာ စာအုပ်စာတမ်းအတော်များများကို ရုံးသုံးဘာသာစကားဖြင့် ရနိုင်သောကြောင့်ဖြစ်သည်။ အသင်းတော်၏ အရေးအဖတ်သင်တန်းများသည် ကလေး၏ပညာရေးကို အထောက်အကူပြုပေးနိုင်မည်ဖြစ်သော်လည်း ကျောင်းပညာသင်ကြားမှုကို အစားမထိုးနိုင်ပါ။ ထို့ကြောင့် ဖြစ်နိုင်မည်ဆိုလျှင် ကလေးများကို ကျောင်းပညာသင်ယူစေသင့်သည် မဟုတ်ပေလော။

မိဘဝတ္တရား

အသင်းတော်၏ဝိညာဉ်ရေးရာများကို ဦးစီးဦးဆောင်ပေးသောအမျိုးသားများသည် ပုံသက်သေကောင်းသော ခရစ်ယာန်များဖြစ်ကြရမည်။ သူတို့သည် မိမိတို့အိမ်သူအိမ်သားများနှင့် ကလေးများကို “ကောင်းမွန်စွာ” အုပ်ထိန်းကြရမည်။ (၁ တိမောသေ ၃:၄၊ ၁၂) “ကောင်းမွန်စွာ” အုပ်ထိန်းခြင်းတွင် အနာဂတ်၌ ဆုံးရှုံးနစ်နာမှုများဖြစ်စေမည့်အရာတို့ကိုရှောင်ရန် သားသမီးများကို အတတ်နိုင်ဆုံးကူညီပေးခြင်း ပါဝင်ပေမည်။

ဘုရားသခင်သည် ခရစ်ယာန်မိဘများကို တာဝန်ဝတ္တရားကြီးတစ်ခု ပေးအပ်ထားသည်။ ကိုယ်တော်၏နှုတ်မြွက်စကားတော်နှင့်အညီ သားသမီးများကို သူတို့မွေးမြူ၍ ‘ပညာအတတ်ကို နှစ်သက်သူများ’ ဖြစ်လာစေရန် ကူညီပေးသင့်သည်။ (သု. ၁၂:၁; ၂၂:၆; ဧဖက် ၆:၄) တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်– “မိမိလူတို့ကိုမပြုစု၊ ထိုမျှမက၊ မိမိအိမ်သူအိမ်သားတို့ကိုမပြုစုသောသူမည်သည်ကား၊ ယုံကြည်ခြင်းတရားကိုငြင်းပယ်၏။ မယုံကြည်ဖူးသောသူထက် သာ၍ယုတ်မာ၏။” (၁ တိမောသေ ၅:၈) ကျွန်ုပ်တို့၏ ကလေးများကို လျောက်ပတ်သောပညာရေးလည်း ပေးသင့်ပါသည်။

တစ်ခါတစ်ရံ ကျောင်းပညာရေးစနစ်သည် ကျောင်းသူကျောင်းသားများလွန်းခြင်း၊ ဘဏ္ဍာရေးမဖူလုံခြင်း သို့မဟုတ် လစာနည်းသဖြင့် မကျေမချမ်းဖြစ်နေသော ကျောင်းဝန်ထမ်းများကြောင့် စံမမီဖြစ်နိုင်သည်။ ထို့ကြောင့် ကျောင်းတွင် မိမိတို့သားသမီးများ အဘယ်အရာသင်ကြားနေရသည်ကို မိဘများစိတ်ဝင်စားကြဖို့ အရေးကြီးသည်။ အထူးသဖြင့် စာသင်နှစ်၏ အစပိုင်းတွင် ဆရာ၊ ဆရာမများနှင့် ရင်းနှီးသိကျွမ်းထားပြီး မိမိတို့၏သားသမီးများသည် သာ၍တော်သောကျောင်းသားကျောင်းသူများ မည်သို့ဖြစ်လာနိုင်ကြောင်း သူတို့ထံမှ အကြံဉာဏ်တောင်းခြင်းသည် ပညာရှိရာရောက်၏။ ဤသို့ဖြင့် ဆရာ၊ ဆရာမများအနေနှင့် မိမိတို့အားတန်ဖိုးထားလေးစားသည်ဟု ခံစားကြရပြီး ကလေးများ၏ပညာရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုစိတ်ရှိလာစေသည်။

ပညာရေးသည် ကလေးတစ်ဦး၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသောကဏ္ဍတစ်ခုဖြစ်သည်။ နယပုံပြင် ၁၀:၁၄ (သမ) က “ပညာရှိတို့သည် အသိပညာကို သိုထားတတ်၏” ဟုဆိုသည်။ အထူးသဖြင့် ကျမ်းစာအသိပညာနှင့်ပတ်သက်၍ ထိုသို့ဖြစ်သည်။ ယေဟောဝါ၏လူမျိုးတော် ကြီးငယ်မဟူတို့သည် အခြားသူများကို ဝိညာဉ်ရေးဘက်ကူညီပေးရာတွင် ‘ရှက်ကြောက်စရာအကြောင်းမရှိဘဲ အမှန်တရားကို မှန်ကန်စွာပိုင်းခြားကိုင်တွယ်တတ်သူဖြစ်လျက် ဘုရားသခင့်ရှေ့၌ နှစ်သက်တော်မူဖွယ်သောသူအဖြစ် မိမိတို့ကိုယ်ကိုဆက်သခြင်းငှာ’ အတတ်နိုင်ဆုံး ဗဟုသုတကြွယ်ရကြမည်။ (၂ တိမောသေ ၂:၁၅; ၁ တိမောသေ ၄:၁၅) သို့ဖြစ်သောကြောင့် သင့်ကလေးများကို ကျောင်းထားသင့်သလော။ သင့်နိုင်ငံ၌ ဖြစ်နိုင်ခြေရှိသောအရာအပေါ် များစွာမူတည်မည်ဖြစ်သော်လည်း သူတို့ကိုကျောင်းထားသင့်သည်ဟု သင်အမှန်ကောက်ချက်ချပေမည်။ သို့သော် ‘ကျွန်ုပ်၏ကလေးများ ပညာတတ်ဖြစ်သင့်သလော’ ဟူသော သာ၍အရေးကြီးသည့်မေးခွန်းကို ခရစ်ယာန်မိဘများ ဖြေဆိုဖို့လိုသည်။ အဘယ်နေရာတွင်ပင် သင်နေထိုင်ပါစေ ဟုတ်ကဲ့ဟူ၍ ပြတ်ပြတ်သားသားဖြေဆိုသင့်ကြောင်း သင်သဘောတူသည်မဟုတ်ပေလော။

[အောက်ခြေမှတ်ချက်များ]

a သူတို့၏မိခင်ဘာသာစကားမှာ ဂါလိလဲနယ်သုံး အာရမိတ်စကား သို့မဟုတ် ဒေသသုံးဟေဗြဲစကားဖြစ်သည်။ ယေဟောဝါသက်သေများထုတ်ဝေသော ကျမ်းစာစောင်များအပေါ် ထိုးထွင်းသိမြင်ခြင်း [လိပ်] အတွဲ ၁၊ စာမျက်နှာ ၁၄၄-၆ ကိုရှု။

b  ၂၀၀၀၊ ဒီဇင်ဘာ ၂၂ ထုတ်နိုးလော့! [လိပ်] စာမျက်နှာ ၈ နှင့် ၉ ရှု။

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

သင့်သားသမီးများ စာသင်ကျောင်းမတက်နိုင်သောဒေသတွင် သင်တို့နေထိုင်ကြပါက မည်သို့ပြုနိုင်သနည်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ