“ပြီးသွားပြီကိုး!”
ယေဟောဝါသက်သေများသည် ၂၀၀၂ ခုနှစ်က ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ အနောက်မြောက်ပိုင်းရှိ မဘန်ဒါကာမြို့တွင် ခရိုင်စည်းဝေးကြီး ကျင်းပခဲ့ကြသည်။ ထိုစည်းဝေးကြီးတွင် ခရစ်ယာန်ဂရိကျမ်းစောင်များ၏ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို လင်ဂါလာစကားဖြင့်ထုတ်ဝေခဲ့ရာ ပရိသတ်ရှိလူများစွာသည် ရွှင်မြူးခုန်ပေါက်ကြပြီး အချို့က ဝမ်းသာမျက်ရည်ကျခဲ့ကြသည်။ ထို့နောက် သူတို့သည် ကျမ်းစာအသစ်ကို အနီးကပ်ကြည့်ရှုလို၍ စင်မြင့်အနား တိုးကပ်လာကြကာ “ပြီးသွားပြီကိုး! ချာ့ချ်ကတော့ အရှက်ရသွားပြီ!” ဟူ၍အဓိပ္ပာယ်ရှိသော “ဘာစူကီ၊ ဘာစမ်ဘွေ” ဟုအော်ပြောကြ၏။
ပရိသတ်သည် အဘယ်ကြောင့် ဤမျှစိတ်လှုပ်ရှားရသနည်း၊ သူတို့၏စကားများက အဘယ်အရာကို ဆိုလိုသနည်း။ မဘန်ဒါကာမြို့၏ တချို့ဒေသများတွင် ယေဟောဝါသက်သေများသည် လင်ဂါလာကျမ်းစာများ ဝယ်၍မရနိုင်ကြချေ။ အဘယ်ကြောင့်နည်း။ ချာ့ချ်က ယေဟောဝါသက်သေများကို မရောင်းပေးကြ၍ဖြစ်၏။ ထို့ကြောင့် သက်သေခံမဟုတ်သူတို့မှတစ်ဆင့် ကျမ်းစာများဝယ်ပေးရန် တောင်းဆိုကြရသည်။ ယခုမူ သမ္မာကျမ်းစာမရရှိရန် ချာ့ချ်က တားဆီးနိုင်တော့မည်မဟုတ်၍ သူတို့ အလွန်ပီတိဖြစ်ခဲ့ကြသည်။
ဘာသာပြန်ကျမ်းစာအသစ်က ယေဟောဝါသက်သေများကိုသာမက အများပြည်သူတို့ကိုပါ အကျိုးပြုပေမည်။ မိမိ၏နေအိမ်မှာပင် စည်းဝေးပွဲကျင်းပရာ အသံချဲ့စက်မှတစ်ဆင့် ထိုအစီအစဉ်ကိုကြားရသော အမျိုးသားတစ်ဦးက ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးသို့ ဤသို့စာရေးခဲ့၏– “ဒီကျမ်းစာထွက်လာလို့ ကျွန်တော်သိပ်ဝမ်းသာတယ်။ ဒီကျမ်းစာက အကြောင်းအတော်များများကို သိရှိစေလိမ့်မယ်။ ကျွန်တော်ဟာ ယေဟောဝါသက်သေမဟုတ်ပေမဲ့ ခင်ဗျားတို့ထုတ်ဝေလိုက်တဲ့ အဲဒီကျမ်းစာရယူနိုင်ဖို့ စောင့်မျှော်နေပါတယ်။”
ယခုအခါ ခရစ်ယာန်ဂရိကျမ်းစောင်များ၏ ကမ္ဘာသစ်ဘာသာပြန်ကျမ်းစာကို ဘာသာစကား ၃၂၊ ခရစ်ယာန်ဂရိကျမ်းစာကို လင်ဂါလာစကားအပါအဝင် အခြားဘာသာစကား ၁၈ မျိုးဖြင့် ရရှိနိုင်ပါပြီ။ ဤအထူးကောင်းမွန်လှသည့် ဘာသာပြန်ကျမ်းစာတစ်အုပ်ကို ရရှိလိုလျှင် ယေဟောဝါသက်သေတစ်ဦးထံ တောင်းဆိုပါလေ။