ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၇/၁ စာ. ၂၈-စာ. ၃၁ ပိုဒ်. ၁၂
  • ဓမ္မရာဇဝင်တတိယစောင်မှ ပေါ်လွင်ချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဓမ္မရာဇဝင်တတိယစောင်မှ ပေါ်လွင်ချက်များ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ငြိမ်သက်မှုနှင့် သာယာဝပြောမှုတို့ တိုးပွားစေသောပညာရှိရှင်ဘုရင်တစ်ပါး
  • (၃ ဓမ္မရာဇဝင် ၁:၁–၁၁:၄၃)
  • စည်းလုံးသောနိုင်ငံတစ်ခု နှစ်ခြမ်းကွဲသွားခြင်း
  • (၃ ဓမ္မရာဇဝင် ၁၂:၁–၂၂:၅၃)
  • ကျွန်ုပ်တို့အတွက် အလွန်တန်ဖိုးရှိ
  • ၁ ဘုရင်များ မာတိကာ
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ပညာရှိဘုရင် ရှောလမုန်
    သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
  • သူက သင့်အတွက် စံနမူနာလား၊ သတိပေးချက်လား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • အစ္စရေးနိုင်ငံ နှစ်ခြမ်းကွဲသွား
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၇/၁ စာ. ၂၈-စာ. ၃၁ ပိုဒ်. ၁၂

ယေဟောဝါ၏စကားတော်သည် အသက်ရှင်၏

ဓမ္မရာဇဝင်တတိယစောင်မှ ပေါ်လွင်ချက်များ

“ဖြောင့်မတ်သောသူတို့သည် အခွင့်ရသောအခါ ပြည်သူပြည်သားတို့သည် ဝမ်းမြောက်တတ်ကြ၏။ မတရားသောသူတို့သည် အုပ်စိုးသောအခါမူကား ပြည်သူပြည်သားတို့သည် ဝမ်းနည်းတတ်ကြ၏။” (သု. ၂၉:၂) ဓမ္မရာဇဝင်တတိယစောင်သည် ဤနယပုံပြင်စကားမှန်ကန်ကြောင်း ထင်ရှားစွာသက်သေထူသည်။ ယင်းက ရှောလမုန်၏ဘဝအတ္ထုပ္ပတ္တိကို ဖော်ပြသည်၊ သူအုပ်ချုပ်ချိန်အတွင်း ရှေးခေတ်ဣသရေလပြည်သည် လုံခြုံမှုနှင့် အလွန့်အလွန်သာယာဝပြောမှုတို့ကို ခံစားခဲ့ရသည်။ ဓမ္မရာဇဝင်တတိယစောင်၌ ရှောလမုန်သေဆုံးပြီးနောက်ပိုင်း နိုင်ငံနှစ်ခြမ်းကွဲသွားသည့်မှတ်တမ်းနှင့် ဣသရေလနှင့်ယုဒပြည်တွင် အသီးသီးအုပ်စိုးသည့် သူ့နောက်ပိုင်း ဘုရင် ၁၄ ဦး၏မှတ်တမ်းလည်းပါဝင်သည်။ ထိုဘုရင်များထဲမှ နှစ်ဦးသာယေဟောဝါကို မပြတ်တည်ကြည်ခဲ့ကြသည်။ ထို့ပြင် ဧလိယအပါအဝင် ပရောဖက်ခြောက်ဦး၏ လုပ်ငန်းဆောင်ရွက်မှုများကိုလည်း ဖော်ပြထားသည်။

ဤကျမ်းစောင်ကို ပရောဖက်ယေရမိက ယေရုရှလင်နှင့်ယုဒမြို့တို့တွင် ရေးသားခဲ့ပြီး ဘီ.စီ.အီး. ၁၀၄၀ မှ ဘီ.စီ.အီး. ၉၁၁ ခုနှစ်အထိ နှစ်ပေါင်း ၁၂၉ နှစ်ခန့်ရှည်လျားသောအချိန်ပိုင်းကို ငုံမိသည်။ ဤကျမ်းကိုပြုစုနေစဉ် ယေရမိသည် “ရှောလမုန်ဝတ္ထု” ကဲ့သို့သော ရှေးခေတ်မှတ်တမ်းများကို စစ်ဆေးလေ့လာခဲ့သည်မှာ ထင်ရှားသည်။ ထိုကဲ့သို့သောမှတ်တမ်းများ ယခုမတည်ရှိတော့ပေ။—၃ ဓမ္မရာဇဝင် ၁၁:၄၁; ၁၄:၁၉; ၁၅:၇။

ငြိမ်သက်မှုနှင့် သာယာဝပြောမှုတို့ တိုးပွားစေသောပညာရှိရှင်ဘုရင်တစ်ပါး

(၃ ဓမ္မရာဇဝင် ၁:၁–၁၁:၄၃)

ဓမ္မရာဇဝင်တတိယစောင်သည် ဘုရင်ဒါဝိဒ်၏သားတော် အဒေါနိယက ခမည်းတော်၏နန်းရိုက်ရာကို လုယူဖို့ကြိုးစားသည့် စိတ်ဝင်စားစရာမှတ်တမ်းတစ်ခုဖြင့် အစပြုထားသည်။ ပရောဖက်နာသန်၏ အချိန်ကိုက်အပြုအမူက ထိုအကြံအစည်ကိုပျက်ပြားသွားစေပြီး ဒါဝိဒ်၏သားတော် ရှောလမုန်နန်းတက်ခဲ့သည်။ ယေဟောဝါသည် နန်းတက်စဘုရင်သစ်၏ တောင်းဆိုမှုကိုသဘောကျနှစ်သက်ပြီး “ဉာဏ်ပညာနှင့်ပြည့်စုံသောစိတ်ဝိညာဉ်” နှင့်တကွ “စည်းစိမ်ဥစ္စာ၊ ဂုဏ်အသရေ” တို့ကို သူ့အားပေး၏။ (၃ ဓမ္မရာဇဝင် ၃:၁၂၊ ၁၃) ဘုရင်၏ ဉာဏ်ပညာသည် ပြိုင်စံရှားဖြစ်ပြီး ချမ်းသာကြွယ်ဝမှုမှာ အတုမရှိပေ။ ဣသရေလလူတို့သည် ငြိမ်းချမ်းသာယာဝပြောသောကာလကို ပျော်မွေ့ခဲ့ကြသည်။

ရှောလမုန်ဆောက်လုပ်ပြီးစီးခဲ့သော အဆောက်အအုံများတွင် ယေဟောဝါ၏ဗိမာန်တော်နှင့် အစိုးရအဆောက်အအုံအမျိုးမျိုးပါဝင်သည်။ ယေဟောဝါသည် ရှောလမုန်အား သင်နာခံမှုအမြဲပြလျှင် “သင်ထိုင်ရသောဣသရေလနိုင်ငံ၏ ရာဇပလ္လင်ကို အစဉ်ငါတည်စေမည်” ဟုအာမခံသည်။ (၃ ဓမ္မရာဇဝင် ၉:၄၊ ၅) စစ်မှန်သောဘုရားသခင်သည် မနာခံမှု၏ဆိုးကျိုးများကိုလည်း ကြိုအသိပေးထားသည်။ သို့သော် ရှောလမုန်သည် တစ်ပါးအမျိုးသားမိန်းမများစွာကိုယူခဲ့ပြီး သူတို့၏သြဇာလွှမ်းမိုးမှုကြောင့် အသက်ကြီးပိုင်းအရွယ်တွင် မှားယွင်းသောဝတ်ပြုရေးဘက် ပါသွားခဲ့သည်။ ထိုအခါ သူ့နိုင်ငံနှစ်ခြမ်းကွဲမည့်အကြောင်း ယေဟောဝါကြိုပြောခဲ့သည်။ ဘီ.စီ.အီး. ၉၉၇ ခုတွင် ရှောလမုန်သေဆုံးပြီး သူ၏နန်းသက်အနှစ် ၄၀ အဆုံးတိုင်လေသည်။ သူ၏သားရောဗောင် နန်းတက်လေသည်။

ကျမ်းစာမေးခွန်းများ အဖြေ–

၁:၅—ဒါဝိဒ်သက်ရှိထင်ရှားစဉ် အဒေါနိယသည် နန်းမွေကိုသိမ်းယူရန် အဘယ့်ကြောင့်ကြိုးစားသနည်း။ သမ္မာကျမ်းစာက မဖော်ပြထားပါ။ သို့သော် အဒေါနိယ၏အစ်ကိုကြီးများဖြစ်သော အာမနုန်နှင့် အဗရှလုံတို့ သေဆုံးကုန်ပြီဖြစ်၍ ဒါဝိဒ်၏သားခါလပ်လည်း ထိုသို့ဖြစ်နိုင်ဖွယ်ရှိရာ ဒါဝိဒ်၏လက်ရှိသားများတွင် အကြီးဆုံးဖြစ်သည့်အတွက် မိမိသာထီးနန်းရထိုက်သည်ဟု အဒေါနိယယူမှတ်ခဲ့ကြောင်း ကောက်ချက်ချရန် ကျိုးကြောင်းဆီလျော်သည်။ (၂ ဓမ္မရာဇဝင် ၃:၂-၄; ၁၃:၂၈၊ ၂၉; ၁၈:၁၄-၁၇) အင်အားကြီးသောစစ်ဗိုလ်ချုပ် ယွာဘနှင့် ဩဇာရှိယဇ်ပုရောဟိတ်မင်း အဗျာသာတို့၏ ထောက်မကူညီမှုရရှိထားသောကြောင့် သူ၏ကြိုးပမ်းမှုအောင်မြင်လိမ့်မည်ဟု အဒေါနိယယုံကြည်နေပုံရသည်။ ရှောလမုန်အားနန်းမွေဆက်ခံစေမည့် ဒါဝိဒ်၏အကြံကို သူသိ,မသိ သမ္မာကျမ်းစာက မဖော်ပြထားပါ။ သို့သော် ရှောလမုန်နှင့် ဒါဝိဒ်အားတည်ကြည်သောအခြားသူများကို ‘ပွဲခံ’ ရာသို့ အဒေါနိယ မဖိတ်ခေါ်ခဲ့ပေ။ (၃ ဓမ္မရာဇဝင် ၁:၉၊ ၁၀၊ ကဘ) ယင်းက ရှောလမုန်အား ပြိုင်ဖက်တစ်ဦးအဖြစ် သူသဘောထားကြောင်း ဖော်ပြသည်။

၁:၄၉-၅၃; ၂:၁၃-၂၅—ရှောလမုန်သည် အဒေါနိယအားခွင့်လွှတ်ပြီးမှ အဘယ့်ကြောင့်ပြန်သတ်ခဲ့သနည်း။ အဘိရှက်အားဇနီးမယားအဖြစ် အဒေါနိယအားပေးစားပါရန် ဘုရင်အား ဗာသရှေဘပြောသောအခါ ယင်းကို သူမ,သတိမထားမိသော်လည်း အဒေါနိယ၏ထိုတောင်းဆိုမှုနောက်ကွယ်ရှိ သဘောထားမှန်ကို ရှောလမုန်ရိပ်စားမိသည်။ ဒါဝိဒ်သည် လှပသောအဘိရှက်နှင့် မဆက်ဆံခဲ့သော်လည်း သူသည် ဒါဝိဒ်၏မောင်းမမိဿံတစ်ဦးဖြစ်သည်။ ထိုခေတ်ကထုံးစံအရ သူသည် ဒါဝိဒ်အားတရားဝင်ဆက်ခံသူ၏ ပိုင်ဆိုင်ရာဖြစ်သည်။ အဘိရှက်အား မယားအဖြစ်သိမ်းယူခြင်းဖြင့် ထီးနန်းအတွက်ကြိုးပမ်းနိုင်သေးသည်ဟု အဒေါနိယတွေးထင်ပုံရသည်။ အဒေါနိယ၏တောင်းဆိုချက်ကို ထီးနန်းရရန်ရည်မှန်းချက်အား အကောင်အထည်ဖော်ခြင်းအဖြစ် သတ်မှတ်သောကြောင့် ရှောလမုန်သည် ခွင့်လွှတ်မှုကိုပြန်ရုပ်သိမ်းခဲ့သည်။

၆:၃၇–၈:၂—ဗိမာန်တော်ကို အဘယ်အချိန်တွင် အပ်နှံခဲ့သနည်း။ ရှောလမုန်နန်းစံ ၁၁ နှစ်မြောက် ဘီ.စီ.အီး. ၁၀၂၇ ခုနှစ်၏ အဋ္ဌမလတွင် ဗိမာန်တော်ဆောက်လုပ်ပြီးစီးခဲ့သည်။ အသုံးအဆောင်ပစ္စည်းများသယ်ဆောင်လာခြင်းနှင့် အခြားသောပြင်ဆင်မှုများပြုလုပ်ခြင်းသည် ၁၁ လကြာပုံရသည်။ အပ်နှံပွဲသည် ဘီ.စီ.အီး. ၁၀၂၆ ခုနှစ်၏ သတ္တမလတွင် ပြုလုပ်ခဲ့ရမည်။ ကျမ်းရေးသူသည် ဗိမာန်တော်ဆောက်လုပ်ပြီးစီးခြင်းအကြောင်း ဖော်ပြပြီးနောက် အပ်နှံပွဲအကြောင်းမပြောမီ အခြားဆောက်လုပ်ရေးလုပ်ငန်းစဉ်များအကြောင်း ဖော်ပြထားခြင်းမှာ ထိုအချိန်အတောအတွင်း ဆောက်လုပ်ခဲ့သောလုပ်ငန်းစဉ်များအကြောင်း အသေးစိတ်ဖော်ပြလို၍ဖြစ်နိုင်သည်။—၂ ရာဇဝင်ချုပ် ၅:၁-၃။

၉:၁၀-၁၃—ရှောလမုန်သည် ဂါလိလဲနယ်ရှိမြို့ ၂၀ ကို တုရုမင်းကြီးဟိရံအား လက်ဆောင်ပေးခြင်းသည် မောရှေပညတ်နှင့် ကိုက်ညီသလော။ ဝတ်ပြုရာ ၂၅:၂၃၊ ၂၄ ၌ဖော်ပြထားသောပညတ်သည် ဣသရေလလူမျိုးပိုင်သောမြေနှင့်သာ သက်ဆိုင်ပုံရသည်။ ဟိရံအားရှောလမုန်ပေးလိုက်သောမြို့များသည် ကတိထားရာပြည်တော်အတွင်း၌ တည်ရှိသော်လည်း ဣသရေလလူမျိုးမဟုတ်သူများ နေထိုင်ခြင်းဖြစ်နိုင်သည်။ (ထွက်မြောက်ရာ ၂၃:၃၁) ရှောလမုန်သည် ‘ကိုယ့်အဖို့ မြင်းများကိုများပြားစေ’ ခဲ့ပြီး မယားများစွာယူစဉ်က ပညတ်တော်ကို အပြည့်အဝလိုက်လျှောက်ရန် ပျက်ကွက်ခဲ့သကဲ့သို့ ဤအပြုအမူသည်လည်း ယင်းကို ပြသနေခြင်းဖြစ်နိုင်သည်။ (တရားဟောရာ ၁၇:၁၆၊ ၁၇၊ သမ) မည်သို့ပင်ဖြစ်ပါစေ ဟိရံသည်ထိုလက်ဆောင်ကို သဘောမကျခဲ့ပါ။ ထိုတွင်နေထိုင်သော အယူမှားသူများက မြို့ကိုကောင်းစွာမထိန်းသိမ်းခဲ့၍ဖြစ်နိုင်သကဲ့သို့ မြို့၏တည်နေရာမကောင်း၍လည်း ဖြစ်နိုင်သည်။

၁၁:၄—ငယ်မူပြန်ခြင်းက ရှောလမုန်အားအသက်ကြီးချိန်တွင် မတည်ကြည်စေခဲ့ခြင်းလော။ ထိုသို့မဖြစ်နိုင်ပါ။ ရှောလမုန်နန်းတက်စက အတော်အသက်ငယ်ပြီး အနှစ် ၄၀ အုပ်ချုပ်ခဲ့သော်လည်း အလွန်မအိုမင်းသေးပေ။ ထို့ပြင် သူသည် ဘုရားသခင်အားဝတ်ပြုခြင်းကို လုံးဝစွန့်လွှတ်လိုက်သည်မဟုတ်ပါ။ ယုံကြည်ခြင်းရောနှောခဲ့ဟန်ရှိသည်။

ကျွန်ုပ်တို့အတွက် သင်ခန်းစာများ–

၂:၂၆၊ ၂၇၊ ၃၅။ ယေဟောဝါကြို၍ မိန့်တော်မူသမျှ အမြဲပင်မှန်ကန်ပြည့်စုံလာသည်။ ဧလိမှဆင်းသက်လာသူ အဗျာသာအားဖယ်ရှားခြင်းက ‘ထာဝရဘုရားသည် ဧလိအမျိုးကို အကြောင်းပြု၍ မိန့်တော်မူသောစကား’ ကိုပြည့်စုံစေခဲ့သည်။ အဗျာသာအား ဖိနဟပ်၏မျိုးရိုးမှဆင်းသက်လာသူ ဇာဒုတ်နှင့်အစားထိုးခြင်းက တောလည်ရာ ၂၅:၁၀-၁၃ ပြည့်စုံခြင်းဖြစ်သည်။—ထွက်မြောက်ရာ ၆:၂၅; ၁ ဓမ္မရာဇဝင် ၂:၃၁; ၃:၁၂; ၁ ရာဇဝင်ချုပ် ၂၄:၃။

၂:၃၇၊ ၄၁-၄၆။ ပြစ်ဒဏ်မခံရဘဲ ဘောင်များကို ကျော်၍ရသည်ဟု တွေးထင်ခြင်းသည် အလွန်အန္တရာယ်ရှိ၏! ‘အသက်ရှင်ခြင်းသို့ရောက်သော လမ်းကျဉ်း’ တွင်လျှောက်နေခြင်းမှ တမင်သွေဖည်သွားသူများသည် ထိုပညာမရှိသောဆုံးဖြတ်ချက်၏ နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရမည်ဖြစ်သည်။—မဿဲ ၇:၁၄။

၃:၉၊ ၁၂-၁၄။ ယေဟောဝါ၏အမှုတော်ကို ထမ်းဆောင်နိုင်ရန် ဉာဏ်ပညာ၊ သိနားလည်မှုနှင့် လမ်းညွှန်မှုပေးဖို့ ကိုယ်တော့်ကျေးကျွန်များ စိတ်ရင်းမှန်နှင့်တောင်းသည့် ဆုတောင်းချက်များကို ကိုယ်တော်ဖြေကြားတော်မူသည်။—ယာကုပ် ၁:၅။

၈:၂၂-၅၃။ ရှောလမုန်သည် ချစ်ခင်ကြင်နာခြင်းနှင့် ကြွယ်ဝသော၊ ကတိတော်များကို ပြည့်စုံစေတော်မူသော၊ ဆုတောင်းချက်များကို နားညောင်းသောဘုရားသခင်ယေဟောဝါအား အလွန်လှိုက်လှဲစွာ ကျေးဇူးတင်လေးမြတ်ခဲ့သည်! ရှောလမုန်၏ အပ်နှံပွဲဆုတောင်းစကားများကို တွေးတောဆင်ခြင်ခြင်းက ထိုအရာများနှင့် ဘုရားသခင့်အရည်အသွေး၏ အခြားကဏ္ဍများအပေါ် ကျွန်ုပ်တို့၏တန်ဖိုးထားလေးမြတ်မှုကို တိုးပွားစေပါမည်။

၁၁:၉-၁၄၊ ၂၃၊ ၂၆။ ရှောလမုန်သည် သူ၏နောက်ပိုင်းနှစ်များတွင် နာခံမှုမရှိတော့သောအခါ ဆန့်ကျင်ပုန်ကန်သူများကို ယေဟောဝါပေါ်ထွက်စေခဲ့သည်။ “ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင်ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏” ဟု တမန်တော်ပေတရုဆိုသည်။—၁ ပေတရု ၅:၅။

၁၁:၃၀-၄၀။ ယေရောဗောင်နှင့်ပတ်သက်ပြီး အဟိယပရောဖက်ပြုခဲ့သည့်စကားကြောင့် ဘုရင်ရှောလမုန်သည် ယေရောဗောင်အားသတ်ရန် ရှာကြံခဲ့သည်။ အဒေါနိယနှင့် အခြားကြံရာပါများကို လက်စားချေရန် ငြင်းဆိုခဲ့သည့် အစောပိုင်းနှစ် ၄၀ ခန့်က သူ၏တုံ့ပြန်ပုံနှင့် မည်မျှကွာခြားလိုက်လေခြင်း! (၃ ဓမ္မရာဇဝင် ၁:၅၀-၅၃) ထိုသို့သဘောထားပြောင်းလဲခြင်းက ယေဟောဝါထံမှ ထွက်ခွာသွားခြင်းကြောင့်ဖြစ်သည်။

စည်းလုံးသောနိုင်ငံတစ်ခု နှစ်ခြမ်းကွဲသွားခြင်း

(၃ ဓမ္မရာဇဝင် ၁၂:၁–၂၂:၅၃)

ယေရောဗောင်နှင့်လူတို့သည် ဘုရင်ရောဗောင်ထံလာပြီး သူ့ခမည်းတော်ရှောလမုန်တင်ခဲ့သော ဝန်ကိုလျှော့ပေါ့ပေးရန် တောင်းဆိုကြသည်။ သူတို့၏တောင်းဆိုချက်ကို လိုက်လျောမည့်အစား ရောဗောင်သည် သူတို့အပေါ် ပို၍လေးသောဝန်ကို တင်မည်ဟုပင် ခြိမ်းခြောက်လိုက်သည်။ ဆယ်နွယ်သည်ပုန်ကန်ပြီး ယေရောဗောင်ကို သူတို့၏ ဘုရင်အဖြစ်တင်မြှောက်ခဲ့ကြသည်။ နိုင်ငံမှာ နှစ်ခြမ်းကွဲခဲ့လေသည်။ ရောဗောင်သည် ယုဒနှင့်ဗင်ယာမိန်အနွယ်များဖြင့်ဖွဲ့စည်းထားသော တောင်ပိုင်းနိုင်ငံကို အုပ်ချုပ်ပြီး ယေရောဗောင်သည် မြောက်ပိုင်းဆယ်နွယ်နိုင်ငံကို စိုးစံခဲ့သည်။

လူတို့အားယေရုရှလင်မြို့သို့သွား၍ ဝတ်ပြုခြင်းကိုဟန့်တားရန် ယေရောဗောင်သည် ရွှေနွားရုပ်နှစ်ခုပြုလုပ်၍ ဒန်မြို့၌တစ်ခု၊ ဗေသလမြို့၌တစ်ခု တည်ထားခဲ့သည်။ ယေရောဗောင်နောက်ပိုင်း ဣသရေလပြည်၌အုပ်စိုးသောဘုရင်များတွင် နာဒဒ်၊ ဗာရှာ၊ ဧလာ၊ ဇိမရိ၊ တိဗနိ၊ ဩမရိ၊ အာဟပ်နှင့် အာခဇိတို့ပါဝင်သည်။ အဘိယ၊ အာသ၊ ယောရှဖတ်နှင့် ယဟောရံတို့သည် ယုဒပြည်တွင် ရောဗောင်ကိုဆက်ခံသူများဖြစ်သည်။ ထိုဘုရင်များလက်ထက် တက်ကြွစွာအမှုဆောင်လျက်ရှိသော ပရောဖက်များတွင် အဟိယ၊ ရှေမာယ၊ အမည်မဖော်ပြသော ဘုရားသခင်၏လူအပြင် ယေဟု၊ ဧလိယနှင့် မိက္ခာတို့လည်းပါဝင်သည်။

ကျမ်းစာမေးခွန်းများ အဖြေ–

၁၈:၂၁—ယေဟောဝါနှင့်ဗာလ တစ်ပါးပါးအားဆည်းကပ်ရန် လူတို့အားဧလိယပြောသောအခါ သူတို့အဘယ့်ကြောင့်တိတ်ဆိတ်နေကြသနည်း။ ယေဟောဝါအား ကိုယ်တော်တောင်းဆိုသော အကြွင်းမဲ့ဆည်းကပ်ဝတ်ပြုမှုပေးရန် သူတို့ပျက်ကွက်သည်ကို အသိအမှတ်ပြုပြီး အပြစ်ရှိသည်ဟု ခံစားရ၍ဖြစ်နိုင်သည်။ သို့မဟုတ် ယေဟောဝါအား ဝတ်ပြုကိုးကွယ်ပါသည်ဟုဆိုပြီး တစ်ချိန်တည်းတွင် ဗာလအားဝတ်ပြုခြင်းသည် လုံးဝမမှားဟု မြင်လာသည်အထိ သူတို့၏သိစိတ်များထုံထိုင်းနေ၍ ဖြစ်နိုင်သည်။ ယေဟောဝါသည် မိမိ၏တန်ခိုးတော် ထင်ရှားပြသပြီးနောက်မှသာ သူတို့က “ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏” ဟုဆိုသည်။—၃ ဓမ္မရာဇဝင် ၁၈:၃၉။

၂၀:၃၄—ယေဟောဝါသည် အာဟပ်အား ရှုရိလူမျိုးအပေါ် အောင်နိုင်ခွင့်ပေးပြီးမှ အာဟပ်သည် သူတို့၏ဘုရင်ဗင်ဟာဒဒ်ကို အဘယ့်ကြောင့် အသက်ချမ်းသာပေးခဲ့သနည်း။ အာဟပ်သည် ဗင်ဟာဒဒ်ကိုသတ်မည့်အစား သူနှင့်ပဋိညာဉ်ဖွဲ့ပြီး ဈေးများတည်ဆောက်ရန်ဖြစ်ပုံရသော ရှုရိပြည်၏မြို့တော် ဒမာသက်မြို့ရှိလမ်းများကို ဗင်ဟာဒဒ်က အာဟပ်အားလွှဲပြောင်းပေးသည်။ အစောပိုင်း၌ ဗင်ဟာဒဒ်၏ခမည်းတော်သည် ရှမာရိပြည်၏လမ်းများကို စီးပွားရေးအတွက် အလားတူအသုံးပြုခဲ့သည်။ ထို့ကြောင့် အာဟပ်သည် ဒမာသက်၌ ကုန်ကူးသန်းမှုပြုရန် ဗင်ဟာဒဒ်ကိုလွှတ်ပေးလိုက်ခြင်းဖြစ်သည်။

ကျွန်ုပ်တို့အတွက် သင်ခန်းစာများ–

၁၂:၁၃၊ ၁၄။ ဘဝတွင် အရေးကြီးသောဆုံးဖြတ်ချက်များချရာ၌ ဘုရားသခင်၏မူများကို အလွန်လေးမြတ်ပြီး ကျမ်းစာအသိပညာကြွယ်ဝသော ဉာဏ်ပညာရှိရင့်ကျက်သောသူများထံမှ အကြံဉာဏ်တောင်းခံသင့်သည်။

၁၃:၁၁-၂၄။ အကြံဉာဏ် သို့မဟုတ် အကြံပြုချက်တစ်ခုသည် စိတ်ရင်းမှန်ခရစ်ယာန်ချင်းတစ်ဦးထံမှပင်ဖြစ်ပါစေ ဒွိဟဖြစ်ဖွယ်ရှိပါက သမ္မာကျမ်းစာ၏ ညွှန်ကြားချက်နှင့် ချိန်ကိုက်ကြည့်သင့်သည်။—၁ ယောဟန် ၄:၁။

၁၄:၁၃။ ယေဟောဝါသည် ကျွန်ုပ်တို့၏ကောင်းကွက်ကို ရှာတွေ့ရန် ကျွန်ုပ်တို့ကို အသေအချာစစ်ဆေးကြည့်ရှုတော်မူသည်။ ထိုကောင်းကွက်သည် မည်မျှပင်သေးငယ်စေကာမူ ကိုယ်တော့်အမှုတော်ဆောင်ရန် ကျွန်ုပ်တို့အစွမ်းကုန်ကြိုးစားနေသရွေ့ ယင်းကို ကိုယ်တော်ကြီးထွားလာစေနိုင်သည်။

၁၅:၁၀-၁၃။ ကျွန်ုပ်တို့သည် အယူဖောက်ပြန်မှုကို ရဲရင့်စွာငြင်းပယ်ပြီး စစ်မှန်သောဝတ်ပြုရေးကို မြှင့်တင်ပေးကြရမည်။

၁၇:၁၀-၁၆။ ဇရတ္တမြို့မှမုဆိုးမသည် ဧလိယအား ပရောဖက်တစ်ပါးအဖြစ်အသိအမှတ်ပြုပြီး ကြိုဆိုလက်ခံခဲ့သည့်အတွက် သူ၏ယုံကြည်ခြင်းရှိအပြုအမူများကို ယေဟောဝါကောင်းချီးပေးခဲ့သည်။ ယနေ့လည်း ယေဟောဝါသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းရှိလုပ်ရပ်များကို သတိပြုပြီး နည်းအမျိုးမျိုးဖြင့် ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းတွင် ပါဝင်နေသူများကို ကိုယ်တော်ဆုချတော်မူသည်။—မဿဲ ၆:၃၃; ၁၀:၄၁၊ ၄၂; ဟေဗြဲ ၆:၁၀။

၁၉:၁-၈။ ပြင်းထန်သောဆန့်ကျင်မှုများ ကြုံရချိန်တွင် ယေဟောဝါ၏ထောက်မမှုရရှိမည်ဟု ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်။—၂ ကောရိန္သု ၄:၇-၉။

၁၉:၁၀၊ ၁၄၊ ၁၈။ စစ်မှန်သောဝတ်ပြုသူများသည် မည်သည့်အခါမျှ တစ်ယောက်တည်းမဖြစ်ပေ။ ယေဟောဝါနှင့် ကမ္ဘာချီညီအစ်ကိုအသင်းအပင်းသည် သူတို့နှင့်အမြဲရှိသည်။

၁၉:၁၁-၁၃။ ယေဟောဝါသည် သဘာဝဘုရား၊ သို့မဟုတ် သဘာဝစွမ်းအားစုများ၏ သရုပ်ဖော်ပြချက်တစ်ခုမျှမဟုတ်ပါ။

၂၀:၁၁။ ဗင်ဟာဒဒ်သည် ရှမာရိမြို့ကိုဖျက်ဆီးမည်ဟု လေလုံးထွားလျက်ဝါကြွားသောအခါ ဣသရေလဘုရင်က ဤသို့ပြန်ပြောသည်– တိုက်ပွဲမှအောင်ပွဲခံလျက်ပြန်လာပြီးနောက် “လက်နက်စုံကိုချွတ်သောသူသည် ဝါကြွားသကဲ့သို့ [တိုက်ပွဲအတွက်ပြင်ဆင်သည့်အနေဖြင့် လက်နက်စုံကို] ဝတ်ဆင်သောသူသည် မဝါကြွားစေနှင့်။” တာဝန်အသစ်တစ်ခုအပ်နှင်းခံရပါက လေလုံးထွားဝါကြွားသူတို့၏ ယုံကြည်စိတ်ချလွန်းမှုကို ကျွန်ုပ်တို့ရှောင်ရှားရမည်။—သု. ၂၇:၁; ယာကုပ် ၄:၁၃-၁၆။

ကျွန်ုပ်တို့အတွက် အလွန်တန်ဖိုးရှိ

သိနာတောင်တွင် ပညတ်တရားပေးခဲ့ခြင်းကို ပြန်ပြောပြချိန်တွင် ဣသရေလအမျိုးသားတို့အား မောရှေဤသို့ဆိုသည်– “ယနေ့ကောင်းချီးပေးခြင်းနှင့် ကျိန်ခြင်းတည်းဟူသော ဤနှစ်ပါးကို သင်တို့ရှေ့မှာ ငါထား၏။ ယနေ့ငါဆင့်ဆိုသော သင်တို့ဘုရားသခင်ထာဝရဘုရား၏ ပညတ်တော်တို့ကိုနားထောင်လျှင်မူကား ကောင်းချီးပေးခြင်း၊ သင်တို့ဘုရားသခင် ထာဝရဘုရား၏ပညတ်တော်တို့ကို နားမထောင်၊ ယနေ့ငါမှာထားသောလမ်းမှလွှဲရှောင်လျှင်မူကား ကျိန်ခြင်းကိုငါထား၏။”—တရားဟောရာ ၁၁:၂၆-၂၈။

ဓမ္မရာဇဝင်တတိယစောင်တွင် ဤအရေးပါအမှန်တရားကို ကျွန်ုပ်တို့အား အလွန်ရှင်းလင်းပြတ်သားစွာ အာရုံစိုက်စေသည်! ကျွန်ုပ်တို့တွေ့ခဲ့သည်အတိုင်း ဤစာစောင်သည် အခြားတန်ဖိုးရှိသင်ခန်းစာများကိုလည်း သင်ကြားပေးသည်။ ယင်း၏သတင်းစကားသည် အမှန်ပင်အသက်ရှင်ပြီး တန်ခိုးနှင့်ပြုပြင်တတ်သည်။—ဟေဗြဲ ၄:၁၂။

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

ရှောလမုန်ဆောက်လုပ်ခဲ့သည့် ဗိမာန်တော်နှင့် အခြားအဆောက်အအုံများ

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ယေဟောဝါသည် တန်ခိုးတော်ထင်ရှားပြပြီးနောက်၌ လူတို့ ဤသို့ဆိုကြသည်– ‘ယေဟောဝါသည်စစ်မှန်သောဘုရားသခင်ဖြစ်တော်မူ၏!’

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ