ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၀ ၈/၁ စာ. ၁၀-၁၃
  • အိမ်ထောင်သက် ပထမနှစ်ကို အောင်မြင်စွာ ဖြတ်သန်းခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အိမ်ထောင်သက် ပထမနှစ်ကို အောင်မြင်စွာ ဖြတ်သန်းခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အကျိုးသင့်အကြောင်းသင့်ရှိရှိ မျှော်လင့်ပါ
  • အိမ်ထောင်ခိုင်မြဲရေးသော့ချက်နှစ်ခု
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • ယေဟောဝါသက်သေများသည် အိမ်ထောင် ဖြိုခွဲသူများလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • မိသားစု ပျော်ရွှင်နိုင်ပုံ​—အပိုင်း ၁
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • အိမ်ထောင်မင်္ဂလာ—ဘုရားသခင်ဆီက ဆုလက်ဆောင်
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
က၁၀ ၈/၁ စာ. ၁၀-၁၃

မိသားစုပျော်ရွှင်မှုအတွက် သော့ချက်များ

အိမ်ထောင်သက် ပထမနှစ်ကို အောင်မြင်စွာ ဖြတ်သန်းခြင်း

ခင်ပွန်းသည်– “ကျွန်တော့်ဇနီးနဲ့ ကျွန်တော်က ဆီနဲ့ရေလို တခြားစီပဲ။ ဥပမာ၊ ကျွန်တော်က အိပ်ရာ စောစောထတဲ့ အကျင့်ရှိတယ်။ သူကတော့ အိပ်ပုပ်ကြီးတယ်။ သူ့စိတ် အပြောင်းအလဲမြန်တာကို ကျွန်တော် နားမလည်နိုင်ဘူး။ ပြီးတော့ ကျွန်တော် မီးဖိုချောင်ဝင်တိုင်း အရမ်းအပြစ်ရှာတယ်။ အထူးသဖြင့် ပန်းကန်သုတ်အဝတ်နဲ့ လက်သုတ်တာကို သူ မကြိုက်ဘူး။”

ဇနီးသည်– “ကျွန်မယောက်ျားက အရမ်းစကားနည်းတယ်။ ကျွန်မကတော့ စကားအရမ်းပြောတဲ့ မိသားစုနောက်ခံက လာတာ။ ကျွန်မရဲ့မိသားစုက အထူးသဖြင့် ထမင်းစားချိန်မှာ စကားပြောလိုက်ကြတာ ညံနေတာပဲ။ ကျွန်မယောက်ျား မီးဖိုချောင်ဝင်ချိန်မှာ ပန်းကန်သုတ်အဝတ်နဲ့ သူ့လက်ကို သုတ်တယ်။ အဲဒါကို ကျွန်မ လုံးဝမကြိုက်ဘူး။ ယောက်ျားတွေကို နားလည်ရခက်ပါဘိ။ သူများတွေရဲ့ အိမ်ထောင်ရေးကျတော့ အဆင်ပြေနေလိုက်ကြတာ။”

သင်သည် လက်ထပ်ပြီးခါစဆိုရင် အဲဒီလို အခက်အခဲမျိုး ကြုံတွေ့နေရပြီလား။ လက်ထပ်ပြီးမှ သူ့ဆီမှာ အရင်က မတွေ့ခဲ့ရတဲ့ အားနည်းချက်တွေ ဗြုန်းစားကြီး ပေါ်လာနေပြီလား။ “အိမ်ထောင်သည်များ နေ့စဉ် ကြုံတွေ့ကြရမည့် အိမ်ထောင်ရေးပြဿနာများကို” ဘယ်လို လျော့နည်းစေနိုင်သလဲ။—၁ ကောရိန္သု ၇:၂၈၊ Today’s English Version.

အိမ်ထောင်ပြုလိုက်တာနဲ့ အိမ်ထောင်သည်ဘဝကို သင်အောင်မြင်စွာ ထူထောင်နိုင်လိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ အိမ်ထောင်မပြုခင်က လူတွေနဲ့ အဆင်ပြေပြေ ပေါင်းသင်းဆက်ဆံနိုင်ခဲ့ပြီး သင်တို့ ပိုးပန်းနေချိန်မှာလည်း နှစ်ဦးသား ဆက်ဆံရေး ပြေလည်ခဲ့ကြမှာပဲ။ ဒါပေမဲ့ အိမ်ထောင်သည်ဘဝကို ရောက်တဲ့အခါ အရင်ကအတိုင်း မဟုတ်ဘဲ ပုံစံတစ်မျိုးနဲ့ ပြုမူဆက်ဆံရတော့မယ့်အပြင် ဆက်ဆံရေးနည်းသစ်တွေလည်း သင်ယူဖို့လိုမှာ ဖြစ်ပါတယ်။ အမှားတွေ သင် လုပ်မိနိုင်သလား။ လုပ်မိမှာ သေချာတာပေါ့။ အိမ်ထောင်ရေးကို တိုးတက်စေမယ့် နည်းလမ်းအသစ်တွေ ရရှိနိုင်သလား။ ရရှိနိုင်ပါတယ်။

သင့်အိမ်ထောင်ရေးကို တိုးတက်စေမယ့် အကောင်းဆုံးနည်းကတော့ အိမ်ထောင်ရေးကျွမ်းကျင်သူနဲ့ တိုင်ပင်ပြီး သူပေးတဲ့ အကြံဉာဏ်တွေကို လိုက်နာကျင့်သုံးဖို့ဖြစ်တယ်။ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အကျွမ်းကျင်ဆုံး ပုဂ္ဂိုလ်ကတော့ ယေဟောဝါဘုရားသခင်ပါ။ ဘုရားသခင်က အိမ်ထောင်ပြုလိုတဲ့ဆန္ဒနဲ့ ကျွန်ုပ်တို့ကို ဖန်ဆင်းထားတယ်။ (ကမ္ဘာဦး ၂:၂၂-၂၄) အခက်အခဲတွေကို အောင်မြင်စွာ ကျော်ဖြတ်ပြီး သင့်အိမ်ထောင်ကို သေတစ်ပန်သက်တစ်ဆုံး ခိုင်မြဲအောင် လုပ်ဆောင်ရမယ့် နည်းလမ်းတွေကို သမ္မာကျမ်းစာထဲမှာ ဖော်ပြထားပါတယ်။

နည်းလမ်း ၁။ အတူတကွ တိုင်ပင်ဆွေးနွေးတတ်ဖို့ သင်ယူပါ

အခက်အခဲတွေက ဘာလဲ။

တစ်ခါတလေ ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေက ဇနီးသည်ကို စိတ်ထိခိုက်စေတယ်ဆိုတာ ဂျပန်လူမျိုးဖြစ်တဲ့ ကေဂျီa မေ့သွားတယ်။ “ကျွန်တော့်ဇနီးနဲ့ မတိုင်ပင်ဘဲ ဖိတ်ကြားချက်တွေကို လက်ခံတတ်တယ်။ အဲလိုလက်ခံတာက သူ့အတွက် အဆင်မပြေဘူးဆိုတာကို နောက်ပိုင်းမှ သိလာရတယ်” လို့ကေဂျီက ပြောပြတယ်။ ဩစတြေးလျနိုင်ငံက အယ်လန်ဆိုတဲ့ ခင်ပွန်းသည်က ဒီလိုပြောပြတယ်– “ဘာပဲလုပ်လုပ် ကိုယ့်ဇနီးနဲ့ တိုင်ပင်ဖို့ဆိုတာ ယောက်ျားတွေရဲ့အလုပ် မဟုတ်ဘူးလို့ ကျွန်တော်ယူဆတယ်။” ၎င်းရဲ့နောက်ခံကြောင့် အဲသည်လို ယူဆခြင်းဖြစ်နိုင်တယ်။ ဗြိတိန်နိုင်ငံက ဒိုင်ယမ်းကလည်း အဲသည်လို ယူဆတယ်။ “ကျွန်မမိသားစုဆီက ကျွန်မ အကြံဉာဏ်တောင်းနေကျ။ ဒါကြောင့် ဘာလုပ်ရမယ်ဆိုတာကို ခင်ပွန်းနဲ့ မတိုင်ပင်ဘဲ ကျွန်မမိသားစုနဲ့ အရင်ဆုံး တိုင်ပင်တယ်” လို့ဒိုင်ယမ်းက ပြောပြတယ်။

ဖြေရှင်းနည်းက ဘာလဲ။

လက်ထပ်ထားတဲ့ ဇနီးမောင်နှံက “တစ်သားတစ်ကိုယ်တည်း” ဖြစ်တယ်လို့ ယေဟောဝါဘုရားသခင် ရှုမြင်တယ်။ (မဿဲ ၁၉:၃-၆) ဇနီးမောင်နှံကြားမှာရှိတဲ့ ဆက်ဆံရေးက တခြားလူမှုဆက်ဆံရေးထက် ပိုပြီးအရေးကြီးတယ်လို့ ဘုရားသခင် ရှုမြင်တယ်။ အဲသည်ဆက်ဆံရေးကို ခိုင်မြဲစေဖို့အတွက် ဆက်သွယ်ရေးကောင်းရှိဖို့ အရေးကြီးတယ်။

ယေဟောဝါဘုရားသခင်နဲ့ အာဗြဟံတို့ ဆက်သွယ်ပြောဆိုကြပုံကို ဆန်းစစ်ကြည့်ပြီး အဲဒီကနေ ဇနီးမောင်နှံတွေ အများကြီး သင်ယူနိုင်တယ်။ ဥပမာ၊ ကမ္ဘာဦး ၁၈:၁၇-၃၃ မှာဖော်ပြထားတဲ့ အပြန်အလှန်စကားပြောခန်းကို ကျေးဇူးပြုပြီး ဖတ်ကြည့်ပါ။ အာဗြဟံကို နည်းသုံးနည်းနဲ့ ဘုရားသခင် ဂုဏ်တင်ခဲ့တာကို သတိပြုကြည့်ပါ။ (၁) လုပ်တော့မယ့်အရာတွေကို ဘုရားသခင် ကြိုပြောပြတယ်။ (၂) အာဗြဟံက သူ့အမြင်ကို ပြောပြတဲ့အခါ ဘုရားသခင် နားထောင်ပေးတယ်။ (၃) ဘုရားသခင်က သူ့ရဲ့လုပ်ဆောင်ချက်ကို အာဗြဟံရဲ့ တောင်းဆိုချက်နဲ့အညီ အတတ်နိုင်ဆုံး ညှိပေးတယ်။ ဒီစံနမူနာအတိုင်း သင့်အိမ်ထောင်ဖက်နဲ့ တိုင်ပင်ဆွေးနွေးနိုင်မလား။

ဒီနည်းကို စမ်းကြည့်ပါ– သင့်အိမ်ထောင်ဖက်ကို ထိခိုက်စေနိုင်မယ့် ကိစ္စရပ်တွေကို ဆွေးနွေးတဲ့အခါ (၁) အခြေအနေကို ဘယ်လို ကိုင်တွယ်ချင်တယ်ဆိုတဲ့အကြောင်း ရှင်းပြပါ။ ဒါပေမဲ့ သင့်ရဲ့အကြံအစည်တွေကို အပြီးသတ် ဆုံးဖြတ်ချက်အဖြစ် ဒါမှမဟုတ် ရာဇသံပေးတဲ့အနေနဲ့ မဟုတ်ဘဲ အကြံဉာဏ်ပေးတဲ့ ပုံစံအဖြစ် တင်ပြပါ။ (၂) ကိုယ့်အိမ်ထောင်ဖက်ရဲ့ ထင်မြင်ယူဆချက်ကို ထုတ်ဖော်ပြဖို့ တောင်းဆိုပြီး သူ့ဆီမှာ ကိုယ်နဲ့မတူတဲ့အမြင် ရှိတယ်ဆိုတာ အသိအမှတ်ပြုပါ။ (၃) ကိုယ့်အိမ်ထောင်ဖက်ရဲ့ အကြိုက်ကို အတတ်နိုင်ဆုံး လိုက်လျောပေးခြင်းအားဖြင့် ‘သင်တို့၏ အကျိုးသင့်အကြောင်းသင့်သဘောကို ထင်ရှားစေပါ။’—ဖိလိပ္ပိ ၄:၅။

နည်းလမ်း ၂။ လိမ္မာပါးနပ်မှုရှိဖို့ သင်ယူပါ

အခက်အခဲက ဘာလဲ။

မိသားစု ဒါမှမဟုတ် ယဉ်ကျေးမှုနောက်ခံကြောင့် ကိုယ့်အယူအဆကို ပြတ်ပြတ်သားသား ဘွင်းဘွင်းပြောတတ်တဲ့အကျင့် သင့်မှာ ရှိနိုင်တယ်။ ဥပမာ၊ ဥရောပနိုင်ငံတစ်နိုင်ငံမှာ နေထိုင်တဲ့ လီအမ်းက ဒီလိုပြောပြတယ်– “ကျွန်တော်တို့ရဲ့ အသိုင်းအဝိုင်းက စကားပြောရင် ဘွင်းဘွင်းပြောတတ်တယ်။ ဒါကြောင့် ကျွန်တော်ပြောချင်ရာကို ဘွင်းဘွင်းပြောချတတ်တဲ့အတွက် ကျွန်တော့်ဇနီး ခဏခဏ စိတ်မကောင်းဖြစ်ရတယ်။ စကားကို ချိုချိုသာသာပြောဖို့ ကျွန်တော် သင်ယူခဲ့ရတယ်။”

ဖြေရှင်းနည်းက ဘာလဲ။

သင့်အိမ်ထောင်ဖက်က သင်ပြောတတ်တဲ့အတိုင်း လိုက်ပြောလိမ့်မယ်လို့ မယူဆပါနဲ့။ (ဖိလိပ္ပိ ၂:၃၊ ၄) ခရစ်ယာန်သာသနာပြုတစ်ယောက်ကို တမန်တော်ပေါလုပေးခဲ့တဲ့ အကြံဉာဏ်က ကြင်စဦးဇနီးမောင်နှံတွေကိုလည်း အထောက်အကူပြုပါတယ်။ ‘သခင်၏ကျွန်သည် ခိုက်ရန်မဖြစ်ဘဲ သိမ်မွေ့သောသူ’ ဖြစ်ရမယ်လို့ တမန်တော်ပေါလု ဖော်ပြခဲ့တယ်။ (၂ တိမောသေ ၂:၂၄) သိမ်မွေ့ပါလို့ ပြောတဲ့အခါ လိမ္မာပါးနပ်မှုရှိပါလို့လည်း ဆိုလိုနိုင်တယ်။ အခြေအနေတစ်ရပ်ကို ကိုင်တွယ်တဲ့အခါ စိတ်ဆိုးစရာအကြောင်းကို သတိနဲ့ရှောင်ပြီး ကြင်ကြင်နာနာနဲ့ ဖြေရှင်းနိုင်တဲ့အစွမ်းကို လိမ္မာပါးနပ်မှုလို့ခေါ်တယ်။

ဒီနည်းကို စမ်းကြည့်ပါ– သင့်အိမ်ထောင်ဖက်ကို စိတ်ဆိုးနေတဲ့အခါ သူ့ကိုမဟုတ်ဘဲ သင့်မိတ်ဆွေ ဒါမှမဟုတ် သင့်အလုပ်ရှင်နဲ့ စကားပြောဆိုနေတယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။ သူတို့နဲ့စကားပြောတဲ့အခါ သင့်အိမ်ထောင်ဖက်ကိုပြောတဲ့ လေသံအတိုင်း ပြောမှာလား ဒါမှမဟုတ် သူ့ကိုပြောခဲ့တဲ့စကားတွေကို ထည့်ပြောနေမှာလား။ သင့်မိတ်ဆွေ၊ သင့်အလုပ်ရှင်ထက် သင့်အိမ်ထောင်ဖက်ကို စကားအလိမ္မာသုံးပြီး လေးလေးစားစားနဲ့ ပြောဆိုဆက်ဆံသင့်တဲ့ အကြောင်းရင်းတွေကို စဉ်းစားကြည့်ပါ။—ကောလောသဲ ၄:၆။

နည်းလမ်း ၃။ အခြေအနေသစ်နဲ့ လိုက်လျောညီထွေတတ်အောင် သင်ယူပါ

အခက်အခဲက ဘာလဲ။

အစပိုင်းမှာ ခင်ပွန်းသည်က အိမ်ထောင်ဦးစီးဆိုတဲ့ တာဝန်နဲ့ အထိုင်မကျဘဲ ကိုးရိုးကားရား ဖြစ်နေနိုင်တယ်။ ဒါမှမဟုတ် ဇနီးသည်ကလည်း လိမ္မာပါးနပ်စွာ အကြံမပေးတတ်ဘဲ ဖြစ်နေနိုင်တယ်။ ဥပမာ၊ အီတလီနိုင်ငံက အန်တိုနီယိုဆိုတဲ့ ခင်ပွန်းသည်က ဒီလိုပြောပြတယ်– “ကျွန်တော့်အဖေက မိသားစုအရေးကိစ္စတွေကို အမေနဲ့ တစ်ခါမှ မတိုင်ပင်ဘဲ သူ့ဘာသာသူ ဆုံးဖြတ်ချက်ချတတ်တယ်။ ဒါကြောင့် ကျွန်တော်လည်း အစပိုင်းမှာ မိသားစုအပေါ် အာဏာရှင်လို ပြုမူဆက်ဆံခဲ့တယ်။” ကနေဒါနိုင်ငံက ဒယ်ဘီဆိုတဲ့ ဇနီးသည်ကလည်း ဒီလိုပြောပြတယ်– “ကျွန်မခင်ပွန်းကို သေသေသပ်သပ်နဲ့ စနစ်တကျလုပ်တတ်ဖို့ ပြောပြတယ်။ ဒါပေမဲ့ ကျွန်မက ဆရာကြီးစတိုင်နဲ့ သွားပြောတော့ သူပိုဆိုးသွားရော။ ပိုလို့တောင် ခေါင်းကြောမာလာတယ်။”

ခင်ပွန်းသည်အတွက် ဖြေရှင်းနည်းက ဘာလဲ။

ခင်ပွန်းသည်တချို့က ဇနီးသည်များ လက်အောက်ခံရမယ်ဆိုတဲ့ ကျမ်းစာမိန့်မှာချက်ကို သားသမီးများ မိဘစကားကို နားထောင်ရမယ်ဆိုတဲ့ ကျမ်းစာမိန့်မှာချက်နဲ့ ရောထွေးတတ်ကြတယ်။ (ကောလောသဲ ၃:၂၀; ၁ ပေတရု ၃:၁) ဒါပေမဲ့ ကျမ်းစာမှာ ပြောထားတာက ခင်ပွန်းသည်တစ်ဦးဟာ “မယားနှင့်စုံဖက်သဖြင့် ထိုသူနှစ်ဦးသည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်” လို့ပြောထားတယ်။ မိဘနဲ့သားသမီးအရေးကိစ္စမှာတော့ အဲသည်လိုမဟုတ်ဘူး။ (မဿဲ ၁၉:၅) ဇနီးသည်က ခင်ပွန်းသည်ရဲ့ အထောက်အမဖြစ်တယ်လို့ ဘုရားသခင် ဖော်ပြခဲ့တယ်။ (ကမ္ဘာဦး ၂:၁၈) ဒါပေမဲ့ ကလေးတစ်ဦးက မိဘရဲ့အထောက်အမလို့ တစ်ခါမှ မဖော်ပြခဲ့ဘူး။ ခင်ပွန်းသည်က သူ့ဇနီးကို ကလေးလိုဆက်ဆံမယ်ဆိုရင် အိမ်ထောင်အစီအစဉ်ကို ဂုဏ်တင်ရာရောက်မလား။

တကယ်ဆိုရင် ခရစ်ယာန်အသင်းတော်ကို ယေရှုဆက်ဆံသလို ကိုယ့်ဇနီးကို ဆက်ဆံသင့်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ အကယ်၍ (၁) သင့်ရဲ့ ဦးစီးမှုကို ဇနီးသည်က အပြည့်အဝ လက်အောက်ခံဖို့ သင် ချက်ချင်း မမျှော်လင့်ဘူးဆိုရင် (၂) အခက်အခဲတွေ ပေါ်လာသည့်တိုင် သင့်ကိုယ်ကိုယ်ချစ်သလို သင့်ဇနီးကို ချစ်မယ်ဆိုရင် သင့်ဇနီးက သင်ရဲ့ ဦးစီးမှုကို အလွယ်တကူ လက်အောက်ခံလာမှာပါ။—ဧဖက် ၅:၂၅-၂၉။

ဇနီးသည်အတွက် ဖြေရှင်းနည်းက ဘာလဲ။

အခုချိန်မှာ သင့်ခင်ပွန်းက ဘုရားသခင် ခန့်အပ်ထားတဲ့ သင့်ဦးခေါင်းဖြစ်နေပြီဆိုတာကို အသိအမှတ်ပြုပါ။ (၁ ကောရိန္သု ၁၁:၃) သင့်ခင်ပွန်းကို သင်ဂုဏ်တင်တာက ဘုရားသခင်ကို ဂုဏ်တင်တာနဲ့ အတူတူပဲ။ ခင်ပွန်းသည်ရဲ့ ဦးစီးမှုကို သင်ငြင်းပယ်တာက သူ့ကိုပဲ မဟုတ်ဘူး၊ ဘုရားသခင်နဲ့ ကိုယ်တော့်တောင်းဆိုချက်တွေကိုပါ ငြင်းပယ်တာနဲ့ အတူတူပဲ။—ကောလောသဲ ၃:၁၈။

မောင်နှံစုံ ပန်းကန်ဆေးနေ

ပြဿနာတွေကို ဆွေးနွေးတဲ့အခါ ခင်ပွန်းသည်ရဲ့ စရိုက်ကိုမဟုတ်ဘဲ ပြဿနာကို ကိုင်တွယ်ဖြေရှင်းတတ်ဖို့ သင်ယူပါ။ ဥပမာ၊ မိဖုရားဧသတာက မတရားမှုတစ်ခုကို သူ့ခင်ပွန်းဖြစ်တဲ့ ဘုရင်အာရွှေရုကို နည်းမှန်လမ်းကျနဲ့ ကိုင်တွယ်ဖြေရှင်းစေချင်တယ်။ ဒါနဲ့ ဘုရင်ကို အပြစ်တင်မယ့်အစား အလိမ္မာသုံးပြီး စကားပြောခဲ့တယ်။ နောက်ဆုံး ဘုရင်က သူ့အကြံပြုချက်ကို လက်ခံပြီး မတရားမှုကို နည်းမှန်လမ်းကျ ကိုင်တွယ်ဖြေရှင်းပေးခဲ့တယ်။ (ဧသတာ ၇:၁-၄; ၈:၃-၈) အကယ်၍ (၁) သင်က သင့်ခင်ပွန်းကို အိမ်ထောင်ဦးစီးအဖြစ် ကောင်းစွာလုပ်ဆောင်နိုင်တဲ့အထိ အချိန်ပေးမယ်ဆိုရင် (၂) သူအမှားလုပ်ရင်တောင် သူ့ကို လေးလေးစားစား ဆက်ဆံမယ်ဆိုရင် သင့်ခင်ပွန်းက သင့်ကို ပိုချစ်လာမှာပါ။—ဧဖက် ၅:၃၃။

ဒီနည်းကို စမ်းကြည့်ပါ– သင့်အိမ်ထောင်ဖက်က ဘာတွေ ပြောင်းလဲသင့်တယ်ဆိုတာထက် ကိုယ့်ဘက်က ဘာတွေ ပြုပြင်ပြောင်းလဲသင့်တယ်ဆိုတာကို စာရင်းပြုစုထားပါ။ ခင်ပွန်းသည်တွေ၊ ကိုယ့်ရဲ့ ဦးစီးပုံကြောင့် သင့်ဇနီးဖြစ်သူ စိတ်ထိခိုက်သွားတဲ့အခါ သင့်အပိုင်းကို ဘယ်လို တိုးတက်စေချင်သလဲလို့ ဇနီးဖြစ်သူကို မေးမြန်းပြီး အကြံပြုချက်ကို ချရေးပါ။ ဇနီးသည်တွေ၊ ကိုယ့်ခင်ပွန်းကို မရိုမသေလုပ်တယ်ဆိုပြီး သူတို့ ခံစားသွားတဲ့အခါ သင့်အပိုင်းကို ဘယ်လို တိုးတက်စေချင်သလဲလို့ ခင်ပွန်းဖြစ်သူကို မေးမြန်းပြီး အကြံပြုချက်ကို ချရေးပါ။

အကျိုးသင့်အကြောင်းသင့်ရှိရှိ မျှော်လင့်ပါ

ပျော်ရွှင်ပြီး ဟန်ချက်ညီတဲ့ အိမ်ထောင်ရေးဖြစ်ဖို့ သင်ယူတာက စက်ဘီးစီးသင်တာနဲ့တူတယ်။ စက်ဘီးစီးကျွမ်းကျင်လာဖို့ဆိုရင် စက်ဘီးခဏခဏမှောက်ပြီး ထိခိုက်ဒဏ်ရာရမယ်ဆိုတာကို မျှော်လင့်ထားရမယ်။ အဲသည်လိုပဲ အိမ်ထောင်ရေး အောင်မြင်ဖို့ဆိုရင် ပြဿနာတွေ ကြုံတွေ့ရနိုင်တယ်ဆိုတာ မျှော်လင့်ထားရမယ်။

ဟာသဉာဏ်ရှိပါ။ သင့်အိမ်ထောင်ဖက်ရဲ့ စိုးရိမ်ပူပန်မှုတွေကို အလေးအနက်ထားပြီး အမှားလုပ်မိရင်လည်း ရယ်စရာလုပ်ပစ်လိုက်ပါ။ သင်တို့ရဲ့ အိမ်ထောင်သက် ပထမနှစ်အတွင်း သင့်အိမ်ထောင်ဖက် ပျော်ရွှင်အောင်လုပ်နိုင်တဲ့ အခွင့်အရေးတွေကို လက်မလွတ်တမ်း အသုံးချပါ။ (တရားဟောရာ ၂၄:၅) အဲဒါတွေထက် သင်တို့ရဲ့ ဆက်ဆံရေးကို သမ္မာကျမ်းစာနဲ့ လမ်းညွှန်ပေးပါ။ အဲသည်လိုလုပ်မယ်ဆိုရင် သင်တို့ရဲ့ အိမ်ထောင်ရေးနှောင်ကြိုးက တစ်နှစ်ပြီးတစ်နှစ် ခိုင်မြဲသည်ထက် ခိုင်မြဲလာမှာဖြစ်ပါတယ်။

သမ္မာကျမ်းစာကြောင့် ကျွန်တော်တို့ရဲ့ အိမ်ထောင်ရေးကို အဖတ်ဆယ်နိုင်ခဲ့

မင်္ဂလာဆောင်တဲ့နေ့က မောင်နှံစုံ

တိုရူနဲ့ အာကီကိုတို့ ညားခါစတုန်းက တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတာ။ ဒါပေမဲ့ နောက်ရှစ်လလောက်လည်း ကြာရော ကွာရှင်းဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဖြစ်ခဲ့သမျှကို သူတို့ အခုလို ပြောပြပါတယ်။

တိုရူ– “ကျွန်တော်ထင်ထားတာနဲ့ တခြားစီပဲ။ ကျွန်တော်တို့နှစ်ယောက်စလုံးက အစေးမကပ်ဘူးဆိုတာ သိလိုက်ရတယ်။ ဥပမာ၊ ကျွန်တော်တို့ တီဗွီကြည့်တဲ့အခါ ကျွန်တော်က အားကစားလိုင်းကို ကြည့်ချင်ပေမဲ့ သူက ရုပ်ရှင်ဇာတ်လမ်းတွဲတွေကို ကြည့်ချင်တယ်။ ကျွန်တော်က အပြင်ထွက်လည်ချင်တယ်။ သူက အိမ်ထဲမှာပဲ အောင်းနေချင်တယ်။”

အာကီကို– “တိုရူက ဘာပဲလုပ်လုပ် ကျွန်မနဲ့ မတိုင်ပင်ဘဲ သူ့မိသားစုနဲ့ပဲ သွားတိုင်ပင်တယ်။ ဒါနဲ့ သူ့ကို ‘ရှင့်အတွက် ကျွန်မက အရေးကြီးသလား၊ ရှင့်အမေက အရေးကြီးသလား’ ဆိုပြီး ကျွန်မ မေးလိုက်တယ်။ ပြီးတော့ တိုရူ လိမ်ညာတတ်တာကို ကျွန်မ အရမ်းထိတ်လန့်သွားတယ်။ တကယ်လို့ လိမ်ညာတာတွေကို ရပ်တန်းက မရပ်ဘူးဆိုရင် သူနဲ့ ဆက်မပေါင်းနိုင်တော့ဘူးလို့ ပြောလိုက်တယ်။”

တိုရူ– “သူ့ကို ကျွန်တော် တဖြည်းဖြည်း စိတ်ပျက်လာတယ်။ ဒါနဲ့ သူ့ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုပြီး ကျွန်တော့်ရဲ့ အိမ်ထောင်သည်အလုပ်ဖော် တစ်ယောက်ဆီ အကြံဉာဏ်တောင်းခဲ့တယ်။ ‘မင်းပါးစပ်ပိတ်ထားစမ်းဆိုပြီး သူ့ကိုပြောလိုက်။ ဆက်ပြီး ပူညံပူညံလုပ်ရင် လက်သီးနဲ့ ပိတ်ထိုးပစ်လိုက်’ ဆိုပြီး အလုပ်ဖော်က အကြံပေးတယ်။ တစ်ခါတုန်းက ကျွန်တော် အာကီကို,ကို ပါးရိုက်လိုက်တာ သူ စားပွဲပေါ် မှောက်လဲကျသွားတယ်။ ကျွန်တော်တို့ အကြီးအကျယ် စကားများပြီးတဲ့နောက် သူ အိမ်ပေါ်က ဆင်းသွားတယ်။ တိုကျိုမြို့က ဟိုတယ်တစ်ခုကနေ သူ့ကို ပြန်သွားခေါ်ရတယ်။ နောက်ဆုံးတော့ ကွာရှင်းလိုက်ကြဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်တယ်။ အဲသည်မနက်မှာ ကျွန်တော်က ရုံးသွားတဲ့အခါ ကျွန်တော့်ဇနီးက အဝတ်အစားတွေ ထုပ်ပိုးနေတယ်။”

အာကီကို– “ကျွန်မရဲ့အိတ်တွေကို အိမ်ရှေ့ သယ်သွားဖို့လုပ် နေတုန်း တံခါးခေါင်းလောင်းသံ မြည်လာတယ်။ အမျိုးသမီးတစ်ယောက် တံခါးပေါက်မှာ ရပ်နေတာကို တွေ့လိုက်ရတယ်။ သူက ယေဟောဝါသက်သေတစ်ယောက်ပဲ။ အဲဒါနဲ့ သူ့ကို အိမ်ထဲဝင်ခိုင်းလိုက်တယ်။”

တိုရူ– “ရုံးကိုရောက်တော့ ကွာရှင်းသင့်မသင့် အတွေးနောက်တစ်မျိုး ဝင်လာပြန်တယ်။ ဒါနဲ့ အိမ်ကို အမြန်ပြန်လာခဲ့တယ်။ အိမ်ကိုရောက်တော့ အာကီကိုက အမျိုးသမီးတစ်ယောက်နဲ့ စကားပြောနေတာကို တွေ့လိုက်ရတယ်။ အဲသည်အမျိုးသမီးက ‘ရှင်တို့နှစ်ယောက် တစ်ခုခုတော့ လုပ်ဖို့လိုနေပြီ။ ကျမ်းစာလေ့လာဖို့ ဆန္ဒရှိသလား’ ဆိုပြီး ကျွန်တော့်ကိုမေးတယ်။ ‘ကျွန်တော်တို့အိမ်ထောင်ရေး ကောင်းဖို့ဆိုရင် လေ့လာမယ်ဗျာ’ လို့ကျွန်တော် ပြန်ဖြေလိုက်တယ်။”

အာကီကို– “ကျွန်မတို့ ကျမ်းစာလေ့လာဖို့အတွက် အဲသည်အမျိုးသမီးက စီစဉ်ပေးတယ်။ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ ကျမ်းချက်တွေကို ကျွန်မတို့ လေ့လာဖတ်ရှုပြီးတဲ့အခါ အခြေအနေက စပြီး ပြောင်းလဲလာတယ်။ ကျမ်းချက်တစ်ချက်က ဒီလိုပြောတယ်– ‘ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။’”—ကမ္ဘာဦး ၂:၂၄။

တိုရူ– “ကျွန်တော် ချက်ချင်း သဘောပေါက်သွားတယ်။ ဒါနဲ့ ကျွန်တော့်မိဘတွေကို ‘အခုချိန်ကစပြီး ကျွန်တော် ဘာပဲလုပ်လုပ် ကျွန်တော့်ဇနီးနဲ့ပဲ တိုင်ပင်တော့မယ်’ လို့ပြောလိုက်တယ်။ နောက်ပြီး အသောက်အစားကိုလည်း လျှော့လိုက်တယ်။ လိမ်တာညာတာကို ဘုရားသခင် မကြိုက်ဘူးဆိုတာ ကျွန်တော် သိတဲ့အချိန်ကစပြီး အမှန်အတိုင်းပြောဖို့ ကြိုးစားခဲ့တယ်။”

ဓာတ်ပုံကြည့်နေတဲ့ မောင်နှံစုံ

အာကီကို– “ကျွန်မလည်း ပြောင်းလဲလာပါတယ်။ ဥပမာ၊ တိုရူကို ကျွန်မ နှုတ်လှန်ထိုးတတ်တယ်။ ဒါပေမဲ့ ကျမ်းစာမူ တွေကို သူလက်တွေ့ကျင့်သုံးနေတာကို မြင်ရတော့ ကျွန်မလည်း သူ့ကို ပိုပြီးတော့ ထောက်မပေးလာတယ်။ (ဧဖက် ၅:၂၂-၂၄) ကျွန်မတို့ ပျော်ပျော်ရွှင်ရွှင်နဲ့ အိမ်ထောင်ခရီးကို ဖြတ်သန်းလာတာ အခုဆိုရင် ၂၈ နှစ်တောင် ကျော်လာပြီ။ တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိလာပြီး ကျမ်းစာအကြံပြုချက်တွေကို ကျွန်မတို့ လက်တွေ့ကျင့်သုံးတဲ့အခါ ပြဿနာတွေကို အောင်မြင်စွာ ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့ပါတယ်။”

a အမည်တချို့ကို ပြောင်းထားပါသည်။

သင့်ကိုယ်သင် ဒီလိုမေးပါ . . .

  • ငါ့ရဲ့အိမ်ထောင်ဖက်က ငါ့ရဲ့ အရင်းနှီးဆုံး တိုင်ပင်ဖော်တိုင်ပင်ဖက်လား။ ဒါမှမဟုတ် တခြားသူတွေနဲ့ တိုင်ပင်ရတာကို ငါပိုနှစ်သက်သလား။

  • ငါ့ရဲ့ အိမ်ထောင်ဖက်ကို ချစ်ကြောင်း၊ လေးစားကြောင်း တစ်နေ့တာအတွင်း ဘယ်လိုပြုမူဆက်ဆံခဲ့သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ