ယေဟောဝါ၏ကျေးကျွန်များ စစ်မှန်သောမျှော်လင့်ချက်ရှိ
‘ကျန်ကြွင်းသောယာကုပ်အမျိုးသားတို့သည် တစ်ပါးအမျိုးသားအများတို့တွင်နေ၍ လူကိုမငံ့လင့်၊ ဘုရားသခင်ပေးတော်မူသော နှင်းကဲ့သို့ဖြစ်ကြလိမ့်မည်။’—မိက္ခာ ၅:၇။
၁။ ဝိညာဉ်ရေးဣသရေလသည် မည်သို့လန်းဆန်းမှုရင်းမြစ်တစ်ရပ်ဖြစ်သနည်း။
ယေဟောဝါသည် မိုးရေနှင့် ဆီးနှင်းတို့ကို ဖန်ဆင်းထားသော မဟာဖန်ဆင်းရှင်ဖြစ်၏။ ဆီးနှင်းနှင့် မိုးရေရရှိရန် လူသားများကို မျှော်ကိုးခြင်းသည် အချည်းနှီးဖြစ်သည်။ ပရောဖက်မိက္ခာက ဤသို့ရေးသားခဲ့သည်– “ကျန်ကြွင်းသောယာကုပ်အမျိုးသားတို့သည် တစ်ပါးအမျိုးသားအများတို့တွင်နေ၍ ထာဝရဘုရား[သခင်]ပေးတော်မူသော နှင်းကဲ့သို့လည်းကောင်း၊ လူကိုမငံ့လင့်၊ လူသားတို့၏အလိုသို့မလိုက်သော မိုးရေကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။” (မိက္ခာ ၅:၇) မျက်မှောက်ခေတ် “ကျန်ကြွင်းသောယာကုပ်အမျိုးသားတို့” ကားမည်သူနည်း။ သူတို့ကား ဝိညာဉ်ရေးဣသရေလများ၊ “ဘုရားသခင်၏ဣသရေလ” အကြွင်းအကျန်ဖြစ်၏။ (ဂလာတိ ၆:၁၆) ကမ္ဘာသား “အများတို့” အတွက် သူတို့သည် ‘ထာဝရဘုရားသခင်ပေးတော်မူသော’ လန်းဆန်းစေသည့် ‘နှင်းနှင့်လည်းကောင်း၊ မိုးရေနှင့်လည်းကောင်း’ တူသည်။ ယနေ့ ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် လူသားများအတွက် ဘုရားသခင်ထံတော်မှ ကောင်းချီးတစ်ရပ်ဖြစ်သည်။ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများအနေနှင့် သူတို့ကို ယေဟောဝါသည် လူတို့အား စစ်မှန်သောမျှော်လင့်ချက်ရရှိစေသော မိမိ၏သတင်းတရား ကြားပြောစေရန် အသုံးပြုလျက်ရှိသည်။
၂။ ဆင်းရဲခက်ခဲသည့် ဤလောကတွင် ကျွန်ုပ်တို့နေထိုင်ကြရသော်လည်း အဘယ်ကြောင့် စစ်မှန်သောမျှော်လင့်ချက်ရှိသနည်း။
၂ ဤလောကတွင် စစ်မှန်သောမျှော်လင့်ချက်ကင်းမဲ့နေခြင်းသည် အံ့အားသင့်စရာမဟုတ်ချေ။ စာတန်လွှမ်းမိုးအုပ်ချုပ်သည့် လောကတွင် နိုင်ငံရေးမတည်ငြိမ်မှု၊ ကိုယ်ကျင့်တရားယိုယွင်းမှု၊ ရာဇဝတ်မှု၊ စီးပွားရေးကျပ်တည်းမှု၊ အကြမ်းဖက်မှု၊ စစ်မှု စသည်တို့ကို ကျွန်ုပ်တို့မျှော်လင့်ကြသည်။ (၁ ယောဟန် ၅:၁၉) လူအများသည် အနာဂတ် မည်သို့ဖြစ်ပျက်လာမည်ကို ကြောက်လန့်နေကြသည်။ သို့သော် ယေဟောဝါကို ဝတ်ပြုသူများအနေနှင့် ကျွန်ုပ်တို့တွင် အနာဂတ်အတွက် စိတ်ချရသောမျှော်လင့်ချက်ရှိထားသောကြောင့် မကြောက်လန့်ကြချေ။ ယင်းသည် သမ္မာကျမ်းစာအပေါ် အခြေပြုသောကြောင့် စစ်မှန်သောမျှော်လင့်ချက်ဖြစ်၏။ ယေဟောဝါမိန့်ဆိုသမျှသည် အမြဲမှန်ကန်သောကြောင့် ကိုယ်တော်၌လည်းကောင်း၊ ကိုယ်တော်၏စကားတော်၌လည်းကောင်း ကျွန်ုပ်တို့ ယုံကြည်မှုရှိကြသည်။
၃။ (က) ယေဟောဝါသည် ဣသရေလနှင့် ယုဒတို့ကို အဘယ်ကြောင့် အရေးယူရတော့မည်နည်း။ (ခ) မိက္ခာ၏စကားများသည် မျက်မှောက်ခေတ်နှင့် အဘယ်ကြောင့်သက်ဆိုင်သနည်း။
၃ ဘုရားသခင်မှုတ်သွင်းရေးသားစေသည့် မိက္ခာပရောဖက်ပြုချက်သည် ယေဟောဝါ၏နာမတော်၌ လိုက်လျှောက်ရန် ခွန်အားပေးပြီး စစ်မှန်သောမျှော်လင့်ချက်ရှိစေသည့် အခြေခံအကြောင်းရင်းဖြစ်၏။ မိက္ခာပရောဖက်ပြုခဲ့သည့် ဘီ.စီ.အီး. ရှစ်ရာစုနှစ်တွင် ဘုရားသခင်နှင့်ပဋိညာဉ်ဖွဲ့ထားသော လူမျိုးသည် ဣသရေလနှင့် ယုဒဟူ၍ နှစ်နိုင်ငံကွဲနေပြီး ထိုနှစ်နိုင်ငံစလုံးသည် ဘုရားသခင်၏ပဋိညာဉ်ကို လျစ်လျူရှုနေခဲ့ကြသည်။ ရလဒ်ကား အကျင့်ယိုယွင်းခြင်း၊ ဝတ်ပြုရေးဖောက်ပြန်ခြင်းနှင့် ရုပ်ပစ္စည်းကို ပဓာနထားလွန်းခြင်းတို့ဖြစ်၏။ ထို့ကြောင့် သူတို့ကို အရေးယူမည်ဟု ယေဟောဝါ သတိပေးခဲ့၏။ မိက္ခာနှင့်တစ်ခေတ်တည်းသားများကို ရည်စူးပြီး ဘုရားသခင်သတိပေးခဲ့ခြင်းဖြစ်သည်မှာမှန်၏။ သို့သော် မျက်မှောက်ခေတ်အခြေအနေသည် မိက္ခာခေတ်အခြေအနေနှင့် အလွန်ဆင်တူသောကြောင့် သူ၏စကားများသည် ယခုအချိန်နှင့်လည်း သက်ဆိုင်၏။ မိက္ခာကျမ်းအခန်းကြီး ခုနစ်ခန်းမှ ပေါ်လွင်ချက်တချို့ကို ကျွန်ုပ်တို့သုံးသပ်နေစဉ် ယင်းအချက် ထင်ရှားလာပါလိမ့်မည်။
ခြုံငုံသုံးသပ်မှုက ဖော်ပြရာ
၄။ မိက္ခာကျမ်းအခန်းကြီး ၁ မှ ၃ တွင် အဘယ်အကြောင်းအရာ ပါရှိသနည်း။
၄ မိက္ခာကျမ်းပါ အကြောင်းအရာများကို အကျဉ်းချုပ်ကြည့်ကြစို့။ အခန်းကြီး ၁ တွင် ဣသရေလနှင့် ယုဒတို့၏ပုန်ကန်မှုကို ယေဟောဝါ ဖော်ထုတ်ပြသည်။ သူတို့၏အပြစ်ကြောင့် ဣသရေလသည် ဖျက်ဆီးခံရပြီး ယုဒသည် ယေရုရှလင်မြို့တံခါးရောက်သည့်အထိပင် ဒဏ်ခတ်ခံရမည်။ လူကုံထံနှင့် အာဏာရှိသူများသည် ဆင်းရဲသားခိုကိုးရာမဲ့နေသူများကို ဖိနှိပ်နေကြောင်း အခန်းကြီး ၂ ကဖော်ပြ၏။ ထို့ပြင် ဘုရားသခင်၏ကတိတော်အကြောင်းကိုလည်း ဖော်ပြထားသည်။ ဘုရားသခင်၏လူမျိုးသည် စည်းလုံးစွာဖြင့် အတူတကွစုရုံးခြင်းခံရကြလိမ့်မည်။ အခန်းကြီး ၃ တွင်အမျိုးသားခေါင်းဆောင်များနှင့် အပြစ်ကျူးလွန်သော ပရောဖက်များကို ယေဟောဝါအပြစ်ပေးမည့် ကြေညာချက်များ ပါရှိသည်။ ခေါင်းဆောင်များသည် တရားမျှတမှုမရှိ၊ ပရောဖက်များသည်လည်း မုသားစကား ပြောဆိုနေကြသည်။ သို့ဖြစ်လျက်ပင် မိက္ခာသည် ရောက်ရှိလာတော့မည့် ယေဟောဝါ၏တရားစီရင်ရာနေ့အကြောင်း ကြေညာရန် သန့်ရှင်းသောဝိညာဉ်တော်၏တိုက်တွန်းမှုကို ခံခဲ့ရသည်။
၅။ မိက္ခာကျမ်းအခန်းကြီး ၄ နှင့် ၅ ၏လိုရင်းချက်ကား အဘယ်နည်း။
၅ နောက်ဆုံးကာလတွင် လူအမျိုးအနွယ်အသီးသီးသည် ယေဟောဝါ၏သွန်သင်မှုကိုခံယူရန် ဘုရားသခင်၏အိမ်တော်တည်ရာ တောင်ပေါ်သို့ ရောက်လာကြလိမ့်မည်ဟု အခန်းကြီး ၄ ကကြိုဟောထားသည်။ ထိုအချိန်မတိုင်မီ ယေဟောဝါသည် ယုဒကို ဗာဗုလုန်သို့ ပြည်နှင်ဒဏ်ပေးမည်ဖြစ်သော်လည်း ကယ်လွှတ်လိမ့်မည်။ ယုဒပြည်၊ ဗက်လင်မြို့တွင် မေရှိယဖွားမြင်လိမ့်မည်ဟု အခန်းကြီး ၅ ကဖော်ပြ၏။ ကိုယ်တော်သည် မိမိ၏လူမျိုးကို ထိန်းကျောင်းပြီး နှိပ်စက်ညှဉ်းပန်းသော လူမျိုးများလက်မှ သူတို့ကို ကယ်လွှတ်မည်ဖြစ်သည်။
၆၊ ၇။ မိက္ခာပရောဖက်ပြုချက်၏ အခန်းကြီး ၆ နှင့် ၇ တွင် အဘယ်အချက်များကို ဖော်ပြထားသနည်း။
၆ ယေဟောဝါသည် မိမိ၏လူမျိုးကို တရားရေးပုံစံဖြင့် စွဲချက်တင်ထားသည်ကို မိက္ခာကျမ်းအခန်းကြီး ၆ ကမှတ်တမ်းတင်ဖော်ပြသည်။ သူတို့ပုန်ကန်သူများဖြစ်လာစေရန် ကိုယ်တော် အဘယ်အရာပြုခဲ့၍နည်း။ ဘာမျှမပြုခဲ့ပါ။ အမှန်ဆိုရလျှင် ကိုယ်တော်၏တောင်းဆိုချက်များသည် အလွန်အကျိုးသင့်အကြောင်းသင့်ရှိ၏။ ကိုယ်တော်သည် မိမိအား ဝတ်ပြုသူများကို တရားမျှတစေလိုပြီး သနားကြင်နာ၊ ကျိုးနွံစွာ မိမိနှင့်အတူ လျှောက်လှမ်းစေလိုတော်မူ၏။ ဣသရေလနှင့် ယုဒတို့သည် ထိုသို့ပြုမည့်အစား ပုန်ကန်ခဲ့ကြရာ ယင်း၏ဆိုးကျိုးကို ခံကြရမည်ဖြစ်သည်။
၇ မိက္ခာပရောဖက်ပြုချက်၏ နောက်ဆုံးအခန်းကြီးတွင် သူနှင့်တစ်ခေတ်တည်းသားများ၏ ဆိုးညစ်မှုကို ဖော်ထုတ်ပြခဲ့သည်။ သို့သော် ယေဟောဝါအား “စောင့်မျှော်သောသဘောထားတင်ပြ” ရန်သန္နိဋ္ဌာန်ချထားသောကြောင့် သူစိတ်ဓာတ်မကျပါ။ (မိက္ခာ ၇:၇) ယေဟောဝါသည် မိမိ၏လူမျိုးတော်ကို ကရုဏာပြမည်ဟု ထိုကျမ်းက ယုံကြည်စိတ်ချစွာ နိဂုံးချုပ်သည်။ မျှော်လင့်ခဲ့သည့်အတိုင်း အမှန်ဖြစ်ပျက်ခဲ့ကြောင်း သမိုင်းက သက်သေထူ၏။ ယေဟောဝါသည် မိမိ၏လူမျိုးကို အပြစ်ဒဏ်ပေးခြင်း အဆုံးတိုင်ခဲ့သည့် ဘီ.စီ.အီး. ၅၃၇ ခုနှစ်တွင် အကြွင်းအကျန်ကို သနားကြင်နာစွာ ပြည်တော်ပြန်ရောက်စေခဲ့သည်။
၈။ မိက္ခာကျမ်းပါ အကြောင်းအရာများကို သင်မည်သို့အကျဉ်းချုပ်ဖော်ပြမည်နည်း။
၈ မိက္ခာမှတစ်ဆင့် အလွန်ကောင်းသောအချက်အလက်များကို ယေဟောဝါမိန့်ဆိုတော်မူခဲ့သည်တကား! ဘုရားသခင်ကို ကိုးကွယ်ပါသည်ဟုဆိုသော်လည်း သစ္စာမရှိသူများနှင့် ကိုယ်တော်မည်သို့ဆက်ဆံကြောင်း သတိပေးပုံနမူနာများကို ဤမှုတ်သွင်းခံကျမ်း၌ ဖော်ပြပေးသည်။ ယနေ့တွင် ဖြစ်ပျက်နေသည့်အမှုများကို ကြိုဟောထားသည်။ ထို့ပြင် ဤခက်ခဲကျပ်တည်းသောကာလအတွင်း ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို ခိုင်မြဲစေရန် ကျွန်ုပ်တို့ မည်သို့ပြုမူကျင့်ကြံသင့်ကြောင်း ဘုရားသခင်သွန်သင်ထားတော်မူ၏။
ပိုင်သအုပ်စိုးရှင် ယေဟောဝါ မိန့်ဆို
၉။ မိက္ခာ ၁:၂ အရ ယေဟောဝါသည် အဘယ်အရာပြုလုပ်တော့မည်နည်း။
၉ ယခု မိက္ခာကျမ်းကို ပိုပြီးအသေးစိတ်ဆန်းစစ်ကြည့်ကြစို့။ မိက္ခာ ၁:၂ တွင် ဤသို့ဖတ်ရသည်– “အိုလူများအပေါင်းတို့ ကြားကြလော့။ အိုပြည်နှင့် ပြည်သားအပေါင်းတို့ နားထောင်ကြလော့။ အရှင်ထာဝရဘုရား[သခင်]တည်းဟူသော သန့်ရှင်းသောဗိမာန်တော်ထဲက ဘုရား[သခင်]ရှင်သည် သင်တို့တစ်ဖက်၌ သက်သေခံတော်မူမည်။” သင်သည် မိက္ခာခေတ်တွင် အသက်ရှင်ခဲ့မည်ဆိုလျှင် ထိုစကားကို သင်အာရုံစိုက်ခဲ့မည်မှာ သေချာ၏။ ယေဟောဝါသည် သန့်ရှင်းသောဝတ်ပြုရာအိမ်တော်မှ ဣသရေလနှင့် ယုဒတို့ကိုသာမဟုတ်ဘဲ နေရာတကာရှိ လူတို့ကို မိန့်ဆိုနေခြင်းဖြစ်သောကြောင့် သင်အာရုံစိုက်လိမ့်မည်ဖြစ်သည်။ မိက္ခာခေတ်ရှိလူတို့သည် ပိုင်သအုပ်စိုးရှင်ယေဟောဝါကို လျစ်လျူရှုခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ။ မကြာမီ ထိုအခြေအနေပြောင်းလဲရလိမ့်မည်။ ယေဟောဝါသည် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ရန် သန္နိဋ္ဌာန်ချထား၏။
၁၀။ မိက္ခာ ၁:၂ ပါစကားများသည် ကျွန်ုပ်တို့အတွက် အဘယ်ကြောင့်အရေးကြီးသနည်း။
၁၀ ကျွန်ုပ်တို့ခေတ်တွင်လည်း အလားတူပင်ဖြစ်၏။ ယေဟောဝါသည် မိမိ၏သန့်ရှင်းသောဝတ်ပြုရာအိမ်တော်မှ တစ်ဖန်မိန့်တော်မူနေကြောင်း ဗျာ. ၁၄:၁၈-၂၀ တွင်ဖော်ပြသည်။ ကိုယ်တော်သည် မကြာမီ ပြတ်ပြတ်သားသား အရေးယူလုပ်ဆောင်ပြီး အရေးပါသောဖြစ်ရပ်များက လူအပေါင်းကို တစ်ဖန်ကိုင်လှုပ်ဦးမည်။ ဤအချိန်တွင် စာတန်၏စနစ်ကို အပြီးသတ်ဖျက်ဆီးပစ်ရန် ဆိုးညစ်သော “မြေကြီး၏စပျစ်သီး” ကိုယေဟောဝါ၏အမျက်တော် နယ်ရာတန်ဆာကြီးထဲသို့ ပစ်ချပါလိမ့်မည်။
၁၁။ မိက္ခာ ၁:၃၊ ၄ ပါစကားများသည် အဘယ်အရာကို ဆိုလိုသနည်း။
၁၁ ယေဟောဝါ အဘယ်အရာပြုလုပ်တော့မည်ကို နားဆင်ပါ။ မိက္ခာ ၁:၃၊ ၄ ကဤသို့ဆို၏– “ထာဝရဘုရား[သခင်]သည် ကျိန်းဝပ်တော်မူရာအရပ်ဌာနတော်ထဲက ထွက်ကြွဆင်းသက်၍ မြင့်သောမြေအရပ်တို့ကို နင်းတော်မူမည်။ မီးရှေ့မှာ ဖယောင်းကဲ့သို့လည်းကောင်း၊ ချောက်ကြီးမှဆင်းသောရေကဲ့သို့လည်းကောင်း ရှေ့တော်၌တောင်တို့သည် အရည်ဖြစ်၍ ချိုင့်တို့သည်လည်း အက်ကွဲကြလိမ့်မည်။” ယေဟောဝါသည် ကောင်းကင်ဘုံမှကြွဆင်း၍ ကတိထားရာပြည်ရှိ တောင်များနှင့် လွင်ပြင်များကို ပကတိနင်းချေပစ်မည်လော။ မနင်းချေပစ်ပါ။ ကိုယ်တော် ထိုသို့ပြုလုပ်စရာမလိုပေ။ ကိုယ်တော်၏အလိုတော် ဖြစ်မြောက်အောင်မြင်ရန် ကမ္ဘာမြေကြီးအပေါ် အာရုံစိုက်ရုံသာလိုသည်။ ထို့ပြင် ဖော်ပြပါအဖြစ်အပျက်များကို ခံရမည့်သူများမှာ ပကတိတောတောင်လွင်ပြင်မဟုတ်ဘဲ ပြည်သူပြည်သားတို့ဖြစ်သည်။ ယေဟောဝါ အရေးယူလုပ်ဆောင်သည့်အခါ ရလဒ်ကား သစ္စာမဲ့သူများအပေါ် ဘေးဆိုးကြီးဖြစ်မည်—တောင်များသည် ဖယောင်းကဲ့သို့ အရည်ပျော်သွားပြီး လွင်ပြင်များသည် မြေငလျင်ဒဏ်ကြောင့် အက်ကွဲသွားသည့်အလားဖြစ်မည်။
၁၂၊ ၁၃။ ၂ ပေတရု ၃:၁၀-၁၂ နှင့်အညီ ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို အဘယ်အရာက သေချာစေသနည်း။
၁၂ မိက္ခာ ၁:၃၊ ၄ ပါပရောဖက်ပြုချက်စကားများသည် ကမ္ဘာမြေကြီးအပေါ် ကျရောက်မည့်ဘေးအန္တရာယ်ကြီးများအကြောင်း ကြိုဟောထားသော မှုတ်သွင်းခံပရောဖက်ပြုချက် နောက်တစ်ခုကို သင့်အား အမှတ်ရစေပေမည်။ ၂ ပေတရု ၃:၁၀ တွင်မှတ်တမ်းတင်ထားသည့်အတိုင်း တမန်တော်ပေတရုက “သူခိုးသည် ညဉ့်အခါလာသကဲ့သို့ ထာဝရဘုရား[သခင်]၏နေ့ရက်သည် လာလိမ့်မည်။ ထိုနေ့၌ မိုးကောင်းကင်သည် ကြီးစွာသောအသံနှင့်တကွ ပျောက်သွားလိမ့်မည်။ လောကဓာတ်တို့သည် ပူအားကြီး၍ ပျက်ကြလိမ့်မည်။ မြေကြီးကိုယ်မှစ၍ မြေကြီးပေါ်မှာ ပြုလုပ်သမျှသောအရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်” ဟုရေးသားခဲ့သည်။ မိက္ခာ၏ပရောဖက်ပြုချက်နည်းတူ ပေတရု၏စကားများသည် ပကတိမိုးကောင်းကင်နှင့် မြေကြီးတို့ကို မဆိုလိုချေ။ ဤဘာသာတရားမဲ့စနစ်အပေါ် ကျရောက်တော့မည့် ကြီးစွာသောဆင်းရဲခြင်းကို ရည်ညွှန်းနေခြင်းဖြစ်သည်။
၁၃ ထိုဘေးကြီးဆိုက်ရောက်တော့မည်ဖြစ်လင့်ကစား ခရစ်ယာန်များသည် မိက္ခာနည်းတူ အနာဂတ်အတွက် ယုံကြည်စိတ်ချနိုင်ကြသည်။ မည်သို့အားဖြင့်နည်း။ ပေတရု၏စာစောင်တွင် ဆက်ဖော်ပြသည့်အခန်းငယ်များပါ ဆုံးမစကားကို လိုက်လျှောက်ခြင်းအားဖြင့်ဖြစ်သည်။ တမန်တော်က ဤသို့ဆို၏– “ဘုရားသခင်၏နေ့ရက်ရောက်လိမ့်မည်ဟု သင်တို့သည် မျှော်လင့်တောင့်တလျက် သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရား[သခင်]ဝတ်၌မွေ့လျော်ခြင်းအားဖြင့် အဘယ်သို့သောသူ ဖြစ်အပ်ကြသနည်း။” (၂ ပေတရု ၃:၁၂) ကျွန်ုပ်တို့သည် နာခံတတ်သောနှလုံးကို ပျိုးထောင်ပြီး ကျွန်ုပ်တို့၏အမူအကျင့်ကို သန့်ရှင်းစေ၍ ကျွန်ုပ်တို့၏ဘဝသည် ဘုရားသခင်ဝတ်၌မွေ့လျော်သော အပြုအမူများဖြင့် ပြည့်နေမည်ဆိုလျှင် ကျွန်ုပ်တို့၏အနာဂတ်မျှော်လင့်ချက်သည် တပ်အပ်ပြည့်စုံလာလိမ့်မည်။ ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို သေချာစေရန်မှာ ယေဟောဝါ၏နေ့ရက်သည် ဧကန်မုချရောက်ရှိလာမည်ကိုလည်း သတိရနေရမည်။
၁၄။ ဣသရေလနှင့် ယုဒတို့သည် အဘယ်ကြောင့် အပြစ်ခံထိုက်သနည်း။
၁၄ ယေဟောဝါ၏ရှေးခေတ်လူမျိုးတော်သည် အပြစ်ဒဏ်ခံထိုက်သည့်အကြောင်းရင်းကို ကိုယ်တော်ရှင်းပြတော်မူ၏။ မိက္ခာ ၁:၅ တွင်ဤသို့ဖော်ပြသည်– “ထိုအမှုသည် ယာကုပ်လွန်ကျူး၍ ဣသရေလအမျိုးပြစ်မှားသောကြောင့် ရောက်သတည်း။ ယာကုပ်လွန်ကျူးရာကား အဘယ်သို့နည်း။ ရှမာရိမြို့မဟုတ်လော။ ယုဒ၏မြင့်ရာအရပ်ကား အဘယ်မှာရှိသနည်း။ ယေရုရှလင်မြို့၌ရှိသည်မဟုတ်လော။” ယေဟောဝါကြောင့် ဣသရေလနှင့် ယုဒတည်ရှိရခြင်းဖြစ်၏။ သို့တိုင် သူတို့သည် ကိုယ်တော့်ကို ပုန်ကန်ခဲ့ကြပြီး ထိုပုန်ကန်မှုသည် သူတို့၏မြို့တော်အသီးသီးဖြစ်သော ရှမာရိနှင့် ယေရုရှလင်မြို့အထိပင် ရောက်ရှိလာကြသည်။
ဆိုးညစ်မှုများ တိုးများလာ
၁၅၊ ၁၆။ မိက္ခာနှင့်တစ်ခေတ်တည်းသားများသည် အဘယ်ဆိုးညစ်မှုများအတွက် အပြစ်ရှိကြသနည်း။
၁၅ မိက္ခာနှင့်တစ်ခေတ်တည်းသားများ၏ ဆိုးညစ်မှုကို မိက္ခာ ၂:၁၊ ၂ တွင်ဤသို့ကွင်းကွင်းကွက်ကွက်ဖော်ပြသည်– “[မကောင်းမှု]ကိုပြုခြင်းငှာ အိပ်ရာပေါ်မှာ မကောင်းသောအကြံကိုကြံ၍ မိုးလင်းသောအခါ အခွင့်ရသည်အတိုင်း ပြုတတ်သောသူတို့သည်ရှိကြ၏ [ပျက်စီးကြမည်]။ သူတစ်ပါး၏အိမ်နှင့် လယ်ယာတို့ကိုတပ်မက်၍ အနိုင်အထက်သိမ်းယူလျက် လူနှင့်သူ၏အိမ်ကိုလည်းကောင်း၊ လူကြီးနှင့် သူ၏အမွေဥစ္စာကိုလည်းကောင်း လုယက်၍ ညှဉ်းဆဲတတ်ကြ၏။”
၁၆ အလိုကြီးသူများသည် သူတို့အိမ်နီးချင်းများ၏ လယ်ယာများနှင့်အိမ်များကို မည်သို့သိမ်းယူရမည်ကို ည၌ ကြံစည်နေတတ်ကြသည်။ နံနက်မိုးလင်းသည်နှင့် သူတို့ကြံစည်သည့်အတိုင်း အလျင်အမြန်လုပ်ဆောင်လေ၏။ သူတို့သည် ယေဟောဝါ၏ပဋိညာဉ်ကို အမှတ်ရကြမည်ဆိုလျှင် ဤသို့သောဆိုးညစ်မှုများကို ပြုလုပ်ကြမည်မဟုတ်ချေ။ မောရှေပညတ်တွင် ဆင်းရဲသားများကို ကာကွယ်ပေးရန် အစီအစဉ်ပါရှိသည်။ ထိုပညတ်အရ အဘယ်မိသားစုမျှ မိမိတို့အမွေဆိုင်ပစ္စည်းများကို ထာဝစဉ်မဆုံးရှုံးသင့်ပေ။ သို့သော် အလိုကြီးသူများက ၎င်းကို အလေးမထားကြချေ။ ဝတ်ပြုရာ ၁၉:၁၈ တွင်ပါရှိသည့် “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်” ဟူသောစကားကို သူတို့လျစ်လျူရှုကြသည်။
၁၇။ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ပါသည်ဟု ဆိုသူများသည် သူတို့၏အသက်တာတွင် ရုပ်ပစ္စည်းကို ရှေးဦးထားသောအခါ အဘယ်အရာဖြစ်ပျက်နိုင်သနည်း။
၁၇ ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ပါသည်ဟု ဆိုသူများသည် ဝိညာဉ်ရေးပန်းတိုင်များကို အလေးမထားတော့ဘဲ ရုပ်ပစ္စည်းများကို ရှေးဦးရှာဖွေသောအခါ မည်သို့ဖြစ်ပျက်လာနိုင်ကြောင်းကို ယင်းကဖော်ပြသည်။ ပေါလုက “ငွေရတတ်ခြင်းငှာ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသူတို့အားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌ နစ်မွန်းတတ်ကြ၏” ဟူ၍ သူ့ခေတ်သူ့အခါက ခရစ်ယာန်များကို သတိပေးခဲ့သည်။ (၁ တိမောသေ ၆:၉) လူတစ်ဦးသည် သူ၏အသက်တာတွင် ငွေရရှိရန် အဓိကပန်းတိုင်ထားမည်ဆိုပါက ထိုသူသည် ဘုရားသခင်အမှန်မဟုတ်သော ငွေဘုရားသခင်၊ သို့မဟုတ် စည်းစိမ်ဥစ္စာကို ကိုးကွယ်နေရာရောက်သည်။ ဘုရားသခင်အမှန်မဟုတ်သော ၎င်းဘုရားသခင်သည် စိတ်ချရသော အနာဂတ်မျှော်လင့်ချက်ကို မပေးနိုင်ချေ။—မဿဲ ၆:၂၄။
၁၈။ မိက္ခာခေတ်ရှိ ဥစ္စာပစ္စည်းတပ်မက်သူများသည် မည်သို့ဖြစ်ပျက်တော့မည်နည်း။
၁၈ မိက္ခာခေတ်မှလူများစွာသည် ရုပ်ပစ္စည်းကို မှီခိုအားထားခြင်းက အချည်းနှီးသက်သက်ဖြစ်ကြောင်း နာကြည်းဖွယ်အတွေ့အကြုံမှ သင်ခန်းစာရခဲ့ကြသည်။ မိက္ခာ ၂:၄ အရ ယေဟောဝါဤသို့မိန့်တော်မူ၏– “ထိုကာလတွင် သင်တို့တစ်ဖက်၌ ပုံစကားကိုသုံး၍ အလွန်ပြင်းစွာမြည်တမ်းရသောစကားဟူမူကား ‘ငါတို့သည် ရှင်းရှင်းပျက်စီးကြပြီ။ ငါ့အမျိုးသားခံစားရသောအဖို့ကိုလဲ၍ ငါ့လက်မှ ရုပ်တော်မူပြီတကား။ ငါတို့လယ်ကွက်များကို ရုပ်သိမ်း၍ သူတစ်ပါးတို့အား ဝေဖန်တော်မူပြီ။’” အိမ်၊ လယ်ယာများကို ခိုးယူသူများ၏ မိသားစုပိုင်အမွေအနှစ်တို့သည် အမှန်တကယ်ပျောက်ဆုံးရလိမ့်မည်။ သူတို့သည် တိုင်းတစ်ပါးသို့ ပြည်နှင်ဒဏ်ခံရပြီး သူတို့၏ပစ္စည်းဥစ္စာများကို “သူတစ်ပါး” သို့မဟုတ် လူမျိုးအပေါင်းက တိုက်ခိုက်လုယက်ကြလိမ့်မည်။ တောက်ပသောအနာဂတ်မျှော်လင့်ချက်ရှိသမျှ ပျက်စီးသွားရပါလိမ့်မည်။
၁၉၊ ၂၀။ ယေဟောဝါကို ယုံကြည်ကိုးစားသော ဂျူးများသည် အဘယ်အရာတွေ့ကြုံခဲ့ကြသနည်း။
၁၉ သို့သော် ယေဟောဝါအား ယုံကြည်ကိုးစားသူများ၏ မျှော်လင့်ချက်မှာ ပျက်ပြားသွားမည်မဟုတ်ချေ။ ယေဟောဝါသည် အာဗြဟံ၊ ဒါဝိဒ်တို့နှင့်ဖွဲ့ခဲ့သော ပဋိညာဉ်များအပေါ် သစ္စာရှိပြီး မိက္ခာကဲ့သို့ ကိုယ်တော့်ကိုချစ်မြတ်နိုး၍ ဘုရားသခင်ထံမှ ဝေးကွာသွားသော ပြည်သားချင်းများကြောင့် ဝမ်းနည်းနေသူများကို ကရုဏာပြတော်မူ၏။ ဖြောင့်မတ်သူများကိုထောက်၍ ဘုရားသခင်သတ်မှတ်ထားသောအချိန်တွင် ပြန်လည်တည်ထောင်ခြင်းရှိလိမ့်မည်။
၂၀ ၎င်းသည် ဗာဗုလုန်ကျရှုံးပြီးနောက် ဂျူးအကြွင်းအကျန်များ နေရင်းပြည်သို့ပြန်လာကြသည့် ဘီ.စီ.အီး. ၅၃၇ ခုနှစ်တွင် ဖြစ်ပျက်ခဲ့သည်။ ထိုအချိန်တွင် မိက္ခာ ၂:၁၂ ပါစကားများ ကနဦးပြည့်စုံခဲ့၏။ ယေဟောဝါက “အိုယာကုပ် ငါသည် သင်၏အမျိုးသားအပေါင်းတို့ကိုလည်းကောင်း၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားအပေါင်းတို့ကိုလည်းကောင်း ဆက်ဆက်စုဝေးစေမည်။ သိုးခြံ၌ သိုးများကဲ့သို့လည်းကောင်း၊ ကျက်စားရာအရပ်ထဲမှာ သိုးစုကဲ့သို့လည်းကောင်း သူတို့ကို ငါစု၍ထားမည်။ လူများသောကြောင့် အသံကြီးလိမ့်မည်” ဟုမိန့်တော်မူ၏။ တကယ်ပင်မေတ္တာရှိသော ယေဟောဝါပါတကား! မိမိ၏လူမျိုးတော်ကို ဆုံးမပဲ့ပြင်ပြီးနောက် အကြွင်းအကျန်ကို သူတို့၏ဘိုးဘေးများအား ပေးခဲ့သည့်ပြည်သို့ ပြန်စေ၍ ကိုယ်တော့်အမှု ဆောင်စေခဲ့သည်။
ကျွန်ုပ်တို့ခေတ်တွင် မှတ်သားဖွယ်ဆင်တူချက်များ
၂၁။ မျက်မှောက်ခေတ်အခြေအနေများသည် မိက္ခာခေတ်အခြေအနေများနှင့် မည်သို့တူသနည်း။
၂၁ သင်သည် မိက္ခာကျမ်း၏ပထမအခန်းကြီးနှစ်ခန်းကို သုံးသပ်ခဲ့စဉ် ယနေ့နှင့် ဆင်တူသောအချက်အတော်များများကို စိတ်စွဲမှတ်ခဲ့သလော။ မိက္ခာခေတ်ကကဲ့သို့ ယခု လူများစွာသည် ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ပါသည်ဟု ဆိုကြ၏။ သို့သော် ယုဒနှင့် ဣသရေလတို့ကဲ့သို့ သူတို့သည် စိတ်ဝမ်းကွဲပြားလျက် အချင်းချင်း တိုက်ခိုက်နေကြသည်။ ခရစ်ယာန်ဘောင်မှ ချမ်းသာသူများစွာသည် ဆင်းရဲသားများကို ဖိနှိပ်နေကြသည်။ သမ္မာကျမ်းစာတွင် အတိအလင်းပြစ်တင်ရှုတ်ချထားသော အမူအကျင့်များကို အရေးမယူဘဲ ခွင့်ပြုထားကြသည့် ဘာသာရေးခေါင်းဆောင် များသည်ထက်များလာနေပြီ။ ထို့ကြောင့် ခရစ်ယာန်ဘောင်သည် မှားယွင်းသောဘာသာရေးကမ္ဘာ့အင်ပါယာ ‘မဟာဗာဗုလုန်’ တွင်ပါဝင်သည့် အခြားအဖွဲ့များနှင့်အတူ မကြာမီဖျက်ဆီးခံရမည်မှာ အံ့ဩစရာမဟုတ်ပေ! (ဗျာ. ၁၈:၁-၅) သို့သော် မိက္ခာခေတ်ကအတိုင်း ယေဟောဝါသည် သစ္စာရှိကျေးကျွန်များကို မြေကြီးပေါ်တွင် ကျန်ရှိစေပါလိမ့်မည်။
၂၂။ အဘယ်အုပ်စုနှစ်ခုသည် ဘုရားသခင့်နိုင်ငံတော်တွင် မျှော်လင့်ချက်ထားကြသနည်း။
၂၂ ၁၉၁၉ ခုနှစ်တွင် တည်ကြည်သောဝိညာဉ်တော်ဖွားခရစ်ယာန်များသည် ခရစ်ယာန်ဘောင်မှ အပြီးအပိုင်ခွဲထွက်လာ၍ လူမျိုးအပေါင်းအား ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကြေညာနေကြသည်။ (မဿဲ ၂၄:၁၄) ပထမဦးစွာ၊ သူတို့သည် ဝိညာဉ်ရေးဣသရေလအကြွင်းအကျန်ကို ကြိုးစားရှာဖွေခဲ့ကြ၏။ ထို့နောက် “အခြားသိုး” ကိုစတင်စုသိမ်းကာ ထိုအုပ်စုနှစ်ခုစလုံးသည် “သိုးခြံတစ်ခု၊ သိုးထိန်းတစ်ပါးတည်း” ဖြစ်လာလေသည်။ (ယောဟန် ၁၀:၁၆) ယခု သူတို့သည် ၂၃၄ နိုင်ငံတွင် ဘုရားသခင့်အမှုတော်ကို ထမ်းဆောင်နေကြသော်လည်း ယေဟောဝါအား သစ္စာရှိရှိဝတ်ပြုနေကြသော ဤသူတို့သည် အမှန်ပင် ‘စည်းလုံး’ လျက်ရှိကြ၏။ ယခု ဤသိုးခြံတွင် အမျိုးသမီးနှင့် ကလေးများအပါအဝင် “လူများသောကြောင့် အသံကြီး” နေပေပြီ။ သူတို့၏မျှော်လင့်ချက်သည် ဤအစီအစဉ်စနစ်တွင်မဟုတ်ဘဲ မကြာမီ မြေကြီးပရဒိသုဖြစ်လာစေမည့် ဘုရားသခင့်နိုင်ငံတော်တွင်ဖြစ်၏။
၂၃။ သင်၏မျှော်လင့်ချက်သည် တပ်အပ်သေချာကြောင်း အဘယ်ကြောင့်ယုံကြည်စိတ်ချသနည်း။
၂၃ ယေဟောဝါ၏တည်ကြည်သောဝတ်ပြုသူများနှင့်ပတ်သက်၍ မိက္ခာကျမ်းအခန်းကြီး ၂ ၏နောက်ဆုံးအခန်းငယ်က ဤသို့ဆို၏– “သူတို့ရှင်ဘုရင်သည် သူတို့ရှေ့မှာသွား၍ ထာဝရဘုရား[သခင်]သည် လမ်းပြတော်မူ၏။” ယေဟောဝါကိုယ်တော်တိုင် ထိပ်ဆုံးတွင်ရှိနေသည့် ထိုအောင်ပွဲခံချီတက်ပွဲတွင် သင့်ကိုယ်ကို သင်၏ရှင်ဘုရင် ယေရှုခရစ်၏နောက်မှ လိုက်ပါနေကြောင်း တွေ့မြင်ပါသလော။ သို့ဆိုလျှင် ထိုအောင်ပွဲသည် ဧကန်အမှန်ဖြစ်လာပြီး သင်၏မျှော်လင့်ချက်သည် တပ်အပ်သေချာကြောင်း ယုံကြည်စိတ်ချနိုင်သည်။ မိက္ခာပရောဖက်ပြုချက်၏ နောက်ထပ်ပေါ်လွင်ချက်များကို ကျွန်ုပ်တို့သုံးသပ်သောအခါ ယင်းအချက်သည် ပို၍ပင်ထင်ရှားလာပါလိမ့်မည်။
သင်မည်သို့ဖြေဆိုမည်နည်း
• ယေဟောဝါသည် မိက္ခာခေတ်ရှိ ယုဒနှင့်ဣသရေလတို့ကို အရေးယူရန် အဘယ်ကြောင့်ဆုံးဖြတ်ခဲ့သနည်း။
• ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ပါသည်ဟု ဆိုကြသူများသည် သူတို့ဘဝတွင် ရုပ်ပစ္စည်းများကို ရှေးဦးထားသောအခါ အဘယ်အရာဖြစ်ပျက်နိုင်သနည်း။
• မိက္ခာကျမ်းအခန်းကြီး ၁ နှင့် ၂ ကိုသုံးသပ်ပြီးနောက် သင်၏ မျှော်လင့်ချက်သည် တပ်အပ်သေချာကြောင်း အဘယ်ကြောင့် ယုံကြည်စိတ်ချသနည်း။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
မိက္ခာပရောဖက်ပြုချက်သည် ကျွန်ုပ်တို့ကို ဝိညာဉ်ရေး ခွန်အားရှိစေနိုင်
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ဘီ.စီ.အီး. ၅၃၇ ခုနှစ်မှ ဂျူးအကြွင်းအကျန်ကဲ့သို့ ဝိညာဉ်ရေးဣသရေလနှင့် သူတို့၏အပေါင်းပါများသည် စစ်မှန်သော ဝတ်ပြုရေးကို မြှင့်တင်ခဲ့ကြ