သင့်အိမ်ထောင်ဖက်နှင့်ပြောဆိုဆက်သွယ်ရာတွင်အရေးပါသည့်အချက်များ
ငါအဲဒီလို မပြောသင့်ဘူး။’ ‘ငါ ကောင်းကောင်း ရှင်းမပြလိုက်မိဘူး။’ သင့်ကြင်ဖော်နှင့် ပြောဆိုဆက်သွယ်ဖို့ကြိုးစားပြီးနောက် ထိုသို့ခံစားရဖူးသလော။ စကားပြောဆက်သွယ်ခြင်းသည် တိုးတက်အောင်လုပ်ဆောင်ဖို့လိုသော စွမ်းရည်တစ်မျိုးဖြစ်သည်။ အခြားစွမ်းရည်တစ်မျိုးမျိုးမှာကဲ့သို့ ယင်းကို ကျွမ်းကျင်ပိုင်နိုင်ရန် အချို့သူတို့အတွက် အတော်ပင်လွယ်ကူဟန်ရှိသော်လည်း အခြားသူတို့အတွက်မူ အတော်ပင်ခက်ခဲပေမည်။ အသင်သည် ဒုတိယအုပ်စု၌ပါနေလျှင်ပင် သင်၏သဘောထားများကို ပြေပြစ်စွာထုတ်ဖော်ပြောဆိုတတ်ရန်၊ ထိရောက်စွာပြောဆိုဆက်သွယ်ရန် သင်ယူနိုင်ပါသည်။
တစ်ခါတစ်ရံ မိမိတို့အိမ်ထောင်ဖက်အား ပြုမူဆက်ဆံပုံကို ယဉ်ကျေးမှုထုံးတမ်းများက ဖိအားပေး ပုံသွင်းတတ်သည်။ အချို့ယဉ်ကျေးမှုများတွင် ‘ယောက်ျားပီသလိုလျှင် စကားများများ မပြောသင့်’ ဟုသွန်သင်ခံရပေမည်။ စကားများသောအမျိုးသားများသည် ကပြက်ကချော်နိုင်သူဟု အထင်သေးခံရပေမည်။ သို့ သော် သမ္မာကျမ်းစာက “ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှာလျင်မြန်ကြစေ။ စကားပြောခြင်းငှာ . . . နှေးကြစေ” ဟုဆိုထားသည်မှာ မှန်ပါသည်။ (ယာကုပ် ၁:၁၉) အဆိုပါသွန်သင်ချက်သည် ကျား/မ မရွေးသက်ဆိုင်ပြီး ပြောဆိုဆက်သွယ်ခြင်းတွင် စကားပြောဆိုခြင်းထက်မက ပါဝင်ကြောင်း ဖော်ပြသည်။ လူနှစ်ဦး စကားကို အမျှင်မပြတ်တမ်းပြောနေနိုင်သည်။ သို့ သော် တစ်ယောက်ပြောသည်ကို တစ်ယောက် နားမထောင်လျှင်ကော။ ယင်းသည် ပြောဆိုဆက်သွယ်ခြင်း မဖြစ်နိုင်ပါ။ အထက်ပါကျမ်းချက်ဖော်ပြသည့်အတိုင်း အောင်မြင်သော ဆက်သွယ်ပြောဆိုမှုတွင် အရေးပါသောအချက်မှာ နားထောင်ခြင်းအတတ်ပညာဖြစ်သည်။
စကားမပြောဘဲ ဆက်သွယ်ခြင်း
အချို့သောအသိုင်းအဝိုင်းတွင် ဇနီးသည်များသည် မိမိတို့၏သဘောထားများကို ရေငုံနှုတ်ပိတ်ထားရသည်။ လင်ယောက်ျားများမူ မိသားစုအရေးကိစ္စကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရပေ။ ထိုသို့သောဝန်းကျင်မျိုးရှိ ဇနီးမောင်နှံတို့သည် အခြေအနေကြည့်ပြီး မိမိ၏အိမ်ထောင်ဖက် အဘယ်အရာအလိုရှိကြောင်းကို မှန်းဆရလေ့ရှိသည်။ ဇနီးသည်အချို့သည် မိမိတို့ခင်ပွန်း၏လိုအပ်ရာကို အကင်းပါးပါးသိမြင်တတ်ပြီး ချက်ချင်းဖြည့်ဆည်းပေးတတ်ကြသည်။ ထိုဇနီးမောင်နှံတို့သည် စကားမပြောဘဲ ဆက်သွယ်နေခြင်းဖြစ်သည်။ သို့သော် အများအားဖြင့် ထိုသို့သောဆက်သွယ်နည်းသည် တစ်လမ်းသွားဖြစ်သည်။ ဇနီးဖြစ်သူသည် ခင်ပွန်းသည် တွေးတောနေရာ၊ ခံစားနေရာများကို သိမြင်ပေးနိုင်သော်လည်း သူ၏ခင်ပွန်းသည်မှာ အဆိုပါစွမ်းရည်၌ တိုးတက်လာခြင်းမရှိ၊ ဇနီးသည်၏ခံစားချက်များကိုလည်း သိမြင်တတ်လာခြင်းမရှိချေ။
ယဉ်ကျေးမှုအချို့တွင် အမျိုးသားများက အမျိုးသမီးများ၏စိတ်လှုပ်ရှားမှုဆိုင်ရာ လိုအပ်ရာများကို သိမြင်ပြီး ဖြည့်ဆည်းပေးတတ်သည်မှာ မှန်ပါသည်။ သို့သော် ထိုသို့သောယဉ်ကျေးမှုများ၌ပင် ဆက်သွယ်မှုပိုကောင်းလာခြင်းဖြင့် အိမ်ထောင်များစွာကို အကျိုးပြုပါလိမ့်မည်။
ပြောဆိုဆက်သွယ်မှု မရှိ ၍မဖြစ်
ပွင့်ပွင့်လင်းလင်းပြောဆိုဆက်သွယ်ခြင်းသည် နားလည်လွဲမှုများနှင့် အဓိပ္ပာယ်ကောက်လွဲမှုများ မဖြစ်အောင် တားဆီးပေးနိုင်သည်။ ဣသရေလလူမျိုး၏သမိုင်းကြောင်း အစောပိုင်း၌ ယော်ဒန်မြစ်အရှေ့ပိုင်းတွင်နေထိုင်သော ရုဗင်အမျိုး၊ ဂဒ်အမျိုးနှင့် မနာရှေအမျိုးတစ်ဝက်တို့သည် ယော်ဒန်မြစ်နားမှာ “ထင် ရှားစွာသော ယဇ်ပလ္လင်ကြီးကို” တည်ကြ၏။ သူတို့၏လုပ်ရပ်ကို အခြားမျိုးနွယ်များက နားလည်လွဲခဲ့သည်။ ယော်ဒန်မြစ်တစ်ဖက်ကမ်းရှိ မိမိတို့ညီအစ်ကိုများသည် အယူဖောက်ပြန်သွားပြီဟုယူဆကာ အနောက်ဖက်ကမ်းရှိမျိုးနွယ်တို့က ထို ‘ပုန်ကန်သူများ’ ကိုစစ်ချီရန် ပြင်ဆင်ကြ၏။ သို့သော် စစ်မချီမီ အရှေ့ဖက်ကမ်းရှိမျိုးနွယ်များနှင့် ဆက်သွယ်ရန် ကိုယ်စားလှယ်အဖွဲ့ကို သူတို့စေလွှတ်ခဲ့ကြသည်။ ပညာရှိသောလုပ်ရပ်ပင်! ယော်ဒန်မြစ်အရှေ့ဖက်ကမ်းရှိလူတို့သည် မီးရှို့ရာယဇ်များအစရှိသော ယဇ်မျိုးကိုပူဇော်ဖို့ ယဇ်ပလ္လင်တည်ခြင်းမဟုတ်ကြောင်း၊ နောင်တစ်ချိန်တွင် အခြားမျိုးနွယ်တို့က ‘သင်တို့သည် ထာဝရဘုရားသခင်နှင့် အလျှင်းမဆိုင်ကြ’ ဟု အပြောခံရမည်စိုးသောကြောင့် ထိုသို့ပြုခြင်းဖြစ်ကြောင်း သူတို့သိရှိခဲ့ရသည်။ မိမိတို့လည်း ယေဟောဝါကိုဝတ်ပြုသူများဖြစ်ကြောင်း ယဇ်ပလ္လင်က သက်သေထူမည်ဖြစ်သည်။ (ယောရှု ၂၂:၁၀-၂၉) ယေဟောဝါသာလျှင် သူတို့၏ဘုရားသခင်အမှန်ဖြစ်ကြောင်း ယဇ်ပလ္လင်က သက်သေထူဖွယ်ရှိသောကြောင့် ထိုပလ္လင်ကို ဧဒ (ဟေဗြဲဘာသာစကားဖြင့် သက်သေဟု အဓိပ္ပာယ်ရှိ) ဟူ၍ သမုတ်ခဲ့ကြသည်။—ယောရှု ၂၂:၃၄။
တစ်ဖက်သား ကျေနပ်လက်ခံသွားသည့်အထိ သူတို့ရှင်းပြခဲ့သောကြောင့် ကျန်မျိုးနွယ်များသည် မျိုးနွယ်စုနှစ်ခုနှင့် တစ်ဝက်အား အရေးယူမည့်အစီအစဉ်ကို ရုပ်သိမ်းလိုက်ကြသည်။ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်သွယ်မှုက လက်နက်ကိုင်တိုက်ခိုက်ခြင်းမဖြစ်အောင် တားဆီးပေးခဲ့သည်။ နောက်ပိုင်း ဣသရေလလူမျိုးတို့သည် သူတို့၏ပုံဆောင်ခင်ပွန်းဖြစ်သော ယေဟောဝါဘုရားသခင်အား ပုန်ကန်ကြသောအခါ ကိုယ်တော်က သူတို့အား ကြင်နာစွာ ‘မေတ္တာစကား’ ကိုပြောမည်ဟုဆို၏။ (ဟောရှေ ၂:၁၄၊ ခေတ်သုံး) အိမ်ထောင်သည်များအတွက် အလွန်ကောင်းသောပုံသက်သေပင်! သင်၏ခံစားချက်များကို သင့်ကြင်ဖော်နားလည်နိုင်ဖို့ မေတ္တာပါပါ ရင်းနှီးပွင့်လင်းစွာပြောဆိုဖို့ ကြိုးစားပါ။ အထူးသဖြင့် စိတ်လှုပ်ရှားမှုပြင်းထန်လာသောအခါ ထိုသို့ပြုဖို့အရေးကြီး၏။ အမေရိကန်ပြည်ထောင်စုမှ သတင်းစာဆရာမ ပက်တီ မီဟာလစ်က ဤသို့ဆို၏– “စကားပြောဖို့ ငွေမကုန်သော်လည်း ထိုစကားများသည် တန်ဖိုးကြီးမားနိုင်သည်ဟု ဆိုသူအချို့ရှိ၏။ စိတ်ခံစားချက်ကို ထုတ်ပြောခြင်းသည် အချို့သူတို့အတွက် မလွယ်ကူသော်လည်း ဘဏ်တွင်ရှိသောငွေထက် အဆပေါင်းများစွာ အကျိုးဖြစ်ထွန်းနိုင်သည်။”
ဆက်သွယ်ခြင်းစွမ်းရည်ကို တိုးတက်စေပါ
‘ကျွန်မတို့အိမ်ထောင်ရေးက အစမကောင်းခဲ့ပါဘူး’ ဟုအချို့ကဆိုပေမည်။ ‘ဒီအိမ်ထောင်ကတော့ အဖတ်ဆယ်လို့မရနိုင်တော့ပါဘူး’ ဟုဆိုကြသူများလည်းရှိပေမည်။ မင်္ဂလာဆောင်ပြီးနောက် ဆက်သွယ်ခြင်းစွမ်းရည်တိုးတက်အောင် ပြုလုပ်၍မရနိုင်တော့ဟု သူတို့ယူမှတ်ကြပေမည်။ သို့သော် အိမ်ထောင်ရေးကို မိဘဆွေမျိုးများ စီစဉ်ပေးရသော လူ့အဖွဲ့အစည်းရှိသူတို့အကြောင်း စဉ်းစားကြည့်ပါ။ အဆိုပါယဉ်ကျေးမှုတွင် ဆက်သွယ်မှုကောင်းရှိလာကြသည့် အိမ်ထောင်သည်များစွာရှိ၏။
အရှေ့တိုင်းနိုင်ငံတစ်ခုမှ မောင်နှံတစ်စုံသည် မိဘစီစဉ်ပေးမှုကြောင့် ပေါင်းဖက်ခဲ့ကြသည်။ အောင်သွယ်ပေးသူတစ်ဦးသည် ထိုသူအတွက် သတို့သမီးရှာဖွေဖို့ ခရီးဝေးထွက်ခဲ့ရသည်။ သို့သော် လွန်ခဲ့သောအနှစ် ၄,၀၀၀ နီးပါးက အသက်ရှင်ခဲ့သော ထိုမောင်နှံစုံသည် ဆက်သွယ်မှုအတတ်ပညာကို အထူးတတ်မြောက်ကျွမ်းကျင်ကြောင်း တင်ပြခဲ့ကြသည်။ ဣဇာက်သည် အောင်သွယ်ပေးသူနှင့် သတို့သမီးလောင်းကို လယ်ပြင်၌ ဆုံလေ၏။ အောင်သွယ်ပေးသူသည် “မိမိပြုလေသမျှတို့ကို ဣဇာက်အားကြားပြော” လေ၏။ သူတို့၏ထိမ်းမြားခြင်းအကြောင်းကို ကျမ်းစာမှတ်တမ်းက ဤသို့ဆက်ပြောပြသည်– “ပြီးမှ ဣဇာက်သည် [တရားဝင်ထိမ်းမြားခြင်း၏ အမှတ်အသားအဖြစ်] မိမိအမိစာရာ၏တဲသို့ ရေဗက္ကကိုဆောင်ယူ၍ စုံဖက်လေ၏။ ရေဗက္ကကိုချစ်နှစ်မြို့ . . . လေ၏။”—ကမ္ဘာဦး ၂၄:၆၂-၆၇။
ဣဇာက်သည် သတင်းအချက်အလက်ကို ဦးစွာကြားနာ၍ “ပြီးမှ” ရေဗက္ကကို ဇနီးအဖြစ်ဆောင်ယူကြောင်း သတိပြုပါ။ အောင်သွယ်ပေးသူမှာ ဣဇာက်ဝတ်ပြုကိုးကွယ်သော ယေဟောဝါဘုရားသခင်ကို ကြည်ညိုကိုင်းရှိုင်းသည့် ကျွန်ယုံတော်တစ်ဦးဖြစ်သည်။ ဣဇာက်ယုံကြည်အားကိုးထိုက်သူဖြစ်၏။ ထို့နောက် ဣဇာက်သည် သူထိမ်းမြားယူခဲ့သူ ရေဗက္ကကို “ချစ်နှစ်မြို့” လေ၏။
ဣဇာက်နှင့် ရေဗက္ကတို့သည် ဆက်သွယ်ခြင်းစွမ်းရည်ကောင်း တိုးတက်အောင် ပြုလုပ်ခဲ့ကြပါသလော။ သူတို့၏သားဧသောသည် ဟေသအမျိုးသမီးနှစ်ဦးကို ထိမ်းမြားပြီးနောက် မိသားစုပြဿနာကြီးတစ်ခု ပေါ်ပေါက်ခဲ့သည်။ ရေဗက္ကသည် ဣဇာက်ထံသို့သွား၍ “ကျွန်မသည် ဟေသအမျိုးသမီးတို့ကြောင့် ကိုယ်အသက်ကို ငြီးငွေ့လှ၏။ . . . ဟေသအမျိုးသမီးနှင့် ယာကုပ် [သူတို့၏သားငယ်] အိမ်ထောင်ဖက်ပြုလျှင်၊ ကျွန်မအသက်ရှင်၍ အဘယ်ကျေးဇူးရှိပါလိမ့်မည်နည်း” ဟု ‘ပြောဆိုလျက်နေလေ၏။’ (ကမ္ဘာဦး ၂၆:၃၄; ၂၇:၄၆) သူ၏စိုးရိမ်ပူပန်မှုများကို ရှင်းရှင်းလင်းလင်းပြောဆိုဆက်သွယ်ခဲ့ကြောင်း ထင်ရှားပါသည်။
ဣဇာက်သည် ဧသော၏အမြွှာညီအစ်ကို ယာကုပ်ကိုခေါ်၍ ခါနာန်အမျိုးသမီးများနှင့် အိမ်ထောင်မပြုရန် မှာကြားခဲ့သည်။ (ကမ္ဘာဦး ၂၈:၁၊ ၂) ရေဗက္ကသည် သူပြောလိုသည့်အရာကို ထုတ်ပြောခဲ့၏။ ဤမောင်နှံစုံသည် အလွန်ကိုင်တွယ်ရခက်သော မိသားစုပြဿနာအကြောင်း ကောင်းစွာဆက်သွယ်ပြောဆိုနိုင်ခဲ့ကြရာ ယနေ့ ကျွန်ုပ်တို့အတွက် စံနမူနာကောင်း တင်ပြခဲ့သည်။ သို့ သော် အိမ်ထောင်ဖက်များအနေနှင့် သဘောတူညီမှုမရနိုင်လျှင်ကော မည်သို့ပြုနိုင်သနည်း။
သဘောထားကွဲလွဲသည့်အခါ
ဇနီးမောင်နှံနှစ်ဦး အကြီးအကျယ် သဘောထားကွဲလွဲသည့်အခါ သင့်အိမ်ထောင်ဖက်ကို စကားမပြောဘဲ မနေပါနှင့်။ ထိုသို့နှုတ်ဆိတ်နေခြင်းက သင်သည် စိတ်ညှိုးငယ်နေကြောင်း၊ သင့်ကြင်ဖော်ကိုလည်း ထပ်တူပင်ဖြစ်စေလိုကြောင်း ပြောသည်နှင့်မခြားပေ။ သင်၏ကြင်ဖော်ကမူ သင့်ဆန္ဒများနှင့် ခံစားချက်များကို ကောင်းကောင်းနားလည်ချင်မှ နားလည်မည်။
ဇနီးမောင်နှံအနေနှင့် ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့လိုပေမည်။ တစ်ဖက်သားကို စိတ်ထိခိုက်စေနိုင်သောကိစ္စဖြစ်လျှင် အေးအေးဆေးဆေးနေဖို့ လွယ်မည်မဟုတ်ပါ။ ဣဇာက်၏မိဘများဖြစ်သော အာဗြဟံနှင့် စာရာတို့သည် ထိုအကျပ်အတည်းမျိုးကို တစ်ခါကြုံခဲ့ဖူးသည်။ စာရာသည် အမြုံဖြစ်သောကြောင့် သားသမီးမွေးဖွားစေဖို့ ထိုခေတ်အခါ၏ ထုံးစံအရ သူ၏ကျွန်မ ဟာဂရကို မယားငယ်အဖြစ် အပ်နှင်းခဲ့သည်။ ဟာဂရသည် အာဗြဟံအတွက် သားဣရှမေလကို မွေးပေးခဲ့သည်။ သို့သော် နောက်ပိုင်းတွင် စာရာကိုယ်တိုင် ကိုယ်ဝန်ရလာပြီး သားဣဇာက်ကို မွေးဖွားခဲ့သည်။ ဣဇာက် နို့ကွာသောနေ့တွင် သူ၏သားကို ဣရှမေလ လှောင်ပြောင်နေကြောင်း စာရာသတိထားမိသည်။ မိမိ၏သားအတွက် အန္တရာယ်ရှိကြောင်း စာရာသိမြင်လေရာ ကျွန်မိန်းမနှင့် ဣရှမေလကို နှင်ထုတ်ပစ်ဖို့ အာဗြဟံကို တိုက်တွန်းလေ၏။ စာရာသည် သူ၏ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်သွယ်ခဲ့သည်။ သို့သော် သူ၏တောင်းဆိုချက်မှာ အာဗြဟံအတွက် အလွန်စိတ်ထိခိုက်စရာဖြစ်ခဲ့သည်။
သဘောထားကွဲလွဲမှုကို မည်သို့ဖြေရှင်းခဲ့ကြသနည်း။ ကျမ်းစာမှတ်တမ်းတွင် ဤသို့ဖတ်ရသည်– “ဘုရားသခင်က၊ ထိုသူငယ်နှင့် သင်၏ကျွန်မကြောင့် ဤအမှုခက်သည်ဟုမထင်နှင့်။ စာရာပြောလေရာရာ၌ သူ၏စကားကိုနားထောင်လော့။ အကြောင်းမူကား၊ ဣဇာက်၌သာ သင်၏အမျိုးတည်လိမ့်မည် . . . ဟု အာဗြဟံအားမိန့်တော်မူ၏။” အာဗြဟံသည် ယေဟောဝါဘုရားသခင်၏ညွှန်ကြားချက်ကို နားထောင်ပြီး မိန့်မှာသည့်အတိုင်း ပြုလုပ်ခဲ့သည်။—ကမ္ဘာဦး ၁၆:၁-၄; ၂၁:၁-၁၄။
‘ဘုရားသခင်က ကောင်းကင်ကနေ လာပြောရင်တော့ ကျွန်တော်တို့လည်း ပြေလည်သွားနိုင်မှာပါ’ ဟု သင်ဆိုပေမည်။ ယင်းက အိမ်ထောင်ရေးပဋိပက္ခများ ဖြေရှင်းရန် အရေးပါသောအချက်နောက်တစ်ခုကို သိရှိစေသည်။ အိမ်ထောင်သည်မောင်နှံစုံများသည် ဘုရားသခင်ပြောသည်ကို နားထောင်နိုင်ကြသည်။ မည်သို့အားဖြင့်နည်း။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို မှန်မှန်ဖတ်ရှုပြီး ကျမ်းစာပြောဆိုရာကို ဘုရားသခင့်လမ်းညွှန်ချက်အဖြစ် ခံယူခြင်းအားဖြင့်ဖြစ်သည်။—၁ သက်သာလောနိတ် ၂:၁၃။
ရင့်ကျက်သောခရစ်ယာန်ဇနီးသည်တစ်ဦးက ဤသို့ဆို၏– “ကျွန်မဆီကို အမျိုးသမီးငယ်တွေလာပြီး အိမ်ထောင်ရေးအကြံဉာဏ်တောင်းတဲ့အခါတိုင်း သူတို့လင်မယား ကျမ်းစာကို အတူတူဖတ်ကြရဲ့လားလို့ ကျွန်မမေးကြည့်တယ်။ အိမ်ထောင်ရေးပြဿနာရှိသူအများစုမှာ ကျမ်းစာအတူဖတ်တဲ့အကျင့်မရှိကြဘူး။” (တိတု ၂:၃-၅) သူ၏တွေ့ရှိချက်မှ ကျွန်ုပ်တို့အားလုံး အကျိုးရယူနိုင်ပါသည်။ သင်၏ကြင်ဖော်နှင့် ဘုရားသခင့်သမ္မာကျမ်းစာကို မှန်မှန်ဖတ်ရှုပါ။ နေ့စဉ်မည်သို့ပြုမူကျင့်ကြံရမည်နှင့်ပတ်သက်၍ ဘုရားသခင့်စကားသံကို ထိုနည်းအားဖြင့် သင် “ကြားရ” သည်။ (ဟေရှာယ ၃၀:၂၁) သို့သော် သတိပြုစရာမှာ– ကျမ်းစာကို လက်ကိုင်တုတ်လုပ်ပြီး သင့်ကြင်ဖော်လိုက်လျှောက်ဖို့ ပျက်ကွက်နေသည်ဟု သင်ယူဆသော ကျမ်းချက်များကိုသာ ညွှန်မပြပါနှင့်။ ထိုသို့ပြုမည့်အစား သင်တို့ဖတ်ရှုခဲ့ရာကို နှစ်ဦးသား မည်သို့လက်တွေ့ကျင့်သုံးနိုင်ကြောင်း ကြည့်မြင်ပါ။
အခက်အခဲတစ်ခုကို ကြိုးစားဖြေရှင်းနေလျှင် သက်ဆိုင်ရာအကြောင်းအရာကို ကင်းမျှော်စင်စာပေများအညွှန်းa တွင် ရှာဖွေကြည့်ပါလေ။ သင်သည် သက်ကြီးရွယ်အိုမိဘများကို ပြုစုစောင့်ရှောက်နေရပြီး ယင်းက သင့်အိမ်ထောင်ရေးကို တင်းမာစေသည်ဆိုပါစို့။ သင်၏ကြင်ဖော် ဆောင်သင့်၊ ရှောင်သင့်ရာများကို ငြင်းခုံဆွေးနွေးနေမည့်အစား အတူထိုင်ပြီး အညွှန်းစာအုပ်တွင် ရှာဖွေကြည့်ပါ။ ဦးဆုံးအနေနှင့် “မိဘများ” ဟူသော ခေါင်းစဉ်ကြီးကို ရှာပါ။ ထို့နောက် “သက်ကြီးရွယ်အိုမိဘများကို ပြုစုစောင့်ရှောက်ခြင်း” စသည့် ခေါင်းစဉ်ငယ်များအောက် ညွှန်းထားရာများကို ဆက်ကြည့်ပါ။ ယေဟောဝါသက်သေများ၏စာပေမှ သက်ဆိုင်ရာဆောင်းပါးများကို အတူဖတ်ရှုပါ။ စိတ်နှလုံးရိုးဖြောင့်သူ ခရစ်ယာန်များစွာအား အထောက်အကူပြုခဲ့သော ကျမ်းစာအခြေပြု သတင်းအချက်အလက်များမှ သင်တို့ဇနီးမောင်နှံ အကျိုးများစွာရနိုင်သည့်အတွက် သင်အံ့အားသင့်သွားနိုင်သည်။
အဆိုပါအညွှန်းများကို ရှာဖွေပြီး ဆောင်းပါးကိုအတူတကွဖတ်ရှုခြင်းက သင်တို့၏ပြဿနာကို အရှိအတိုင်းရှုမြင်ရန် ထောက်ကူပါလိမ့်မည်။ ဘုရားသခင့်စဉ်းစားတွေးခေါ်ပုံကိုဖော်ပြထားသည့် ကျမ်းစာကိုးကားချက်များနှင့် ညွှန်းထားသောကျမ်းချက်များကို သင်ရှာတွေ့ပါလိမ့်မည်။ ကျမ်းစာကိုဖွင့်ပြီး ၎င်းတို့ကို အတူတကွဖတ်ရှုပါ။ အသင်ရင်ဆိုင်နေရသောပြဿနာနှင့်ပတ်သက်၍ ယေဟောဝါမိန့်တော်မူရာကို ကြားရပါလိမ့်မည်!
ဆက်သွယ်မှုလမ်းကြောင်းကိုအစဉ်ဖွင့်ထားပါ
အသုံးမပြုသည်မှာ ကြာပြီဖြစ်သော တံခါးတစ်ခုကိုဖွင့်ရန် သင်ကြိုးစားဖူးသလော။ သံချေးကိုက်နေသောပတ္တာကြောင့် တကျွီကျွီမြည်ပြီးမှ တံခါးပွင့်သွားသည်။ ယင်းတံခါးကို ပုံမှန်အသုံးပြုပြီး ပတ္တာများကို ဆီထည့်ပေးလျှင်ကော မည်သို့နည်း။ အလွယ်တကူဖွင့်၍ရပါလိမ့်မည်။ ဆက်သွယ်ရေးတံခါးလည်း ထိုနည်းအတိုင်းပင်။ ဆက်သွယ်ပြောဆိုသည့်အကျင့်လုပ်ထားပြီး ဆက်သွယ်ရေးတံခါးပတ္တာကို ခရစ်ယာန်မေတ္တာဆီ ထည့်ပေးထားပါက အကြီးအကျယ်သဘောထားကွဲလွဲသည့်အခါ၌ပင် သင်၏သဘောထားများကို အလွယ်တကူပြောဆို ဆက်သွယ်နိုင်ပါသည်။
တစ်နေရာရာမှ သင်အစပြုရပါလိမ့်မည်။ အစပိုင်းတွင် ကြိုးစားအားထုတ်ဖို့လိုမည်ဖြစ်သော်လည်း ဆက်သွယ်ပြောဆိုကြည့်ပါ။ နောက်ဆုံးတွင် သင့်အိမ်ထောင်ဖက်နှင့် ဆက်ဆံရေးပိုကောင်းလာနိုင်ပြီး နားလည် မှု ပိုရှိလာပါလိမ့်မည်။
[အောက်ခြေမှတ်ချက်]
a ယေဟောဝါသက်သေများထုတ်ဝေသည်။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
သဘောထားမတိုက်ဆိုင်သည့်အခါဘုရားသခင့်လမ်းညွှန် မှုကို သင်ရှာယူ မည်လော