“လူအသီးအသီးတို့သည် မိမိတို့ဝန်ကို ဆောင်ရွက်ရကြမည်”
“ငါတို့ရှိသမျှသည် ဘုရားသခင်စစ်ကြောတော်မူခြင်းကို ခံရကြမည်။”—ရောမ ၁၄: ၁၂။
၁။ ဟေဗြဲသုံးဦးတို့သည် အဘယ်တာဝန်ကို ထမ်းခဲ့ကြသနည်း။
ဗာဗုလုန်နိုင်ငံရှိ ဟေဗြဲလူငယ်သုံးဦးတို့သည် သေရေးရှင်ရေးကိစ္စတစ်ခုကို ဆုံးဖြတ်ခဲ့ရသည်။ ထိုနိုင်ငံ၏ဥပဒေအတိုင်း ဧရာမအရုပ်ကြီးကို သူတို့ဦးညွတ်ကြရမည်လော။ သို့မဟုတ် ယင်းကိုဦးမချဝတ်မပြုဘဲ တောက်လောင်နေသောမီးဖိုထဲ ပစ်ချခံကြမည်လော။ ရှာဒရက်၊ မေရှက်နှင့် အဗေဒနေဂေါတို့သည် မည်သူနှင့်မျှ ဆွေးနွေးတိုင်ပင်ဖို့ အချိန်မရပေ။ ဆွေးနွေးစရာလည်း မလိုအပ်ပေ။ သူတို့ မဆိုင်းမတွ ဤသို့ပြန်လျှောက်ကြသည်– ‘အရှင်မင်းကြီး ကိုယ်တော်၏ဘုရားသခင်တို့ကို အကျွန်ုပ်တို့သည် ဝတ်မပြုပါ။ တည်ထားတော်မူသော ရွှေရုပ်တုကိုလည်း မကိုးကွယ်ပါ။’ (ဒံယေလ ၃:၁-၁၈) ထိုဟေဗြဲလူငယ်သုံးဦးတို့သည် ကိုယ့်တာဝန်ကိုယ်ထမ်းခဲ့ကြသည်။
၂။ ယေရှုခရစ်နှင့်ပတ်သက်၍ ပိလတ်၏ဆုံးဖြတ်ချက်ကို အမှန်အားဖြင့် မည်သူပြုခဲ့သနည်း၊ ယင်းကြောင့် ရောမမြို့ဝန်မင်းသည် စာရင်းရှင်းမခံရဘဲနေမည်လော။
၂ အနှစ်ခြောက်ရာခန့် လွန်လေသော် မြို့ဝန်မင်းသည် အမျိုးသားတစ်ဦးအား စွဲဆိုထားချက်များကို ကြားခဲ့သည်။ အမှုကို စစ်ဆေးသောအခါ စွပ်စွဲခံရသူ၌ အပြစ်မရှိကြောင်း သူလက်ခံယုံကြည်လာသည်။ လူအုပ်ကမူ ထိုသူကိုကွပ်မျက်ရန်သာ အပူတပြင်းတောင်းဆိုနေ၏။ အနည်းငယ် ကန့်ကွက်ပြီးသည့်နောက် မြို့ဝန်မင်းသည် သူ၏တာဝန်ကို ဆက်မထမ်းလိုတော့၍ တောင်းဆိုမှုကို လိုက်လျောခဲ့သည်။ လက်ကိုဆေးပြီး “ဤဖြောင့်မတ်သောသူ၏အသွေးနှင့် ငါသည် ကင်းရှင်း၏” ဟုဆို၏။ ထို့နောက် လက်ဝါးကပ်တိုင်မှာသတ်စေခြင်းငှာ ထိုသူကို အပ်လိုက်တော့သည်။ ပုန္တိပိလတ်မင်းသည် ယေရှုခရစ်နှင့်ပတ်သက်၍ ကိုယ်တိုင်တာဝန်ယူ စီရင်ချက်ချမည့်အစား အခြားသူများကို ဆုံးဖြတ်ချက်ချစေခဲ့သည်။ ယေရှုကို ထိုသို့မတရားသဖြင့် စီရင်ခဲ့သည့်အတွက် သူ့လက်ကို မည်မျှဆေးစေကာမူ ဘုရားသခင်ရှေ့ စာရင်းရှင်းရမည့်တာဝန်မှ လွတ်ကင်းမည်မဟုတ်ချေ။—မဿဲ ၂၇:၁၁-၂၆; လုကာ ၂၃:၁၃-၂၅။
၃။ အဘယ်ကြောင့် မိမိကိုယ်တိုင် ဆုံးဖြတ်ချက်ချသင့်သနည်း။
၃ အသင်ကော မည်သို့နည်း။ ဆုံးဖြတ်ချက်ချဖို့လိုလာသည့်အခါ သင်သည် ဟေဗြဲသုံးဦးနှင့်တူသလော၊ သို့မဟုတ် အခြားသူများကို သင့်အတွက် ဆုံးဖြတ်စေသလော။ ဆုံးဖြတ်ချက်ချခြင်းသည် လွယ်ကူသည့်အလုပ်မဟုတ်ပါ။ မှန်ကန်စွာရွေးချယ်ဆုံးဖြတ်တတ်ဖို့ ရင့်ကျက်မှုရှိရန်လိုသည်။ ဥပမာ၊ မိဘများသည် လူလားမမြောက်သေးသော သားသမီးများအတွက် ဆုံးဖြတ်ချက်ကောင်းများ ချပေးဖို့လိုသည်။ မှန်ပါသည်၊ ရှုပ်ထွေးသောအခြေအနေမျိုးဖြစ်ပြီး ထည့်တွက်စရာ အကြောင်းမျိုးစုံရှိသည့်အခါ ဆုံးဖြတ်ချက်ချဖို့ အလွန်ခက်ခဲသည်။ သို့သော် ဆုံးဖြတ်ချက်ချရသည့်တာဝန်သည် ‘ဝိညာဉ်ရေးအရည်အချင်းပြည့်မီ’ သူတို့ ကူထမ်းပေးရမည့် “ဝန်” များတွင် ပါဝင်လောက်သည့်အထိ ကြီးလေးလွန်းသည်မဟုတ်ချေ။ (ဂလာတိ ၆:၁၊ ၂) သို့ဖြစ်မည့်အစား ဆုံးဖြတ်ချက်ချခြင်းသည် ‘ငါတို့ရှိသမျှ ဘုရားသခင်ထံ စစ်ကြောတော်မူခြင်းကို ခံရမည့်’ ဝန်တစ်ခုဖြစ်သည်။ (ရောမ ၁၄:၁၂) “လူအသီးအသီးတို့သည် မိမိတို့ဝန်ကိုဆောင်ရွက်ရကြမည်” ဟု သမ္မာကျမ်းစာကဆို၏။ (ဂလာတိ ၆:၅) သို့ဖြစ်၍ ကျွန်ုပ်တို့ဘဝတွင် ပညာရှိသောဆုံးဖြတ်ချက်များကို မည်သို့ချနိုင်သနည်း။ ဦးဆုံးအနေနှင့် မိမိတို့မစွမ်းဆောင်နိုင်ရာများကို အသိအမှတ်ပြုပြီး အဘယ်အရာနှင့် အစားထိုးနိုင်ကြောင်း သိကြရမည်။
အဓိကလိုအပ်ချက်
၄။ ကနဦးလူသားမောင်နှံ၏မနာခံမှုမှ ဆုံးဖြတ်ချက်ချခြင်းနှင့်ပတ်သက်၍ အဘယ်အရေးကြီးသင်ခန်းစာ ရယူသင့်သနည်း။
၄ လူ့သမိုင်းအစောပိုင်းတွင် ကနဦးလူသားမောင်နှံစုံသည် ဆိုးကျိုးများဖြစ်ပေါ်စေသော ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ကြသည်။ သူတို့သည် ကောင်းမကောင်းသိကျွမ်းရာအပင်၏အသီးကို ယူစားဖို့ ဆုံးဖြတ်ခဲ့ကြသည်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) ထိုသို့ အဘယ်ကြောင့်ဆုံးဖြတ်ခဲ့ကြသနည်း။ “ထိုအပင်သည်စားဖွယ်ကောင်းခြင်း၊ အဆင်းလည်းလှခြင်း၊ ပညာတိုးပွားစေလိုသောငှာ နှစ်သက်ဖွယ်သောအပင်ဖြစ်ခြင်းကို မိန်းမသည်မြင်လျှင် အသီးကိုယူ၍စား၏။ မိမိခင်ပွန်းအားလည်းပေး၍ သူသည်လည်းစား၏” ဟုကျမ်းစာကဆိုသည်။ (ကမ္ဘာဦး ၃:၆) ထိုသို့ ဧဝရွေးချယ်ပြုလုပ်ခဲ့ခြင်းမှာ တစ်ကိုယ်ကောင်းစိတ်ကြောင့်ဖြစ်သည်။ အာဒံလည်း သူ့နည်းတူ ပြုလုပ်လေသည်။ သို့ဖြင့် “လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။” (ရောမ ၅:၁၂) အာဒံနှင့်ဧဝတို့၏ မနာခံမှုက လူတို့တွင် မစွမ်းဆောင်နိုင်ရာများရှိကြောင်း ဤအရေးပါသင်ခန်းစာ ရရှိစေသည်– လူသည် ဘုရားသခင့်လမ်းညွှန်မှုကို မလိုက်ပါက ဆုံးဖြတ်ချက်မှားတတ်၏။
၅။ ကျွန်ုပ်တို့အတွက် အဘယ်လမ်းညွှန်ကို ယေဟောဝါပေးထားသနည်း၊ ယင်းမှအကျိုးရရှိရန် မည်သို့ပြုရမည်နည်း။
၅ ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့ကို လမ်းညွှန်မှုပေးထားသည့်အတွက် အလွန်ဝမ်းသာစရာပင်! သမ္မာကျမ်းစာက ဤသို့ဆိုသည်– “သင်သည် လက်ယာဘက်၊ လက်ဝဲဘက်သို့လမ်းလွဲလျှင် ဤမည်သောလမ်းသည်မှန်၏။ ဤလမ်း၌သွားလော့ဟု သင့်နောက်၌ပြောသောစကားသံကို ကိုယ်နားနှင့်ကြားရလိမ့်မည်။” (ဟေရှာယ ၃၀:၂၁) ယေဟောဝါသည် ကိုယ်တော်၏မှုတ်သွင်းခံစကားတော် သမ္မာကျမ်းစာမှတစ်ဆင့် ကျွန်ုပ်တို့ကို စကားပြောတော်မူ၏။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကိုလေ့လာပြီး တိကျမှန်ကန်သောအသိပညာကို ဆည်းပူးကြရမည်။ အရွေးမှန်စေဖို့ ကျွန်ုပ်တို့သည် ရင့်ကျက်သူများအတွက်ဖြစ်သော ကြေခဲသောအစာကို သုံးဆောင်ကြရမည်။ ထို့ပြင် မိမိတို့၏ပိုင်းခြားသိမြင်နိုင်စွမ်းကို အသုံးပြုခြင်းဖြင့် အမှားအမှန်ခွဲခြားတတ်စေရန် လေ့ကျင့်ပေးကြသည်။ (ဟေဗြဲ ၅:၁၄) သမ္မာကျမ်းစာမှ ကျွန်ုပ်တို့သိရှိခဲ့ရာများကို လက်တွေ့ကျင့်သုံးခြင်းဖြင့် ကျွန်ုပ်တို့၏ ပိုင်းခြားသိမြင်နိုင်စွမ်းကို လေ့ကျင့်ပေးနိုင်ကြသည်။
၆။ ကိုယ်ကိုကိုယ်သိသောစိတ် ပုံမှန်စွမ်းဆောင်နိုင်စေဖို့ အဘယ်အရာလိုအပ်သနည်း။
၆ ဆုံးဖြတ်ချက်ချရာတွင် မရှိမဖြစ်လိုအပ်သောအရာမှာ ကျွန်ုပ်တို့၏မွေးရာပါ ကိုယ်ကိုကိုယ်သိသောစိတ်ဖြစ်သည်။ ဤစွမ်းရည်သည် စစ်ကြောစီရင်နိုင်စွမ်းရှိပြီး ကျွန်ုပ်တို့ကို အပြစ်တင်နိုင် သို့မဟုတ် အပြစ်လွှတ်နိုင်သည်။ (ရောမ ၂:၁၄၊ ၁၅) သို့သော် ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိသောစိတ် ပုံမှန်စွမ်းဆောင်နိုင်ဖို့ ယင်းကို တိကျမှန်ကန်သော ကျမ်းစာအသိပညာက ဉာဏ်အလင်းပေးရမည်။ သမ္မာကျမ်းစာကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့် ယင်းကို အကဲဆတ်နေစေရမည်။ ထိုသို့လေ့ကျင့်ပေးခြင်းမခံရသော ကိုယ်ကိုကိုယ်သိသောစိတ်သည် ဒေသဓလေ့ထုံးစံများ၊ ကျွန်ုပ်တို့၏ပတ်ဝန်းကျင်နှင့် သူတစ်ပါး၏ထင်မြင်ယူဆချက်တို့၏ ဩဇာလွှမ်းခြင်းကို အလွယ်တကူခံရပြီး တလွဲလမ်းညွှန်နိုင်ပါသည်။ ယင်း၏သတိပေးချက်များကို ထပ်ခါတလဲလျစ်လျူရှုပြီး ဘုရားသခင့်စံနှုန်းများကို ဖောက်ဖျက်မိသည့်အခါ ကိုယ်ကိုကိုယ်သိသောစိတ် မည်သို့ဖြစ်လာနိုင်သနည်း။ အဆုံးတွင် ယင်းသည် “သံပူ” ထိထားသည့် အမာရွတ်ကဲ့သို့ ထုံပြီး တုံ့ပြန်မှုမဲ့လာနိုင်သည်။ (၁ တိမောသေ ၄:၂) သမ္မာကျမ်းစာဖြင့် လေ့ကျင့်ထားသော ကိုယ်ကိုကိုယ်သိသောစိတ်မူကား စိတ်ချရသည့်လမ်းညွှန်ဖြစ်၏။
၇။ ပညာရှိသောဆုံးဖြတ်ချက်များချတတ်ဖို့ အဓိကလိုအပ်ချက်ကား အဘယ်နည်း။
၇ သို့ဖြစ်၍ ပညာရှိသောဆုံးဖြတ်ချက်များကို ကိုယ်တိုင်ချတတ်ဖို့ အဓိကလိုအပ်ချက်မှာ တိကျမှန်ကန်သော ကျမ်းစာအသိပညာနှင့် ယင်းတို့ကို လက်တွေ့ကျင့်သုံးနိုင်စွမ်းရှိခြင်းဖြစ်သည်။ အလျင်စလို ဆုံးဖြတ်ချက်ချမည့်အစား ကျမ်းစာမူများကိုရှာဖွေလေ့လာပြီး ၎င်းတို့ကို လက်တွေ့ကျင့်သုံးရာ၌ စဉ်းစားဆင်ခြင်နိုင်စွမ်းကို အသုံးပြုသင့်သည်။ ရှာဒရက်၊ မေရှက်နှင့် အဗေဒနေဂေါတို့နည်းတူ တိကျမှန်ကန်သော ကျမ်းစာအသိပညာရှိထားပြီး ကိုယ်ကိုကိုယ်သိသောစိတ်ကို ယင်းနှင့်အညီ လေ့ကျင့်ပေးထားမည်ဆိုပါက ရုတ်တရက်ဆုံးဖြတ်ချက်ချဖို့ လိုအပ်လာလျှင်ပင် အသင့်ရှိနေကြပါမည်။ ရင့်ကျက်လာသည့်အခါ ဆုံးဖြတ်ချက်ချနိုင်စွမ်းလည်း ထက်မြက်လာနိုင်ကြောင်းကို သဘောပေါက်နိုင်ဖို့ ဘဝကဏ္ဍနှစ်ခုကို သုံးသပ်ကြည့်ကြစို့။
အပေါင်းအသင်းရွေးချယ်ခြင်း
၈၊ ၉။ (က) အဘယ်မူများက မကောင်းသောအပေါင်းအသင်းကို ရှောင်ဖို့လိုကြောင်း ဖော်ပြသနည်း။ (ခ) မကောင်းသောပေါင်းသင်းမှုဟူသည် ကိုယ်ကျင့်တရားမဲ့သူများနှင့် လူချင်းပေါင်းသင်းခြင်းကိုသာ ဆိုလိုသလော။ ရှင်းပြပါ။
၈ “အလွဲမယူကြနှင့်။ မကောင်းသောသူတို့နှင့် ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ယိုယွင်းတတ်၏” ဟုတမန်တော်ပေါလု ရေးသားခဲ့သည်။ (၁ ကောရိန္သု ၁၅:၃၃) ယေရှုခရစ်က ‘သင်တို့သည် ဤလောကနှင့်မဆက်ဆံ’ ကြဟု တပည့်များကို မိန့်တော်မူခဲ့သည်။ (ယောဟန် ၁၅:၁၉) ဤမူများကိုသိလာသောအခါ မတရားမေထုန်ပြုသူ၊ သူ့မယားကိုပြစ်မှားသူ၊ ခိုးတတ်သူ၊ သေရည်သေရက်နှင့်ယစ်မူးသူ အစရှိသူတို့နှင့် ကျွန်ုပ်တို့မပေါင်းဖော်ရကြောင်း သဘောပေါက်လာကြသည်။ (၁ ကောရိန္သု ၆:၉၊ ၁၀) သို့သော် ကျမ်းစာအသိပညာမှန် တိုးများလာသည်နှင့်အမျှ ထိုသို့သောသူများကို ရုပ်ရှင်၊ ရုပ်မြင်သံကြား သို့မဟုတ် ကွန်ပျူတာဖန်သားပြင်များပေါ်တွင် ကြည့်ရှုခြင်းဖြင့်၊ သို့တည်းမဟုတ် သူတို့အကြောင်း စာအုပ်များတွင် ဖတ်ရှုခြင်းဖြင့် သူတို့နှင့်ပေါင်းသင်းခြင်းသည် ထပ်တူပင် ဆိုးရွားကြောင်း သိလာကြသည်။ အင်တာနက်စကားဝိုင်းများတွင် “လျှို့ဝှက်သော” သူတို့နှင့် ပေါင်းသင်းခြင်းသည်လည်း ထပ်တူပင်ဖြစ်သည်။—ဆာလံ ၂၆:၄။
၉ ကိုယ်ကျင့်တရားစင်ကြယ်သူများဖြစ်နိုင်သော်လည်း မှန်သောဘုရားသခင်အား မယုံကြည်သူတို့နှင့် ရင်းရင်းနှီးနှီးနေခြင်းကော မည်သို့နည်း။ ‘လောကသားအပေါင်းတို့သည် စာတန်၏လက်၌ရှိကြသည်’ ဟု သမ္မာကျမ်းစာကဆို၏။ (၁ ယောဟန် ၅:၁၉) မကောင်းသောအပေါင်းအသင်းဟူသည် အကျင့်လျော့ရဲသူများကိုသာ ဆိုလိုခြင်းမဟုတ်ကြောင်း ကျွန်ုပ်တို့သိလာကြပြီ။ ထို့ကြောင့် ယေဟောဝါအား ချစ်မြတ်နိုးသူတို့နှင့်သာ ရင်းနှီးကျွမ်းဝင်ဖို့ကြိုးစားခြင်းသည် ပညာရှိရာရောက်သည်။
၁၀။ လောကနှင့်ဆက်ဆံခြင်းကိစ္စတွင် အဘယ်အရာက တော်မှန်စွာဆုံးဖြတ်စေသနည်း။
၁၀ လောကသားများနှင့် လုံးဝမပတ်သက်ဘဲနေရန် မဖြစ်နိုင်သကဲ့သို့ ထိုသို့နေရန်လည်း မတောင်းဆိုထားပါ။ (ယောဟန် ၁၇:၁၅) ခရစ်ယာန်ဓမ္မအမှုတွင် ပါဝင်ခြင်း၊ ကျောင်းတက်ခြင်း၊ အလုပ်သွားခြင်းအားလုံးတို့တွင် လောကသားများနှင့် ပတ်သက်ကြရသည်။ မယုံကြည်သူအိမ်ထောင်ဖက်ရှိသော ခရစ်ယာန်တစ်ဦးသည် အခြားသူများထက် လောကနှင့် ပိုမိုထိတွေ့မှုရှိပေမည်။ သို့သော် ပိုင်းခြားသိမြင်နိုင်စွမ်းကို လေ့ကျင့်ပေးထားသည့်အတွက် လိုအပ်၍ လောကနှင့် တစ်ခါတစ်ရံဆက်ဆံရခြင်းသည် လောကသားများနှင့် ဖက်လဲတကင်းနေခြင်းနှင့်မတူကြောင်း ကျွန်ုပ်တို့သဘောပေါက်ထားကြသည်။ (ယာကုပ် ၄:၄) သို့ဖြင့် ကျောင်းအားကစားပွဲများနှင့် ကပွဲများစသည့် သင်ရိုးပြင်ပလှုပ်ရှားမှုများတွင်ဖြစ်စေ၊ အလုပ်သမားများအတွက် စီစဉ်ပေးသောပါတီပွဲနှင့် ညစာစားပွဲများတွင်ဖြစ်စေ ကျွန်ုပ်တို့ပါဝင်သင့်မသင့် တော်မှန်စွာဆုံးဖြတ်နိုင်ကြပါလိမ့်မည်။
အလုပ်အကိုင်ရွေးချယ်ခြင်း
၁၁။ အလုပ်အကိုင်နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချရာတွင် အဘယ်အချက်များကို ဦးဆုံးထည့်တွက်ရမည်နည်း။
၁၁ ကျမ်းစာမူများကို ရင့်ကျက်စွာ ကျင့်သုံးခြင်းသည် ‘မိမိအိမ်သူအိမ်သားတို့ကို ပြုစုရန်’ တာဝန်ကျေပွန်ဖို့ ဆုံးဖြတ်ချက်များချရာတွင် အထောက်အကူပြုသည်။ (၁ တိမောသေ ၅:၈) ဦးဆုံး ထည့်တွက်ရမည်မှာ အဘယ်အလုပ်အကိုင်မျိုးဖြစ်ကြောင်း၊ အဘယ်အလုပ်များလုပ်ရကြောင်းတို့ ဖြစ်သည်။ သမ္မာကျမ်းစာ အတိအလင်းပြစ်တင်ရှုတ်ချထားသော အလုပ်အကိုင်မျိုးကို လုပ်ကိုင်ခြင်းသည် လုံးဝမှား၏။ ထို့ကြောင့် အရုပ်ကိုးကွယ်ခြင်း၊ ခိုးဝှက်ခြင်း၊ သွေးအလွဲသုံးခြင်း သို့မဟုတ် ကျမ်းစာနှင့်မညီသော အကျင့်များကိုပြုလုပ်ရသည့် အလုပ်အကိုင်များကို ခရစ်ယာန်စစ်များ ဝင်မလုပ်နိုင်ကြပါ။ အလုပ်ရှင်က လိမ်လည်လှည့်စားစေလိုလျှင်ပင် ကျွန်ုပ်တို့ပြုလုပ်မည်မဟုတ်ပါ။—တမန်တော် ၁၅:၂၉; ဗျာ. ၂၁:၈။
၁၂၊ ၁၃။ အလုပ်အကိုင်နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များချရာတွင် အလုပ်အကိုင်အမျိုးအစားအပြင် အရေးကြီးသည့် အဘယ်အချက်အလက်များရှိသေးသနည်း။
၁၂ အလုပ်အကိုင်တစ်ခုကိုယ်နှိုက်က ဘုရားသခင်၏ပညတ်ကို အတိအကျမချိုးဖောက်လျှင်ကော အသို့နည်း။ အမှန်တရားကို တိုးသိနားလည်လာသဖြင့် ပိုင်းခြားသိမြင်နိုင်စွမ်းလည်း ပိုထက်မြက်လာသည်နှင့်အမျှ နောက်ထပ်ထည့်တွက်စဉ်းစားရမည့် အရာများကို ကျွန်ုပ်တို့သိလာကြသည်။ သို့သော် လောင်းကစားရုံတွင် တယ်လီဖုန်းလက်ခံပြောဆိုရသော ကျမ်းစာနှင့်မညီညွတ်သည့်အကျင့်များတွင် ပါဝင်ပတ်သက်ရမည့် အလုပ်အကိုင်မျိုးဆိုလျှင်ကော။ အဘယ်မှရသည့်ငွေဖြင့် လခပေးကြောင်းနှင့် အလုပ်လုပ်ရမည့်နေရာတို့ကို ထည့်စဉ်းစားသင့်သည်။ ဥပမာ၊ ကျွန်ုပ်တို့သည် ခရစ်ယာန်အလုပ်ရှင်တစ်ဦးအနေနှင့် ခရစ်ယာန်ဘောင်ချာ့ချ်တစ်ခုကို ဆေးသုတ်ပေးခြင်းဖြင့် မဟာဗာဗုလုန်ဝတ်ပြုရေးကို အားပေးရာရောက်မည့်အလုပ်ကို အလုပ်ရှင်တစ်ဦးအနေနှင့် ကန်ထရိုက်ဆွဲမည်လော။—၂ ကောရိန္သု ၆:၁၄-၁၆။
၁၃ ကျွန်ုပ်တို့၏အလုပ်ရှင်က မဟာဗာဗုလုန်၏ ဝတ်ပြုရာနေရာတစ်ခုကို ဆေးသုတ်ရန် ကန်ထရိုက်ဆွဲထားလျှင်ကော။ ထိုသို့ဖြစ်လျှင် ကျွန်ုပ်တို့ အဘယ်အတိုင်းအတာအထိ ပါဝင်လုပ်ကိုင်ရမည်ကို ထည့်စဉ်းစားရပေမည်။ မကောင်းသောအကျင့်များကို ကျင့်ကြံပြုမူနေသည့်နေရာများပါဝင်သော ရပ်ကွက်တစ်ခုတွင် စာပို့ရသည့် တရားဝင်လုပ်ငန်းတစ်ခု လုပ်ဆောင်နေရမည်ဆိုလျှင်ကော။ မဿဲ ၅:၄၅ ပါမူကို ထည့်စဉ်းစားဖို့လိုမည် မဟုတ်လော။ ထိုအလုပ်ကို နေ့စဉ်ရက်ဆက်လုပ်ကိုင်ခြင်းသည် ကျွန်ုပ်တို့၏ ကိုယ်ကိုကိုယ်သိသောစိတ်အပေါ် မည်သို့အကျိုးသက်ရောက်နိုင်သည်ကို လျစ်လျူမရှုသင့်ပါ။ (ဟေဗြဲ ၁၃:၁၈) မှန်ပါသည်၊ အလုပ်အကိုင်နှင့်ပတ်သက်၍ တော်မှန်သောဆုံးဖြတ်ချက်များချရန်တာဝန်ကို ကိုယ်တိုင်ထမ်းရန် ကျွန်ုပ်တို့၏ပိုင်းခြားသိမြင်နိုင်စွမ်းကို ထက်မြက်စေဖို့နှင့် ဘုရားသခင်ပေးထားသော ကိုယ်ကိုကိုယ်သိသောစိတ်ကို လေ့ကျင့်ပေးဖို့လိုသည်။
‘သွားလေရာရာ၌ ထာဝရဘုရားသခင်ကိုမျက်မှောက်ပြုလော့’
၁၄။ ဆုံးဖြတ်ချက်များချရာတွင် အဘယ်အချက်များကို ထည့်တွက်သင့်သနည်း။
၁၄ လောကပညာရေးဆည်းပူးခြင်း၊ ရောဂါကုသနည်းအချို့ကို လက်ခံခြင်း သို့မဟုတ် ငြင်းပယ်ခြင်းစသည့် အခြားကိစ္စရပ်များနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချရမည် ဆိုလျှင်ကော။ ဆုံးဖြတ်ချက်ချဖို့ အရေးကြုံလာသည့်အခါ သက်ဆိုင်ရာကျမ်းစာမူများကို အသေအချာသိထားဖို့လိုပြီး ယင်းတို့နှင့်အညီ စဉ်းစားချင့်ချိန် ပြုမူရပေမည်။ ရှေးဣသရေလရှင်ဘုရင် ပညာရှိရှောလမုန်က ဤသို့ဆို၏– ‘ထာဝရဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားသခင်ကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။’—သု. ၃:၅၊ ၆။
၁၅။ ဆုံးဖြတ်ချက်ချခြင်းနှင့်ပတ်သက်၍ ပထမရာစုခရစ်ယာန်များထံမှ အဘယ်အရာသင်ယူရသနည်း။
၁၅ ကျွန်ုပ်တို့၏ရွေးချယ်မှုများသည် အခြားသူများကို အကျိုးသက်ရောက်လေ့ရှိသည်ဖြစ်ရာ ယင်းကိုလည်း ထည့်စဉ်းစားဖို့လိုသည်။ သာဓကအနေနှင့်၊ ပထမရာစုခရစ်ယာန်များသည် မောရှေပညတ်အရ ရှောင်ရမည့်အစာများစွာမရှိတော့ချေ။ ပညတ်တရားအရ မသန့်ရှင်းသော၊ ကန့်ကွက်စရာ အခြားအကြောင်းများမရှိသော အစာအချို့ကို သူတို့စားလိုက စားနိုင်ပြီဖြစ်သည်။ သို့သော် တမန်တော်ပေါလုက အယူမှားသူတို့၏ဝတ်ပြုရာနေရာတွင် ပူဇော်ပသထားသောအသားနှင့်ပတ်သက်၍ ဤသို့ရေးသားခဲ့သည်– “ငါ၏အစားအသောက်သည် ငါ့ညီအစ်ကိုကိုမှားယွင်းစေလျှင်၊ ငါ့ညီအစ်ကို၌ မှားယွင်းစရာအကြောင်းမရှိစေခြင်းငှာ၊ အမဲသားကို အစဉ်မပြတ်ရှောင်ရမည်။” (၁ ကောရိန္သု ၈:၁၁-၁၃) ကနဦးခရစ်ယာန်များသည် သူတစ်ပါးကို ထိမိ၍မလဲစေဖို့ အခြားသူတို့၏ ကိုယ်ကိုကိုယ်သိသောစိတ်ကို ထောက်ထားရန် တိုက်တွန်းခံခဲ့ကြရ၏။ ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်များသည် ‘ထိမိ၍လဲစရာအကြောင်းများ’ မဖြစ်သင့်ပါ။—၁ ကောရိန္သု ၁၀:၂၉၊ ၃၃။
ဘုရားသခင်ထံမှ ဉာဏ်ပညာကို ရှာဖွေလော့
၁၆။ ဆုံးဖြတ်ချက်များချရာတွင် ဆုတောင်းခြင်းက မည်သို့အထောက်အကူပြုသနည်း။
၁၆ ဆုံးဖြတ်ချက်ချရာတွင် အဖိုးမဖြတ်နိုင်သောအကူအညီတစ်ခုမှာ ဆုတောင်းခြင်းဖြစ်သည်။ တပည့်တော်ယာကုပ်က “သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ပညာကိုလိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ၊ ခပ်သိမ်းသောသူတို့အား စေတနာစိတ်နှင့်ပေးသနားတော်မူသော ဘုရားသခင်ကိုတောင်းစေ။ တောင်းလျှင်ရလိမ့်မည်” ဟုဆို၏။ (ယာကုပ် ၁:၅) တော်မှန်သောဆုံးဖြတ်ချက်များချရန် လိုအပ်သောဉာဏ်ပညာရဖို့ ယေဟောဝါထံ စိတ်ချလက်ချ ဆုတောင်းနိုင်သည်။ စစ်မှန်သောဘုရားသခင်အား ကျွန်ုပ်တို့၏စိုးရိမ်ပူပန်မှုများကို ပြောပြပြီး ကိုယ်တော့်လမ်းညွှန်မှု တောင်းဆိုသည့်အခါ ကျွန်ုပ်တို့သုံးသပ်နေသည့်ကျမ်းချက်များကို ပိုမိုနားလည်လာရန်၊ ကျွန်ုပ်တို့မေ့နေသည့် ကျမ်းချက်များကို ပြန်မှတ်မိစေရန် သန့်ရှင်းသောဝိညာဉ်တော်က ကူညီပေးနိုင်သည်။
၁၇။ ဆုံးဖြတ်ချက်ချရာတွင် ကျွန်ုပ်တို့ကို အခြားသူများ မည်သို့ကူညီပေးနိုင်သနည်း။
၁၇ ဆုံးဖြတ်ချက်ချရာတွင် ကျွန်ုပ်တို့ကို အခြားသူများကူညီပေးနိုင်သလော။ ကူညီပေးနိုင်ပါသည်၊ အသင်းတော်တွင် ရင့်ကျက်သူများကို ယေဟောဝါပေးသနားထားတော်မူပြီ။ (ဧဖက် ၄:၁၁၊ ၁၂) အထူးသဖြင့် အရေးကြီးသောကိစ္စနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်ဖြစ်လျှင် သူတို့နှင့်ဆွေးနွေးတိုင်ပင်နိုင်သည်။ ဝိညာဉ်ရေးသဘောပြည့်ဝပြီး ဘဝအတွေ့အကြုံရင့်ကျက်သူတို့သည် ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်ကို အထောက်အကူပြုမည့် နောက်ထပ်ကျမ်းစာမူများ ထောက်ပြပြီး သာ၍အရေးကြီးသောအရာများကို သိစေနိုင်မည်။ (ဖိလိပ္ပိ ၁:၉၊ ၁၀) သို့သော် သတိပြုသင့်သည်မှာ ကိုယ့်အတွက် သူတစ်ပါးကို ဆုံးဖြတ်ချက်မချစေဖို့ဖြစ်သည်။ ကိုယ့်ဝန်ကိုယ်ထမ်း၍ ကိုယ်တိုင်ဆုံးဖြတ်ချက်ချရမည်။
ရလဒ်—အမြဲကောင်းမည်လော
၁၈။ တော်မှန်သောဆုံးဖြတ်ချက်၏ ရလဒ်နှင့်ပတ်သက်၍ အဘယ်ဆိုစရာရှိသနည်း။
၁၈ ကျမ်းစာမူများအပေါ် အခြေပြုပြီး အသိရှိရှိ၊ တာဝန်သိသိချလိုက်သည့် ဆုံးဖြတ်ချက်များသည် အမြဲပင် ကောင်းကျိုးဖြစ်ထွန်းမည်လော။ ရေရှည်အကျိုးရှိပါမည်။ သို့သော် တစ်ခါတစ်ရံ လတ်တလောရလဒ်မှာ မနှစ်မြို့ဖွယ်ဖြစ်နိုင်သည်။ ဧရာမအရုပ်ကြီးကို ဝတ်မပြုဟု ဆုံးဖြတ်လိုက်လျှင် မိမိတို့သေဒဏ်ခံရမည်ကို ရှာဒရက်၊ မေရှက်နှင့် အဗေဒနေဂေါတို့ သိထားကြသည်။ (ဒံယေလ ၃:၁၆-၁၉) ထိုနည်းတူ၊ တမန်တော်များက လူ၏စကားထက် ဘုရားသခင်၏စကားကို မိမိတို့နားထောင်ကြမည်ဟု ဂျူးဆဲန်ဟီဒရင်ရှေ့ပြောလိုက်သောအခါ ထောင်မှမလွတ်လာမီ ရိုက်နှက်ခံခဲ့ကြရသည်။ (တမန်တော် ၅:၂၇-၂၉၊ ၄၀) ထို့ပြင် ‘အချိန်နှင့် ကြိုတင်မမြင်ရသောအဖြစ်အပျက်’ တို့က မည်သည့်ဆုံးဖြတ်ချက်ကိုမဆို ဆိုးကျိုးပေါ်စေနိုင်သည်။ (ဒေ. ၉:၁၁) ဆုံးဖြတ်ချက်မှန်သော်လည်း တစ်နည်းနည်းဖြင့် အခက်အခဲကြုံတွေ့ရလျှင် ယေဟောဝါသည် ကျွန်ုပ်တို့ကို ခံနိုင်ရည်ရှိစေနိုင်ပြီး အဆုံးတွင် အမှန်တကယ်ကောင်းချီးပေးပါလိမ့်မည်။—၂ ကောရိန္သု ၄:၇။
၁၉။ ဆုံးဖြတ်ချက်များချရမည့်တာဝန်ကို မည်သို့ သတ္တိရှိရှိ ဆောင်ရွက်နိုင်သနည်း။
၁၉ သို့ဖြစ်၍ ကျွန်ုပ်တို့ဆုံးဖြတ်ချက်များချသည့်အခါ သက်ဆိုင်ရာကျမ်းစာမူများကို ရှာဖွေပြီး စဉ်းစားချင့်ချိန် လိုက်လျှောက်ရမည်။ ယေဟောဝါသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် အသင်းတော်ရှိ ရင့်ကျက်သူများမှတစ်ဆင့် ကျွန်ုပ်တို့ကိုကူညီပေးသည့်အတွက် အလွန်ကျေးဇူးတင်စရာပင်! အဆိုပါလမ်းညွှန်မှုနှင့် ထောက်ပံ့ကူညီမှုတို့ဖြင့် ပညာရှိဆုံးဖြတ်ချက်များ ချရမည့်တာဝန်ကို သတ္တိရှိရှိ ဆောင်ရွက်ကြပါစို့။
သင် အဘယ်အရာသိရှိခဲ့သနည်း
• ဆုံးဖြတ်ချက်ကောင်းများချရာတွင် အဓိကလိုအပ်ချက်ကား အဘယ်နည်း။
• ရင့်ကျက်မှုရှိလာခြင်းက အပေါင်းအသင်းရွေးချယ်ခြင်းကို မည်သို့အကျိုးသက်ရောက်သနည်း။
• အလုပ်အကိုင်နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များချရသည့်အခါ အဘယ်အရေးကြီးအချက်အလက်အချို့ကို ဆင်ခြင်သုံးသပ်သင့်သနည်း။
• ဆုံးဖြတ်ချက်များချရာတွင် အဘယ်အကူအညီရနိုင်သနည်း။
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
အာဒံနှင့်ဧဝ၏မနာခံမှုက အရေးကြီးသင်ခန်းစာရရှိစေ
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
အရေးကြီးသောဆုံးဖြတ်ချက်ကို မချမီကျမ်းစာမူများကို ရှာဖွေလေ့လာပါ